အခန်း (၈၆)
Vol. 9 Ch. 86
အပိုင်း (၈၆)
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ။
မိုးထိအောင် မြင့်တက်လာသော စစ်တိုက်လိုစိတ်များကြောင့် မရေမတွက်နိုင်သော မျိုးဆက်သစ် ဂိုဏ်းသားများနှင့် အကြီးအကဲများအားလုံး စတင်လှုပ်ရှားလာကြသည်။
ထျန်းမြင့်မြတ်နယ်မြေ၏ ကောင်းကင်ယံတွင် ယင်ထျန်းလှေများ တစ်စင်းပြီးတစ်စင်းပျံတက်လာရာကောင်းကင်တစ်ခုလုံး မည်းမှောင်သွားသည့်အထိ ပြည့်နှက်သွားလေသည်။ မြင့်မြတ်နယ်မြေတစ်ခုလုံးတွင် ကျုံးကလန်မှ ဂိုဏ်းသားများအပြင် အခြားကလန်မှ ဂိုဏ်းသားများစွာလည်း ရှိသည်။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ထူးခြားချက်မှာ သည်းခံခွင့်လွှတ်ခြင်းနှင့် သဘောထားကြီးခြင်းပင်။ ကျုံးကလန်မှဖြစ်စေ၊ အခြားကလန်များရှိလူများဖြစ်စေ တန်းတူမျှတူ ဆက်ဆံကာ ကလန်မတူခြင်းကြောင့် ခွဲခြားစွာဆက်ဆံမှုမရှိပေ။
တစ်ခါက ဂိုဏ်းချုပ်တစ်ဦးသည် အပျော်အပါးမက်ကာ ဂိုဏ်းသားများကို အနိုင်ကျင့်ပြီး ပြစ်မှုများ ကျူးလွန်ခဲ့ဖူးသည်။ ထိုသူကို အထွတ်အထိပ်အကြီးအကဲများနှင့် တံခါးပိတ်ကျင့်ကြံနေသော ဂိုဏ်းချုပ်ဟောင်းအချို့က လူသိရှင်ကြား စစ်ဆေးမေးမြန်းပြီးနောက် ချက်ချင်းပင် ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးကာ အပြစ်ပေးခဲ့ကြသည်။ထိုအဖြစ်အပျက်ကြောင့် မြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အခြားကလန်များမှ အကြီးအကဲများ ဝင်ရောက်လာခြင်းဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်ရာထူးကိုမူ အမွေဆက်ခံခြင်း သင်္ကေတအဖြစ် ကျုံးမျိုးနွယ်များကသာ တာဝန်ယူရသည့် ထုံးတမ်းစဉ်လာရှိသည်။
ဂိုဏ်းသားအားလုံးသည် မတူညီသော အဆင့်တွင် မတူညီသော ရွေးချယ်ခွင့်များ ရကြကာ ကျင့်စဉ်များကိုလည်း ကိုယ်တိုင်ရွေးချယ်လေ့ကျင့်ခွင့်ရကြသည်။ အကြီးအကဲများက အကြံဉာဏ်အချို့သာ ပေးမည်ဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်မှာ လူငယ်များ၏ လက်ထဲတွင်သာ ရှိသည်။
ဤအရာများသည် ကျုံးရှန် အနားမယူမီ ချမှတ်ခဲ့သော စည်းမျဉ်းများဖြစ်ပြီး ထိုကဲ့သို့ စိတ်လက်ပေါ့ပါးသော အခြေအနေမျိုးက လူတိုင်း၏ ဂိုဏ်းအပေါ် သံယောဇဉ်ကို ပို၍တိုးလာစေကာ နှစ်ပေါင်းတစ်သိန်းကျော် ကြာပြီးနောက်တွင်မူ ဂိုဏ်းသား သန်းချီရှိနေပြီဖြစ်သည်။
ယခုအချိန်တွင် လူမျိုးခြားများ ကျူးကျော်လာပြီး နယ်စပ်မြို့ဖြစ်သည့် ထျန်းမြို့ ဝိုင်းရံခံနေရကြောင်းကြားရသောအခါနှင့်ဂိုဏ်းသားများနှင့် အကြီးအကဲများအားလုံး လက်မောင်းတန်းကာ တိုက်ပွဲဝင်ရန်တက်ကြွနေကြလေသည်။
ယင်ထျန်းလှေ ရာချီသည် ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်သော ပျံသန်းရေးမှော်ရတနာများနှင့် စစ်လက်နက်များလည်း နေရာအနှံ့မှ ရောက်ရှိလာကြသည်။ အချိန်တိုအတွင်းမှာပင် မြင့်မြတ်နယ်မြေတစ်ခုလုံးစုစည်းမှု ပြီးစီးသွားခဲ့သည်။
ထိုအချိန်တွင် မြင့်မြတ်နယ်မြေနှင့် မိုင်တစ်ရာခန့် ဝေးသော နေရာ၌ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အစီအရင် အပြင်ဘက်တွင် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
နဂါးစိမ်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော ဘိုးဘေးဧကရာဇ်သည် ကျုံးကျဲကို ခေါ်ဆောင်လျက် ထွက်ပေါ်လာ၏။
သူတို့နှစ်ဦး ထွက်လာသည်နှင့် စုစည်းနေသော စစ်လှေ ရာပေါင်းများစွာကို မြင်လိုက်ရကာအရပ်မျက်နှာအသီးသီးမှ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် တင်းမာသော လေထုက မျက်နှာကိုရိုက်ခတ်သွားသည်။
"သွားတော့ ကလေး... အနောက်ဘက်နယ်စပ်က စစ်ပွဲအခြေအနေက တကယ်ကို စိုးရိမ်ရပုံပဲ... ငါကိုယ်တိုင်လည်း နန်းတွင်းကိစ္စတွေကို ရှင်းလင်းပြီးတာနဲ့ အနောက်ဘက်နယ်စပ်ကို လာခဲ့မယ်..."
ဘိုးဘေးဧကရာဇ်က ပြောလိုက်ကာ ကောင်းကင်သို့ မော့ကြည့်ရင်းမျက်လုံးထဲတွင် လွမ်းဆွတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ တစ်စုံတစ်ခုသော တုန်လှုပ်ဖွယ်ရာ အတိတ်ဟောင်းကို သတိရသွားပုံရသည်။
"ဟိုတုန်းက... ဟူး... ထားလိုက်ပါတော့... အတိတ်ကို ပြန်ပြောမနေတော့ပါဘူး... ငါ အင်မော်တယ်မင်းဆက်ကို အရင်ပြန်လိုက်ဦးမယ်....."
ပြောပြီးသည်နှင့် ဘိုးဘေးဧကရာဇ်သည် ဟင်းလင်းပြင်ကို ထပ်မံ ဆွဲဖြဲလိုက်ပြီး တွေဝေခြင်းမရှိဘဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ကျုံးကျဲသည် လက်ထဲတွင် စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်ထားပြီး ခါးတွင် စစ်မင်းဓားကို ချိတ်ဆွဲထားကာ ပိရှီးနတ်ဘုရားသံချပ်ကာကို ဝတ်ဆင်ထားသည်။
ထို့နောက်သူသည် ကောင်းကင်သို့ ပျံတက်သွားကာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွင်းသို့ဝင်ရောက်သွားလေသည်။ မြင့်မြတ်နယ်မြေအတွင်း၌ အခြေအနေမှာတင်းမာနေ၏။ အကြီးအကဲဆွန်အပြင် မြင့်မြတ်နယ်မြေကိုစောင့်ကြပ်နေသော အထွတ်အထိပ်အကြီးအကဲ ၁၈ ဦးစလုံး လည်းတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြပြီဖြစ်သည်။
အပြင်ဘက်တွင် တံခါးပိတ်ကျင့်ကြံနေသူများ သို့မဟုတ် ဂိုဏ်းခွဲထောင်ထားသော အထွတ်အထိပ်အကြီးအကဲများသည်လည်း သတင်းရရှိသွားကြပြီး ဂိုဏ်းသားများကို ဦးဆောင်လျက် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသို့လာနေကြသည်။ ဤကဲ့သို့ ထျန်းမြင့်မြတ်နယ်မြေ၏ဂိုဏ်းခွဲများအားလုံး စုစည်းမှု မရှိသည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
စစ်လှေများသည် မြင့်မြတ်နယ်မြေထဲသို့ တစ်စင်းပြီးတစ်စင်း ဆင်းသက်လာကြသည်။ စစ်လှေတစ်စင်းစီတွင် နိယာမနယ်ပယ် အဆင့် ၁၄ အပြင်အကြီးအကဲ ၁၀ ဦး၊နိယာမနယ်ပယ် အဆင့် ၁၈ အတွင်းအကြီးအကဲ ၃ ဦး၊ နိယာမနယ်ပယ် အဆင့် ၂၀ အကြီးအကဲ ၁ ဦး၊ သေမျိုးခန္ဓာစွန့်လွှတ်ပြီး နိယာမနယ်ပယ်သို့ ဝင်ရောက်ထားသော ဂိုဏ်းသား ၉၉၈၆ ဦး ပါဝင်သည်။ ဤကဲ့သို့ လူအပြည့်ဖြည့်ထားသော စစ်လှေအစင်းပေါင်း တစ်ရာကျော် ရှိရာ စုစုပေါင်း နိယာမနယ်ပယ်အဆင့် ဂိုဏ်းသား တစ်သန်းကျော် ရောက်ရှိလာလေသည်။
အခြားအင်အားစု အများစုအနေဖြင့် ဤမျှများပြားသော နိယာမနယ်ပယ် ဂိုဏ်းသားများကို ပိုင်ဆိုင်ရန် အလွန်ခက်ခဲလှသည်။
ဂိုဏ်းသားအများစုသည် ပါရမီကန့်သတ်ချက်ကြောင့် သိုင်းဆရာသခင်အဆင့်တွင်သာ ရပ်တန့်သွားကြပြီး အတွင်းအားကိုသာဆက်လက် ကျင့်ကြံနိုင်ကြကာ ဝိညာဉ်စွမ်းအင်ကိုမကျင့်ကြံနိုင်ကြချေ။ သေမျိုးများကြားတွင် သိုင်းဆရာသခင်အဆင့်သည် သိုင်းပညာရှင်အဖြစ် သတ်မှတ်နိုင်သော်လည်း နိယာမနယ်ပယ်နှင့် ရင်ဆိုင်ရလျှင် သိုင်းဆရာသခင်သည် တစ်ကွက်ပင် ခံနိုင်မည်မဟုတ်ပေ။
နိယာမနယ်ပယ်နှင့် သေမျိုးနယ်ပယ်သည် စာတစ်လုံးသာ ကွာခြားသော်လည်းမိုးနှင့်မြေလို ကွာခြားကြောင်း သိထားရမည်ဖြစ်သည်။ နိယာမနယ်ပယ် ရောက်ပြီးလျှင် သေမျိုးခန္ဓာကို စွန့်လွှတ်ရသည်။ ဆိုလိုသည်မှာ ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်ကို အာရုံခံပြီး ခန္ဓာကိုယ်ထဲသို့ စုပ်ယူလည်ပတ်ခြင်း ဖြစ်သည်။
ဝိညာဉ်စွမ်းအင်သည် ကမ္ဘာလောက၏ အဆန်းကြယ်ဆုံး စွမ်းအင်ဖြစ်ပြီး အခြေခံအကျဆုံး စွမ်းအင်လည်း ဖြစ်သည်။ နိယာမနယ်ပယ်သို့ ဝင်ရောက်ပြီးသည်နှင့် စိတ်နှင့် ခန္ဓာသည် သေမျိုးမဟုတ်တော့ဘဲ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါသည်လည်း သေမျိုးများနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။ ထိုသည်ကို သေမျိုးခန္ဓာစွန့်လွှတ်ပြီး နိယာမနယ်ပယ်သို့ ဝင်ရောက်ခြင်းဟု ခေါ်သည်။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ဤမျှများပြားသော နိယာမနယ်ပယ် ဂိုဏ်းသားများကို ပိုင်ဆိုင်နိုင်ခြင်းမှာ အခြေခံကျင့်စဉ်တစ်ခုကြောင့်ဖြစ်သည်။ ဤကျင့်စဉ်ကို ကျုံးရှန် ကိုယ်တိုင် ပြုပြင်မွမ်းမံခဲ့ပြီး ကျုံးထျန်း နှလုံးသားကျင့်စဉ် ဟု အမည်ပေးထားသည်။ ကျင့်စဉ်၏ အထူးခြားဆုံးအချက်မှာပါရမီမရှိလျှင်လည်း ကျင့်ကြံ၍ ရခြင်းပင်ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ဖြင့် ကြီးမားသော အောင်မြင်မှုများ ရရှိမည်မဟုတ်သော်လည်း သာမန်ပါရမီသာရှိသော ဂိုဏ်းသားများအတွက် နိယာမနယ်ပယ်သို့ ချောမွေ့စွာ ဝင်ရောက်စေနိုင်သည်ပင်။
ထိုအချိန်တွင် ကျုံးကျဲသည် မြင့်မြတ်နယ်မြေအတွင်းသို့ စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်လျက် ဝင်ရောက်လာ၏။ မြင့်မြတ်နယ်မြေ၏အစီအရင်သည် သူ့ကို လုံးဝ တားဆီးခြင်း မရှိပေ။ မကြာမီတွင် ဂိုဏ်းအတွင်းမှ အကြီးအကဲများ သူ့ကိုမြင်သွားကြသည်။
"အာကျဲ... အာကျဲ ရောက်လာပြီလား..."
"နှစ်နှစ်လောက် မတွေ့ရတာ... အာကျဲက နိယာမနယ်ပယ် အဆင့် ၇ တောင် ရောက်နေပါလား..."
"ဒီလို ကျင့်ကြံခြင်း အမြန်နှုန်းက ဂိုဏ်းချုပ်ချီထျန်း ငယ်ငယ်တုန်းကထက်တောင် သာလွန်နေသေးတယ်..."
"တိတ်စမ်း... ဂိုဏ်းချုပ်အကြောင်း ဝေဖန်ပြောဆိုခွင့် မရှိဘူး..."
ထိုသာမန်အကြီးအကဲများသည် ကျုံးကျဲ အန္တရာယ်ကြုံတွေ့ခဲ့ရသည်ကို မသိကြပေ။ အင်မော်တယ်မင်းဆက် စစ်တပ်သို့ အတွေ့အကြုံရှာရန်ဝင်သွားသည်ကိုသာ သိထားကြ၏။ ထိုစဉ်က နိယာမနယ်ပယ်သို့ စတင်ဝင်ရောက်ခါစသာ ရှိသေးပြီးယခု နှစ်နှစ်ကုန်လွန်သွားပြီးနောက် နိယာမနယ်ပယ် အဆင့် ၇ တိမ်စီးနင်းနယ်ပယ်သို့ ရောက်ရှိနေရာ အလွန်ပါရမီထူးချွန်သည်ဟု ပြောနိုင်သည်။
မကြာမီတွင် ကျုံးကျဲ ပြန်ရောက်လာသော သတင်းကို ဝဲ၊ယာအကြီးအကဲနှစ်ဦး ကြားသိသွားပြီး ကျုံးကျဲ၏ ဘေးနားတွင် လက်ခနဲ ပေါ်လာကြ၏။
"ဟေ... အာကျဲ..."
"လွှမ်းမိုးနိုင်စွမ်းကြီးမားလိုက်တဲ့ အရှိန်အဝါပါလား..."
"ဒီလို အရှိန်အဝါမျိုးကို အလယ်ပိုင်းကုန်းမြေတိုက်က မင်းဆက်တွေရဲ့ မင်းသားတွေနဲ့ သူတော်စင်သားတော်တွေဆီမှာပဲ ငါ မြင်ဖူးတယ်..."
အကြီးအကဲနှစ်ဦး ပို၍ အံ့သြသွားကြသည်။ ယခင်က ကျုံးချီမင် သူ့ကို ပြန်ခေါ်လာစဉ်က မည်သူ့ကိုမျှ အသိမပေးခဲ့ဘဲအကြီးအကဲဆွန်ကိုသာ အကြောင်းကြားခဲ့သည်။
ယခု ကျုံးကျဲသည် တက်ကြွလန်းဆန်းနေပြီးပြိုင်ဘက်ကင်းသောအရှိန်အဝါကို ပိုင်ဆိုင်ထားကာ ကောင်းကင်နှင့်မြေကြီး ကံတရားသားတော် ဖြစ်သည့်အလျောက်သူ၏အပြုအမူ လှုပ်ရှားမှုတိုင်းတွင် ဖော်ပြ၍မရနိုင်သော နက်နဲမှုများ ပါဝင်နေသည်။ ထို့အပြင် ယမမင်း စစ်ဘုရင် သူတော်စင်ခန္ဓာလည်း ပိုင်ဆိုင်ထားရာ ကျုံးကျဲသည် ပို၍ပင်မြင့်မြတ်နေလေသည်။ ကျုံးကျဲက အကြီးအကဲနှစ်ဦးကို မြင်သောအခါ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"အကြီးအကဲနှစ်ယောက်... ရှေ့တန်းစစ်မျက်နှာမှာ အခြေအနေ မကောင်းဘူးလို့ ကြားတာနဲ့ ကျွန်တော် အကူအညီပေးဖို့ ရောက်လာတာပါ..."
ဝဲ၊ယာအကြီးအကဲနှစ်ဦးက ထိုစကားကိုကြားသောအခါ သိချင်စိတ်များကို ထိန်းချုပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဟွမ်ရှားလူမျိုးစုတွေက နန်ယန်စီရင်စုကို အကြီးအကျယ် ကျူးကျော်နေကြတယ်... အနောက်ဘက်နယ်စပ်က မြို့တွေ အကုန်လုံးနီးပါး ကျဆုံးကုန်ပြီ..."
"ဂိုဏ်းချုပ်ချီထျန်းနဲ့ အကြီးအကဲချီမင်တို့လည်း ထျန်းမြို့တော်မှာ သွားရောက်တိုက်ခိုက်နေကြတယ်... ဝိညာဉ်မီးအိမ်တွေ လင်းနေသေးတာဆိုတော့ လောလောဆယ် အသက်အန္တရာယ် မရှိသေးဘူး..."
ကျုံးကျဲ မျက်ခုံးပင့်လိုက်သည်။ သူသည် မကြာသေးမီကမှ ဟွမ်ရှားလူမျိုးစု တစ်စုလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ မပြေပျောက်သေးပေ။ ယခု ဤသတင်းကို ကြားလိုက်ရသောအခါ မည်သို့ ငြိမ်နေနိုင်မည်နည်း။
"အကြီးအကဲနှစ်ယောက်... အချိန်ဆွဲနေလို့ မသင့်ပါဘူး... အနောက်ဘက်နယ်စပ်ကို အမြန်ဆုံး သွားကြရအောင်..."