အခန်း (၈၉)
Vol. 9 Ch. 89
အပိုင်း (၈၉)
ကြယ်ရောင်များ တောက်ပနေသော ညတွင် မဟာတာအို၏ လျှို့ဝှက်ဆန်းကြယ်လေးနက်သော အဓိပ္ပာယ်ကိုသယ်ဆောင်လျက် သာယာသောသီချင်းသံစဉ်တစ်ခုလွင့်ပျံနေခဲ့သည်။ ကျုံးရှန်၏ ထိုသီချင်းသံသည် ချင်ထျန်းတောင်ထွတ်တွင်သာမက အင်မော်တယ်တောင် တစ်သန်းနယ်မြေတစ်ခုလုံးတွင်ပါ ပျံ့လွင့်နေရာ နားထောင်သူ အပေါင်း မိန်းမောတွေဝေကုန်ကြသည်။
ထို့နောက် သက်ရှိသတ္တဝါအပေါင်းသည် နေရာမှာတင်ပင် ထိုင်ချကာ ထိုကဲ့သို့အဖိုးတန်သော အခွင့်အရေးကို လက်လွတ်မခံဘဲ ကျင့်ကြံလိုက်ကြသည်။ အားလုံးသည် သီချင်းသံထဲတွင် နစ်မြောနေကြပြီးသတ္တဝါအများစု၏ ခန္ဓာကိုယ်ပေါ်တွင် ဉာဏ်အလင်းပွင့်သော အလင်းရောင်များ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကျုံးရှန် နောက်ဆုံး စာသားကို ဆိုပြီးသွားချိန်တွင် များပြားလှသော သက်ရှိသတ္တဝါများနှင့် မိစ္ဆာများသည် အိပ်မက်မှ နိုးထလာကြပြီး အားမလိုအားမရ ခံစားချက်များဖြစ် နေကြ၏။ သို့သော်လည်း ကျုံးရှန်ရှိရာချင်ထျန်းတောင်ထွတ်အရပ်သို့ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
ကျုံးရှန်သည် ချင်ထျန်းတောင်ထွတ်ပေါ်တွင် ရပ်နေသည်မှာ အဆုံးမဲ့ သက်ရှိသတ္တဝါများ၏ အရှင်သခင်ပမာ ဖြစ်နေ၏။ သူ့အနောက်မှ ရွေ့ဝူတီသည် တိုးညှင်းစွာ ပြောလိုက်သည်။
"ဆရာက သက်ရှိသတ္တဝါအပေါင်းကို ဉာဏ်အလင်းဖွင့်ပေးခဲ့ပြီး... အဆုံးမရှိတဲ့ကံကောင်းခြင်းတွေကိုဖန်တီးပေးခဲ့တယ်... ဝိညာဉ်သခင် လို့ ခေါ်ဆိုထိုက်ပါပေတယ်..."
ထိုစကားထွက်လာသည်နှင့် ချင်ထျန်းတောင်ထွတ်ရှိ သတ္တဝါများ၊ အင်မော်တယ်တောင် တစ်သန်းရှိ မိစ္ဆာများ အားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
"ဝိညာဉ်သခင်ကို ဂါရဝပြုပါတယ်..."
ကျုံးရှန် အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းတယ်... ငါ နှစ်ပေါင်းသောင်းချီ မင်းတို့ကို ပြုစုပျိုးထောင်ပေးခဲ့ရတာ အလကားမဖြစ်ဘူး..."
"အခု ငါ အရေးကြီးကိစ္စတစ်ခု ကြေညာစရာ ရှိတယ်..."
သက်ရှိသတ္တဝါအားလုံး အလွန် ကြည်ညိုလေးစားသော အမူအရာများဖြင့်မော့ကြည့်လိုက်ကာ ကျုံးရှန်၏ အမိန့်ကို စောင့်မျှော်နေကြ၏။ ထို့နောက်ကျုံးရှန်၏အကြည့်များသည် တဖြည်းဖြည်း နက်ရှိုင်းလာသည်။
"ဒီနေ့ကစပြီး ချင်ထျန်းတောင်ထွတ်ဟာ လောကနဲ့ အဆက်အသွယ်ဖြတ်တော့မှာ မဟုတ်ဘူး..."
"သက်ရှိသတ္တဝါအပေါင်း အမိန့်နာခံကြ... ငါနဲ့အတူ တောင်ပေါ်က ဆင်းပြီး..အနောက်ဘက်နယ်စပ်ကို စစ်တိုက်သွားမယ်..."
--------------
ချင်ထျန်းတောင်ထွတ် အနီးအနားတွင် မိစ္ဆာများ စုဝေးရောက်ရှိလာ၏။ ချင်ထျန်းတောင်ထွတ်ရှိ သတ္တဝါများက တန်းစီခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းကို တာဝန်ယူလိုက်ကြသည်။ ကျုံးရှန်၏ ဓမ္မသီချင်းသံကြောင့် ဉာဏ်အလင်းရရှိခဲ့သော သတ္တဝါများအားလုံး အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြခြင်းဖြစ်သည်။
သူတို့၏ စိတ်ထဲတွင် ကျုံးရှန်သည်သာ ဖန်ဆင်းရှင်၊ ကျုံးရှန်သည်သာ နတ်ဘုရား ဖြစ်ပြီး ကောင်းကင်နှင့် မြေပြင်၏ ကြီးမြတ်သောကောင်းချီးပေးခံရသူဖြစ်၏။ သို့ဖြစ်ရာ ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးနှင့်အတူ တောင်ပေါ်မှ ဆင်းရခြင်းသည် သူတို့အတွက် အကြီးမားဆုံးသော ဂုဏ်ယူမှုပင် ဖြစ်သည်။
အနောက်ဘက်နယ်စပ်သည် ရာသီဥတု ဆိုးရွားလွန်းလှ၏။ သဲမုန်တိုင်းများ ထူပြောကာ ရေနှင့် သစ်ပင်ပန်းမန် ရှားပါးပြီး နိယာမနယ်ပယ် အဆင့် ၁၃ မိစ္ဆာနှင့်တစ္ဆေများကို ဝါးမျိုးစားသောက်ခြင်းအဆင့် ရှိသူများသာ ရှင်သန်နိုင်ကြသည်။
သို့ဖြစ်ရာ စစ်မှန်သောယန်မီးတောက်ကဲ့သို့ ဝိညာဉ်နှင့် မိစ္ဆာအသွင်ပြောင်းနိုင်ပြီး နတ်ဆိုးများကို ချေမှုန်းနိုင်သော စွမ်းအင်ရှိသူများသာ ကျုံးရှန်နောက် လိုက်ပါခွင့်ရရှိကြပြီး ထိုအဆင့်အောက် နိမ့်သော သတ္တဝါများသည် စာရင်းမှ ပယ်ဖျက်ခံလိုက်ရသည်။
စာရင်းမှ အပယ်ခံလိုက်ရသော သားရဲများသည် ဒေါသတကြီး ခြေဆောင့်နေကြပြီး မကျေမနပ် ဖြစ်နေကြသည်။ သို့သော်လည်း ဘာမှ မတတ်နိုင်ဘဲ သေချာ ကြိုးစားကျင့်ကြံမည်ဟုသာ တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။
ချင်ထျန်းတောင်ထွတ်တစ်ခုလုံးနှင့် အင်မော်တယ်တောင် တစ်သန်း၏ အတွင်းပိုင်းနယ်မြေ တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးအရာအားလုံးသည် စနစ်တကျ လည်ပတ်နေလေသည်။
ကျုံးရှန်သည် တောင်ခါးပန်းရှိ ခြံဝန်းလေးထဲသို့ ပြန်ရောက်လာသည်။
[ တင် ]
[ စနစ်ရှင်သည် ယနေ့အတွက် နေ့စဥ်မှတ်တမ်းမတင်ရသေးပါ။ ]
"နေ့စဥ်မှတ်တမ်းတင်မယ်..."
ကျုံးရှန် တည်ငြိမ်စွာ ပြောလိုက်သည်။
[ တင် ]
[ စနစ်ရှင်သည် ယနေ့အတွက် နေ့စဥ်မှတ်တမ်းတင်ခြင်း အောင်မြင်ပါပြီ။ သူတော်စင်အဆင့် ဆုလာဘ် ပါရမီချဲ့ထွင်ပေးသောဝိညာဉ်ဆေးရည် တစ်ပုလင်း (အစက် ၁၀၀) ရရှိပါတယ်။ ]
"ရွှစ်..."
ကျုံးရှန်၏ လက်ပေါ်တွင် ဖန်ကဲ့သို့ ကြည်လင်နေသော ပုလင်းလေးတစ်လုံး ပေါ်လာပြီးအထဲတွင် ကောင်းကင်ပြာကဲ့သို့ ပြာလဲ့လဲ့ အရောင်တောက်ပနေသည့်အရည်များပါဝင်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့သင်းပျံ့လာပြီး စိတ်ကြည်လင်လန်းဆန်းသွားစေကာ အားအင်များ ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရသည်။
ပါရမီချဲ့ထွင်ပေးသော ဝိညာဉ်ဆေးရည် နာမည်အတိုင်းပင် အလွန် ကောင်းမွန်သော ပစ္စည်းဖြစ်ပြီး ကျင့်ကြံခြင်း အနိမ့်အမြင့်မရွေး သေမျိုးများပင် သောက်သုံးနိုင်သည်။
ပိတ်ဆို့နေသော အဆင့်များကို ချိုးဖျက်နိုင်ပြီး ကျင့်ကြံခြင်းကို မြန်ဆန်စေကာ ခန္ဓာကိုယ်တွင်းရှိ အရေးကြီးသော အပ်စိုက်မှတ်များနှင့် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ပေးသည်။
ထို့အပြင်သွေးကြောများကို ပွင့်စေခြင်း၊ အလားအလာများကို မြှင့်တင်ပေးခြင်း၊ ကန့်သတ်ချက်များကို တိုးမြှင့်ပေးခြင်းတို့အပြင် အဆိပ်ဖြေနိုင်ခြင်းနှင့် ခန္ဓာကိုယ်အတွင်းရှိ မသန့်စင်သောအရာများကိုပါ ဖယ်ရှားပေးနိုင်သဖြင့်အကျိုးကျေးဇူးများစွာ ရှိသော ရတနာတစ်ခုဖြစ်သည်။
နိယာမနယ်ပယ်သို့ စတင်ဝင်ရောက်သော ဂိုဏ်းသားများသာ သောက်သုံးလိုက်လျှင် ပထမအဆင့်ကို အမြန်ဆုံး ကျော်ဖြတ်နိုင်ပြီး ဒုတိယအဆင့် ကျားသစ်နှင့် ဝက်ဝံခွန်အားအဆင့် သို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ပါရမီချဲ့ထွင်ပေးသောဝိညာဉ်ဆေးရည်သည် စစ်မှန်သော မျိုးဆက်သစ် ပြုစုပျိုးထောင်ရေး ပစ္စည်းပင် ဖြစ်သည်။
"ဟုတ်သား.... နတ်ဘုရားအဆင့် ကံစမ်းခွင့် တစ်ကြိမ် ကျန်နေသေးတယ်..."
ကျုံးရှန် သတိရသွားသည်။
"ကံစမ်းမယ်..."
ကြီးမားသော ကံစမ်းမဲစက်ဝိုင်းတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာပြီးအရှိန်ပြင်းစွာ စတင်လည်ပတ်သွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆုလာဘ်များစွာကို ဖြတ်ကျော်သွားသည်။ စစ်မှန်သော နတ်ဘုရားနှင့် ယှဉ်နိုင်သည့် ကျုံးရှန်၏ စိတ်အာရုံပင်သေချာ မမြင်နိုင်လိုက်ပေ။
တစ်ခဏအကြာတွင် ဘီးကြီး ရပ်တန့်သွားပြီး လက်ဝါးအရွယ်အစားခန့် ရေကန်ငယ်လေးတစ်ခု သူ့လက်ပေါ်သို့ ရောက်ရှိလာသည်။ ကျုံးရှန် လက်ကို ဝှေ့ယမ်းလိုက်ရာ ရေကန်ငယ်လေးသည် ခြံဝန်းထဲသို့ ကျဆင်းသွားပြီး ပေတစ်ရာခန့် ကျယ်ဝန်းသော ရေကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကန်ရေများသည် ကြည်လင်ခြင်း မရှိသလို တောက်ပခြင်းလည်း မရှိပေ။ မီးကဲ့သို့ နီရဲနေကာ သွေးများ ခဲနေသကဲ့သို့ဖြစ်နေပြီး နားလည်တတ်ကျွမ်းသူသာ ရှိလျှင် တစ်ချက်ကြည့်ရုံဖြင့် သိပေလိမ့်မည်။
ဤထူးဆန်းသော ရေကန်သည် ဒဏ္ဍာရီလာ သားရဲတစ်သောင်း နဂါးသွေးကန်ပင် ဖြစ်သည်။ ထိုကန်သည် ရှေးဟောင်းသားရဲမျိုးစိတ်ပေါင်း တစ်သောင်း၏ သွေးအနှစ်သာရများ၊ ဝိညာဉ်ရည်များ၊ နတ်ဘုရားရေများ၊ ရှားပါးဆေးဖက်ဝင်ပစ္စည်းများ၊ အံ့ဖွယ်ဆေးဝါးများဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ ရှေးဟောင်းလူရိုင်းမျိုးနွယ်စုမှ လူရိုင်းနတ်ဘုရားများ၏ ဉာဏ်ပညာဖြင့် လူရိုင်းမျိုးနွယ်စု ကြီးပွားတိုးတက်စေရန် ရည်ရွယ် ဖန်တီးခဲ့သော ရေကန် ဖြစ်သည်။
သို့ဖြစ်ရာကန်ထဲရှိ သွေးကဲ့သို့နီရဲနေသည့်အရည်များသည် သာမန်မဟုတ်ဘဲ တစ်စက် သောက်သုံးရုံဖြင့်ပင် သက်ရှိသတ္တဝါများကို နဂါးတစ်ကောင်၏ ခွန်အား ပိုင်ဆိုင်စေနိုင်သည်။ အကယ်၍ လူသားများ သောက်သုံးလျှင် တစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူလာပြီး ပြင်းထန်သော ဆေးရှိန်ကြောင့် အရိုး၊ အကြော၊ အရေပြားများ သန့်စင်ပေးခြင်းခံရမည်ဖြစ်သည်။ ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် အကောင်းဆုံး နတ်ဘုရားအဆင့်ပစ္စည်းပင် ဖြစ်သည်။
နှစ်ပေါင်းသိန်းချီကြာတိုင်း လူရိုင်းမျိုးနွယ်စုမှ အစက်အနည်းငယ်သာ အပြင်လောကရှိဈေးကွက်သို့ ရောက်ရှိလာတတ်ပြီး အစက်တစ်စက်စီတိုင်းသည် တန်ဖိုးဖြတ်မရပေ။ သို့သော် ယခု ကျုံးရှန်သည် ပေတစ်ရာပတ်လည် ရေကန်ကြီးတစ်ကန်လုံးကို ကံစမ်းမဲ ပေါက်ခဲ့လေသည်။ သူ့ရှေ့မှ နဂါးသွေးကန်ကို ကြည့်ရင်း ကျုံးရှန် အတွေးနက်သွား၏။
ထို့နောက် ရုတ်တရက် သူ လက်ယပ်ခေါ်လိုက်သည်။
"ကျူးကျီ... အဲဒီ ငါးနီကြီးကို ကိုက်မနေနဲ့တော့... ဒီကို လာခဲ့... မင်းကို ခိုင်းစရာ ရှိတယ်..."
ဘေးနားတွင် ငါးခြောက်ကို အာရုံစိုက် စားနေသော ကျူးကျီသည် ခေါင်းမော့လာပြီး မလိုလားသော ပုံစံဖြင့် လျှောက်လာသည်။
ကျုံးရှန် လက်ကို ဝှေ့ယမ်းလိုက်လျှင် ပါရမီချဲ့ထွင်ပေးသောဝိညာဉ်ဆေးရည် ပုလင်းပေါင်း ၁၀၀ (အစက်ပေါင်း ၁ သောင်း) မြေကြီးပေါ်တွင် ပေါ်လာသည်။ထို့နောက် သားရဲတစ်သောင်း နဂါးသွေးကန်သည် လက်ဝါးအရွယ်အစား ပြန်ပြောင်းသွားပြီး သူ့ရှေ့တွင် ငြိမ်သက်စွာ ဝဲပျံနေသည်။ ဆက်လက်ပြီး ကျုံးရှန်သည် ဝက်ဝံခွန်အားဆေး ပုလင်း ၁၀၀ ကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။
"ဒါတွေကို ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေဆီ သွားပို့လိုက်..."
ကျုံးရှန် မျက်လုံးများကို မှေးလျက် ပြောလိုက်သည်။ ကျူးကျီ၏ ပျင်းရိနေသော မျက်နှာထား ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
"သခင်... သခင် ရူးသွားပြီလား... သခင့်မျိုးဆက် ပြတ်သွားအောင် လုပ်ချင်နေတာလား..."
"ဟိုတုန်းက သခင့်ရဲ့ ဇနီးသည်တွေနဲ့ သားသမီးတွေ ဘယ်လို သေဆုံးခဲ့ရလဲ ဆိုတာ မေ့သွားပြီလား..."
သူ အလန့်တကြား အော်ဟစ်လိုက်သည်။
ကျုံးရှန် ခေါင်းမော့လိုက်ပြီး လေတိုက်၍ ရွေ့လျားနေသော တိမ်တိုက်များကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းသော အရိပ်အယောင်များ ဖြတ်သန်းသွား၏။
"ကောင်းကင်တာအို ပြောင်းလဲသွားပြီ... အခုခေတ်က အရင်လို မဟုတ်တော့ဘူး... သူလည်း ဒါတွေကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူး..."
"အခုတလော ကံတရားသားတော်တွေ..ကံတရားသမီးတော်တွေ အများကြီး ရုတ်တရက် ပေါ်ထွက်လာနေတယ်..."
"အခု ငါ့ရဲ့ မျိုးဆက်သစ်တွေကို ထပ်ပြီး ပျိုးထောင်ပေးရင် ကံတရားကျိန်စာရဲ့ ရိုက်ခတ်မှုကို ခံရတော့မှာ မဟုတ်သလို... မတော်တဆမှုတွေလည်း ကြုံရတော့မှာ မဟုတ်ဘူး..."
ကျုံးရှန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သွားတော့... မင်း အရင် ကြိုသွားနှင့်... အနောက်ဘက်နယ်စပ်ကို သွားပြီး ဒီပစ္စည်းတွေကို ဂိုဏ်းချုပ်ချီထျန်း လက်ထဲ အကုန် ထည့်ပေးလိုက်..."
"မြင့်မြတ်နယ်မြေရဲ့ ကံတရား ယိမ်းယိုင်နေပြီး... လူမျိုးခြားတွေလည်း သောင်းကျန်းလာနေတယ်... အခုလောက်ဆို သူတို့တိုက်ပွဲထဲမှာ ရုန်းကန်နေရလောက်ပြီ..."
"သူတို့ မနိုင်ဘူးဆိုရင် မင်း ဝင်ကူပေးလိုက်ပါ..."
"သူတို့ နိုင်လောက်ရင် မင်း ဝင်မပါနဲ့ပေါ့..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ ဂိုဏ်းသားတွေက သွေးနဲ့ မီးတောက်ကြားမှာ လေ့ကျင့်ပေးဖို့ လိုအပ်တယ်..."
"ဒီတစ်ခါ ဟွမ်ရှားကပ်ဘေးက အခွင့်အကောင်းပဲ..."
ကျူးကျီသည် မြေကြီးပေါ်တွင် ဝပ်တွားလိုက်ကာ ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး အမိန့်အတိုင်း ထွက်ခွာသွားလေသည်။
ကျုံးရှန်သည် ကျောက်တုံးကြီးပေါ်သို့ခုန်တက်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ မရေမတွက်နိုင်သော မိစ္ဆာသားရဲများ ပြင်ဆင်ပြီးမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။
ကျုံးရှန်အတွေးများတွင် နစ်မျောသွားပြီးလွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဝိညာဉ်တစ်သောင်းကုန်းမြေတိုက်သို့ စတင်ရောက်ရှိလာပြီး ကြိုးစားပမ်းစား နေ့စဥ်မှတ်တမ်းတင်၊ ကျင့်ကြံအားထုတ်၊ သတ်ဖြတ်တိုက်ခိုက်ကာ သွေးဆူနေသော လူငယ်တစ်သိုက်ကို ဦးဆောင်ပြီး ကမ္ဘာလောကကို စစ်ခင်းခဲ့စဉ်က အချိန်များဖြစ်သည်။