အခန်း (၁၃-၁၄)
Vol. 1 Ch. 13-14
အပိုင်း (၁၃) အမမေကို ခေါ်ထားလိုက်ခြင်း
ရန်မေ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုတို့ အထင်းသား ပေါ်လွင်နေလျက် တံခါးကို အားကုန်ထုရိုက်ကာ အော်ဟစ်ငိုယိုလေတော့သည်။ "လီကျစ်ချန်... ရှင် လူယုတ်မာ... ရှင် ခွေးကောင်... တံခါးဖွင့်စမ်း... ကျွန်မက ရှင့်မိန်းမလေ... ရှင် ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ... အဟင့်... အဟင့်... တောင်းပန်ပါတယ်... တံခါးဖွင့်ပါ... တံခါးဖွင့်ပါလို့"
သို့သော် လီကျစ်ချန်က မလှုပ်မယှက်ဖြင့် တံခါးလက်ကိုင်ကို အတွင်းမှ အတင်းဆွဲထားပြီး လုံးဝ လွှတ်မပေးချေ။ တစ်ဖက်ခန်းမှ ထိုမြင်ကွင်းကို ကြည့်နေရသည့် လင်းယွမ်ပင် ကြည့်မနေနိုင်တော့ပေ။
"ဟားဟား... အစ်ကိုအားလုံ သဘောကျနေတဲ့ မိန်းမပဲဟေ့"
"သောက်ကျိုးနည်း... ဒီမိန်းမ အပြင်ထွက်လာတယ်ကွ"
"ဝတ်ထားတာကလည်း အလန်းစားကြီးဟေ့... မြန်မြန် ဝိုင်းဖမ်းကြစမ်းကွာ"
အောက်ထပ်မှ လူနှစ်ယောက် ပြေးတက်လာကြသည်။ ရန်မေကို မြင်လိုက်သည်နှင့် ထိုနှစ်ယောက်သား စိတ်လှုပ်ရှားစွာ အော်ဟစ်ကြတော့၏။ ထိုအထဲမှ တစ်ယောက်က လက်ရောခြေပါ အသုံးပြုလျက် လှေကားအတိုင်း ပြေးတက်လာပြီး ညစ်ညမ်းစွာ အော်ဟစ်ရယ်မောနေသည်။
ရန်မေက လှေကားထစ်များကို ကြောက်လန့်တကြား လှမ်းကြည့်ရင်း တံခါးကို အတင်းထုရိုက်ကာ စူးစူးဝါးဝါး အော်ဟစ်လေသည်။ "တံခါးဖွင့်... တံခါးဖွင့်စမ်းပါ လီကျစ်ချန်... မြန်မြန် တံခါးဖွင့်ပေးပါ... အ..."
ထိုအချိန်တွင် ပိန်လှီသော လူတစ်ယောက် အပေါ်သို့ ရောက်လာပြီး ခြေမခိုင်ခင်မှာပင် ရန်မေထံသို့ လှမ်းခုန်အုပ်တော့သည်။ ရန်မေက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လင်းယွမ်၏ အခန်းဘက်သို့ အမြန် တိုးကပ်သွား၏။
သို့သော် မျက်နှာချင်းဆိုင် အခန်းနှစ်ခုကြား နေရာလပ်က ကျဉ်းမြောင်းလွန်းလှရာ နှစ်လှမ်း သုံးလှမ်း မျှ ဆုတ်လိုက်ရုံဖြင့် ထောင့်ကပ်သွားတော့သည်။ ရန်မေက ကြောက်လန့်တကြားဖြင့် အပေါ်ထပ် ဝရံတာဘက်သို့ ပြေးရန် ပြင်လိုက်သေး၏။
သို့သော် ရက်အတော်ကြာ အစာမစားထားရသဖြင့် မည်သို့ အားအင် ရှိပါမည်နည်း။ ခြေလှမ်းစလိုက်သည်နှင့် အနောက်မှ ပိန်လှီလှီ လူက သူမ၏ ခြေသလုံးကို လှမ်းဆွဲထားလိုက်သည်။ သွယ်လျသော ခြေသလုံးလေးမှာ ခြေအိတ်အနက်ရောင် စွပ်ထားရာမှ လူတစ်ယောက်၏ ဆွဲကိုင်မှုကို ခံလိုက်ရသဖြင့် "ဗြိ" ခနဲ အသံထွက်ကာ ခြေအိတ်စုတ်ပြဲသွားပြီး ဖြူဖွေးသော ခြေသလုံးသားတို့ ပေါ်လာတော့သည်။
ထိုမြင်ကွင်းက အနောက်မှ လိုက်လာသည့် ထိပ်ပြောင်ပြောင် လူကို ပိုမို စိတ်ကြွစေကာ အော်ဟစ်စေတော့သည်။ "ဟားဟားဟား... အကောင်စားလေးကွ... ဖမ်းစမ်း... လောင်ထန်... မိအောင် ဖမ်းစမ်းကွာ"
ပိန်လှီလှီ လောင်ထန် ဆိုသူကလည်း အတင်းကုန်းရုန်းထကာ ရန်မေဆီသို့ ထပ်မံ ခုန်အုပ်လိုက်သည်။ ရန်မေမှာ ခြေခေါက်ကာ လှေကားထစ်ပေါ်သို့ လဲကျသွားပြီး နာကျင်လွန်းသဖြင့် ပြန်မထနိုင်တော့ပေ။ လောင်ထန်က ညစ်ညမ်းသော အကြည့်များဖြင့် ခုန်အုပ်လာသည်ကို မြင်လိုက်ရသဖြင့် ရန်မေမှာ တစ်ကိုယ်လုံး တုန်ရီကာ မရပ်မနား အော်ဟစ်နေရှာတော့သည်။
"ဝုန်း"
ထိုအချိန်မှာပင် လင်းယွမ်၏ အခန်းတံခါး ရုတ်တရက် ပွင့်လာသည်။ သံတံခါးက ပိန်လှီလှီ လောင်ထန်၏ ကိုယ်ပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ခတ်သွားတော့၏။ ကြီးမားသော ရိုက်ခတ်အားကြောင့် လောင်ထန်မှာ လွင့်ထွက်သွားလေသည်။ ချက်ချင်းပင် လင်းယွမ်က တံခါးဝမှ လျှပ်တစ်ပြက် ပြေးထွက်လာပြီး လှံရှည်တစ်ချောင်းဖြင့် ထိုးစိုက်လိုက်တော့သည်။
"ရွှပ်"
ကြက်သွန်လှီးဓားဖြင့် ပြုလုပ်ထားသော လှံသွားက လောင်ထန်၏ ရင်ဘတ်ထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွား၏။ လင်းယွမ်က လှံကို ပင့်တင်လိုက်သည်နှင့် သွေးများ ပန်းထွက်လာလေသည်။
ထိပ်ပြောင်ပြောင် လူမှာ စိတ်လှုပ်ရှားနေသော မျက်နှာ အေးစက်သွားပြီး ကြောက်လန့်တကြားဖြင့် နေရာတွင်ပင် ကြက်သေသေသွားသည်။ လင်းယွမ်က သူ့ကို မျက်လုံးအပြူးသား စိုက်ကြည့်လိုက်ပြီး လှံဖြင့် ထိုးမည့် ဟန်ပြင်လိုက်၏။ ထိုလူမှာ လန့်ဖျပ်သွားပြီး အော်ဟစ်ကာ လှည့်ပြေးရာမှ ခြေခေါက်ပြီး လှေကားအတိုင်း လိမ့်ကျသွားတော့သည်။ အသားလုံးကြီး တစ်လုံး လိမ့်ကျသွားသကဲ့သို့ ဖြစ်ပြီး နာကျင်စွာ အော်ဟစ်သံနှင့်အတူ အရိုးကျိုးသွားခြင်း ရှိမရှိ မသိရပေ။
လင်းယွမ်က လိုက်မတိုက်ခိုက်တော့ဘဲ တံခါးဝတွင်သာ စောင့်နေလိုက်သည်။ ရန်မေက အခွင့်ကောင်းယူပြီး သူ့အခန်းထဲ ဝင်ပြေးကာ တံခါးပိတ်လိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် သူ အတွေးလွန်သွားခြင်းသာ ဖြစ်၏။ ယခုအချိန်တွင် ရန်မေမှာ ကြောက်လန့်လွန်းသဖြင့် လိပ်ပြာလွင့်လုမတတ် ဖြစ်နေပြီး ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျနေသည်။
လင်းယွမ်က ကြမ်းပြင်ပေါ်မှ ပိန်လှီလှီလူ၏ အလောင်းကို ဆွဲမကာ အခန်းထဲသို့ ဆွဲသွင်းလိုက်သည်။
"မောင်လေး... မောင်လေး..." ရန်မေက သတိပြန်ဝင်လာပြီး ခေါင်းမော့ကာ လင်းယွမ့်ကို တိုးလျှိုးစွာ ကြည့်လိုက်သည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အားငယ်နေပုံကို ကြည့်ကာ စဉ်းစားလိုက်သည်။ ထို့နောက် "ခဏစောင့်" ဟု ပြောပြီး အခန်းထဲ ပြန်ဝင်သွားသည်။ ခဏအကြာတွင် မုန့်နှစ်ထုပ် ကိုင်ပြီး ပြန်ထွက်လာသည်။
"ရော့... ယူသွား... အမ ဘာသာ စားတာ ပိုကောင်းလိမ့်မယ်... လီကျစ်ချန်ကို သွားမပေးနဲ့... အဲ့ဒီလူက အားကိုးရတာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူက တံခါးပိတ်ရန် လှည့်လိုက်သည်။ သို့သော် ရန်မေက အမြန်ပင် လှမ်းကာ သူ့လက်မောင်းကို ဆွဲထားလိုက်ပြီး တောင်းပန်လေတော့သည်။
"ဟင့်အင်း... မောင်လေး... အမ ဟိုဘက်ကို မပြန်ချင်တော့ဘူး... အမ တောင်းပန်ပါတယ်... လီကျစ်ချန်က တိရစ္ဆာန်လို ကောင်မျိုး... မောင်လေးပေးလိုက်တဲ့ မုန့်တွေလည်း သူ အကုန်လုစားမှာ သေချာတယ်"
"ဒီတစ်ခါ ပေးလိုက်ရင် နောက်တစ်ခါကျရင်လည်း သူက အမကို အတင်းလွှတ်ဦးမှာ... မောင်လေးရယ်... ကုသိုလ်ယူပြီး အမကို ခေါ်ထားပေးပါနော်"
လင်းယွမ်က မျက်မှောင်ကြုတ်လျက် စဉ်းစားနေသည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ဤမိန်းမကို သိပ်မယုံကြည်လှပေ။ တစ်ဖက်နှင့်တစ်ဖက်ကလည်း ထိုမျှလောက် ရင်းနှီးတာမျိုး မဟုတ်။ သို့သော် အိမ်နီးနားချင်း အမျိုးသမီးတစ်ယောက် လျှိုအားလုံတို့ လက်ထဲရောက်ပြီး အစော်ကားခံရမည့် အဖြစ်ကိုလည်း လက်ပိုက်ကြည့်မနေနိုင်ပြန်ချေ။
ခေတ္တမျှ စဉ်းစားပြီးနောက် လင်းယွမ်က ရန်မေကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "သေချာ စဉ်းစားနော်... ကျွန်တော့်ဆီမှာလည်း စားစရာ သိပ်မရှိဘူး... ပြီးတော့ ကျွန်တော်က အလကား ထိုင်စားမယ့်သူကို လက်မခံဘူး"
"အမ သိပါတယ်... အမ ဘာခိုင်းခိုင်း လုပ်ပါ့မယ်... အမကို ယုံပါ" ရန်မေက ခေါင်းမော့ကာ လင်းယွမ့်ကို ကြည့်ရင်း သူမ အသုံးဝင်ပါမည် ဟူ၍ အထပ်ထပ် ကတိပေးရှာသည်။
နောက်ဆုံးတွင် လင်းယွမ် စိတ်လျော့လိုက်သည်။ ပြောရမယ်ဆိုလျှင် ဤနှစ်ဝက် ကာလအတွင်းမှာ အကြောက်ရဆုံး အရာက အစားအစာ ပြတ်လပ်ခြင်းနှင့် လျှိုအားလုံတို့ လူစု မဟုတ်ခဲ့ပေ။ သူ့ကို အကြောက်ရဆုံး ဖြစ်စေခဲ့သည်မှာ "အထီးကျန်ခြင်း" သာ ဖြစ်သည်။ လျှပ်စစ်မီးမရှိ၊ ဖျော်ဖြေရေးမရှိသည့် အခြေအနေတွင် အထီးကျန်ခြင်းက အကြောက်မက်ဖွယ် အကောင်းဆုံး မဟုတ်ပါလော။ စကားပြောဖော် တစ်ယောက် ရှိနေခြင်းက ကောင်းသည့် အရာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
သူ့ကိုယ်သူ ထိုသို့ ဖြေသိမ့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ထ... ကျွန်တော့်နောက် လိုက်ခဲ့"
ရန်မေ၏ မျက်နှာတွင် ဝမ်းသာအားရဟန်များ ပေါ်လာပြီး လှေကားလက်ရန်းကို ကိုင်ကာ ယိုင်နဲ့နဲ့ဖြင့် ထလိုက်သည်။ သို့သော် မတ်တပ်ရပ်လိုက်သည်နှင့် မျက်လုံးထဲ မိုက်ခနဲ ဖြစ်သွားပြီး ခန္ဓာကိုယ် ပျော့ခွေကာ ပြန်လဲကျမလို ဖြစ်သွား၏။ လင်းယွမ်က မျက်စိလျင်စွာဖြင့် လှမ်းထိန်းပေးလိုက်သည်။
နူးညံ့အိစက်သော ခန္ဓာကိုယ်နှင့် ရင်ဘက်ချင်း ထိကပ်သွားမှုကြောင့် လင်းယွမ့်စိတ်ထဲ လှုပ်ရှားသွားရသည်။ ယခုက နွေရာသီဖြစ်ရာ သူက အပေါ်ပိုင်း ဗလာကျင်းထားပြီး ရန်မေကလည်း လက်ပြတ် အင်္ကျီ ဝတ်ထားသဖြင့် နှစ်ယောက်သား လက်မောင်းချင်း ထိကပ်သွားသည်မှာ အသားချင်း ထိတွေ့သကဲ့သို့ ဖြစ်နေသည်။ လှပသော အမျိုးသမီးထံမှ သင်းပျပျ ရနံ့တစ်ခုက လင်းယွမ့် နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ့စိတ်ကို ကလိကျီစယ် နေသကဲ့သို့ ရှိသည်။
သူမ၏ ဖွံ့ထွားသောအရာကို တစ်ချက်မျှ အကြည့်ရောက်သွားပြီးနောက် သူ့ရင်ထဲ ဒိန်းခနဲ ခုန်သွားရသည်။ လင်းယွမ်က မသိမသာ အကြည့်လွှဲလိုက်ပြီး စိတ်ကို ထိန်းချုပ်လျက် မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
ရန်မေက ခေါင်းခါပြပြီး တုန်တုန်ရီရီဖြင့် ပြန်ဖြေသည်။ "မောင်လေး... အမ... အမ ဗိုက်ဆာလွန်းလို့ အားပြတ်သွားတာနေမယ်... အမ ဘာမှမဖြစ်ပါဘူး... မောင်လေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး ဘာမှမပူနဲ့နော်... အမ တကယ် နေကောင်းပါတယ်" သူမက ဝန်ထုပ်ဝန်ပိုးဟု အထင်ခံရပြီး လင်းယွမ် စွန့်ပစ်လိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့နေပုံရသည်။
လင်းယွမ်က ရန်မေကို တစ်ချက် ကြည့်လိုက်သည်။ ဤအမျိုးသမီးက အိမ်မှာ နေတုန်းက ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဆက်ဆံခံခဲ့ရပုံ ပေါ်သည်။ လီကျစ်ချန်က ဤမိန်းမကို စိတ်ပိုင်းဆိုင်ရာ တော်တော်လေး နှိပ်စက်ထားပုံရသည်။
သူက ခေါင်းညိတ်လိုက်ပြီး "ဘာမှ မဖြစ်ရင် ပြီးတာပဲ... အားပြတ်တာပဲ နေမှာပါ... အထဲဝင်ပြီး တစ်ခုခု အရင်စားလိုက်ဦး" ဟု ပြောကာ ရန်မေကို အခန်းထဲ ခေါ်သွားပြီး သံတံခါးကို ပြန်ပိတ်လိုက်သည်။
ထိုအချိန်တွင် တစ်ဖက်ခန်းတံခါး ရုတ်တရက် ပွင့်လာပြီး လီကျစ်ချန်က ခေါင်းပြူထွက်လာသည်။ "လင်းယွမ်... အဲဒါ ငါ့မိန်းမကွ... မင်း ငါ့မိန်းမကို ခေါ်သွားမှတော့ ငါ့ကို တခုခုပြန်ပေးရမှာပေါ့"
လင်းယွမ် ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်နှာချင်းဆိုင် အခန်းမှ အိမ်နီးချင်းဟောင်းကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ "မင်းမိန်းမမှန်း အခုမှ သိတာလား... စောစောက မင်း ဘာလုပ်နေတာလဲ... သူ အော်ဟစ်ငိုယိုပြီး တောင်းပန်နေတုန်းက တံခါးမဖွင့်ပေးဘဲနဲ့ အခုကျမှ ငါ့မိန်းမ ဆိုပြီး လာပြောနေတာလား... ထားပါတော့... မင်း သူ့ကို ပြန်ခေါ်သွားချင်လို့လား"
လင်းယွမ်၏ စကားတစ်ခွန်းကြောင့် လီကျစ်ချန် ပါးစပ်ပိတ်သွားသည်။ ပြန်ခေါ်သွားဖို့ ဆိုသည်မှာ မဖြစ်နိုင်။ လူတစ်ယောက် တိုးလာလျှင် ပါးစပ်ပေါက် တစ်ပေါက် တိုးလာမည်၊ အိမ်မှာက စားစရာ များများစားစား မကျန်တော့။ သို့သော် ကိုယ့်မိန်းမက အိမ်နီးချင်း အိမ်သို့ ပါသွားသည်ကိုတော့ သူ မကျေနပ်နိုင်ပေ။
သူက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ "ရန်မေ... စားစရာ ရတာနဲ့ ချက်ချင်း ပြန်လာခဲ့နော်... အပြင်လူတွေက ယုံရတာ မဟုတ်ဘူး... ငါ့အိမ်ကမှ နင့်အိမ်အစစ်ကွ"
ရန်မေသည် လင်းယွမ်၏ ကျောနောက်တွင် ပခုံးလေးများ တုန်ရီသည်အထိ အသံတိတ် ရှိုက်ငိုနေရှာသည်။ ပြန်ပြောရန် သတ္တိမရှိသလို၊ လင်းယွမ်ကို အကူအညီတောင်းရန်လည်း မရဲရှာပေ။
လင်းယွမ်က ထိုအဖြစ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ ကိုယ်ကို ဖယ်ပေးလိုက်ပြီး ရန်မေကို ပြောလိုက်သည်။ "အမ ဆုံးဖြတ်ချက် မချရသေးရင် အခု အချိန်မီသေးတယ်... ဒီ မုန့်နှစ်ထုပ် ယူပြီး ပြန်ချင် ပြန်သွားလိုက်တော့"
ဆက်ရန်...
အပိုင်း (၁၄) ရန်မေ၏ဆုံးဖြတ်ချက်
"အမက..."
ရန်မေက ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ခေါင်းမော့ကာ လင်းယွမ်အား အသနားခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မောင်လေး... အမ အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး... အမ ဆုံးဖြတ်လိုက်ပြီ... ဟိုဘက်ကို ပြန်မသွားတော့ဘူး... သူက... သူက တိရစ္ဆာန်တစ်ကောင်ပဲ... သူ့စကားကို အမ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး"
လင်းယွမ်က အကောင်းအဆိုး ဝေဖန်မနေဘဲ လေသံအေးအေးဖြင့် ပြောလိုက်သည်။
"အမ သေသေချာချာ စဉ်းစားဆုံးဖြတ်နိုင်ရင် အကောင်းဆုံးပေါ့... ကျွန်တော် ကြိုပြောထားမယ်နော်... တကယ်လို့ အမက ဟိုဘက်ကို ပြန်သွားမယ်လို့ ရွေးချယ်ရင် ကျွန်တော် အတင်းအဓမ္မ တားနေမှာ မဟုတ်ဘူး... ဒါပေမဲ့ နောက်နောင် စားစရာလာတောင်းရင်တော့ လုံးဝမရတော့ဘူးလို့ မှတ်ထားလိုက်"
"ဟင့်အင်း... မဟုတ်ပါဘူး... အမ ပြန်မသွားတော့ပါဘူး"
"ဒါဆို သူ့ကို ပြောလိုက်လေ"
ရန်မေ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး သံပန်းတံခါးတစ်ဖက်ရှိ သူမ၏ အိမ်တံခါးပေါက်ဆီသို့ မော့ကြည့်လိုက်သည်။
လီကျစ်ချန်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ယှက်သန်းနေပြီး ရန်မေကို လှမ်းဆဲလေတော့သည်။
"ဒီမိန်းမယုတ်... နင့်ကို စားစရာသွားတောင်းခိုင်းတာလေ... နင့်ကိုယ်နင်ပါ အပိုင်ပေးလိုက်တာလား... အခုချက်ချင်း ပြန်လာခဲ့စမ်း"
သူ့ပါးစပ်က ဆဲဆိုနေသော်လည်း မျက်လုံးများကမူ ရန်မေ လက်ထဲရှိ ပေါင်မုန့်နှစ်ထုပ်ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ရန်မေ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ လွန်ခဲ့သည့် ခြောက်လလုံးလုံး ခံစားခဲ့ရသော ဝမ်းနည်းပက်လက်ဖြစ်မှုများက တာကျိုးသည့်ဆည်ပမာ ဒလဟော စီးဆင်းလာသည်။
သူမ၏ ရင်အစုံက နိမ့်ချည်မြင့်ချည်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးရင်း အော်ဟစ်ပြောဆိုလိုက်လေသည်။
"လီကျစ်ချန်... ရှင် ကျွန်မကို အတင်းဖိအားပေးခဲ့တာ... ရှင့်အပေါ် ကျွန်မ ဘာအကြွေးမှ မတင်ဘူး... ရှင်တို့မိသားစုအပေါ်လည်း ကျွန်မ ဘာအကြွေးမှ မရှိဘူး"
"မင်္ဂလာဆောင်ပြီးကတည်းက တစ်လျှောက်လုံး ရှင်တို့မိသားစုအပေါ် ကျွန်မ ဘယ်နေရာမှာများ တာဝန်မကျေခဲ့လို့လဲ... နေ့တိုင်း မပြီးနိုင်မစီးနိုင်တဲ့ အိမ်မှုကိစ္စတွေ လုပ်ပေးခဲ့ရတယ်... အငြိုအငြင်မရှိဘဲ ရှင့်ကို ပြုစုခဲ့တယ်... ရှင်ကရော... နေ့တိုင်း ငါးမျှားမယ်၊ ဖဲရိုက်မယ် ဒါပဲသိတယ်... ရှင့်သူငယ်ချင်းတွေ အိမ်လာတိုင်း ဘယ်ထမင်းတစ်နပ်ကိုများ ကျွန်မ မချက်ပေးခဲ့ဖူးလို့လဲ"
"ရှင့်ရဲ့ခေါင်းဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ နေ့တိုင်း အိမ်လာကြတာ... သူတို့က ရှင့်ကို တကယ်ခင်လို့ လာတယ်ထင်နေလား... သူတို့ ကျွန်မကို ဘယ်နှခါ ခိုးကြည့်ခဲ့လဲ.. သူတို့ရဲ့ စရိုက်က ဘယ်လိုလဲဆိုတာ ရှင်မသိဘူးလား"
"ရှင်က လူယုတ်မာပဲ... သူရဲဘောကြောင်တဲ့ကောင်... ကိုယ့်သားမယားကိုပဲ အာဏာပြရဲတယ်... ဒီခြောက်လအတွင်း ရှင့်အကြောင်းကို ကျွန်မ ကောင်းကောင်းကြီး သိသွားပြီ... ရှင်က ဘာမှသုံးစားမရတဲ့ အသုံးမကျတဲ့ကောင်ပဲ... ထမင်းတစ်လုပ် စားရဖို့အတွက်နဲ့ ကျွန်မကို လျှိုအားလုံ တို့ဆီ ပို့ပေးချင်နေတာ... ရှင်က လူမဟုတ်ဘူး... တိရစ္ဆာန်ပဲ"
"ရှင် စားချင်တာ ဒီပေါင်မုန့်တွေ မဟုတ်လား... ရတယ်... ဒီပေါင်မုန့်နှစ်ထုပ်ကို ရှင်ယူလိုက်တော့... ဒါဟာ ဒီနှစ်တွေမှာ လင်မယားအဖြစ် ပေါင်းသင်းခဲ့တဲ့ သံယောဇဉ်အတွက် နောက်ဆုံးပေးဆပ်ခြင်းလို့ပဲ သဘောထားလိုက်တော့"
သူမက မျက်ရည်များကို သုတ်ရင်း လက်ထဲရှိ ပေါင်မုန့်နှစ်ထုပ်ကို ပစ်ပေးလိုက်သည်။
တစ်ဖက်ခန်းမှ လီကျစ်ချန်က ရန်မေ၏ ဆဲဆိုမှုများကို လုံးဝဂရုမစိုက်တော့ဘဲ ဝမ်းသာအားရ ဖြစ်သွားသည်။ သူက နောက်ကျသွားမည်ကို စိုးရိမ်သည့်အလား အိမ်ထဲမှ ချက်ချင်း ပြေးထွက်လာကာ ကြမ်းပြင်ပေါ်ကျနေသည့် ပေါင်မုန့်များကို ကောက်ယူလိုက်သည်။ ထိုသို့ကောက်ယူနေစဉ်တွင်လည်း အောက်ထပ်မှ လှုပ်ရှားမှုများကို သတိထားနားစွင့်နေသေးသည်။
ပေါင်မုန့်များကို ကောက်ယူပြီးသည်နှင့် အိမ်ထဲသို့ လျင်မြန်စွာ ဝင်ပြေးပြီး တံခါးကို ''ဒုန်း'' ခနဲ ပိတ်လိုက်လေသည်။
အစမှအဆုံးထိ ရန်မေဘက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ချေ။
ရန်မေသည် ပိတ်သွားသော အိမ်တံခါးကို ငေးမောကြည့်ရင်း တစ်ခဏမျှ ကြောင်အသွားသည်။
ရုတ်တရက် သူမ၏ ရင်ထဲတွင် နှမြောတသသ ဖြစ်သွားမိသည်။ ဤကဲ့သို့လူယုတ်မာကောင်ကို သူမ ဘာကိစ္စ ပေါင်မုန့်ပေးလိုက်ရသနည်း။ သူမ ဘာကြောင့်များ ဤမျှလောက် မိုက်မဲရသနည်း။
တကယ်လို့ လင်းယွမ်က သူမကို စားစရာ ထပ်မပေးတော့လျှင် မည်သို့လုပ်မည်နည်း။
ထိုသို့ တွေးမိသည်နှင့် ဝမ်းနည်းပူဆွေးမှုများ ရောက်ရှိလာကာ မျက်နှာကို အုပ်၍ အော်ဟစ်ငိုကြွေးလေတော့သည်။
လင်းယွမ်က အစမှအဆုံး ဝင်ရောက်တားဆီးခြင်း မပြုခဲ့ပေ။ သူမ ပေါင်မုန့် ပစ်ပေးလိုက်သည်ကို မြင်သောအခါ စိတ်ဆိုးခြင်း မဖြစ်သည့်အပြင် ဤအမျိုးသမီးအပေါ် အထင်ကြီးလေးစားစိတ်ပင် ဝင်လာမိသည်။
ဤအမျိုးသမီးက သိက္ခာရှိပြီး စည်းစောင့်တတ်သူဖြစ်သည်။ စားစရားစားစရာ ရှားပါးနေသည့်အချိန်၊ သူမကိုယ်တိုင် စားစရာမစားရသည်မှာ နှစ်ရက်ရှိနေပြီဖြစ်သော်လည်း လင်မယားသံယောဇဉ်ဖြတ်ရန်အတွက် ထိုပေါင်မုန့်များကို စွန့်လွှတ်ရဲသည်ကို ကြည့်လျှင် သူမ၏ စိတ်နေသဘောထား မဆိုးကြောင်း သိသာလှသည်။
ယခုကဲ့သို့ ကိုယ်ကျင့်တရားနှင့် စည်းကမ်းများ ပျက်ပြားနေသော ခေတ်ကာလတွင် စိတ်ထားမဆိုးသည့် မိတ်ဆွေတစ်ယောက် ရှိနေခြင်းကသာ စိတ်အချရဆုံး ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်က တံခါးကိုပိတ်ကာ အိပ်ခန်းထဲမှ ပေါင်မုန့်တစ်ထုပ်ကို ယူ၍ ကမ်းပေးလိုက်သည်။
"စားလေ... မီးဖိုချောင်မှာ ရေရှိတယ်... ကိုယ့်ဘာသာ ငှဲ့သောက်လိုက်"
"ကျေး... ကျေးဇူးပါပ..."
ရန်မေက မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ပေါင်မုန့်ကို လှမ်းယူကာ အငမ်းမရ စားသောက်လေတော့သည်။
သို့သော် နှစ်ကိုက်ခန့် စားပြီးသည်နှင့် လည်ချောင်းတွင် နင်သွားသည်။ အစားလောသွားသောကြောင့် ဖြစ်သည်။ လင်းယွမ်က မြင်သည်နှင့် ရေတစ်ခွက် ကမ်းပေးလိုက်သည်။
ရန်မေက ရေကို တစ်ဂွပ်ဂွပ် သောက်ချလိုက်သည်။ ပေါင်မုန့်၏ ချိုမြိန်မှုနှင့် ဂျုံနံ့သင်းသင်းလေးက သူမအား မကြုံစဖူးသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ပေးစွမ်းနေသည်။
သူမ အလွန်ဆာလောင်နေသော်လည်း ပေါင်မုန့်ကို တစ်ဝက်သာစားပြီး ရပ်တန့်လိုက်သည်။ ဆက်စားချင်စိတ်ကို အတင်းထိန်းချုပ်ကာ ကျန်သည့်ပေါင်မုန့်ကို ပြန်ထုပ်လိုက်သည်။
လင်းယွမ်က ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ထိုအပြုအမူကို မြင်သောအခါ မေးလိုက်သည်။
"ဘာလို့ ဆက်မစားတာလဲ"
ရန်မေက တံတွေးမြိုချရင်း ဖြေလိုက်သည်။
"မောင်လေး... အမ... အမ ဗိုက်ဝသွားပြီ... ဒီပေါင်မုန့်ကို ချွေတာစားရင် နောက်ထပ်တစ်နပ်စာ ရသေးတယ်"
လင်းယွမ်က စိတ်ထဲမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ဤအမျိုးသမီးက အခြေအနေကို နားလည်ပြီး ဣန္ဒြေသိက္ခာရှိသူ ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိ၏ ဆန္ဒကို ထိန်းချုပ်နိုင်ခြင်းမှာ အလွန်ရှားပါးသော အရည်အချင်းပင်။
သူမ၏ သတိထားနေသော ပုံစံကို မြင်ရသဖြင့် လင်းယွမ်က ပြောလိုက်သည်။
"စားလိုက်ပါ... ကျွန်တော့်ဆီမှာ ပေါင်မုန့် ရှိပါသေးတယ်... အမက သွေးတွင်းသကြားဓာတ် နည်းနေတာ... သကြားဓာတ်ကို အချိန်မီ မဖြည့်တင်းရင် တစ်ခုခုဖြစ်သွားလိမ့်မယ်.. အဲဒီအခါကျရင်တော့ ကျွန်တော် ကယ်မှာမဟုတ်ဘူး"
ရန်မေ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး တွေဝေသွားသည်။ ပေါင်မုန့်ကို ချွေတာချင်သော်လည်း လင်းယွမ် ပြောသည့်အတိုင်း ဖြစ်လာမည်ကို ကြောက်မိသည်။
ဤအချိန်မှာသာ နေမကောင်းဖြစ်ခဲ့လျှင် တကယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပေလိမ့်မည်။
သူမ တွန့်ဆုတ်နေသည်ကို မြင်သောအခါ လင်းယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"စားဆို စားလိုက်လေ"
သူမ ဘာမှပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ ပေါင်မုန့်ထုပ်ကို ပြန်ဖွင့်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဖြည်းဖြည်းချင်း စားလေသည်။ ပေါင်မုန့် အစအနလေးများကို ပါးစပ်ထဲတွင် တံတွေးဖြင့် ပျော်ဝင်စေပြီး အရသာခံစားလေသည်။
ဖြူဖျော့နေသော သူမ၏ မျက်နှာပေါ်တွင် သွေးရောင်အနည်းငယ် လွှမ်းလာသည်။
လင်းယွမ်က သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်၊ အထူးသဖြင့် စုတ်ပြဲနေသော ခြေအိတ်ရှည်အောက်မှ ပေါ်လွင်နေသည့် ခြေသလုံးသားများကို ကြည့်ရှုနေမိသည်။ အစုတ်အပြဲများကြားမှ တစ်မျိုးတစ်ဖုံ လှပနေသည့် အလှတရားမျိုးပင်။
ရန်မေသည် ပေါင်မုန့်စားနေရင်း လင်းယွမ်၏ စူးစိုက်ကြည့်နေသော အကြည့်များကို ခံစားမိလာသည်။
သူမ ချက်ချင်းပင် ရှက်ရွံ့သွားပြီး ဒူးနှစ်ဖက်ကို စုစည်းကာ စကတ်တိုလေးကို အောက်သို့ ဆွဲချလိုက်သည်။
သို့သော် စကတ်က တိုလွန်းသလို သူမကလည်း တင်ပါးကြီးသူ ဖြစ်နေသောကြောင့် စုတ်ပြဲနေသော ခြေအိတ်များကို ဖုံးကွယ်၍ မရနိုင်ချေ။
လင်းယွမ်လည်း သတိပြန်ဝင်လာပြီး မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
"ဟိုဘက်က အိပ်ခန်းမှာ ဘယ်သူမှ မနေဘူး... အမ ညဘက်ကျရင် အဲဒီမှာ အိပ်လိုက်ပါ"
ရန်မေက ပျာပျာသလဲ ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချနိုင်သွားသည်။
အိမ်နီးချင်းအမျိုးသားတစ်ဦး၏ အိမ်ထဲသို့ ဝင်ရောက်ခိုလှုံခြင်းက မည်သို့သော ပေးဆပ်မှုမျိုး လိုအပ်သည်ကို သူမ ရိပ်စားမိပါသည်။
သို့သော် လင်းယွမ်က ထိုကိစ္စကို တိုက်ရိုက် မတောင်းဆိုခဲ့သည့်အတွက် သူမ စိတ်သက်သာရာ ရသွားခြင်းဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း လက်တွေ့တွင်မူ သူမ အဆင်သင့် မဖြစ်သေးပေ။
လင်းယွမ်က သူမကို ဂရုမစိုက်တော့ဘဲ ပိန်ခြောက်နေသော လောင်ထန်၏ အလောင်းကို ဧည့်ခန်းထဲသို့ ဆွဲယူလာသည်။
တော်သေးသည်မှာ သွေးအများစုက လှေကားခွင်တွင် ကျန်ခဲ့သည့်အတွက် အိမ်ထဲတွင် သိပ်ပေကျံမနေခြင်း ဖြစ်သည်။
ရန်မေသည် အလောင်းကို သယ်ယူနေသော လင်းယွမ်ကို ကြည့်ပြီး ထိတ်လန့်သွားကာ နံရံထောင့်သို့ ကပ်၍ ပါးစပ်ကိုအုပ်ထားမိသည်။
လင်းယွမ်က သူမကို လျစ်လျူရှုထားပြီး လောင်ထန်၏ အင်္ကျီကို လျင်မြန်စွာ ချွတ်လိုက်သည်။
လောင်ထန်မှာ အလွန်ပိန်ပြီး အရိုးပေါ်အရေတင် ဖြစ်နေပြီဖြစ်သည်။ ရင်ဘတ်တွင် လင်းယွမ် ထိုးဖောက်လိုက်သော အပေါက်ကြီးတစ်ခု ဖြစ်နေပြီး သွေးများဖြင့် ရဲရဲတောက်နေသည်။
လင်းယွမ်က အလောင်းကို သေသေချာချာ စစ်ဆေးကြည့်ရှုပြီး သာမန်လူနှင့် မတူသည့် အချက်များကို ရှာဖွေနေသည်။
"စနစ်က ငါ သန္ဓေပြောင်းလူသား တစ်ယောက်ကို သတ်လိုက်တယ်ဆိုပြီး အသိပေးချက် ပို့တယ်... သေချာတာကတော့ ဒီအလောင်းပဲ"
"ဒါပေမဲ့ ဘာလို့ ဒီတစ်ခါ ရမှတ် က ၂ မှတ်ပဲ ဖြစ်နေတာလဲ"
"သန္ဓေပြောင်းလူသား တစ်ယောက်နဲ့တစ်ယောက်... ရတဲ့ အမှတ် တန်ဖိုး မတူတာများလား"
လင်းယွမ်က စနစ် ဇယားကွက်ကို ကြည့်ရင်း တွေးတောနေမိသည်။
ယခင်သတ်ခဲ့သော လူနှစ်ယောက်တုန်းက ရမှတ် ၅ မှတ်စီ ရရှိခဲ့သည်။ သို့သော် လောင်ထန်ကို သတ်လိုက်သောအခါ ၂ မှတ်သာ ရရှိသည်။ ဘာများကွာခြားနေသနည်း။
တစ်ပတ်လည်အောင် စစ်ဆေးကြည့်သော်လည်း ထူးခြားမှု မတွေ့ရပေ။
ပုံစံကြည့်ရသည်မှာ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် အတူတူပင်ဖြစ်နေရာ စနစ် က ဘာကြောင့် သန္ဓေပြောင်းလူသားဟု သတ်မှတ်သနည်း။
"ခန္ဓာကိုယ် အတွင်းပိုင်းမှာများ အပြောင်းအလဲတွေ ဖြစ်နေတာလား"
လင်းယွမ်က စိတ်ထဲတွင် ခန့်မှန်းကြည့်မိသော်လည်း သူသည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ခန္ဓာဗေဒ သင်ဖူးသူ မဟုတ်ပေ။
လူသတ်ရတာ လွယ်ကူသော်လည်း အလောင်းကို ခွဲစိတ်စစ်ဆေးရန်မှာမူ အနည်းငယ် လွန်လွန်းနေသည်။
သူ့လိုလူအတွက်ပင် ထိုကိစ္စကို လက်ခံရန် ခက်ခဲလှသည်။
ဘေးနားရှိ ရန်မေက အလုပ်ရှုပ်နေသော လင်းယွမ်ကို ကြည့်ရင်း သူရပ်တန့်လိုက်သည်ကို မြင်သောအခါ ကြောက်ရွံ့မှုကို အောင့်အီး၍ မေးလိုက်သည်။
"နင်... နင် ဘာရှာနေတာလဲဟင်"
လင်းယွမ်က သူမကို တစ်ချက်ကြည့်ပြီး ပြန်မေးလိုက်သည်။
"လျှိုအားလုံ တို့အုပ်စုက အရင်ကနဲ့မတူဘဲ တစ်ခုခု ထူးခြားသွားတာမျိုး အမ သတိထားမိလား"
ရန်မေက ကြောင်သွားပြီး စဉ်းစားကာ တိုးတိုးလေး ဖြေသည်။
"သူတို့က ပိုပြီး ရက်စက်ကြမ်းကြုတ်လာသလိုပဲ... အရင်တုန်းကဆို လျှိုအားလုံ က လူသတ်ဖို့ လုံးဝရဲမှာ မဟုတ်ဘူး"
လင်းယွမ် ဘာမှပြန်မပြောတော့။ ၎င်းက သန္ဓေပြောင်းလဲမှုနှင့် မသက်ဆိုင်ချေ။
ယခုလို ကပ်ဘေးကာလကြီးတွင် စည်းမျဉ်းစည်းကမ်းများ ပျက်စီးပြီး လူတို့၏ ကိုယ်ကျင့်တရားများ နိမ့်ကျလာသည်။ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ဤလူတွေ ဘာမဆို လုပ်ကြမှာပဲလေ။
လင်းယွမ် ခေါင်းခါလိုက်ပြီး အလောင်းကို ဆွဲမကာ ဝရံတာမှ ပစ်ချရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
သူက တံခါးဝရှိ စင်ပေါ်မှ သံတစ်ချို့ကို ယူလိုက်ပြီး လောင်ထန်၏ အလောင်းထဲသို့ ထိုးထည့်လိုက်သည်။
"သန္ဓေပြောင်း သတ္တဝါတွေက ဒီအလောင်းကို စားရင်း သံတွေစူးပြီး သေသွားရင် ငါ အမှတ် ထပ်ရနိုင်တယ်"
ပြတင်းပေါက်မှ အလောင်းကို ပစ်ချလိုက်ပြီးနောက် လင်းယွမ်က လက်ဆေးကာ ရန်မေဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျွန်တော် ပင်ပန်းနေပြီ... အခန်းထဲသွားပြီး နားတော့မယ်... အမလည်း နားလိုက်တော့... မှတ်ထားနော်... ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူတံခါးလာခေါက်ခေါက် ဖွင့်မပေးရဘူး... မဟုတ်ရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့"
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
ရန်မေက အလျင်အမြန် ခေါင်းညိတ်ပြီး ကတိပေးလေသည်။
"မောင်လေး စိတ်ချပါ... အမ လုံးဝ တံခါးဖွင့်ပေးမှာ မဟုတ်ပါဘူး"
လင်းယွမ်က ဘာမှဆက်မပြောတော့ဘဲ အိမ်တံခါးမကြီးကို သွားရောက်လော့ခ်ချလိုက်သည်။ ထို့နောက် အိပ်ခန်းမကြီးထဲသို့ ဝင်ကာ တံခါးကို အတွင်းမှ ပိတ်လိုက်လေသည်။
သို့သော် သူ တကယ်အိပ်စက် အနားယူခြင်း မဟုတ်ပေ။ ဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ဧည့်ခန်းရှိ ကင်မရာနှင့် ချိတ်ဆက်လိုက်သည်။
ကင်မရာကို ကြိုတင်အားသွင်းထားခဲ့ပြီး ၁ ရက်မှ ၂ ရက်အထိ အလုပ်လုပ်နိုင်သည်။
သာမန်အချိန်တွင် လင်းယွမ် အသုံးပြုလေ့မရှိသော်လည်း စောစောကတည်းက ကင်မရာကို ကြိုတင်ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။
ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူက ကင်မရာမှတစ်ဆင့် ထိုအိမ်နီးချင်းအမျိုးသမီးကို စောင့်ကြည့် အကဲဖြတ်နေလေတော့သည်။
ဆက်ရန်...