အခန်း (၈၄)
Vol. 9 Ch. 84
အပိုင်း (၈၄)
ကျုံးကျဲသည် ဘိုးဘေးဧကရာဇ်၏ စကားကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထား ဖြစ်သွားသည်။ ကျုံးမိသားစုဝင် ဖြစ်ရခြင်း၊ ဘိုးဘေး၏ မျိုးဆက်ဖြစ်ရခြင်းသည် သူ့ဘဝ၏ အကြီးမားဆုံးသော ကံကောင်းခြင်းပင်ဖြစ်သည်။
ကမ္ဘာလောကရှိ မည်သည့် ကောင်းချီးမင်္ဂလာကမှ သူတို့၏ ဘိုးဘေးကြီးကို မယှဉ်နိုင်ချေ။ ထိုအချိန်မြေကြီးပေါ်တွင် လဲကျနေသော နန်တျန်ဧကရာဇ်သည် အချုပ်အနှောင်မှ လွတ်မြောက်သွားသဖြင့် အလျင်အမြန် ထရပ်လိုက်ပြီး ဘိုးဘေးဧကရာဇ်ကို ဦးခိုက်လိုက်သည်။
" နန်တျန်က... ဘိုးဘေးကို ဂါရဝပြုပါတယ်..."
ဘိုးဘေးဧကရာဇ်သည် နန်တျန်ဧကရာဇ်ဘက်သို့ လှည့်ကြည့်လိုက်ကာနဂါးပုံသဏ္ဌာန် ရေးထိုးထားသော တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်၏။
"ထတော့..."
"နယ်စပ်ဘက်မှာ ဟွမ်ရှားလူမျိုးစုတွေ အလုံးအရင်းနဲ့ ကျူးကျော်နေတယ်... နန်တျန်မြို့ရဲ့ အခြေအနေ မကောင်းတော့ဘူး..."
"ဒီအမိန့်ပေး တံဆိပ်ပြားကို ယူလိုက်...ပြီးရင် ရွှေရောင်တပ်ဖွဲ့နဲ့အနောက်ဘက်နယ်စပ်ကို မင်းကိုယ်တိုင် သွားရောက်စစ်ကူပေးချေ..."
"နန်တျန်မြို့ရဲ့ အန္တရာယ်ကိုဖြေရှင်း... ပြီးရင် ထျန်းမြို့ကို သွားကူညီပေးရမယ်..."
"နောက်ပိုင်း နိုင်ငံရေးမူဝါဒက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေနဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ... လင်ချန်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးလိုက်ပါ..."
"ဒါ့အပြင်... နန်းတော်ထဲမှာ ကြွက်တွေ တော်တော်များနေတဲ့အတွက်... ငါကိုယ်တိုင် ရှင်းလင်းပစ်မယ်..."
အင်မော်တယ်မင်းဆက်တွင် အဆင့်အတန်း ခွဲခြားမှုသည် အလွန် ပြင်းထန်သည်။ ဤဘိုးဘေးဧကရာဇ်သည် ဧကရာဇ်နန်တျန်အပေါ်တွင် ဆွေမျိုးသားချင်း သံယောဇဉ် သိပ်မရှိဘဲ အထက်လူကြီးက အောက်လက်ငယ်သားကို အမိန့်ပေးသကဲ့သို့သာ ဆက်ဆံသည်။
ယှဉ်ကြည့်လိုက်လျှင် ကျုံးရှန်က ပို၍ သဘောကောင်းပြီး ရင်းနှီးဖော်ရွေသည်ဟု ဆိုရမည်။ ဧကရာဇ်နန်တျန်သည် မကျေနပ်ချက် တစ်စုံတစ်ရာမျှ မပြရဲပေ။ ရိုသေစွာ ဦးခိုက်လိုက်ပြီး နန်တျန်အမိန့်ပေး တံဆိပ်ပြားကို လက်ခံယူလိုက်ကာ နန်းတော်ရင်ပြင်မှ ထွက်ခွာသွားလေသည်။
ထို့နောက် ဘိုးဘေးဧကရာဇ်သည် ကျုံးကျဲဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာပေါ်၌ ကြင်နာသော အပြုံးတစ်ခု ပေါ်လာ၏။
"ကလေး... အင်မော်တယ်မင်းဆက်က လူယုတ်မာတွေရဲ့ လှည့်စားမှုကို ခံလိုက်ရလို့ မင်းကို မှားယွင်းစွပ်စွဲမိတာပါ... ငါက ဧကရာဇ်ဟောင်းတစ်ပါးအနေနဲ့ တာဝန်မကင်းပါဘူး..."
ပြောရင်းဆိုရင်းဖြင့် သူသည် လက်ကို လှန်လိုက်ပြီး စစ်မင်းဓားကျိုးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဓားသွားအပိုင်းအစတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြီး ပေါင်းစပ်လိုက်လျှင် ပြီးပြည့်စုံသော ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားလေ၏။
"ကလေး... ဒီ စစ်မင်းဓားက ရှေးဟောင်းနတ်ဘုရား စစ်ဘုရင် ချီယို ကိုင်ဆောင်ခဲ့တဲ့ ဓားတွေထဲက တစ်လက်ပဲ... စစ်တပ်တွေကို ဖြိုခွင်းနိုင်ပြီး ရန်သူတွေကို သတ်ဖြတ်နိုင်တယ်..."
"ကံဆိုးစွာနဲ့ပဲ ရှေးဟောင်းခေတ် နတ်ဘုရားကပ်ဘေးမှာ ထိခိုက်ပျက်စီးသွားပြီး နှစ်ပိုင်းကျိုးသွားခဲ့ကာ... ဓားသွားအပိုင်းအစ ပျောက်ဆုံးသွားခဲ့ရတယ်..."
"ဒီဓားသွားအပိုင်းအစကို ငါကိုယ်တိုင် နတ်ဘုရားသတ္တုတွေ အများကြီး သုံးပြီး အစားထိုး ပြန်လုပ်ထားတာ... မူရင်းစစ်မင်းဓားရဲ့စွမ်းအားကို မမီလောက်ပေမယ့် စွမ်းအား အများကြီး တိုးတက်လာမှာတော့ သေချာတယ်..."
"ဒီနေ့ ဒီ စစ်မင်းဓားကို မင်းကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်အဖြစ် ပေးလိုက်မယ်..."
ပြောပြီးသည်နှင့် ဘိုးဘေးဧကရာဇ်သည် စစ်မင်းဓားကို ကျုံးကျဲအား ပေးလိုက်၏။ ကျုံးကျဲတွင် အဓိကလက်နက်အဖြစ် စစ်ဘုရင်လှံရှည် ရှိပြီးသားဖြစ်ပြီး ပေါ့ပါးသော ဓားတစ်လက် လိုအပ်နေသည်ဖြစ်ရာဤစစ်မင်းဓားသည် အချိန်ကိုက်ပင်ဖြစ်သည်။
"ဧကရာဇ်က အရမ်း အားနာစရာ ကောင်းနေပါပြီ... ဒါဆို ကျွန်တော် မငြင်းတော့ပါဘူး..."
ကျုံးကျဲ ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လှမ်းယူကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
'ဘိုးဘေးက တကယ့်ကို ဘိုးဘေးပါပဲ ဘိုးဘေး မျက်နှာပြလိုက်တာနဲ့ အင်မော်တယ်မင်းဆက်ရဲ့ ဧကရာဇ်ဟောင်းကတောင် မျက်နှာသာ ပေးရတယ် ငါ ကျုံးကျဲလို လူငယ်မျိုးဆက်သစ်လေးတစ်ယောက်ကိုတောင် ကိုယ်တိုင် တောင်းပန်ရတဲ့အထိပဲ'
"ကောင်းပြီ....သွားကြစို့ ကလေး... ငါကိုယ်တိုင် မင်းကို ထျန်းမြို့ကို ပို့ပေးမယ်... မင်းမှာ ကြီးမားတဲ့ ကံတရားတွေ ရှိနေတာဆိုတော့ နောင်တစ်ချိန် အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာမှာပါ..."
"လူသားအချင်းချင်းမို့လို့ နန်တျန်အင်မော်တယ်မင်းဆက်အပေါ် အငြိုးအတေး မထားဖို့ တောင်းဆိုပါရစေ..."
"လင်မိသားစုတစ်ခုလုံးကို ဖမ်းဆီးထားလိုက်ပြီ... ဟွမ်ရှားကပ်ဘေး ပြီးသွားတာနဲ့ အကုန်လုံးကို ကွပ်မျက်လိုက်မယ်..."
ကျုံးကျဲ ခေါင်းညိတ်လိုက်သည်။ လင်ချန် လုံးဝ သေဆုံးသွားပြီ ဖြစ်သည်။လင်မိသားစုသည် နန်းတွင်းကို လှည့်စားပြီး အခြားမျိုးနွယ်စုနှင့် ပူးပေါင်းကြံစည်ခဲ့သဖြင့် သူ လက်မပါလျှင်တောင် နန်တျန်အင်မော်တယ်မင်းဆက်က အလွတ်ပေးမည် မဟုတ်ပေ။
"ဒါဆို ဧကရာဇ်ကိုပဲ ဒုက္ခပေးရပါတော့မယ်..."
သူ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ နှစ်ပေါင်းတစ်သောင်းခန့် ရေခဲပြင်ကဲ့သို့ ခဲနေသော ဘိုးဘေးဧကရာဇ်၏ မျက်နှာထားသည် ပြေလျော့သွားပြီး ပြုံးလိုက်သည်။
ထို့နောက် အနောက်ဘက်နယ်စပ်ရှိထျန်းမြို့၏ တည်နေရာကို အာရုံခံလိုက်ကာ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်ပြီး ကျုံးကျဲကို ခေါ်ဆောင်ပြီး ဝင်ရောက်သွားသည်။
--------------
ထျန်းမြို့ အပြင်ဘက်။
ဟွမ်ရှားလူမျိုးစု စစ်သည်များသည် တိုက်ခိုက်မှုအသစ်တစ်လှိုင်း စတင်လိုက်ကြပြီဖြစ်သည်။
ပေတစ်ထောင်ခန့် ရှည်လျားသော ဧရာမ ပုတ်သင်ညိုကြီး နှစ်ကောင်သည် နောက်တန်းမှ ပံ့ပိုးပေးနေကြပြီးပုတ်သင်ညိုကြီးများ၏ ခေါင်းပေါ်တွင် ဟွမ်ရှားလူမျိုးစု ခေါင်းဆောင်နှစ်ဦး ရပ်နေလေသည်။
တစ်ဦးမှာ အရိုးခေါင်းပုံစံစစ်ဦးထုပ် ဆောင်းထားပြီး အရိုးစုချပ်ဝတ်ကို ဝတ်ဆင်ထားကာ လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သံဆူးတုတ်ကြီးနှစ်ချောင်းကို ကိုင်ဆောင်ထား၏။ နောက်တစ်ဦးမှာ မျက်လုံးများ မရှိဘဲ တွင်းနက်ကြီးများ ဖြစ်နေကာ ကြည်လင်တောက်ပ နေသော ရှေးဟောင်းကျောက်စိမ်းတောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားပြီးကျောဘက်တွင်လည်း တစ်မီတာကျော် ရှည်လျားသော ထူးဆန်းသည့် သစ်သားရုပ်တုတစ်ခုကို လွယ်ထားသည်။
သူတို့သည် လက်အောက်ငယ်သားများ ထျန်းမြို့ကို လှိုင်းလုံးများပမာ ဝင်ရောက်တိုက်ခိုက်နေသည်ကို အာရုံစိုက် ကြည့်ရှုနေကြသည်။
"ဒီ အစီအရင်က မရိုးရှင်းဘူး..."
"လူသားနယ်မြေ အလယ်ပိုင်းက မြို့ကြီးတွေကို ကာကွယ်ထားတဲ့ အစီအရင်တွေနဲ့ ယှဉ်လို့ရတယ်..."
အရိုးစုခေါင်းဆောင်သည် လေးနက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။ ဤမြို့သည် အနောက်ဘက်နယ်စပ်တွင် ဖိအားအများဆုံး ပေးနိုင်သော မြို့တစ်မြို့ ဖြစ်သည်။ မြို့ထဲတွင် နိယာမနယ်ပယ် အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဉ်းခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦး ရှိနေရုံသာမက
ကာကွယ်ရေး အစီအရင်သည်လည်း အလွန် အစွမ်းထက်လှပြီး အသက်စွမ်းအင်များ အဆုံးမရှိ လည်ပတ်နေကာဖျက်ဆီး၍ မရ ဖြစ်နေသည်။
"ဒီမြို့က ထျန်းမြို့တဲ့... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေပိုင်တဲ့ နယ်စပ်မြို့ပဲ..."
"ငါ သိသလောက်ဆိုရင် ဒီ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက နန်ယန်စီရင်စုမှာ သိပ်ပြီး ရှေးကျတဲ့ ဂိုဏ်းတစ်ခု မဟုတ်ဘူး..."
"လူပါးဝတယ် ဆိုတာ ဒါမျိုးကို ပြောတာပဲ... ဒီလောက် ခုခံအားကောင်းမယ့် မြို့တစ်မြို့ ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး..."
ဘေးနားရှိ မျက်ကန်းပုရောဟိတ် က အေးစက်စွာ ပြောလိုက်သည်။ ယခုတစ်ကြိမ် တိုက်ခိုက်မှုတွင် ဟွမ်ရှားလူမျိုးစုများသည် လူမျိုးစုပေါင်း ထောင်ချီ အသုံးပြုထားပြီး စစ်သည် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပါဝင်သည်။
စစ်မှန်သော အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်။ သူတို့ရှေ့မှ အစီအရင်သည် မည်မျှပင် ခိုင်ခံ့ပါစေ အချိန်ကြာလာသည်နှင့်အမျှ ကျိုးပျက်သွားမည်သာ ဖြစ်သည်။ဟင်းလင်းပြင်ပျက်သုဉ်းခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးသည်လည်း ကြောက်စရာ မလိုပေ။
ထိုသို့ တွေးလိုက်ပြီးနောက် မျက်ကန်း ပုရောဟိတ်သည် ကျောပေါ်တွင် လွယ်ထားသော သစ်သားရုပ်တုကို ဖြုတ်လိုက်သည်။
ထိုရုပ်တုသည် လက်နှစ်ဖက်ကိုရင်ဘက်ပေါ်တွင် ယှက်ထားသော ဖာရိုဘုရင်ပုံစံ သစ်သားရုပ်တု ဖြစ်သည်။ ဟွမ်ရှားလူမျိုးစုများထဲတွင် နတ်ဘုရားအဆင့်ပုရောဟိတ်များသာလျှင် ဖာရိုဘုရင်ပုံစံ နတ်ဘုရားရုပ်တုများကို အသုံးပြုခွင့် ရှိကြသည်။
မျက်ကန်းပုရောဟိတ်သည် သစ်သားရုပ်တုကို ရှေ့သို့ ဆွဲယူလိုက်ပြီး ကျောက်စိမ်းတောင်ဝှေးကို ဝှေ့ယမ်းကာ ဂါထာမန္တန်များ ရွတ်ဆိုလိုက်၏။
ဟင်းလင်းပြင်ထဲတွင် အနီနက်ရောင်သင်္ကေတများစွာ ပေါ်ထွက်လာပြီး သစ်သားရုပ်တုပေါ်သို့ စုစည်းသွားကြကာ ရုပ်တု၏ မျက်နှာပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက်တွင်သစ်သားရုပ်တုသည် ကောင်းကင်သို့ ပျံတက်သွားပြီး ထျန်းမြို့ဆီသို့ ဦးတည်သွားလေသည်။
ထျန်းမြို့၏ ကောင်းကင်ယံသို့ ရောက်ရှိချိန်တွင် ခန့်ညားထည်ဝါသော ဖာရိုဘုရင်တစ်ပါးအဖြစ် ပြောင်းလဲသွားကာ လက်ထဲတွင် ရွှေရောင်မြွေဟောက် တောင်ဝှေးကို ကိုင်ဆောင်ထားပြီး သူ၏အရှိန်အဝါများ သည်ကောင်းကင်သို့ ထိုးတက်နေ၏။
"ဝုန်း"
အားကောင်းသော အနီရင့်ရောင် စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးကာကွယ်ရေး အစီအရင်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ချန်ယွမ်ရီမု နတ်ဘုရားအသွင်ပြောင်း မဟာအစီအရင် သည် ယိမ်းခါသွားကာ ချက်ချင်းပင် အလင်းရောင် မှေးမှိန်သွားပြီး မြို့တစ်ခုလုံးလည်း တုန်ခါသွားသည်။
ဖာရိုဘုရင်ရုပ်တုသည် ရွှေမြွေဟောက် တောင်ဝှေးကို မြှောက်လိုက်ပြီး သောင်းနှင့်ချီသော အနီရင့်ရောင် မြွေဟောက်ပုံရိပ်ယောင်များကို ဆင့်ခေါ်လိုက်သည်။ မြွေဟောက်များသည် အစီအရင်ကို ကိုက်ခဲလိုက်ကာ အဆိပ်ရည်များ ထည့်သွင်းကြသည်။ ထို့အပြင် မြေပြင်မှဟွမ်ရှားစစ်သည်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုနှင့် ပေါင်းစပ်လိုက်ရာ အစီအရင်သည် လင်းလိုက်မှိန်လိုက် ဖြစ်လာတော့သည်။
ထျန်းမြို့ကို ဗဟိုပြု၍ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ အသက်စွမ်းအင်များ အားလုံး စုပ်ယူခံလိုက်ရကာ အရာအားလုံး မွဲခြောက်သွား၏။ အစီအရင်ကို ခိုင်ခံ့စေရန်အတွက် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှယူ၍ စိုက်ပျိုးထားသော ဝိညာဉ်သစ်ပင်များအားလုံးပင် ညှိုးနွမ်းခြောက်သွေ့ကုန်ကြသည်။
အစီအရင်ပြားကို ထိန်းချုပ်ထားသော ကျုံးချီမင်၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေကာ သူ့လက်ထဲရှိအစီအရင်ပြားသည် ဝိညာဉ်စွမ်းအင်အမြောက်အမြားကို ရူးသွပ်စွာ စုပ်ယူနေသည်။
"အစ်ကိုကြီး... အစီအရင်က မခံနိုင်တော့ဘူး..."
သူ အံကြိတ်ပြီး အဝေးမှ မြို့ရိုးပေါ်တွင် လက်ခြောက်ဖက် မာရ်နတ်ခန္ဓာကို အသုံးပြုကာ ဟွမ်ရှားများကို ခုခံတိုက်ခိုက်နေသော ကျုံးချီထျန်းကို အော်ပြောလိုက်သည်။
"တောင့်ထားစမ်း..."
"အစီအရင်ပျက်စီးသွားလို့ မဖြစ်ဘူး..."
"မဟုတ်ရင် ငါတို့အားလုံး ဟွမ်ရှားစစ်တပ်ရဲ့ချေမှုန်းခြင်း ခံရလိမ့်မယ်..."
ကျုံးချီမင်သည် အံကိုတင်းတင်းကြိတ်လိုက်ကာ ဘိုးဘေးပေးသနားထားသော ရွှမ်ဟွမ်ကြက်သား ကို ထုတ်ယူပြီး စားလိုက်ပြန်သည်။
'၃ တုံးပဲ ကျန်တော့တယ် ခဏလောက်တော့ ဆက်ပြီး တောင့်ထားနိုင်လောက်ပါသေးတယ်'