← Chapters

အစားအသောက်ကဏ္ဍ

Vol. 18 Ch. 175

အစားအသောက်ကဏ္ဍ

Vol. 18 Ch. 175

စီနီယာလျူဝေနှင့် စီနီယာကျောက်တို့ ထွက်ခွာသွားကြသော်လည်း မင်ယွဲ့မှာမူ ကျန်ရစ်ခဲ့သေးသည်။

"ဆရာ... ဒါက ဆရာမအတွက် လက်ဆောင်ပါ"

မင်ယွဲ့သည် သူမ၏ လက်ကိုင်အိတ်ထဲမှ သေချာစွာ ထုပ်ပိုးထားသော ဘူးလေးတစ်ဘူးကို ထုတ်ပေးလိုက်သည်။

၎င်းမှာ ထိုနေ့က သူမကိုယ်တိုင် ပန်းထိုးထားသည့် နက်ပြာရောင် ပိုးလက်ကိုင်ပုဝါလေး ဖြစ်သည်။ အစိမ်းရင့်ရောင် ဝါးပင်လေးများမှာ ပိုးသားအိအိပေါ်တွင် အသက်ဝင်နေပြီး လက်ဆောင်အဖြစ် ပေးရန် အလွန်ပင် သင့်တော်လှပေသည်။

ဆရာယန်သည် ဘူးကိုဖွင့်၍ ပုဝါကို ထိတွေ့ကြည့်လိုက်ရာ နူးညံ့ချောမွေ့သော အထိအတွေ့က လက်ဖျားမှတစ်ဆင့် ရင်ထဲအထိ စီးဝင်သွားသည်။ ဝါးပင်လေးများမှာ တကယ့်အပင်လေးများနှယ် ထင်မှတ်ရလောက်အောင် လက်ရာမြောက်လှသဖြင့် သူသည် မင်ယွဲ့ကို ဝမ်းသာအားရ ကြည့်လိုက်မိသည်။

"ဆရာမကိုယ်စား ကျေးဇူးတင်ပါတယ်ကွယ်

ဒါနဲ့... ဒါကို ဘယ်ဆိုင်က ဝယ်တာလဲ"

သူသည် ရတနာတစ်ခုကို တွေ့ရှိသွားသကဲ့သို့ စိတ်လှုပ်ရှားနေမိသည်။ ဤကဲ့သို့သော ပန်းထိုးလက်ရာမျိုးကို ဝယ်ယူ၍ ဇနီးသည်အား ထပ်မံလက်ဆောင်ပေးလိုသော ဆန္ဒ ပြင်းပြနေမိခြင်း ဖြစ်၏။

"ဒါက ကျွန်မကိုယ်တိုင် ထိုးထားတာပါ တန်ဖိုးကြီးတာမျိုး မဟုတ်ပေမဲ့ ကျွန်မရဲ့ စေတနာအမှတ်အသားမို့ ဆရာမကို ပေးပေးပါဦး"

ဟု မင်ယွဲ့က နှိမ့်ချစွာ ဆိုသည်။

ဆရာယန်သည် မင်ယွဲ့ကို ထူးဆန်းသော သတ္တဝါတစ်ဦးကဲ့သို့ ငေးကြည့်နေမိသည်။ အပ်ကိုင်တတ်ရုံမျှနှင့် ပန်းထိုးပညာရှင် ဖြစ်မလာနိုင်သော်လည်း မင်ယွဲ့၏ လက်ရာမှာမူ အတတ်ပညာသက်သက်ထက် ကျော်လွန်ကာ အနုပညာမြောက်နေခြင်း ဖြစ်၏။

မင်ယွဲ့ ထွက်ခွာသွားပြီးနောက် ဆရာယန်သည် ကျောင်း၌ ဆက်မနေတော့ဘဲ အိမ်သို့ ချက်ချင်းပင် ကားမောင်းပြန်ခဲ့သည်။

"မင်ယွဲ့က မင်းအတွက် ဘာပေးလိုက်လဲ ခန့်မှန်းကြည့်ဦး"

ဟု သူက အိမ်သို့ ရောက်ရောက်ချင်း မေးလိုက်

သည်။

"ကျွန်မက ဘယ်လိုသိမှာလဲ ရှင်ကလည်း ကျောင်းသားတွေဆီက ပစ္စည်းတွေ မယူပါနဲ့လို့ ပြောထားသားပဲ ကလေးတွေမှာ ငွေကုန်တာပေါ့"

ဟု ဆရာမက ဆိုသည်။

ဆရာယန်က ဘူးလေးကို ထုတ်ပြလိုက်သောအခါ ဆရာမသည် နက်ပြာရောင်နှင့် အစိမ်းရောင် ဝါးပင်လေးများ၏ လိုက်ဖက်ညီမှုကို ချက်ချင်းပင် စွဲလန်းသွားတော့သည်။

မြင့်မြတ်ပြီး တည်ငြိမ်သော အလှတရားက ပုဝါထက်တွင် ထင်ဟပ်နေ၏။ သူမသည် ဝမ်းသာအားရပင် မှန်ရှေ့၌ ဝတ်စုံအသစ်ဖြင့် လဲလှယ်ကာ ဓာတ်ပုံများ ရိုက်ကူးတော့သည်။

ဆရာယန်မှာမူ ဓာတ်ပုံရိုက်ရာတွင် ညံ့ဖျင်းလှသဖြင့် ဆရာမ၏ ဆူပူမှုကို ခံလိုက်ရသေးသည်။

သူမသည် နောက်ဆုံး၌ ကိုယ်တိုင်ပင် ဖုန်းကို အနေအထားညှိကာ ရိုက်ကူးပြီး WeChat ၏ Moments တွင် တင်လိုက်တော့သည်။

တစ်ဖက်တွင်မူ မင်ယွဲ့သည် အိမ်သို့ တိုက်ရိုက်မပြန်ဘဲ စျေးသို့ ဝင်ခဲ့သည်။ ယွမ်ပေါ့သည် သူမ၏ စိတ်ထဲမှနေ၍ ဟင်းစာရင်းများကို တတွတ်တွတ် မှာကြားနေတော့သည်။

“မှိုနဲ့ ကြက်သားဆီပြန်ဟင်း၊ ပဲကြာဆံနဲ့ ဝက်သားပေါင်း၊ အိုးကပ်ငန်းကင်...”

"နင် ဆက်ပြောနေဦးမယ်ဆိုရင်တော့ ငါ နင့်ကို အိုးထဲထည့်ပြီး ပန်ဒါစွပ်ပြုတ် လုပ်လိုက်တော့မယ်"

ဟု မင်ယွဲ့က ခြိမ်းခြောက်လိုက်မှသာ ယွမ်ပေါ့ ငြိမ်ကျသွားတော့သည်။

အိမ်သို့ ရောက်သောအခါ မင်ယွဲ့၏ လက်ရာကို မြည်းစမ်းလိုလှသဖြင့် ယွမ်ပေါ့က အကြံတစ်ခု ထုတ်လိုက်သည်။

“ယွဲ့ယွဲ့... နင် ဟင်းချက်တာကို Live လွှင့်ရအောင် မျက်နှာတော့ မပြနဲ့ပေါ့”

မင်ယွဲ့သည်လည်း ချက်ပြုတ်နေရမည့်အတူတူ ဂုဏ်သတင်းရမှတ်များ ရရှိနိုင်ရန်အတွက် သဘောတူလိုက်သည်။

ယွမ်ပေါ့သည် စိတ်လှုပ်ရှားစွာဖြင့်

“ယွမ်ပေါ့နှင့် လမင်း" ဟု အမည်ပေးထားသော အကောင့်တစ်ခုကို ဖွင့်လှစ်လိုက်ပြီး ဖုန်းကို ဟင်းချက်စင်ပေါ်သို့ အနေအထား ညှိလိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ၊ 'ယွမ်ပေါ့နဲ့ လမင်း' ရဲ့ Live ကနေ ကြိုဆိုပါတယ် ကျွန်မကတော့ လမင်းပါ ဒီနေ့ ပထမဆုံး ဟင်းလျာကတော့ ပုစွန်စပ်

ခြောက်ချက် ဖြစ်ပါတယ်"

ကြည့်ရှုသူများမှာ မင်ယွဲ့၏ သာယာကြည်လင်သော အသံကြောင့် ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။

“Streaming လုပ်တဲ့သူက အသံသိပ်ကောင်းတာပဲ၊ မျက်နှာလေး ပြပါလား"

ဟူသော ကတ်သီးကတ်သတ် ကွန်မန့်များကိုလည်း သူမ မြင်တွေ့နေရသည်။

"ကျွန်မက အစားအသောက်ကဏ္ဍကိုပဲ လုပ်တာမို့ မျက်နှာမပြပါဘူး နောက်ပြီး လက်ဆောင်တွေ ပေးဖို့ မလိုပါဘူးနော်၊ ကျွန်မမှာ ငွေရှိပါတယ်"

ထိုစကားကို ပြောလိုက်မိစဉ် မင်ယွဲ့သည် ကိုယ့်ကိုယ်ကိုယ်ပင် ပြန်လည် အံ့အားသင့်သွားမိသည်။

တစ်ချိန်က သူဌေးကြီးများ၏ ကြွားဝါမှုဟု ထင်မှတ်ခဲ့သော စကားလုံးများမှာ ယခုအခါတွင်မူ သူမအတွက် အမှန်တရား ဖြစ်နေချေပြီ။

သူမတွင် ငွေကြေး လုံလောက်စွာ ရှိနေသဖြင့် ပရိသတ်၏ အလှူငွေအပေါ် မှီခိုရန် မလိုခြင်းပင်။

"ဒီ Streamer က တော်တော် မောက်မာတာပဲ၊ သူဌေးသမီး ပုံစံဖမ်းနေတာလား"

ဟူသော ဝေဖန်မှုများကို မင်ယွဲ့က ဂရုမစိုက်ဘဲ ဟင်းချက်နည်းများကိုသာ စနစ်တကျ ရှင်းပြနေတော့သည်။

လတ်ဆတ်သော ပုစွန်ကြီးများကို သန့်စင်ခြင်း၊ ဝိုင်နှင့် ပြောင်းကော်မှုန့်တို့ဖြင့် နယ်ဖတ်ခြင်း၊ အာလူးများကို ရွှေဝါရောင်သန်းအောင် ကြော်ခြင်း စသည့် အဆင့်တိုင်းကို သူမ၏ နူးညံ့လှပသော လက်ချောင်းလေးများဖြင့် ကျွမ်းကျင်စွာ လုပ်ဆောင်ပြနေသည်။ မကြာမီမှာပင် ပုစွန်စပ်ခြောက်ချက်၊ ကကတစ်ငါးပေါင်းနှင့် မှိုကြက်သားဟင်းတို့မှာ အငွေ့တထောင်းထောင်းဖြင့် ထွက်ပေါ်လာတော့သည်။

"ကဲ... ဒီနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်ခြင်း ကို ဒီမှာပဲ ရပ်နားပါရစေ"

ဟု မင်ယွဲ့က ပရပွတ်အင်္ကျီကို ချွတ်ရင်း ဆိုလိုက်သည်။

"နေဦးလေ ဘယ်တော့ ပြန်လွှင့်မှာလဲ"

"ကြည့်နေရတာနဲ့တင် ဗိုက်ဆာလာပြီ မေမေ့လက်ရာကို တောင် သတိရသွားတယ်"

ကွန်မန့်ကဏ္ဍတွင် နှမြောတသဖြစ်နေသော ပရိသတ်များ၏ စကားသံများမှာ ဆူညံသွားတော့သည်။

မင်ယွဲ့မှာမူ ယွမ်ပေါ့၏ အားရပါးရ စားသောက်နေမှုကို ကြည့်ကာ ပြုံးလျက်၊ သူမ၏ ရည်မှန်းချက်တစ်ခုဖြစ်သော အများပြည်သူအကြား ရေပန်းစားမှုကို ဤနည်းလမ်းဖြင့် စတင် အကောင်အထည်ဖော်လိုက်လေတော့သည်။

All Chapters