← Chapters

အခန်း (၈၂)

Vol. 9 Ch. 82

အခန်း (၈၂)

Vol. 9 Ch. 82

အပိုင်း (၈၂)

ကျုံးရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"ကျုံးကျဲ... ထလို့ရပြီ..."

ကျုံးကျဲသည် ဘိုးဘေးစကားနာခံကာ ထရပ်လိုက်လျှင် ကျုံးရှန်သည် သူ့နားသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

ကျုံးရှန်၏ လက်တစ်ဖက်တွင် အနက်ရောင် သူတော်စင်အနှစ်သာရ စွမ်းအင်လုံးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် နတ်ဘုရားစိတ်အာရုံ ဖယ်ရှားပြီးသား ဖြစ်သော ဆက်ခံသူ အမှတ်အသားကို ကိုင်ထားသည်။

ဤအမှတ်အသားဖြင့်ဆိုလျှင် အနူးဘစ်၏ ဆက်ခံသူအဖြစ်ရရှိနိုင်မည့် နတ်ဘုရားရာထူးကိုပါ ရယူရန် အခွင့်အရေး ရှိလာ ပေလိမ့်မည်။

သူတော်စင်အဆင့်အနှစ်သာရ နှင့် အနူးဘစ်၏ဆက်ခံသူအမှတ်အသား။

တစ်ခုစီတိုင်းသည် အလွန်အစွမ်းထက်သောကျင့်ကြံသူတစ်ဦးကို မွေးထုတ်ပေးနိုင်သည့်အရာများ ဖြစ်သည်။

ဤပစ္စည်းနှစ်ခုထဲမှ တစ်ခုခုသာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ရောက်ရှိသွားလျှင် ထိုပစ္စည်းကိုရရန်အတွက် လူပေါင်းများစွာသေကြေပျက်စီးရမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ထိုနှစ်ခုစလုံးကို လူတစ်ယောက်တည်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးတော့မည်။ အကယ်၍ အပြင်လူများသာ သိသွားပါက သယံဇာတများကို ဖြုန်းတီးသည် ၊ ကောင်းကင်ဘုံကို စော်ကားသည်ဟု ဆဲဆိုကြပေလိမ့်မည်။

သို့သော် ကျုံးရှန်ကတော့ လုံးဝ ဂရုမစိုက်ပေ။

ဝံပုလွေ ၃ ကောင် မွေးသည်ထက် ကျားတစ်ကောင် မွေးသည်က ပိုကောင်းပြီး ကျားတစ်သောင်း မွေးသည်ထက် နဂါးတစ်ကောင် မွေးသည်က ပိုကောင်းပေသည်။

ယခုအချိန်သည် ယခင်နှင့် မတူတော့ပေ။

သူ့အနေဖြင့် မိမိ၏ မျိုးဆက်သွေးသားများကို စိတ်ရှိသလို ပြုစုပျိုးထောင်ပေးနိုင်ပြီ ဖြစ်သည်။

"ကျုံးကျဲ... ဒီအနက်ရောင် အနှစ်သာရစွမ်းအင်လုံး နဲ့ အနူးဘစ်ရဲ့ဆက်ခံသူ အမှတ်အသားက စွမ်းအားတွေကို မင်း ခန္ဓာကိုယ်ထဲစုပ်ယူ ပေါင်းစပ်ပြီး သေချာ ကျင့်ကြံချေ..."

ပြောပြီးသည်နှင့် ကျုံးရှန်သည် လက်ဝှေ့ယမ်းလိုက်လျှင် အနှစ်သာရ အလင်းလုံးနှင့် ဆက်ခံသူ အမှတ်အသားသည် အနက်ရောင် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ကျုံးကျဲ၏ မျက်ခုံးနှစ်ခုကြားမှတဆင့်သူ၏ စိတ်ဝိညာဉ် အရင်းအမြစ်ထဲသို့ ဝင်ရောက်သွားသည်။

အနူးဘစ်၏ အမွေဆက်ခံသူ အမှတ်အသား တွင် အနူးဘစ် တစ်ချိန်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိဗဟုသုတများကို မှတ်တမ်းတင်ထားလေသည်။ တစ်နည်းဆိုရသော် စွယ်စုံကျမ်းတစ်အုပ်ဖြစ်‌လေသည်။ ထိုအရာသည် ကျုံးကျဲအတွက် သေချာပေါက် အသုံးဝင်ပေလိမ့်မည်။ အနူးဘစ် ချန်ထားရစ်ခဲ့သော အမွေအနှစ် ရတနာများအတွက်မူ လောလောဆယ်၌ မျှော်လင့်၍ မရသေးပေ။

ကျုံးကျဲ၏ စွမ်းအားပိုမိုသန်မာလာမည့်အချိန်တစ်ခုရောက်သည်အထိစောင့်ရမည်။ ထိုအဆင့်ရောက်မှသာ ဆက်ခံသူ အမှတ်အသားကို သုံးကာ ဖာရိုဘုရင်၏ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်နိုင်ပြီး အနူးဘစ် ဝှက်ထားသော အထွတ်အထိပ် နတ်ဘုရားရာထူးကို ရယူနိုင်မည်ဖြစ်၏။

ကျုံးကျဲ၏ ခန္ဓာကိုယ်ထဲတွင် အနူးဘစ်၏ဆက်ခံသူ အမှတ်အသားကို စုပ်ယူပြီးနောက် သူတော်စင်ခန္ဓာ အနှစ်သာရပါစုပ်ယူခံ လိုက်ရကာ သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစည်းသွား၏။ ထို့နောက်သာမန်မဟုတ်သော အရှိန်အဝါတစ်ခု ကျုံကျဲထံမှ ထွက်ပေါ်လာကာ ကောင်းကင်ယံတွင် ထူးခြားဖြစ်စဉ် အမျိုးမျိုး ပေါ်ပေါက်လာသည်။

ကြယ် ကြွေကျခြင်း၊ စစ်ဘုရင်၏ ကောင်းကင်ကို အန်တုတိုက်ခိုက်ခြင်း၊ နတ်ဘုရားများနှင့် မိစ္ဆာ ပုံရိပ်များ စသည်ဖြင့် ဆန်းကြယ်မှုများ ပြည့်နှက်နေသော ထူးခြားဖြစ်စဉ်အမျိုးမျိုးဖြစ်သည်။

နောက်ဆုံးတွင် ထိုထူးခြားဖြစ်စဉ်များ အားလုံးသည် ပေါင်းစပ်သွားကြပြီး ဧရာမလော်ထျန်းထီးကြီးတစ်လက်အဖြစ် ဖွဲ့စည်းသွားကာ ကောင်းကင်တွင် တွဲခိုနေလေသည်။ ထီးစတင်လည်ပတ်လိုက်လျှင် မဟာတာအို၏ လေးနက်ဆန်းကြယ်သော ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ ကျုံးကျဲ၏ မျက်ခုံးနှစ်ခုကြားတွင် ထူးခြားသော အမှတ်အသားတစ်ခု ပေါ်လာသည်။

အထူး ခန္ဓာကိုယ် ၃ မျိုး၏ အနှစ်သာရများသည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီဖြစ်၏။

"ဘိုးဘေး... ဘိုးဘေးညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပြီး အထူးခန္ဓာကိုယ် ၃ မျိုးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါပြီ... အသစ်ဖြစ်ပေါ်လာတဲ့ ဒီအထူးခန္ဓာကိုယ်ကို အမည်ပေးပါ..ဘိုးဘေး.."

သူသည် ကျုံးရှန်၏ ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်ကာ ဆိုသည်။

ကျုံးရှန် ခေတ္တမျှ စဉ်းစားလိုက်သည်။

"ခန္ဓာကိုယ် ၃ မျိုးစလုံးက သတ်ဖြတ်ခြင်းနဲ့ ယမမင်းစွမ်းအားကို အခြေခံထားတာချည်းပဲ..."

"အဲဒီအထဲမှာ စစ်ဘုရင်ခန္ဓာက အားအကောင်းဆုံး... ဒါကြောင့် ယမမင်း စစ်ဘုရင် သူတော်စင်ခန္ဓာ လို့ နာမည်ပေးလိုက်မယ်..."

သူ့စကားဆုံးသည်နှင့် ဟင်းလင်းပြင်တစ်ခုလုံး ခေတ္တမျှ ရပ်တန့်သွား၏။

မရေမတွက်နိုင်သော ရှေးဟောင်းပုဂ္ဂိုလ်ကြီးများသည် သူတို့၏နှစ်ပေါင်းသောင်းချီ ပိတ်ထားသည့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြလေသည်။

"သူတော်စင်ခန္ဓာအသစ်တစ်ခု မွေးဖွားလာခဲ့ပြီ..."

ရှေးဟောင်းခေတ်မှ ဆင်းသက်လာသော ကြုံးဝါးလိုက်သံကြီးသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သောမျက်လုံးများသည် မြူခိုးများကိုဖြတ်သန်းကာ အဆုံးမဲ့ ဟင်းလင်းပြင်ကို ကျော်ဖြတ်ပြီး မွေးဖွားလာသည့် သူတော်စင်ခန္ဓာအသစ်၏ ပိုင်ရှင်ကို ကြည့်ရှုရန် ကြိုးစားလိုက်ကြသည်။

သို့သော် မည်သို့ပင် စုံစမ်းထောက်လှမ်းသည်ဖြစ်စေ အပြည့်အစုံကို မြင်တွေ့နိုင်ခြင်း မရှိဘဲ သူတော်စင်ခန္ဓာအသစ်၏ ပိုင်ရှင်သည်အမျိုးသားတစ်ယောက် ဖြစ်ကြောင်းသာ ခန့်မှန်းရသည်။

"ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းအားရှိနေတယ်..."

"ဒီလူမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိရမယ်... သူ့ကို ရှာတွေ့ရင် ငါ့ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မယ်..."

ရှေးဟောင်းပုဂ္ဂိုလ်ကြီးတချို့သည် တီးတိုး ရေရွတ်လိုက်ကြသည်။

မမြင်ရသော အန္တရာယ်တစ်ခု အစပျိုးလာလေသည်။

--------------

"ဘိုးဘေး... ဒီမြေးမှာ မေးစရာတစ်ခု ရှိပါတယ်...."

ယခုအချိန်တွင် ကျုံးရှန်သည် ကျုံးကျဲကို ခေါ်ဆောင်ပြီး ဟင်းလင်းပြင်လမ်းကြောင်းထဲတွင် ဖြတ်သန်းသွားလာနေ၏။

သူတို့၏ဦးတည်ရာကား နန်တျန်အင်မော်တယ်မင်းဆက်၏ ဧကရာဇ်မြို့တော်ဖြစ်သည်။

ကျုံးရှန်သည် ထိုနေရာတွင် ဒုတိယမြောက် ယင်ယန်ကမ္ဘာ့ကြေးမုံမှန်၏ သဲလွန်စကို ဖမ်းမိထားသည်။

"မေးလေ..."

ကျုံးရှန်၏ ကိုယ်ပွားခန္ဓာသည် ပို၍ပင်မှေးမှိန်လိုက်လာနေ၏။

ဤကိုယ်ပွားခန္ဓာ၏ စွမ်းအင်များသည် တစ်ဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။

ကျုံးကျဲသည် စကားလုံးများကို သေချာရွေးချယ်လိုက်သည်။

"ဘိုးဘေး... ဒီလောက် စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်တွေကို ဘာလို့ ဘိုးဘေး မယူဘဲ ဒီမြေးကို ပေးရတာပါလဲ..."

ဤကိစ္စနှင့် ပတ်သက်ပြီး ကျုံးကျဲစိတ်ထဲတွင် အလွန် နားမလည်နိုင် ဖြစ်နေရ၏။

အထူးသဖြင့် သူ့ညီမဝမ်းကွဲ ကျုံးထျန်းယွဲ့သည်လည်း ဘိုးဘေး၏ ပေးသနားမှုဖြင့် ကြီးမားသည့် အခွင့်အရေးကို ရရှိခဲ့ကြောင်း သိလိုက်ရသောအခါတွင်ဖြစ်သည်။

ဘိုးဘေးသည် မည်မျှပင် စွမ်းအားကြီးသည်ဖြစ်ပါစေ သူတော်စင်ခန္ဓာကဲ့သို့ စွမ်းအားကြီးသည့် ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားခြင်းသည် ပို၍ကောင်းမည်မဟုတ်ပါလော။

ကျုံးရှန် ပြုံးလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

"ဒီ ထူးခြားတဲ့ ခန္ဓာကိုယ်တွေက ငါ့အတွက်တော့ အသုံးမဝင်တဲ့ အရာတွေပါ..."

"ကိစ္စတွေအားလုံးပြီးသွားရင် မင်း မြင့်မြတ်နယ်မြေကို ပြန်ပြီး သေချာ အာရုံစိုက် ကျင့်ကြံတော့..."

"အချိန်ကျလာရင် ပိုပြီးကြီးမားတဲ့ အခွင့် တွေမင်း ဆီရောက်လာလိမ့်မယ်..."

"ကံကောင်းခြင်းတွေပိုင်ဆိုင်တယ်ဆိုပြီးကျေနပ်မနေမိ‌စေနဲ့ ... ကျင့်ကြံခြင်းကို လျစ်လျူမရှုရဘူး..."

ထိုစကားများကြားသောအခါ ကျုံးကျဲ ကြောင်အသွားရသည်။

သူ့အတွက်‌တော့ယခု ရရှိထားသော အရာများသည်ပင် ယခင်က သူအိပ်မက်တောင်မမက်ရဲခဲ့သော ကောင်းကင်အခွင့်အလမ်းများဖြစ်နေခဲ့သည်။

သို့ဖြစ်ရာ ဘိုးဘေးက သူ့အတွက် ပို၍ကြီးမားသော အခွင့်အလမ်းများစောင့်နေသေးသည်ဟုပြောသောအခါ သူ့စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားရပြီး စိတ်လှုပ်ရှားခြင်းနှင့် မျှော်လင့်ခြင်းများ ရောထွေးနေတော့သည်။

သူ သတိပြန်ဝင်လာချိန်တွင် သူတို့သည် ဟင်းလင်းပြင်လမ်းကြောင်းမှ ထွက်ခွာလာခဲ့ပြီဖြစ်၏။

နန်တျန်ဧကရာဇ်မြို့တော်၏ တည်နေရာအသစ်ဖြစ်သည့် မူလနေရာနှင့် မိုင်ပေါင်း ၂ သန်းနီးပါး ကွာဝေးသည့် နေရာသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

ဧကရာဇ်မြို့တော်ကြီးတစ်ခုလုံးကို ဤမျှအဝေးကြီးသို့ ရွှေ့ပြောင်းနိုင်သူသည် နေရာလွတ်ပညာရပ်တွင် ကျွမ်းကျင်သော မဟာသူတော်စင် တစ်ပါးပါးသော်လည်းကောင်း၊ နေရာလွတ်ရတနာ ပိုင်ဆိုင်ထားသူသော်လည်းကောင်း ဖြစ်ရပေမည်။

မြို့တော်အပြင်ဘက်တွင် စစ်သည်အများအပြား မြေပြင်ကို ရှင်းလင်းခြင်း၊ မြေညှိခြင်းများ ပြုလုပ်နေကြကာ ဝိညာဉ်စွမ်းအင် ပြည့်ဝသော သစ်ပင်များကို စိုက်ပျိုးနေကြသည်။

ဧကရာဇ်မြို့တော်၏ လေထဲတွင် လူနှစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အလုပ်ရှုပ်နေကြသော စစ်သည်များအားလုံးမော့ကြည့်လိုက်မိ၏။

"ဗိုလ်မှူးကျုံးကျဲ..."

"ဗိုလ်မှူးကျုံးကျဲ ပြန်လာပြီဆိုတော့... ဗိုလ်ချုပ်လင်ချန် ရှုံးသွားပြီပေါ့..."

"ဟမ့်... ဗိုလ်ချုပ်လို့ မခေါ်နဲ့... သူက လူသားမျိုးနွယ် သစ္စာဖောက်..."

"တော်တော့... မြန်မြန် သွားသတင်းပို့လိုက်..."

စစ်သည်များသည် တီးတိုး ပြောဆိုနေကြသည်။

ကျုံးကျဲ၏ ကောင်းကင်နှင့်မြေကြီး စစ်ဘုရင်ခန္ဓာ အရှိန်အဝါသည် သူတို့၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေခဲ့သည်။

စစ်သည်များ သတင်းပို့ရန် ပြင်လိုက်စဉ်မှာပင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လေပေါ်သို့ ပျံတက်လာသည်။

"သတင်းပို့စရာ မလိုတော့ဘူး... ငါကိုယ်တော် သိပြီးသား... မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြ..."

ရောက်ရှိလာသူမှာ နန်တျန်ဧကရာဇ်ဖြစ်သည်။

စစ်သည်များကို အမိန့်ပေးလိုက်ပြီးနောက် ကျုံးရှန်တို့နှစ်ဦးရှိရာသို့ ပျံသွားလိုက်သည်။

ကျုံးကျဲနှင့် လင်ချန်တို့၏ ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးသည် သူ၏မျက်စိထဲတွင် အခုထိတောင်မြင်ယောင်နေဆဲဖြစ်သည်။

ထိုနှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ဧကရာဇ်မြို့တော်ပင် ပြောင်းရွှေ့ခဲ့ရသည်။

ယခုအခါ လင်ချန် ပျောက်ဆုံးသွားပြီး ကျုံးကျဲတစ်ယောက်တည်း ပြန်ရောက်လာသဖြင့် ရလဒ်မှာ ပြောစရာပင် မလိုတော့ပေ။

သူနှင့်အတူ ပါလာသော ကျုံးရှန်ကို ကြည့်လိုက်သောအခါထိုနှစ်ယောက်၏ မျက်နှာသွင်ပြင်သည် ဆင်တူနေသည်ကို တွေ့လိုက်ရသည်။

သူ မသိသော်လည်း စိတ်ထဲတွင် လုံးဝ အထင်သေးရဲခြင်း မရှိပေ။

သူသည် ကျုံးကျဲ၏ ရှေ့သို့ ပျံသန်းသွားပြီးနောက် ကျုံးကျဲကို လေးစားမှုအပြည့်ဖြင့်ဦးညွှတ် ဂါရဝပြုလိုက်သည်။

"နန်တျန်အင်မော်တယ်မင်းဆက်က... နန်တျန်ဧကရာဇ်... ရောက်ရှိလာတဲ့လူကြီးမင်းတို့ကို စောစောလာရောက်မကြိုဆိုမိတာခွင့်လွှတ်ပါ..."

All Chapters