အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ NXM Chapter 3 – သတ်လို့မရတဲ့ရန်သူ
Vol. 4 Ch. 3
“ဒီတော့ စလိုက်ကြတော့မလား။” ခိုင်နေခြည်က စတိုင်းဆိုင်တစ်ခုရှေ့မှာရပ်လိုက်တယ်။ သူ့မျက်လုံးတွေက နီစွေးစွေးအရောင်တွေနဲ့ပြည့်နှက်သွားပြီး ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ ဆိုင်ထဲကိုဝင်သွားတယ်။ ဆိုင်ငွေရှင်းကောင်တာမှာ အလုပ်လုပ်နေတဲ့ ငွေကိုင်မိန်းကလေးနားကိုကပ်လိုက်ပြီ။ မိန်းကလေးက ခေါင်းကိုမော့ကြည့်လိုက်ပြီး ပြုံးပြလိုက်တယ်။
“ဘာရှာနေတာလဲရှင့်....”
“နင့်ဝိညာဥ် ငါ့ကိုပေး...” ခိုင်နေခြည်က လက်ကိုဆန့်ထုတ်လိုက်ပြီး ဝန်ထမ်းမိန်းကလေးရဲ့လည်မျိုကို ဖမ်းချုပ်လိုက်တယ်။ ပြီးနောက် ပါးစပ်ချင်းတေ့လိုက်ပြီး တစ်ခုခုကိုအငမ်းမရစုပ်ယူသလိုမျိုး ပြုမူလိုက်လေရဲ့။ ငွေရှင်းကောင်တာကမိန်းကလေးကတော့ ရုန်းကန်နေခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မျက်ဖြူဆိုက်သွားပြီး ဝိညာဥ်မရှိတော့တဲ့ အခွံလွတ်ကြီးတစ်ခုလို မြေပေါ်ကို ပြုတ်ကျသွားလေတော့တယ်။
“ မလုံလောက်သေးဘူး... ဒီထက်ပိုလိုသေးတယ်။”
ခိုင်နေခြည်ရဲ့အကြည့်တွေက အနီးအနားမှာလာရပ်တဲ့ ကျောင်းကားဆီကို အကြည့်ရောက်သွားတယ်။ ကလေးတွေ ဆင်းလာတာကိုမြင်တော့ တုန့်ဆိုင်းမနေဘဲ ပြေးသွားလိုက်ပါပြီ။ မကြာခင်မှာပဲ အပြစ်မဲ့တဲ့အလောင်းတွေ မြေပြင်မှာပုံထပ်ကုန်တယ်။
“မင်းဘယ်သူလဲ... ဆုဗာနာမြေပေါ်မှာ အတင့်ရဲလှခြေလား။”
မကြာခင်မှာပဲ ဆုဗာနာဘုရင်မနိုင်ငံရဲ့ဒေသခံဟီးရိုးတွေနဲ့ စစ်နတ်သမီးစက်ရုပ်တွေက ခိုင်နေခြည်ကိုဝိုင်းရံလိုက်တယ်။ ဒါပေမဲ့ ခိုင်နေခြည်ကတော့ ခေါင်းကိုနှစ်လိုဖွယ်ခါရမ်းလိုက်ရင်း ရယ်မောလိုက်ပါပြီ။
“စွမ်းအားကြီးတဲ့လူတွေရဲ့ဝိညာဥ်က ပိုစားကောင်းတယ်။ ဒါပေမဲ့ ဝိညာဥ်မရှိတဲ့ အရုပ်မတွေ ဒီမှာရှိနေတာတော့ စိတ်ပျက်စရာပဲ။”
ရယ်မောနေရင်းကနေပဲ လက်ကိုဖြန့်လိုက်တယ်။ ဝိညာဥ်ဆန်ဆန် ပုံရိပ်တွေနဲ့ အခိုးအငွေ့တွေက လမ်းတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး ခိုင်နေခြည်ရဲ့အရှိန်နဲ့ခွန်အားကလည်း မယုံနိုင်စရာကောင်းအောင် တိုးတက်သွားခဲ့တယ်။ မကြာခင်မှာပဲ ဆုဗာနာတိုင်းပြည်ရဲ့ အဆင့်မြင့်ဟီးရိုးအများအပြားဟာ ဝိညာဥ်မဲ့အခွံတွေအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
အသက်ရှိလားဆို ရှိပါသေးရဲ့။ နှလုံးခုန်လားဆိုရင် ခုန်ပါရဲ့။ အသက်ရှုလားဆိုရင် ဦးနောက်မသေတဲ့အတွက် ရှုနေသေးတယ် ပြောရမှာပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်မရှိတော့တဲ့အခါမှာ အသေကောင်နဲ့မခြားတော့ပါဘူး။
...
“ဟမ်... နင့်လက်တွေက ဘာကြောင့်တုန်နေရပြန်တာလဲ ခိုင်နေခြည်။”
တစ်လမ်းလုံးစိတ်ကြိုက်သတ်ဖြတ်နေခဲ့တဲ့ ခိုင်နေခြည်က တုန်ခါနေတဲ့သူ့လက်တွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။ မဟုတ်ဘူး၊ ပြောလိုက်တာက အီရာဗီလို့ပြောရမလား။
“နင်သေသွားပြီလေ၊ နင့်ဝိညာဥ်က ငရဲကြီးကိုးထပ်မှာ ပိတ်မိနေသင့်တာ။”
အီရာဗီက သူ့လက်ကိုရှေ့ဆက်တိုးဖို့ကြိုးစားလိုက်တယ်။ သူ့ရှေ့မှာတော့ အသက်သုံးဆယ်အရွယ်အမျိုးသမီးက ငါးနှစ်အရွယ်ကလေးမလေးကို ကိုယ်နဲ့ကာထားပြီးတော့ ကြောက်စရာကောင်းတဲ့ အနီရောင်လူသတ်ငွေ့တွေနဲ့ပြည့်နေတဲ့ အီရာဗီဆီကနေ ကာကွယ်ဖို့ကြိုးစားနေတယ်။ ကိုယ်သေပါစေ ကလေးကိုတော့ကာကွယ်ပေးရမယ်ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ အသိပါ။
“နားလည်ပြီ... နင်လည်းအဲဒီလို ဖြစ်ခဲ့ဖူးတာလား။”
အီရာဗီက မျက်လုံးကိုမှိတ်ပြီး လက်ကိုပြန်ချထားလိုက်တယ်။ ခိုင်နေခြည်ကသေခဲ့ပြီဆိုပေမဲ့ ဝင်ပူးကပ်ထားတာမကြာသေးတဲ့ အတွက်ကြောင့်မလို့ အီရာဗီအပေါ်ကို ခိုင်နေခြည်ရဲ့မှတ်ဉာဏ် အဟောင်းတွေနဲ့ ဝိညာဥ်အပိုင်းအစတချို့က သက်ရောက်မှု ရှိနေဆဲပါ။
ဘုန်း....
ရုတ်တရက် ငွေရောင်အလင်းတန်းတစ်ခုက ခိုင်နေခြည်ရဲ့ခါးကို လာရိုက်ထိခိုက်မိပြီး ခိုင်နေခြည်ရဲ့ခန္ဓာကိုယ်က အိမ်ထဲကနေ လွင့်ထွက်သွားခဲ့တယ်။ လူမနေတဲ့ ဆုဗာနာမြို့အတွင်းက ဖျော်ဖြေရေးစတိတ်စင်တစ်ခုကို ကျောနဲ့ဝင်တိုက်မိပြီးတဲ့နောက် စတိတ်စင်ရှေ့က ခုံတန်းတွေပေါ်ကို ပြန်ပြုတ်ကျလာတယ်။
“လုပ်လိုက်နိုင်ပါပြီ မမလေး။ ရန်သူက S အဆင့် မြူတန့်ဆိုရင်တောင် မမလေးရဲ့ဓားချက်ကြောင့် ခါးထက်ပိုင်းပြတ် သွားနိုင်ပါတယ်။”
ကောင်းကင်ပေါ်မှာ ငွေရောင်တောင်ပံနဲ့ပျံသန်းနေတဲ့ စစ်နတ်သမီးက ဝတ်စုံစနစ်မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ အချက်အလက်တွေကိုကြည့်ရင်း ပြောလိုက်ပါဆယ်။ ငွေရောင်စစ်သည်ကတော့ အလင်းဒြပ်စင်သေနတ်ပျံတွေကို ခြံရံပြီးတော့ မြေပေါ်ကိုဖြည်းညှင်းစွာ ဆင်းသက်လိုက်တယ်။
မက်ဒါနာက ပျက်စီးနေတဲ့ လမ်းပတ်ဝန်းကျင်ကိုကြည့်ရင်း နှုတ်ခမ်းကို ဖိက်ိုက်လိုက်မိတယ်။ ဗာရီကီရီမော်ဒယ် စစ်နတ်သမီး လုံခြုံရေးစနစ်က စေလွှတ်ခဲ့တဲ့ စက်ရုပ်နှစ်ဆယ်ကျော် ဖျက်ဆီးခံခဲ့ရပြီး ဆုဗာနာဌာနချုပ်က ဟီးရိုးငါးယောက် အသက်ဆုံးရှုံးခဲ့ရတယ်။ သာမန်လူပေါင်းတစ်ရာလောက် ဝိညာဥ်နှုတ်ခံလိုက်ရပြီး အားလုံးက မက်ဒါနာရောက်မလာခင် ငါးမိနစ်အတွင်းမှာ ဖြစ်သွားခဲ့တာပါ။
“အရှင်မ... အရှင်မကိုယ်တိုင်ရောက်လာတယ်။” ကလေးအမေက မက်ဒါနာကိုမြင်တော့ မျက်ရည်တွေစီးကျလာပြီး ဆုဗာနာပြည်သူတို့ ထုံးစံအတိုင်းပဲ လက်အုပ်ချီကာ ဦးညွှတ်လိုက်တယ်။ မက်ဒါနာက အဆင့်မြှင့်တင်ထားတဲ့ မြေဆွဲအားဓားဖျားကို မြေပြင်နဲ့ထိအောင် ဆောင့်ချလိုက်ပြီး ဝမ်းနည်းစွာနဲ့ပြောလိုက်ပါပြီ။
“ဒီအုပ်ချုပ်သူက ကမ္ဘာပေါ်မှာအစွမ်းအထက်ဆုံး ဟီးရိုးဖြစ်နေတာတောင် ငါ့ရဲ့ပြည်သူတွေကိုမကာကွယ် ပေးနိုင်ခဲ့ဘူး။”
အိမ်လေးထဲမှာ လဲကျသေဆုံးနေတဲ့ အမျိုးသားတစ်ယောက် ရှိနေခဲ့ပြီးတော့ အိမ်ထောင်ဦးစီးမှန်းသိနိုင်ပါတယ်။ အေမီက မက်ဒါနာနောက်မှာရပ်လိုက်ရင်း နှစ်သိမ့်လိုက်တယ်။
“မမလေး၊ ဆုဗာနာနိုင်ငံရဲ့စစ်နတ်သမီးစနစ်က S rank အကြမ်းဖျက်တိုက်ခိုက်မှုတွေကို သုံးမိနစ်အတွင်းတန်ပြန် တိုက်ခိုက်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာပါ။ ရန်သူရဲ့အင်အားက အဲဒီထက်အနည်းငယ်ကျော်လွန်နေလို့ ဒီလိုဖြစ်ခဲ့တာ။”
ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာတွေနဲ့ S rank အထက်ရန်သူကို တားဆီးဖို့မဖြစ်နိုင်ဘူး။ အယ်ဖာနဲ့အထက်ပုဂ္ဂိုလ်တွေက ထူးခြားဖြစ်စဥ်တွေဖြစ်ပြီး ရှားပါးတယ်။ မက်ဒါနာကိုယ်တိုင် နည်းပညာသက်သက်နဲ့ အယ်ဖာအဆင့်ထက်မြင့်တဲ့တည်ရှိမှု တစ်ခုကိုမထုတ်နိုင်ခဲ့ဘူးလေ။
“ မလုံလောက်သေးဘူး....” မက်ဒါနာက ပြောလိုက်ပြီးတော့ စတိတ်စင်ရှိရာကို ကြည့်လိုက်တယ်။ အပျက်အစီးပုံတွေကြားထဲက လှုပ်ရှားမှုတချို့ကိုတွေ့ရပြီး မကြာခင်မှာပဲ မိန်းကလေးတစ်ယောက်ထွက်လာခဲ့တယ်။ အညိုရောင်အသားအရေနဲ့လှပတဲ့ ခိုင်နေခြည်ဖြစ်ပြီးတော့ သူရဲ့နီစွေးစွေးရောင် မျက်လုံးတွေက မက်ဒါနာရဲ့ကိုယ်ပေါ်မှာ ကျရောက်နေပါတယ်။
“နတ်ဘုရား... နတ်ဘုရားတစ်ယောက်လား... အဲဒီအနံက ငါ့ကိုဆာလောင်စေတယ်။”
ခိုင်နေခြည်ရဲ့ပါးစပ်ထောင့်ကနေ သွားရည်တချို့ကျဆင်းလာပြီး နီစွေးစွေးရောင်အရှိန်အဝါတွေက တစ်လမ်းလုံးကိုစတင် ဖုံးလွှမ်းလာကာ မြူထုတစ်ခုလိုမျိုးဖြစ်လာခဲ့ပါပြီ။ မြူတွေထဲမှာ ဦးတည်ရာမဲ့သွားလာလှုပ်ရှားနေတဲ့ ဝိညာဥ်တွေကိုတောင် မြင်နိုင်ပါသေးတယ်။
“မမလေး၊ ရန်သူဆီကနေ ပျက်စီးခြင်းသားရဲနဲ့ပုံစံတူတဲ့ အနုတ်သဘောဆောင်တဲ့ စွမ်းအားလှိုင်းတွေကို ခံစားမိတယ်။ ပြီးတော့ လူတစ်ယောက်ကိုဝိညာဥ်နှုတ်ပြီးတိုင်း ပိုအားကောင်း လာနိုင်တယ်။”
“နားလည်ပြီ... သူငါ့ပြည်သူတွေကို ထပ်မထိနိုင်စေရဘူး။”
ငွေရောင်စစ်သည်က ဓားကြီးကိုပခုံးပေါ်ထမ်းလိုက်ပြီးတော့ ရန်သူဆီကို တည့်တည့်ပြေးသွားတယ်။ စောင့်ရှောက်သူသားရဲ စွမ်းအားကိုသုံးမထားပေမဲ့ လက်ရှိအဆုံးအစွန်ထိအဆင့်မြှင့်တင် ထားခဲ့တဲ့ ငွေရောင်ဧကရာဇ်ချပ်ဝတ်က ကြောက်စရာကောင်းတဲ့ အရာတစ်ခုပါ။ ကြီးမားတဲ့မြန်နှုန်းကြောင့် လေထုပေါက်ကွဲသံတွေ ထွက်ပေါ်လာတဲ့အထိပဲ။
“နင့်ကိုစားပစ်ပြီးရင် ငါနတ်ဆိုးအရှင်သခင်ဖြစ်လာလိမ့်မယ်။ ဟားဟားဟား....”
ခိုင်နေခြည်ကလည်း အော်ဟစ်လိုက်တယ်။ ကျိန်စာသင့် တက်တူးမျဥ်းတွေက သူ့လက်မောင်းကနေပြီးနဖူးအထိ ပြန့်နှံလာခဲ့ပြီး ထက်ရှလှတဲ့လက်သည်းတွေထွက်လာတယ်။ သူကလည်းမက်ဒါနာနဲ့ဆင်တူတဲ့ မြန်နှုန်းမျိုးကိုအသုံးပြုပြီး ပြေးလာနေခဲ့တာပါ။
ဘုန်း...ဘုန်း... ဘုန်း...
သူတို့နှစ်ယောက်စပြီးတိုက်တာနဲ့ မြေပြင်က မြေကြီးတွေ လေပေါ်ကိုလွင့်ပျံတက်လာတယ်။ မက်ဒါနာက ပတ်ဝန်းကျင်က အဆောက်အဦးတွေ ပျက်စီးနေတာကိုကြည့်လိုက်ပြီးတော့ အီရာဗီကိုဖိအားပေးကာ ကောင်းကင်ပေါ်ကိုပင့်ရိုက်ပြီး လူတွေနဲ့ဝေးရာကိုသွားဖို့ ဖိအားပေးကြိုးစားတယ်။
အေမီကတော့ နောက်ကလိုက်ပြီးကူညီဖို့ အနုဘစ်ပြောင်းဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ရဲ့ပူစပြုနေပြီဖြစ်တဲ့ ဝမ်းဗိုက်လေးကို ထိကိုင်လိုက်ရင်း...
“ပျက်စီးခြင်းသားရဲက သက်ရှိတွေအပေါ်သက်ရောက်မှု ကြီးလွန်းတယ်။ ငါ့ရဲ့ရတနာလေးကို ထိခိုက်စေလို့မဖြစ်ဘူး။”. အဲဒီနောက် အေမီက ပုံမှန်အတိုင်းပဲ အလင်းဒြပ်စင်ရိုင်ဖယ်ကို အသုံးပြုပြီးတော့ မက်ဒါနာကို နောက်ကနေစတင်ပြီး ပစ်ကူပေးပါတော့တယ်။
...
“ထူးဆန်းလိုက်တာ... သူ့ကိုသတ်နိုင်မယ့် နည်းလမ်းမရှိဘူးလား။”
မက်ဒါနာက အံ့ဩစွာနဲ့ပြန်ဆုတ်လိုက်တယ်။ တိုက်ခိုက်နေတာက နာရီနဲ့ချီကြာခဲ့ပါပြီ။ မက်ဒါနာက အလင်းဒြပ်စင်အမြောက်နဲ့ အလင်းဓာသွားပေါင်းများစွာကိုအသုံးပြုခဲ့ပြီး ပစ်မှတ်ကို ထိအောင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ ခြစ်ရာတစ်ခုမှမထိဘူး။ နည်းနည်းလေးတောင် ထိခိုက်မသွားသလိုပဲ။
“မမလေး၊ ကျွန်မတို့ရန်သူက လေဟာနယ်စွမ်းအားကိုသုံးပြီး ကျွန်မတို့တိုက်ခိုက်နေတာတွေကို သက်ရောက်မှုမရှိအောင် လုပ်နေတာလို့မထင်ဘူးလား။”
“ဒိုင်မေးရှင်းအလွှာတွေကြားမှာပုန်းနေပြီး ပုံမှန်သက်ရောက်မှု မဖြစ်အောင်လုပ်တာမျိုးလား။ ဒါဆိုလည်းစမ်းကြည့်ရအောင်။”
မက်ဒါနာက သူ့ဓားကိုမျက်နှာရှေ့တည့်တည့်မှာ ထောင့်မှန်ကျအောင် ထောင်လိုက်ပါတယ်။ ရင်ဘတ်က အလင်းလုံးလေးတွေလင်းလာပြီး ကြီးမားလှတဲ့ ဖိအားကြီးတစ်ခုက ဆုဗာနာတိုင်းပြည်တစ်ခုလုံးပေါ်ကို ကျဆင်းလာခဲ့ပါပြီ။
ဖီးနစ်
လိပ်နက်
နဂါးပြာ
ကျားဖြူ
အစရှိတဲ့ စောင့်ရှောက်သူသားရဲလေးကောင်က မက်ဒါနာရဲ့ ဧကရာဇ်ဝတ်စုံကိုအားဖြင့်ပေးကြပြီးတော့ အလင်းဓားကြီးက အိုမီဂါအဆင့်စွမ်းအားတွေနဲ့ပြည့်နှက်လာတယ်။ လကမ္ဘာကိုတောင် ထက်ပိုင်းပိုင်းပစ်နိုင်တဲ့ စွမ်းအားမျိုးပါ။
“နင်က ဒိုင်မေးရှင်းအလွှာတွေကိုသုံးပြီး ပုန်းနေရင် ငါက ဒိုင်မေးရှင်းအလွှာတွေကို အင်အားသုံးပြီး ဆွဲဖြဲပစ်မယ်။”
အခြေအနေမကောင်းနိုင်မှန်းသိနေတဲ့ အီရာဗီကထွက်ပြေးဖို့ ကြိုးစားလိုက်ပေမဲ့ မက်ဒါနာရဲ့အိုမီဂါအဆင့်ဖိအားက သူ့ကို ဘယ်မှပြေးလို့မရအောင် တားဆီးထားလိုက်ပါပြီ။
“မမလေး၊ စောင့်ရှောက်သူသားရဲတွေရဲ့စွမ်းအားကို ဒီအဆင့်ထိထုတ်သုံးရင် မမလေးရဲ့ခန္ဓာကိုယ်နဲ့ ကလေးအတွက်...”
မက်ဒါနာက အေမီရဲ့စကားကိုနားမထောင်ခဲ့ဘူး။ အဲဒီအစား ဓားချက်ကို ထုတ်ဖော်ခဲ့ပါပြီ။
“သေစမ်း....”
....
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး အရာအားလုံး ရပ်တန့်သွားသလိုပါပဲ။ နောက်တော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အဆောက်အဦးတိုင်း၊ ကားတိုင်းရဲ့မှန်တွေကွဲသွားပြီး ပင်လယ် ရေလှိုင်းတွေက ကြမ်းတမ်းလာတယ်။ မြေပြင်လည်းတုန်ဟီး သွားခဲ့ပြီးတော့ တော်လဲသံကြီးကြောင့် လူတွေနားကိုပိတ်ထား ခဲ့ရပါတယ်။
ဒါပေမဲ့ မက်ဒါနာကိုယ်တိုင်ကတော့ ဆက်မပျံနိုင်တော့ဘဲ မြေပေါ်ကို ဆင်းသက်လိုက်ရပြီး ဗိုက်ကိုနှိပ်ထားရတယ်။ အေမီလည်း စိုးရိမ်တကြီးနဲ့ မက်ဒါနာကို ဖေးမလိုက်ရတာပေါ့။
“မမလေး....”
“အေမီ၊ ငါ့ဗိုက်ကနာနေပြီး ခေါင်းတွေချာချာလည်နေသလိုပဲ။”
နောက်တော့သူက ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တယ်။ အီရာဗီရဲ့ရင်ဘတ်မှာ ပြတ်ရှရာတစ်ခုရှိနေပေမဲ့ သေလောက်အောင် မဟုတ်ပါဘူး။
“နားလည်ပြီ၊ ဒီတော့ ဒီကမ္ဘာရဲ့နတ်ဘုရားတစ်ပါးရဲ့စွမ်းအားက ဒါပေါ့။ ဒါပေမဲ့ နင့်ခန္ဓာကိုယ်ထဲမှာ တခြားအသက်တစ်ခုရှိနေတာ ငါ့အတွက်ကံကောင်းတာပဲ။ နတ်ဝိညာဥ်က ဘယ်လိုအရသာရှိလဲ သိချင်လိုက်တာ။ အားဟားဟား.... အားဟားဟား...”
အီရာဗီက ပိုချဥ်းကပ်လာတယ်။ အေမီကတော့ အသင့် အနေအထားနဲ့ အနူးဘစ်ကိုပြောင်းလိုက်ပါပြီ။ မမလေးကို ကာကွယ်ဖို့အတွက်ဆိုရင် တခြားအရာတွေက အရေးမကြီးတော့ဘူး။ တံစဥ်ကိုင်ထားတဲ့အနက်ရောင် သံချပ်ဝတ်ကိုမြင်တော့ အီရာဗီမျက်မှောင်ကြုတ်သွားတယ်။
“မြေအောက်ကမ္ဘာရဲ့စွမ်းအားလား...” မကြာခင်မှာပဲ ကောင်းကင်ပေါ်ကနေ မိုးကြိုးလျှပ်စီးတွေကျဆင်းလာပြီး တောင်ပံနက်တွေနဲ့အသားမည်းမည်းကောင်လေးတစ်ယောက် ရောက်လာပြန်တယ်။ ဓာတ်သဘာဝစွမ်းအားတွေနဲ့ပြည့်နှက်နေတဲ့ နတ်သူငယ်တစ်ယောက်လည်းရောက်လာသလို နေဝန်းနီဓားကို ကိုင်ဆောင်ထားတဲ့ ဆံပင်အနီနဲ့လူငယ်တစ်ယောက်လည်း ရောက်ရှိလာပြန်ပါပြီ။ မိစ္ဆာသတ်ကာတာနာကိုင်ထားတဲ့ ကျောင်းသူဝတ်စုံနဲ့ မိန်းကလေးလည်းရှိနေသေးတယ်။
ဖရက်၊ ဆိုဖီယာ၊ ကိုင်းတိုနဲ့ ဥစာကီတို့က မက်ဒါနာကိုကာကွယ်ဖို့ သူတို့စွမ်းအားတွေကိုထုတ်ဖော်ခဲ့ကြပေမဲ့ အီရာဘီကိုအခြစ်ရာ ထင်အောင်တောင် မလုပ်နိုင်ကြပြန်ဘူး။ တစ်ဖက်မှာလည်း အီရာဗီရဲ့တိုက်ကွက်တွေက ထိပ်တန်းအယ်ဖာတွေနဲ့ အိုမီဂါနှစ်ယောက်ဖြစ်တဲ့ ကိုင်းတိုနဲ့ဥစာကီကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး။
“ကြည့်ရတာ ငါကလည်း နင့်တို့ကိုမသတ်နိုင်သလို နင်ကလည်း ငါ့ကိုသတ်ဖို့နည်းလမ်းကို ကိုယ်တိုင်ဖျောက်ပစ်လိုက်ပုံပဲ။ ဟားဟား... သာမန်လူတွေရဲ့ ဝိဉာဥ်တွေကိုစုပ်ယူပြီး ငါနင်တို့လောက် စွမ်းအားကြီးလာမှ နတ်ဘုရားအဆင့်ဝိညာဥ်တွေကို ပျော်ပျော်ကြီးသုံးဆောင် ရသေးတာပေါ့။”
ဟားဟားဟားဟား....
အီရာဗီက အချိန်ဖြုန်းမနေတော့ဘဲ ဆုဗာနာမြေပေါ်ကနေ အမြန်ဆုံး ထွက်ပြေးသွားပါတော့တယ်။