← Chapters

အခန်း (၈၈)

Vol. 9 Ch. 88

အခန်း (၈၈)

Vol. 9 Ch. 88

အပိုင်း (၈၈)

[ တင်... နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှ ဖြစ်ရပ်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါပြီ။ အခွင့်အရေးကို ပြန်လည်ရယူခဲ့ပြီး ကံတရားလမ်းကြောင်းကို တည့်မတ်ပေးနိုင်ခဲ့ပါတယ်။ ဆုလာဘ်များမှာ - သက်တမ်း ၁၅၀၀ နှစ်၊ နတ်ဘုရားအဆင့် ကံစမ်းခွင့် ၁ ကြိမ် တို့ ဖြစ်ပါတယ်။ ]

[ တင်... စနစ်ရှင်အနေဖြင့် ကံတရား၏ဘုရင်တစ်ပါးကို အောင်မြင်စွာ ပျိုးထောင်ပေးနိုင်ခဲ့ပြီး သတ်မှတ်ချက်ထက် ကျော်လွန်အောင်မြင်ခဲ့သည့်အတွက် အပိုဆုလာဘ်အဖြစ် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် အပိုင်းအစ ၁ခု ကို ချီးမြှင့်လိုက်ပါတယ်။ ]

[ ဤဟင်းလင်းပြင်နတ်ဘုရားတံဆိပ် အပိုင်းအစတွင် စစ်မှန်သော နတ်ဘုရားအဖြစ် ပြောင်းလဲနိုင်သည့် အခွင့်အရေး ပါဝင်ပြီး နတ်ဘုရားတာအိုနိယာမကို ထိတွေ့နိုင်ကာ ကမ္ဘာလောက၏ ကောင်းကင်တာအို အထွတ်အထိပ်ကိုပါ ခံစားသိရှိခွင့်ပါဝင်ပါတယ် ]

[ ဂုဏ်ယူပါတယ် စနစ်ရှင်ဟာ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် အပိုင်းအစ နှစ်ခုကို စုဆောင်းမိသွားပါပြီ။ ]

သူ့ခေါင်းထဲတွင် စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရွှေရောင်ဖျော့ဖျော့ အမှတ်အသားတစ်ခုသည် ကျုံးရှန်၏ ရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာ၏။

"ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်..."

ကျုံးရှန် အလွန် ဝမ်းသာသွားသည်။

ဤဟင်းလင်းပြင်နတ်ဘုရားတံဆိပ်သည် ရွှေရောင်လူသားလေးတစ်ဦး တင်ပျဉ်ခွေထိုင်နေသော ပုံစံရှိပြီး ရှည်လျားသောအစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်မှ အဆုံးမဲ့ ခန့်ညားထည်ဝါသော အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့ပြီး ကြည့်ရှုသူတစ်ဦးကို ဦးခိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာစေနိုင်သည်။

အစိမ်းရောင်ဝတ်ရုံပေါ်တွင် စာလုံးလေးများ ရေးထိုးထားပြီး စာလုံးတစ်လုံးစီတွင် မတူညီသော နတ်ဘုရားအလင်းများ စီးဆင်းနေ၏။ ထိုစာလုံးများသည် ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံရဖူးသော စစ်မှန်သော နတ်ဘုရားများ၏ အမည်နာမများ ဖြစ်သည်။

ကျုံးရှန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်ကို လှမ်းဖမ်းလိုက်လျှင်ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားတံဆိပ်ထဲမှ ဝမ်းသာပီတိဖြစ်နေသော ခံစားချက်ကို အာရုံခံလိုက်မိသည်။ ကျုံးရှန်၏ ခန္ဓာကိုယ်ထဲတွင် ယင်းနှင့်တူညီသော အရှိန်အဝါများ ရှိနေသည်ကို နတ်ဘုရားတံဆိပ်က အာရုံခံမိပုံရသည်။

"ရွှစ်..."

ကျုံးရှန်ကိုယ်တိုင် စုပ်ယူရန်ပင် မလိုအပ်ဘဲထိုရွှေရောင်လူသားလေးသည် သူ့အလိုလို ကျုံးရှန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် သူနှင့်ပုံစံတူ နောက်ထပ်ရွှေရောင်လူသားလေးဘေးသို့ ရောက်သွားသည်။ ထို့နောက် နှစ်ယောက်သား ပေါင်းစည်းသွားကြသည်။

"ဝုန်း..."

ချက်ချင်းပင် ကျုံးကျဲခန္ဓာကိုယ်ထဲရှိ မိမိအတ္တအမှုန်အမွှားများသည် ပြိုင်တူ တုန်ခါသွားကြလေသည်။ ကြီးမြတ်သော နတ်ဘုရားတစ်ပါး မွေးဖွားလာတော့မည်ကိုပျော်ရွှင်မြူးထူးစွာဖြင့် ဂုဏ်ပြုနေကြသကဲ့သို့ဖြစ် နေ၏။

ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် အပိုင်းအစနှစ်ခု လုံးဝ ပေါင်းစည်းသွားသောအခါ ကျုံးရှန်၏ ခန္ဓာကိုယ်ထဲရှိ နောက်ဆုံးကျန်နေသော မိမိအတ္တ အမှုန်အမွှားလေးသည် လင်းလက်သွားသည်။ ခန္ဓာကိုယ်တွင်းရှိဟင်းလင်းပြင်စကြဝဠာထဲတွင် ပြီးပြည့်စုံသော မိမိအတ္တ ပုံရိပ်ငယ်တစ်ခု ဖြစ်ပေါ်လာ၏။

မိမိအတ္တ ပုံရိပ်ငယ်‌လေးသည် ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ ထို့နောက်တွင် ပြောင်းလဲမှုများ စတင်လာတော့သည်။ တောက်ပနေသော အမှုန်အမွှား သန်း ၈၁၀ သည် ပျံတက်သွားပြီး တစ်နေရာတည်းတွင် စုစည်းလိုက်ကြသည်။

တောက်ပပြည့်စုံနေသော မိမိအတ္တ ပုံရိပ် ပျောက်ကွယ်သွားပြီး သူ့နေရာတွင် မှေးမှိန်သော စစ်မှန်သောအတ္တ၏ ပုံရိပ်ငယ်တစ်ခု အစားထိုး ဝင်ရောက်လာ၏။ ထို စစ်မှန်သောအတ္တ၏ ပုံရိပ်ငယ်တွင် ပို၍ အေးချမ်းတည်ငြိမ်သော မျက်နှာရှိ၏။ သူ၏တစ်ကိုယ်လုံးတွင် သံသရာမှ လွတ်မြောက်ခြင်း အငွေ့အသက်များဖြင့်ဖုံးလွှမ်းနေပြီး ခေါင်းပေါ်တွင်လည်း အလင်းကွင်းတစ်ခုသည် မရပ်မနား လည်ပတ်နေ၏။ ကောင်းကင်တာအို တစ်ခုပြီးတစ်ခုကို ထမ်းပိုးထားသည့်အလားဖြစ်နေ၏။

စစ်မှန်သောအတ္တ ဆိုသည်မှာ မိမိကိုယ်ကို ကျော်လွန်သွားခြင်း ဖြစ်သည်။ သက်ရှိအရာအားလုံး၏ မူလအစ ဖြစ်သလိုပြိုင်ဘက်ကင်းသော အနေအထားလည်း ဖြစ်သည်။ ထို့အပြင်ကောင်းကင်နှင့်မြေပြင်ကြားရှိ အရာအားလုံးကိုလည်း အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်။

ထိုအချိန်တွင် ကျုံးရှန်၏ ခေါင်းပေါ်ရှိ သက်ရှိသတ္တဝါအပေါင်း၏ ပုံရိပ်ယောင်များသည် စတင်ပြောင်းလဲလာ၏။ ဆုတောင်းမေတ္တာပို့သနေသော သက်ရှိသတ္တဝါများသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းပြုပြင်ရသော သက်ရှိသတ္တဝါများအဖြစ် ပြောင်းလဲသွားကြသည်။

ထို့‌နောက်ဟင်းလင်းပြင်ကို ဖြိုခွင်းခြင်း၊ ရှေးဟောင်းခေတ်ကို ချိုးဖျက်ခြင်း၊ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခြင်းစသည်ဖြင့် ဖရိုဖရဲကမ္ဘာကို ဖွင့်လှစ်ခြင်း စွမ်းအားများသည် ကျုံးရှန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ချက်ချင်းပင် အင်မော်တယ်တောင် တစ်သန်း နယ်မြေတစ်ခုလုံးရှိ မိစ္ဆာများ၊ ဂိုဏ်းများ၊ သေမျိုးများသည် ထိုအရှိန်အဝါ၏ ရိုက်ခတ်မှုကို ပြိုင်တူ ခံစားလိုက်ရကာ လူ၊ တိရစ္ဆာန်၊ တာအို၊ မာရ်နတ် အားလုံးသည် မနေနိုင်တော့ဘဲ ဒူးထောက်ကျသွားကြပြီး ချင်ထျန်းတောင်ထွတ်ကို ဦးခိုက်လိုက်ကြတော့သည်။

ချင်ထျန်းတောင်ထွတ် တောင်ခြေတွင် ကျုံးရှန် မွေးမြူထားသော သတ္တဝါများသည် ထိုအရှိန်အဝါအောက်တွင် စောစီးစွာကတည်းက ဒူးထောက်နေကြပြီ ဖြစ်သည်။ မိစ္ဆာသူတော်စင် ဖြစ်စေ၊ ရှေးဟောင်းသတ္တဝါကြီးများ ဖြစ်စေ အားလုံး မြေကြီးပေါ်တွင် ဝပ်တွားနေကြ၏။

သူတို့အားလုံးသည် ခေါင်းကို မြေကြီးနှင့် ကပ်ထားကြပြီး လုံးဝ ခေါင်းမမော့ရဲကြပေ။

"မဆိုးဘူး..."

ကျုံးရှန်၏ စိတ်အာရုံသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားကာ ပေါင်းစပ်သွားသော ရွှေရောင်လူသားလေးကို လေ့လာလိုက်သည်။

ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် နှစ်ခု ပေါင်းစပ်သွားပြီးနောက် လူသားလေးသည် ပိုပြီးကြီးမလာပေ။ သို့သော် ခေါင်းပေါ်တွင် နတ်ဘုရားနာမည်များ ရေးထိုးထားသော သရဖူတစ်ခု ထပ်တိုးလာသည်။

ရွှေရောင်လူသားလေး၏ အနားတိုးပြီး သေချာ အာရုံစိုက် နားထောင်ကြည့်လျှင်ကောင်းကင်နှင့်မြေပြင်အကြား ခရီးသွားလာနေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ လျှို့ဝှက်ဆန်းကြယ်သည့် သီချင်းတစ်ပုဒ်သီဆိုနေသံသဲ့သဲ့ကို ကြားရပေမည်။

"စစ်မှန်သောအတ္တဟာ မူလအနှစ်သာရရဲ့ စိတ်ဆန္ဒပဲ..."

"ငါ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် ၃ ခုလုံး စုစည်းမိသွားရင် အနက်ရှိုင်းဆုံး ဖြစ်တဲ့ အတ္တမဲ့ခြင်းဖြစ်တဲ့ မူလအနှစ်သာရရဲ့ စိတ်ဆန္ဒကို ထိတွေ့လာနိုင်လိမ့်မယ်..."

"အဲဒါကိုသာ ငါ့ခန္ဓာကိုယ်က အမှုန်အမွှားတွေနဲ့ ပေါင်းစပ်နိုင်ရင်...ရုပ်ရောနာမ်ပါ ပြည့်စုံသွားပြီး စွမ်းအားတွေ အဆမတန် တိုးပွားလာမှာ သေချာတယ်..."

"ဟူး..."

ကျုံးရှန်သည် စိတ်အာရုံကို သူ၏ခန္ဓာကိုယ်အတွင်းမှပြန်ရုပ်သိမ်းလိုက်ပြီး မျက်လုံးကို ဖွင့်လိုက်သည်။ ရွှေရောင်အလင်းတန်း နှစ်ခုသူ့မျက်လုံးမှ ထွက်ပေါ်လာပြီးလေထဲသို့ပစ်လွှတ်လိုက်၏။

"ဝုန်း"

နတ်ဘုရားတစ်သောင်းကုန်းမြေတိုက် တစ်ခုလုံးကို သွားရောက်ရိုက်ခတ်မိလေသည်။ ရေတွက်၍မရနိုင်သော ရှေးဟောင်းအမွေအနှစ်များ၊ အင်မော်တယ်မင်းဆက်များ၊ လူမျိုးခြားများနှင့် နှစ်ပေါင်းများစွာ အိပ်ပျော်နေကြသော ဘိုးဘေးအိုကြီးများသည် ရုတ်တရက် လန့်နိုးလာကြ၏။

ထို့နောက် ဤကဲ့သို့အစွမ်းထက်လွန်းသည့်အကြည့်၏ မူလဇာစ်မြစ်ကို ခြေရာခံရန် ကြိုးစားလိုက်ကြ၏။သို့သော် မည်သို့ပင် တွက်ချက်စေကာမူ အကြည့်၏ အဆုံးသတ်သည် ဟင်းလင်းပြင် အလွတ်ကြီးကိုသာ ဦးတည်နေသည်။ ဘာမှ မရှိပေ ဘာမှ မကျန်ရှိတော့ပေ။

"ဘုန်း..."

ရွေ့ဝူတီသည် မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ကျသွားပြီး ကျူးကျီသည်လည်း လေးလေးစားစားဖြင့် ခြေလက်လေးဖက် ကွေးညွတ်ကာ ဝပ်တွားလိုက်သည်။

"ကျင့်စဉ် အောင်မြင်သွားတာ ဂုဏ်ယူပါတယ်.. သခင်....."

"ဆရာက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲ... လောကကြီးတစ်ခုလုံးကို ဖိနှိပ်နိုင်တယ်..."

ကျုံးရှန် ပြုံးလိုက်သည်။

"ထကြပါ..."

သူ့စကားသည် ကောင်းကင်နှင့်မြေပြင်၏ အမိန့်အာဏာကဲ့သို့ဖြစ်ပြီး သိမ်မွေ့နက်နဲသော စွမ်းအားတစ်ခုထွက်ပေါ်လာသည်။ သူတော်စင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မတ်တတ်ရပ်လိုက်မိကြ၏။

"သခင့်ရဲ့ စကားတွေက ဥပဒေဖြစ်လာနေပြီ... မဟာတာအိုနဲ့ ပိုပိုပြီး နီးစပ်လာပြီပဲ..."

သူတို့ စိတ်ထဲတွင် တွေးလိုက်မိကြသည်။ ထို့နောက် ကျုံးရှန်၏ အနောက်သို့ လျှောက်သွားကြကာ ရွေ့ဝူတီသည် နောက်ဆုံးတွင်မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ဆရာ... ဆရာ့ရဲ့ အခု စွမ်းအားက ကုန်းမြေတိုက်တစ်ခုလုံးကို ဖိနှိပ်နိုင်နေပြီ... ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလို့ နိယာမနယ်ပယ် အဆင့် ၂၈ မှာပဲ ရပ်တန့်နေရတာလဲ..."

"ဆရာ့ရဲ့ အထွတ်အထိပ်ကျင့်စဉ်တောင်မှ အဲဒီ ကံတရားကျိန်စာကို မချိုးဖျက်နိုင်ဘူးလား..."

ကျူးကျီနှင့် ရွေ့ဝူတီတို့ စိတ်မကောင်း ဖြစ်သွားကြသည်။

သခင်သာ ကျိန်စာမမိခဲ့လျှင် သူ၏ စွမ်းအားဖြင့် နတ်ဘုရားတစ်သောင်းကုန်းမြေတိုက် တစ်ခုလုံးကို စောစီးစွာကတည်းက ပေါင်းစည်းပြီး ရှေးဟောင်းဧကရာဇ်မင်းမြတ်တစ်ပါး၏ ဘုန်းတန်ခိုးကိုပြသနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုတွင် သူသည် အထွတ်အထိပ်ကျင့်စဉ်ကို အသုံးပြုပြီး လမ်းသစ်ဖောက်ကာ နှစ်ပေါင်းတစ်သန်း သက်တမ်းရှိသော ကံတရားကျိန်စာကို ကျောပိုးလျက် ရေဆန်လမ်းကို လျှောက်လှမ်းနေရသည်။ သူတို့၏ မျက်လုံးထဲတွင် ကျုံးရှန်၏ ပုံရိပ်သည် ပို၍ပင်နက်ရှိုင်းလာပြီး နှလုံးသားထဲတွင် စွဲထင်နေတော့သည်။

"အရမ်းလောနေဖို့မလိုပါဘူး... လောလောဆယ် မချိုးဖျက်နိုင်သေးပေမယ့် ချိုးဖျက်နိုင်မယ့် လမ်းကြောင်းအချို့ကို ငါ ထိတွေ့နေမိပြီရယ်..."

"စိတ်မပူကြနဲ့..."

"မ‌မျှော်လင့်ထားတာ‌တွေဖြစ်မလာခဲ့ရင် မကြာခင်မှာ ချိုးဖျက်နိုင်တော့မှာပါ..."

"ပြီးတော့ ငါ့မှာ အခု စစ်မှန်သောအတ္တရဲ့စွမ်းအား ရှိနေပြီဆိုတော့ စစ်မှန်သော နတ်ဘုရားကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီလေ..."

ကျုံးရှန်သည် လက်တစ်ဖက်ဖြင့် ကျူးကျီ၏ အမွေးများကို ပွတ်သပ်ပေးလိုက်ပြီးကျန်လက်တစ်ဖက်ဖြင့် ရွေ့ဝူတီ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် အင်မော်တယ်တောင် တစ်သန်းဘက်သို့ လှမ်းကြည့်လိုက်၏။ သူ၏အကြည့်များသည် နက်ရှိုင်းလှသည်။

"နှစ်ပေါင်းတစ်သိန်း ကြာခဲ့ပြီ... နောက်ဆုံးတော့ ငါ အခွင့်အရေးကို မြင်လိုက်ရပြီ..."

"ငါရဲ့အေးဆေးတည်ငြိမ်တဲ့ ဘဝလေး မကြာခင်ကုန်ဆုံးတော့မှာပဲ..."

သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။ထို့နောက် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီးသီချင်းတစ်ပုဒ်ကို ညည်းဆိုလိုက်လေသည်။

"လူ့ပြည်ကနေ ရှောင်ခွာပြေးလို့...အင်မော်တယ်ဖြစ်တော့ ပြန်မလာခဲ့...ကောင်းကင်ဘုံ ၃၆ ဆင့်ကို ကျော်လွန်တက်ကာ...သေမျိုးအရိုးတွေတောင် အင်မော်တယ် ဖြစ်လာခဲ့ပြီ..."

သီချင်းသံတွင် နက်နဲသိမ်မွေ့မှုများပါဝင်လျက် ဉာဏ်အလင်းပွင့်စေသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချင်ထျန်းတောင်ထွတ်အောက်သို့ပင် ပျံလွင့်သွားလေသည်။ တာအိုဉာဏ်အလင်းများကြောင့် မရေမတွက်နိုင်သော ကောင်းချီး‌ပေးရွှေကြာပန်းများ ဖြစ်ပေါ်လာကြသည်။ သက်ရှိသတ္တဝါအပေါင်းအတွက် တွေ့ကြုံရခဲသော အခွင့်အရေးထူးကြီး ဖြစ်လာလေသည်။

All Chapters