အခန်း (၈၅)
Vol. 9 Ch. 85
အပိုင်း (၈၅)
မြို့ပြင်တွင် ဟွမ်ရှားလူမျိုးစုများ၏ အလောင်းများသည် တောင်လို ပုံနေသည်။ သို့သော်လည်း သူတို့သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ပို၍ပင် အရူးအမူး တိုက်ခိုက်လာကြ၏။ စက္ကန့်တိုင်းတွင် အစီအရင်သည် မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ခံနေရကာ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များနှင့် သက်ရှိစွမ်းအင်များကို စုပ်ယူသုံးစွဲနေရသည်။
ကျုံးချီထျန်း ဦးဆောင်ပြီး အရူးအမူး တိုက်ခိုက်နေသော်လည်း ယခုအချိန်တွင် အားလုံးသည် အားကုန်ခမ်းလုနီးပါး ဖြစ်နေကြပြီဖြစ်သည်။ ကျုံးချီထျန်း၏ လက်ခြောက်ဖက် မာရ်နတ်ပုံရိပ် သည်လည်း မှေးမှိန်လာပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်မည့် အနေအထား ဖြစ်နေသည်။ ဤအတိုင်း ဆက်သွားလျှင် အားလုံး ဒုက္ခရောက်ကြရတော့မည်။
"ဒီ သောက်ကျိုးနည်း ဟွမ်ရှားတွေက သတ်လို့မကုန်နိုင်အောင်ပါ့လား..."
ကျုံးချီထျန်းသည် အသက်ကို ပြင်းပြင်းရှူရင်း နတ်ဘုရားဆေးပင်တစ်မျိုးကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ထိုအချိန်အတွင်းမှာပင် သူ့လက်ချက်ဖြင့် သေဆုံးသွားသော ဟွမ်ရှားလူမျိုးစုအရေအတွက်သည် သောင်းဂဏန်းအထိ ရှိနေပြီဖြစ်သည်။ သို့သော်လည်း စစ်ပွဲအခြေအနေတစ်ခုလုံးအတွက် သိပ်ပြီး အထောက်အကူ မဖြစ်လှပေ။ ယခုတစ်ခါ ဝင်ရောက်လာသော အရေအတွက်သည် များပြားလွန်းလှသည်။
ထျန်းမြို့တစ်မြို့တည်းကို ဝိုင်းရံထားသော ဟွမ်ရှားစစ်သည် အရေအတွက်သည် သန်းချီပြီးတော့ ရှိနေရာ အနောက်ဘက်နယ်စပ်မျဉ်းတစ်လျှောက်လုံးတွင် ဟွမ်ရှားလူမျိုးစု မည်မျှခန့် တိုက်ခိုက်နေမည်ကို ခန့်မှန်း၍ မရနိုင်ပေ။
စဉ်းစားကြည့်ရုံဖြင့်ပင် ကြောက်လန့်ဖွယ် ကောင်းလွန်းလှသည်။ မတော်တဆမှု မရှိပါက နောက်ထပ် ၁၅ မိနစ် အတွင်း အစီအရင်သည် လုံးဝ ကျိုးပျက်သွားတော့မည်ဖြစ်ရာ ဤကဲ့သို့သော အခြေအနေသည် အစီအရင် ထိန်းချုပ်သူအတွက် ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ် နေတော့သည်။
မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောသော ဝိညာဉ်စွမ်းအင်များ ရှိနေလျှင်တောင်မှ ခဏလေးအတွင်း အကုန် စုပ်ယူခံရပေလိမ့်မည်။
ကျုံးချီမင်၏ ရှေ့တွင် ပုလင်းခွံ ၃ လုံး ရှိနေသည်။ အထဲရှိ နှစ်တစ်သောင်း ရွှမ်ဟွမ်ကြက်သားများသည် ကုန်စင်သွားပြီဖြစ်သည်။ သူ အံကိုတင်းတင်းကြိတ်ထားလိုက်ပြီး သူ၏ တာအိုရွှေအမြုတေ ကိုပင် စတင် ညှစ်ထုတ် ၍သုံးစွဲနေရပြီဖြစ်သည်။
ပုတ်သင်ညိုကြီးပေါ်တွင် ရပ်နေသော မျက်ကန်းပုရောဟိတ်သည် အရိုးဖြူတောင်ဝှေးကို ဝှေ့ယမ်းလိုက်သည်။
"မြို့ကို ဖျက်ဆီးလိုက်..."
ညွှန်ကြားချက်ကို ရရှိလိုက်သည့် ဖာရိုဘုရင် သစ်သားရုပ်တုသည် ကောင်းကင်ကို တုန်လှုပ်စေသော အော်ဟစ်သံကြီး ပြုလုပ်လိုက်ကာ ရွှေရောင်မြွေဟောက် တောင်ဝှေးကို မြှောက်လိုက်၏။
ကောင်းကင်ယံတွင် ပေတစ်ထောင်ခန့် ကြီးမားသော မြွေဟောက်ပုံရိပ်ယောင်ကြီး ပေါ်လာပြီး အစီအရင်ကို ရက်စက်စွာ ပေါက်ချလိုက်သည်။
"ဖူး..."
မြို့စောင့်အစီအရင် ချက်ချင်း ကွဲအက်သွားကာ ထျန်းမြို့နှင့် ဟွမ်ရှားလူမျိုးစုကြားရှိ နောက်ဆုံး အတားအဆီး လုံးဝ ပျောက်ကွယ်သွားလေပြီ။
"သတ်..."
"လူသားမှန်သမျှ အကုန်သတ်..."
"တစ်ယောက်မှ မချန်နဲ့..."
ဟွမ်ရှားစစ်သည်များသည် ချက်ချင်းပင် ရူးသွပ်သွားကြ၏။ မျက်လုံးများ နီရဲနေလျက် ပင်လယ် ဒီရေလှိုင်းလုံးကြီးများကဲ့သို့ မြို့ထဲသို့ ဝင်ရောက်လာကြသည်။ မြို့အတွင်းနေရာအနှံ့မှ သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ကျုံးချီမင်သည် အစီအရင်ပြားကို သိမ်းလိုက်ပြီး ကျန်ရှိနေသေးသော ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ညှစ်ထုတ်ကာ ကိုးသွယ်ယန် ကောင်းကင်မီးတောက်ကို ထုတ်ဖော်လိုက်ပြီး တိုးဝင်လာသော ဟွမ်ရှားစစ်သည်များဆီသို့ ပစ်ပေါက်လိုက်သည်။
တစ်ဖက်စစ်မြေပြင်ရှိ ကျုံးချီထျန်း၏ လက်ခြောက်ဖက် မာရ်နတ်ပုံရိပ်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် လက်ထဲမှ ဓားကြီးကို ဝှေ့ယမ်းပြီး ရူးသွပ်စွာ ခုတ်ပိုင်းသတ်ဖြတ်နေသည်။
ကျန်ရှိနေသော ထျန်းဂိုဏ်းသားများသည် မြို့လယ်ခေါင်သို့ တဖြည်းဖြည်း ဆုတ်ခွာလာပြီး နောက်ဆုံး ခံတပ်အဖြစ် ခုခံနေကြသည်။
ထိုကဲ့သို့အရေးကြီးသော အချိန်တွင် ကောင်းကင်ယံ၌ အရိပ်မည်းကြီးတစ်ခု တဖြည်းဖြည်း နီးကပ်လာသည်။
"ဝုန်း..."
"ဝုန်း... ဝုန်း..."
ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲမှုနှစ်ခုသည် ဟွမ်ရှားလူအုပ်ကြားတွင် ဆက်တိုက်ဖြစ်ပေါ်လာသည်။
"ယင်ထျန်းလှေ... ဒါ..မြင့်မြတ်နယ်မြေရဲ့ ယင်ထျန်းလှေပေါ်က အနီရောင် ဝိညာဉ်စွမ်းအင် အမြောက်တွေပဲ..."
လူတိုင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ယင်ထျန်းလှေ ရောက်ရှိလာခြင်းသည် အမှောင်ထဲမှ အလင်းရောင်တစ်ခုကဲ့သို့ပင်ဖြစ်ပြီး မြင့်မြတ်နယ်မြေမှ စစ်ကူရောက်လာပြီ ဆိုသည့် အဓိပ္ပာယ်လည်း သက်ရောက်သည်။
ယင်ထျန်းလှေသည် ကာကွယ်ရေးဒိုင်းများ ဖွင့်ထားပြီး အပေါ်ရှိ အနီရောင်အမြောက်များဖြင့်မီးကုန်ယမ်းကုန် ပစ်ခတ်လာသည်။
နိယာမနယ်ပယ် အဆင့် ၁၈ အောက် ဟွမ်ရှားလူမျိုးစုများသည် ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။
ကြီးမားသော ယင်ထျန်းလှေကြီးသည် လူအုပ်ကြီး၏ ခေါင်းပေါ်တွင် ပျံဝဲနေရာမှမြို့လယ်ခေါင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
အဖြူရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လှေပေါ်မှဆင်းသက်လာသည်။ သူသည် ဆံပင်ရော မုတ်ဆိတ်မွေးပါ ဖြူဖွေးနေပြီး လက်ထဲတွင် မိုးကြိုးသင်္ကေတ ၅ ခုပါသော ကောင်းကင်မိုးကြိုးဓား ကို ကိုင်ဆောင်ထားသည်။
"အကြီးအကဲဆွန်... အကြီးအကဲဆွန် ရောက်လာပြီ..."
ကျုံးချီမင်နှင့် ကျုံးချီထျန်း နှစ်ယောက်လုံး၏မျက်လုံးများ အရောင်တောက်သွားသည်။ အကြီးအကဲဆွန်သည် မိုးကြိုးဓားကို မြှောက်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်အကြားရှိ မိုးကြိုးတိမ်တိုက်များကို ဆွဲဆောင်လိုက်လျှင်မိုင်ပေါင်းသောင်းချီ ရှည်လျားသော တိမ်မည်းကြီးများ စုဝေးလာကြသည်။ သူ့တစ်ကိုယ်လုံးတွင် လျှပ်စီးများ လက်နေပြီး မိုးကြိုးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ အရှိန်အဝါမျိုးဖြင့် အလွန်ခမ်းနားထည်ဝါလှသည်။
"မိုးကြိုးပင်လယ်... လျှပ်စီးအိုင်..."
"ကြီးမြတ်သော ကောင်းကင်အာဏာစက်... မိစ္ဆာမှန်သမျှ ဆုတ်ခွာစေ..."
ကောင်းကင်မိုးကြိုးဓားပေါ်ရှိ မိုးကြိုးသင်္ကေတ ၅ ခုသည် မိုးကြိုးသားရဲကြီး ၅ ကောင်အဖြစ် ပြောင်းလဲသွားပြီး တိမ်မည်းထဲသို့ ပျံတက်သွားကာ မိုးကြိုးပင်လယ်ကြီးကိုဆင့်ခေါ်လိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆက်သွယ်အသုံးပြုလိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့သော ဧရိယာကျယ်တိုက်ပွဲမျိုးတွင် အကြီးအကဲဆွန်၏ မိုးကြိုးပညာရပ်သည် အသင့်တော်ဆုံးပင် ဖြစ်သည်။
"ဂျိန်း..."
"ဂျိန်း... ဂျိန်း..."
ကောင်းကင်ယံတွင် မိုးကြိုးသံများ ဆူညံသွားသည်။ ကောင်းကင်မိုးကြိုးဓားကို ရရှိထားသော အကြီးအကဲဆွန်၏ စွမ်းအားသည် ယခင်ထက် ၁၀ ဆမက တိုးတက်လာကာ အကြီးအကဲဆွန်သည် နိယာမနယ်ပယ် အဆင့် ၂၅ အတိတ်ကို ပြန်လည်ကြည့်ရှုခြင်းအဆင့် တွင်ရှိနေသော်လည်း နိယာမနယ်ပယ် အဆင့် ၂၆ အနာဂတ်ကို တွက်ချက်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
မရေမတွက်နိုင်သော မိုးကြိုးများသည် ကောင်းကင်ယံမှ ပစ်ချလိုက်လျှင် မိုးကြိုးမိုးသီးများ ရွာချသကဲ့သို့ ဟွမ်ရှားလူမျိုးစုများကြားတွင် ပြည့်နှက်သွားသည်။ မိုးကြိုးတစ်ချက် ပစ်လိုက်တိုင်းတွင် ပေ ၃၀ ပတ်လည်အတွင်းရှိ ဟွမ်ရှားစစ်သည်မှန်သမျှ ရှင်းလင်းခံရလေသည်။
ထို့အပြင်အနီရောင် ဝိညာဉ်စွမ်းအင် အမြောက်များ၏ ပစ်ကူနှင့် ပေါင်းစပ်လိုက်သောအခါ ပေတစ်ထောင်ခန့် ကျယ်ဝန်းသော နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသည်ကို အခွင့်ကောင်းယူပြီး အကြီးအကဲဆွန် အောက်သို့ ဆင်းသက်လိုက်သည်။
"ဂိုဏ်းချုပ်... အကြီးအကဲချီမင်..."
"ကျုပ် လာတာ နောက်ကျသွားတယ်..."
ကျုံးချီထျန်း သက်ပြင်းချလိုက်သည်။
"အကြီးအကဲဆွန်... ဘယ်လိုဖြစ်လို့ ခင်ဗျားတစ်ယောက်တည်း ဖြစ်နေတာလဲ... အာကျဲ ရော..."
"ကျုံးကျဲလေးက ကံကောင်းလွန်းပါတယ်... ဘိုးဘေးရဲ့ စောင့်ရှောက်မှုကို ခံရပြီး... အခုလောလောဆယ် နန်တျန်အင်မော်တယ်မင်းဆက်မှာ ရှိနေလောက်တယ်..."
"ကျုပ်ရဲ့ ဒီကောင်းကင်မိုးကြိုးဓား ကလည်း ဘိုးဘေး ပေးသနားလိုက်တာပဲ..."
အကြီးအကဲဆွန်သည် လက်ထဲမှ ကောင်းကင်မိုးကြိုးဓားကို ဝှေ့ယမ်းပြပြီးကြည်ညိုလေးစားသော လေသံဖြင့် ပြောလိုက်သည်။ ကျုံးချီထျန်းနှင့် ကျုံးချီမင် ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ဆိုလိုရင်းကိုသဘောပေါက်သွားကြသည်။ ထိုအချိန်တွင် ယင်ထျန်းလှေကြီးသည် ကွင်းပြင်အတွင်းသို့ ဆင်းသက်လာပြီဖြစ်သည်။
"ဂိုဏ်းချုပ်..အကြီးအကဲချီမင်... ခင်ဗျားတို့နှစ်ယောက် လှေပေါ် အရင်တက်လိုက်ပါ..."
ယင်ထျန်းလှေသည် စစ်ဘက်သုံးယာဉ်ပျံ ဖြစ်ပြီး လူပေါင်းသောင်းချီ တစ်ပြိုင်နက် တင်ဆောင်နိုင်သည်။
သို့သော်ထိုလှေတစ်စင်းတည်းဖြင့် လူအားလုံးကိုတင်ဆောင်ရန် မလုံလောက်ပေ။ ထျန်းမြို့အတွင်း၌ မြင့်မြတ်နယ်မြေမှ လူတစ်သိန်းကျော် ကျန်ရစ်နေသေးပြီး အုပ်စုဖွဲ့ ခုခံနေကြသည်။ ကျုံးချီထျန်းသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပြီးစဉ်းစားမနေဘဲ ချက်ချင်း ငြင်းပယ်လိုက်သည်။
"မဖြစ်ဘူး... ငါနဲ့ ချီမင်နှစ် ယောက်ထွက်သွားရင် ကျန်တဲ့ ဂိုဏ်းသားတွေ တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်တော့ဘူး..."
" ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ နောက်မျိုးဆက်တွေကို ကာကွယ်ရမှာ ငါ့တာဝန်ပဲ... ဒီနေ့ သေသည်အထိ တိုက်မယ်... နောက်မဆုတ်ဘူး..."
"ငါ ကျဆုံးသွားရင် ငါ့သား ကျုံးရှို့ ကို ဂိုဏ်းချုပ်ရာထူး ဆက်ခံခိုင်းပါ...အကြီးအကဲဆွန်... သူက မိစ္ဆာဂိုဏ်းတွေကို နှစ်ပေါင်းများစွာ နှိမ်နင်းလာတာ... ကျင့်ကြံခြင်းအဆင့်ကလည်း နိယာမနယ်ပယ် အဆင့် ၂၀ ရောက်နေပြီဆိုတော့ ဆက်ခံဖို့ လုံလောက်ပါတယ်..."
"သတ်ကြ..."
ပြောပြီးသည်နှင့် ကျုံးချီထျန်း တစ်ကိုယ်လုံး မာရ်နတ်မီးတောက်များ ဟုန်းဟုန်းတောက်လောင်လာသည်။ကြီးမားသော ပေးဆပ်မှု ရှိသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်ပုံရသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် သရဲတစ္ဆေ အော်ဟစ်သံများ ဆူညံသွားပြီး ငရဲကြီးခြောက်ထပ်၏ ပုံရိပ်ယောင် များ ပေါ်ထွက်လာသည်။ ငရဲကြီးတစ်ထပ်စီ၏ပုံရိပ်ယောင်တိုင်းတွင် မရေမတွက်နိုင်သော မာရ်နတ်စစ်သည်များနှင့် သရဲတစ္ဆေများ ရှိနေကာလက်သည်းများကို ဆန့်ထုတ်ပြီး ဟွမ်ရှားလူမျိုးစုများကို ငရဲကြီးခြောက်ထပ်ထဲသို့ ဆွဲသွင်းကာ ကိုက်ခဲစားသောက်ပစ်ကြသည်။
အပြစ်ကြွေးငရဲကြီးခြောက်ထပ် နည်းစနစ်။
အကြီးအကဲဆွန်သည်လည်း စိတ်မြန်လက်မြန် ရှိသူပင်ဖြစ်သည်။ ကျုံးချီထျန်း၏ စိတ်ဓာတ်ကြောင့် သူ့ရင်ထဲတွင် သွေးများ ဆူပွက်လာကာ ခရမ်းရောင် မိုးကြိုးတစ်ချက်သည် ကောင်းကင်မှ တည့်တည့် ပစ်ချလိုက်ရာ လျှပ်စီးများလတ်နေသောခန္ဓာကိုယ်ဖြင့် ဟွမ်ရှားလူအုပ်ကြားသို့ ဝင်ရောက်သွားသည်။ အကြီးအကဲဆွန်သည် အရပ်လေးမျက်နှာကို ဝင်တိုက်ခိုက်လိုက်ရာ မည်သူမျှ မတားဆီးနိုင်ပေ။
မိုးကြိုးတန်းများသည် မိုးကြိုးမြွေငယ်များကဲ့သို့ ဟွမ်ရှားလူမျိုးများကြားတွင် ကူးလူးသွားလာနေကာ သူတို့ဖြတ်သန်းသွားရာတစ်လျှောက်တွင် ပြာပုံများ ဖြစ်ကျန်ရစ်ခဲ့သည်။ ကျန်ရှိနေသော လူများသည် ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့၏ ဦးဆောင်မှုအောက်တွင် ဇွဲနပဲကြီးစွာဖြင့် ခုခံတိုက်ခိုက်ကြတော့သည်။
--------------
ထိုအချိန်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည်လည်း အနောက်ဘက်နယ်စပ်မှ သတင်းများကို ရရှိထားပြီးဖြစ်ရာခန်းမဆောင်ထဲတွင် အကြီးအကဲများအားလုံး စုဝေးနေကြသည်။
ဂိုဏ်းချူပ်ကိုယ်တိုင် တိုက်ပွဲဝင်နေသဖြင့် လက်ဝဲဘက် နှင့် လက်ယာဘက် အကြီးအကဲနှစ်ဦးသည် ဂိုဏ်းကိစ္စများကို ယာယီ တာဝန်ယူထားကြ၏။
"အနောက်ဘက်နယ်စပ် တစ်လျှောက်လုံး တိုက်ခိုက်ခံနေရပြီး...အခု ဂိုဏ်းချုပ်နဲ့ အကြီးအကဲချီမင်တို့က ထျန်းမြို့မှာ ရှိနေတယ်....ဒါပေမဲ့အခြေအနေတွေကမကောင်းလာသေးဘူး..."
"ငါတို့ ချက်ချင်း စစ်ကူလွှတ်မှ ဖြစ်မယ်..."
"ဂိုဏ်းချုပ်သာ တခြားမျိုးနွယ်စု လက်ချက်နဲ့ ကျဆုံးသွားရင်... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ မျက်နှာ ဘယ်သွားထားရမလဲ..."
လက်ဝဲဘက်အကြီးအကဲက လက်မောင်းမြှောက်ပြီး အော်ဟစ်လိုက်ရာ ခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ရှိသမျှ အကြီးအကဲအားလုံးစိတ်ဓာတ်များ တက်ကြွလာကြသည်။
"သတ်..."
"အနောက်ဘက်နယ်စပ်ကို သွားတိုက်မယ်... ဂိုဏ်းချုပ်ကို ကယ်ထုတ်ရမယ်..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက တခြားမျိုးနွယ်စုရဲ့ စော်ကားမှုကို လုံးဝ ခံမှာ မဟုတ်ဘူး..."