သံယောဇဉ်တော့ ရှိပါသည်၊ သို့သော် နည်းနည်းလေးသာ
Vol. 19 Ch. 189
"မရဘူးလေ"
မင်ယွဲ့သည် မျှော်လင့်ချက်ပေးလိုက်၊ ချက်ချင်းပင် စိတ်ပျက်အောင် လုပ်လိုက်ဖြင့် တစ်မိနစ်အတွင်း မိုဟန်ကျီ၏ စိတ်အာရုံကို ဝမ်းသာဝမ်းနည်း ကစားနေတော့သည်။
အရာရာတွင် ယုံကြည်မှုအပြည့်ရှိသော မိုဥက္ကဋ္ဌမှာ သူမ၏ ငြင်းဆိုမှုကြောင့် မျက်ဝန်းအစုံ မှေးမှိန်သွားရ၏။
"စတာပါ... နောက်ကျနေပြီပဲ မနက်ဖြန် အားရင်တော့ ကျွန်မဆီ လာလည်လို့ ရပါတယ်"
ဟု မင်ယွဲ့က ပြုံးလျက် ဆိုလိုက်မှ မိုဟန်ကျိ၏ မျက်နှာတွင် အလင်းရောင် ပြန်လည် ထွန်းတောက်လာသည်။
"အားတာပေါ့... မနက်ဖြန် တစ်နေ့လုံး အားပါတယ်"
ဟု သူက အလျင်အမြန် ဖြေကြားလိုက်သည်။
ကုမ္ပဏီတွင် အချိန်ပိုဆင်းရတော့မည့် လက်ထောက်လင်း၏ ကံကြမ္မာကို သူ လုံးဝ ထည့်မတွက်တော့ပေ။
မင်ယွဲ့သည် မိုဟန်ကျီ၏ ကားလေး ထွက်ခွာသွားသည်အထိ စောင့်ကြည့်နေပြီးမှ အိမ်ထဲသို့ ဝင်ခဲ့သည်။ သို့သော် အိမ်ထဲရောက်၍ နားနေစဉ် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရ၏။
ယွမ်ပေါ့၏ အိပ်ရာလေးကို မြင်မှပင် သူမ ထိတ်လန့်သွားရသည်။
"သေပြီ... ယွမ်ပေါ့”
မိုဟန်ကျိ ရေချိုးပြီးထွက်လာစဉ် ဖုန်းမြည်သံကြောင့် ကြည့်လိုက်ရာ မင်ယွဲ့ ဖြစ်နေသဖြင့် ရင်ထဲတွင် လှိုက်ခနဲ နွေးထွေးသွားသည်။
“ယွဲ့ယွဲ့... ဘာဖြစ်လို့လဲ"
"ယွမ်ပေါ့က ရှင့်ကားထဲမှာ ကျန်ခဲ့တာ ဒီနေ့တော့ ရှင့်အိမ်မှာပဲ ခဏထားပေးလို့ အဆင်ပြေမလား"
ဟု မင်ယွဲ့က အားနာတကြီး မေးသည်။
မိုဟန်ကျိသည် အောက်ထပ်သို့ အမြန်ဆင်းကာ ကားတံခါးကို ဖွင့်လိုက်ရာ ကားနောက်ခန်း ထောင့်လေးတွင် အိပ်မောကျနေသော အမည်းရောင်နှင့် အဖြူရောင် အမွေးပွပွ သတ္တဝါလေးကို တွေ့လိုက်ရသည်။
ယွမ်ပေါ့သည် နိုးလာသောအခါ ထိတ်လန့်ခြင်းမရှိဘဲ မိုဟန်ကျိကို
“အသိဉာဏ်မဲ့တဲ့ လူသားတွေ... ငါ့ကို အခုမှ သတိရကြတယ်ပေါ့လေ"
ဟူသော အကြည့်မျိုးဖြင့် စူးစိုက်ကြည့်နေ၏။
မင်ယွဲ့၏ စိတ်ထဲတွင်လည်း ယွမ်ပေါ့၏ ရန်တွေ့သံများက ဟိန်းထွက်နေသည်။
'ယွဲ့ယွဲ့... နင်ကတော့ ရည်းစားမထားဘူး ဆိုပြီး ငါ့ကိုတောင် မေ့ထားလိုက်တာလား နှစ်နာရီတောင် ကြာသွားတယ်နော် သံယောဇဉ်တော့ ရှိပါရဲ့၊ ဒါပေမဲ့ နည်းနည်းလေးပဲ”
ဟု ယွမ်ပေါ့က စိတ်ဆိုးမာန်ဆိုး တိုင်တန်းနေတော့သည်။
မင်ယွဲ့က အစားအသောက်ကောင်းကောင်းများဖြင့် ချော့မော့လိုက်မှသာ ထိုစနစ်ကောင်လေးမှာ ငြိမ်ကျသွားတော့၏။
မိုဟန်ကျိသည် ယွမ်ပေါင်ကို ချီမကာ အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
သူ၏ ဖခင်ဖြစ်သူ မိုဥက္ကဋ္ဌမှာလည်း ဇနီးဖြစ်သူအတွက် နွားနို့ပူပူလေး ပြင်ဆင်ပေးနေရင်း သားဖြစ်သူ၏ ထူးဆန်းသော အပြုအမူကို ကြည့်ကာ အံ့ဩနေသည်။
“မင်းက ညကြီးမင်းကြီး ဘာလုပ်နေတာလဲ"
မိုဟန်ကျီက မဖြေဘဲ မီးဖိုချောင်ထဲသို့ ဝင်ကာ ယွမ်ပေါ့အတွက် အမေရိကန်မှ မှာယူထားသော အဆင့်မြင့် စတိတ်အသားကို ထုတ်၍ ကြော်ပေးနေတော့သည်။
ဆီပူသံ တစီစီနှင့်အတူ မွှေးပျံ့သောအသားနံ့က ခန်းမတစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။
ယွမ်ပေါ့သည် ခြေတိုလေးများဖြင့် မိုဟိန်ကျိ၏ ဘေးတွင် ကပ်ထိုင်ကာ အသားတုံးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။
"ယွမ်ပေါ့ အဝေးကနေ စောင့်ဦးလေ ဆီစင်လိမ့်
မယ်"
ဟု မိုဟန်ကျီက ညင်သာစွာ ပြောလိုက်သောအခါ ယွမ်ပေါ့က လူကဲ့သို့ပင် နားလည်စွာ နောက်သို့ ဆုတ်ပေးလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေသော မိုဖခင်မှာမူ မှင်
တက်နေတော့သည်။
အေးစက်လှသော မိမိ၏သားသည် တိရစ္ဆာန်လေးတစ်ကောင်အပေါ် ဤမျှအထိ နူးညံ့သိမ်မွေ့နေခြင်းမှာ မင်ယွဲ့၏ အရှိန်အဝါ
ကြောင့်ပင် ဖြစ်ရမည်။
မိုဟန်ကျီသည် အင်္ကျီလက်ကို လိပ်တင်ကာ ခါးစည်းလေးဖြင့် အသားကြော်နေရင်း ယွမ်ပေါ့ကို ကြည့်ကာ အေးမြသော အပြုံးတစ်ခု ပြုံးလိုက်သည်။ ထိုအပြုံးသည် နှင်းတောင်ပေါ်မှ ရေခဲများ အရည်ပျော်ကျလာသကဲ့သို့ ကြည်လင်အေးမြလှပေသည်။
ယွမ်ပေါ့သည် အသားနံ့ကို ရှူရှိုက်ရင်း စိတ်ကျေနပ်စွာဖြင့် မိုဖခင်ကိုပင် တစ်ချက် လှမ်း၍ ပြုံးပြလိုက်သေးသည်။
မိုဖခင်မှာမူ ထိုဝိုင်းစက်စက် မျက်နှာမှ အပြုံးကို မြင်နိုင်သည် မမြင်နိုင်သည်တော့ မသိသော်လည်း ဤညသည် မိုမိသားစုအတွက် အထူးခြားဆုံးနှင့် သာယာဆုံး ညတစ်ည ဖြစ်နေတော့သည်မှာ အသေအချာပင် ဖြစ်သည်။