မြို့တော်အဆောက်အဦး
Vol. 18 Ch. 171
ယခုမှ အသေအချာ ပြန်လည်စဉ်းစားကြည့်မိလျှင် အနီရောင်ဖဲကြိုးလေးပေါ်၌ "ဟန်ကျီ" ဟု ရေးသားထားသည်မှာ မိုဟန်ကျီကို ဆိုလိုခြင်းပင် ဖြစ်သည်။
မင်ယွဲ့သည် မရည်ရွယ်ဘဲ မိုဟန်ကျီကို လှမ်းကြည့်လိုက်မိရာ ယွမ်ပေါ့၏ အမွှေးနုလေးများကို ပွတ်သပ်ပေးနေသော သူကလည်း သိရှိသွားသကဲ့သို့ မော့ကြည့်လာသည်။
မင်ယွဲ့သည် ရင်ထဲ၌ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ အကြည့်ကို အမြန်လွှဲလျက် မျက်တောင်တို့ကို ပုတ်ခတ်ကာ အောက်သို့သာ ငုံ့ကြည့်နေတော့သည်။
“ယွဲ့ယွဲ့... အခုတော့ ငါ့ကို ယုံပြီမလား နင်တို့နှစ်ယောက်က ကောင်းကင်က ဖန်တီးပေးထားတဲ့ စုံတွဲပဲ”
ယွမ်ပေါ့က နားရွက်လေးများကို တလှုပ်လှုပ်
လုပ်ရင်း မောက်မာစွာ ပြောလိုက်သည်။
"ယွဲ့ယွဲ့ရယ်... တို့တွေ ဒီလောက်အထိ ရေစက်ဆုံကြမယ်လို့ မထင်ထားခဲ့ဘူး"
ဟု မိုမိခင်က သူမ၏ ချစ်ခင်မြတ်နိုးမှုကို အစွမ်းကုန် ဖော်ပြနေတော့သည်။
အဘွားမိုကလည်း လူငယ်များ၏ အကြိုက်နှင့် ကိုက်ညီသော စိန်ပန်းရောင် လည်ဆွဲတစ်ကုံးကို လက်ဆောင်အဖြစ် ပြင်ဆင်ပေးသည်။ မင်ယွဲ့သည် မိုမိသားစု၏ ဩဇာနှင့် ချမ်းသာကြွယ်ဝမှုကို သိရှိထားသဖြင့် ငြင်းဆန်ခြင်း မပြုတော့ဘဲ နောင်တစ်ချိန်တွင် ကျေးဇူးပြန်ဆပ်ရန်သာ စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
"ဟန်ကျီ... ယွဲ့ယွဲ့ကို တို့အိမ်က ပန်းခြံထဲ လိုက်ပြလိုက်ပါဦး"
ဟု ထမင်းစားပြီးနောက် မိုမိခင်က လမ်းဖွင့်ပေးလိုက်သည်။
အဘွားမိုသည် ပန်းမန်များကို မြတ်နိုးသူဖြစ်၍ အိမ်တော်အတွင်း၌ သီးသန့် ဖန်လုံအိမ် ပန်းခြံတစ်ခုကို ဆောက်လုပ်ထားသည်။
မိုဟန်ကျီသည် မင်ယွဲ့ကို ခေါ်ဆောင်ကာ ပန်းရနံ့တို့ သင်းပျံ့နေသော ထိုနေရာသို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့ကြသည်။
"ရှင့်ရဲ့ ထုတ်ကုန်အသစ် ကြော်ငြာကို တကယ်ပဲ ကျွန်မတို့ ကုမ္ပဏီကို အပ်မှာလား"
ဟု မင်ယွဲ့က မေးလိုက်သည်။
"ရှင် သိထားတဲ့အတိုင်း ယွဲ့ဟွာနည်းပညာက ကုမ္ပဏီအသစ်လေးပဲ ရှိသေးတာ၊ ရှင်းယောင်လုပ်ငန်းစုနဲ့ လက်တွဲဖို့ဆိုတာ အလှမ်းဝေးလွန်းပါသေးတယ်"
"ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမနေပါနဲ့ ယွဲ့ယွဲ့ မင်းတို့ နောက်ဆုံးဖန်တီးထားတဲ့ ရုပ်ရှင် အထူးပြုလုပ်ချက်တွေကို ကိုယ် ကြည့်ပြီးပြီ၊ အဲဒါက ပြည်တွင်းမှာ ထိပ်တန်းအဆင့်ပဲ ဒီလောက် အရည်အချင်းရှိတဲ့ အဖွဲ့ဆိုရင် ကိုယ်တို့ ကုမ္ပဏီအတွက် ကြော်ငြာလုပ်ဖို့က ပိုတောင် ပိုသေးတယ်"
ဟု မိုဟန်ကျီက ဆိုသည်။
သူသည် မင်ယွဲ့နှင့် ပတ်သက်မှုကြောင့် အခွင့်အရေး ပေးလိုသည်မှာ မှန်သော်လည်း ယွဲ့ဟွာ၏ လက်တွေ့ကျသော စွမ်းဆောင်ရည်ကိုလည်း အပြည့်အဝ ယုံကြည်ထားခြင်း ဖြစ်သည်။
"ဒါဆိုရင်လည်း ကျွန်မ ဝမ်းမြောက်စွာ လက်ခံရမှာပေါ့"
ဤအခွင့်အရေးသည် ငွေကြေးထက် ဂုဏ်သတင်းအတွက် ပိုမို အရေးပါကြောင်း မင်ယွဲ့ သိသည်။
ရှင်းယောင်ကဲ့သို့ နိုင်ငံတော်အဆင့် ကုမ္ပဏီကြီးတစ်ခုနှင့် လက်တွဲရခြင်းက ယွဲ့ဟွာ၏ အဆင့်အတန်းကို တစ်ဟုန်ထိုး မြင့်တက်သွားစေမည် ဖြစ်သည်။
"ကိုယ့်ကို အဲဒီလောက် အားနာမနေပါနဲ့ စာချုပ်ကိစ္စအတွက် ကိုယ့်ရဲ့ စီမံကိန်းမန်နေဂျာကို ကျန်ဟင်နဲ့ ဆက်သွယ်ခိုင်းလိုက်မယ်"
ထို့နောက် သူတို့နှစ်ဦး ပန်းခြံအတွင်းသို့ ရောက်ရှိသွားကြသည်။ အမြဲတမ်း အပူချိန် ညှိထားသဖြင့် ပန်းမန်တို့မှာ စိုပြည်လန်းဆန်းနေကာ မင်ယွဲ့အတွက် နွေးထွေးသော ခံစားမှုကို ပေးစွမ်းနေသည်။
"ကြိုက်ရင် မင်းကို ပေးပါ့မယ်"
ဟု မိုဟန်ကျီက ဆိုကာ အလှဆုံး ပန်းအိုးကို ရှာဖွေနေတော့သည်။
မင်ယွဲ့ကမူ အဘွားမို၏ အပင်များကို အားနာလှသဖြင့် ငြင်းဆန်ကာ ခေတ္တမျှ လည်ပတ်ပြီးနောက် ပြန်ရန် ပြင်ဆင်လိုက်သည်။
မိုဟန်ကျီသည် သူမကို ကားပေါ်အထိ လိုက်လံပို့ဆောင်ပေးသည်။ ယွမ်ပေါ့မှာမူ အသဲနှလုံးမရှိသူပီပီ မိုဟန်ကျီကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ မင်ယွဲ့၏ ရင်ခွင်ထဲ၌ အသာအယာ ခွေနေတော့သည်။
နင်ကတော့ ဒီရက်ပိုင်း အရမ်း ဇိမ်ကျနေတာပဲ မဟုတ်လား ဟု မင်ယွဲ့က ယွမ်ပေါ့၏ နဖူးလေးကို တို့ကာ ပြောသည်။
“ဒါပေါ့ နင် ငါ့အပေါ် ကောင်းကောင်းဆက်ဆံဖို့ သတိရနော်၊ မဟုတ်ရင် ငါ အရှင်သစ် ရှာမိလိမ့်မယ်”
“ဪ... အရှင်သစ် ပြောင်းဦးမလို့လား စနစ်နဲ့ ငါ က ချည်နှောင်ပြီးသားဆိုတာ ငါ မသိဘူး ထင်နေလား “
ဟု မင်ယွဲ့က ပြုံးလျက် ချေပလိုက်သည်။
အိမ်ပြန်ရောက်သောအခါ မင်ယွဲ့သည် ပုံမှန်အတိုင်းပင် အတုမဲ့ လေ့လာရေးခန်းအတွင်း၌ စာပေများကို ဆက်လက် လေ့လာနေသည်။
ယခုအခါ စနစ်မှာ အဆင့် (၅) သို့ ရောက်ရှိနေပြီဖြစ်၍ ယွမ်ပေါ့ မရှိသော်လည်း သူမကိုယ်တိုင် စနစ်၏ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်သည်။
"ဒေါင်— ကြိုးစားအားထုတ်မှုကြောင့် သင့်၏ စီးပွားရေးစီမံခန့်ခွဲမှု စွမ်းရည်သည် အလယ်အလတ်အဆင့်သို့ မြင့်တက်သွားပြီး အပိုဆုလာဘ်တစ်ခု ရရှိပါသည်"
ထိုအသံက နှိုးစက်တစ်ခုကဲ့သို့ မင်ယွဲ့ကို နိုးကြားသွားစေသည်။
"ဒေါင်— စနစ်မှ ဆုလာဘ်အဖြစ် ယန်ကျင်းမြို့၏ ပထမပတ်လမ်းအတွင်းရှိ 'မြို့တော်
အဆောက်အဦ' ကို ပေးအပ်ပါသည်"
မင်ယွဲ့၏ ရင်ခုန်သံတို့ မြန်လာရသည်။
ပထမပတ်လမ်းအတွင်းရှိ ကုန်သွယ်ရေး အဆောက်အဦ တစ်လုံးလုံး ဖြစ်သည်။ ယခင် ဟိုက်ဖုအဆောက်အဦမှာ ဒုတိယပတ်လမ်းအတွင်း၌သာ ရှိသည် ဖြစ်၏။
လက်ရှိ သင် ၏ အခြေအနေ-
* ဆွဲဆောင်မှု: ၉၀ (၁၀၀) [ရင်သပ်ရှုမောဖွယ် အလှတရား]
* အသက်မွေးဝမ်းကျောင်း: ၆၈ (၁၀၀) [အောင်မြင်သော လုပ်ငန်းရှင်]
* ပိုင်ဆိုင်မှု: ၄၆၀,၈၉၆,၀၀၀,၀၀၀ (ယွမ် လေးသိန်း ခြောက်သောင်း ရှစ်ရာ ကိုးဆယ့်ခြောက် သန်း)
* အိမ်ခြံမြေ: ဟိုက်ဖုအဆောက်အဦ၊ မြို့တော်အဆောက်အဦ၊ ပန်းခြံဗီလာ၊ အာဖရိက သတ္တုတွင်း၊ မြို့လယ် ဆိုင်ခန်းများ...
* ရှယ်ယာ: ယွဲ့ဟွာနည်းပညာ (၇၅%)၊ ဆောင်းမိုမီဒီယာ (၃၀%)၊ ဝေကွမ်လုပ်ငန်းစု (၅၀%)
* ဂုဏ်သတင်းရမှတ်: ၄၀၀,၀၀၀
မင်ယွဲ့သည် ကုမ္ပဏီ ချဲ့ထွင်ရန်အတွက် သီးသန့်ရုံးခန်း အဆောက်အဦ တစ်ခုကို စဉ်းစားနေချိန်တွင် ဤဆုလာဘ်မှာ အချိန်ကိုက်ပင် ရောက်ရှိလာခြင်း ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် သူမသည် ချက်ချင်းပင် ယွဲ့ဟွာနည်းပညာသို့ ကားမောင်းထွက်ခဲ့သည်။
"အလုပ်ရှင်... ဘာကိစ္စရှိလို့လဲ"
ဟု ကျန်ဟင်က မေးသည်။
"သတင်းကောင်း နှစ်ခုရှိတယ်"
ဟု မင်ယွဲ့က ဆိုဖာပေါ်တွင် ထိုင်ရင်း ဆိုလိုက်
သည်။
"ပထမတစ်ခုက ရှင်းယောင်လုပ်ငန်းစုက စီမံကိန်းတစ်ခုအတွက် မင်းကို ဆက်သွယ်လိမ့်မယ် ဒုတိယတစ်ခုက ကုမ္ပဏီအတွက် ရုံးခန်းအသစ် ရှာထားပြီးပြီ"
ကျန်ဟင်မှာ ဆွံ့အသွားရသည်။
ဤသတင်းနှစ်ခုစလုံးမှာ မယုံနိုင်လောက်အောင် ကြီးမားသော ကိစ္စများ ဖြစ်သော်လည်း မင်ယွဲ့ကမူ နေ့လယ်စာ ဘာစားမလဲဟု မေးသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောနေခြင်း ဖြစ်သည်။
"ရှင်းယောင်နဲ့ ဘယ်လို ဆက်သွယ်မိတာလဲခင်ဗျာ"
ဟု ကျန်ဟင်က စူးစမ်းသည်။
"သူတို့ ဥက္ကဋ္ဌ မိုဟန်ကျီနဲ့ သိတာ သူကိုယ်တိုင် ကမ်းလှမ်းတာပဲ"
ဟု မင်ယွဲ့က ပွင့်လင်းစွာ ပြောသည်။
“နောက်ပြီးတော့ ငါတို့အတွက် သီးသန့် ရုံးချုပ် အဆောက်အဦ တစ်လုံး ရထားတယ် အဲဒါက မြို့တော်အဆောက်အဦပဲ"
"ဒါဆိုရင်တော့ သွားရမှာပေါ့”
ဟု ကျန်ဟင်က ပြတ်ပြတ်သားသားပင် ပြန်လည် ဖြေကြားလိုက်တော့သည်။