← Chapters

အခန်း (၁၅-၁၆)

Vol. 1 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 1 Ch. 15-16

အပိုင်း (၁၅) နင့်အိမ်မှာ ဘယ်လိုလုပ် မီးလာနေတာလဲ

လင်းယွမ်က အိပ်ခန်းမကြီး၏ တံခါးကို ပိတ်လိုက်သည်ကို မြင်လိုက်ရမှသာ ရန်မေတစ်ယောက် စိတ်ကို အမှန်တကယ် လျှော့ချလိုက်နိုင်တော့၏။ ထို့နောက် နံရံကိုမှီလျက် ဖြည်းညှင်းစွာ ထိုင်ချလိုက်မိသည်။

သူမသည် ဘာကို တွေးတောနေမှန်းမသိဘဲ ခေတ္တမျှ ငေးငိုင်နေမိသည်။

ခဏအကြာတွင် သူမ ထရပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် မသွားရဲဘဲ တုံ့ဆိုင်းနေပြီးနောက် ရေချိုးခန်းဘက်သို့သာ ဦးတည်သွားလိုက်တော့၏။

လင်းယွမ်သည် ထိုနေရာမှ အခြေအနေကို မမြင်ရသော်လည်း ရေကျသံသဲ့သဲ့ကိုတော့ ကြားလိုက်ရသည်။

ရန်မေက အထဲတွင် ဆယ်မိနစ်ခန့် ကြာသွားသည်။ ဧည့်ခန်းထဲသို့ ပြန်ရောက်လာချိန်တွင် သူမလက်၌ ကြမ်းတိုက်အဝတ်တစ်ခု ပါလာ၏။

အိပ်ခန်းထဲမှနေ၍ စောင့်ကြည့်ကင်မရာ မှတစ်ဆင့် ကြည့်နေသော လင်းယွမ်မှာ မျက်ခုံးပင့်မိသွားသည်။

ရန်မေက ကျွမ်းကျင်သော ပုံစံဖြင့် ကြမ်းပြင်ပေါ်ရှိ သွေးကွက်များကို စတင် တိုက်ချွတ်ရှင်းလင်းတော့သည်။

သူမသည် လုပ်လိုက်နားလိုက် ဖြစ်နေရှာသည်။ ပေါင်မုန့်တစ်လုံးတည်းဖြင့် ဝမ်းမဝနိုင်သဖြင့် အားအင်ကုန်ခမ်းနေပုံရ၏။

သို့သော် သူမက ဇွဲမလျှော့ဘဲ ဧည့်ခန်းတစ်ခန်းလုံးကို ပြီးအောင်ရှင်းလင်းကာ စားပွဲခုံများကိုပါ ပြောင်စင်နေအောင် သုတ်သင်လိုက်သည်။

ဆိုဖာပေါ်တွင် ပုံနေသော ညစ်ပတ်နေသည့် အဝတ်များကိုလည်း ကူညီလျှော်ဖွပ် သိမ်းဆည်းပေးလိုက်သေးသည်။

တစ်နာရီခန့်အကြာတွင် အခန်းတစ်ခုလုံးမှာ သေသပ်သွားပြီး ပို၍ ကျယ်ဝန်းသန့်ရှင်းသွားသယောင် ထင်ရသည်။

သို့သော် သူမက စည်းစောင့်တတ်သည်။ လင်းယွမ် အသုံးပြုမည့် ပစ္စည်းများကို သူမ လုံးဝမထိရဲပေ။

ဥပမာ လင်းယွမ် ကိုယ်တိုင်လုပ်ထားသော လှံရှည်၊ ပြင်ဆင်ရေး ကိရိယာများနှင့် အထူးသဖြင့် သံရိုက်သေနတ် ကဲ့သို့သော အန္တရာယ်ရှိ ပစ္စည်းများဖြစ်သည်။

မီးဖိုချောင်ဘက်သို့လည်း သူမ အသိစိတ်ဖြင့် လုံးဝမကူးခဲ့ချေ။

ဧည့်ခန်းကို ရှင်းလင်းပြီးသွားမှ သူမ ခဏနားလိုက်ပြီး လင်းယွမ် ပေးထားသော ဒုတိယအိပ်ခန်းဆီသို့ ဝင်သွားလိုက်သည်။

ထိုအခန်းမှာ ကလေးခန်းအဖြစ် ပြင်ဆင်ထားခြင်းဖြစ်ပြီး အပေါ်ထပ်တွင် ကုတင်၊ အောက်ထပ်တွင် စာကြည့်စားပွဲပါသည့် ပုံစံမျိုးဖြစ်သည်။ ပြတင်းပေါက်ကိုမူ သစ်သားပြားဖြင့် လုံးဝပိတ်ထား၏။

ကုတင်အောက်ရှိ သစ်သားစားပွဲပေါ်တွင် စာအုပ်များ မရှိဘဲ ဝါယာကြိုးများ၊ ခဲဂဟေဆော်သည့် ကိရိယာများ၊ ခဲဂဟေချောင်းများနှင့် ဝက်အူလှည့်များသာ ပြည့်နှက်နေသည်။

ရန်မေက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သော်လည်း ဆရာလုပ်ပြီး ဝင်ရောက်မွှေနှောက်ခြင်း မပြုပေ။

ကုတင်ခေါင်းရင်းရှိ ဘီဒိုများမှာလည်း ဟာလာဟင်းလင်း ဖြစ်နေသည်။

ကုတင်ပေါ်တွင်တော့ မွေ့ရာနှင့် စောင်အသင့်ရှိနေသဖြင့် အခန်းကို အနည်းငယ် ရှင်းလင်းပြီးနောက် ပင်ပန်းနွမ်းနယ်စွာဖြင့် လှဲချလိုက်တော့သည်။

ကုတင်ပေါ်တွင် ခန္ဓာကိုယ်ကို ကွေးကွေးလေးနေရင်း ရန်မေက ကိုယ့်ပခုံးကိုယ် ဖက်ထားလိုက်မိသည်။ အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းနေသံကို နားထောင်ရင်း မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာပြန်သည်။

"ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲကွယ်..."

သူမ တိုးတိုးလေး ရေရွတ်ရင်းမှ အိပ်ချင်စိတ်ဝင်လာကာ မှေးခနဲ ပျော်သွားသည်။

မည်မျှကြာသွားမှန်း မသိ၊ သူမရုတ်တရက် လန့်နိုးလာခဲ့၏။

"အား..."

သူမ မသိစိတ်မှ အော်ဟစ်လိုက်မိပြီး လက်များလည်း ဆတ်ခနဲ တုန်သွားသည်။

အိပ်မက်ထဲတွင် လှေကားမှ ခြေချော်ကျသွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။

သူမ အိပ်မက်ဆိုး မက်ခဲ့ခြင်းဖြစ်သည်။ အိပ်မက်ထဲတွင် လီကျစ်ချန်က တံခါးဖွင့်ပေးလိုက်ပြီး လျှိုအားလုံတို့ကို အိမ်ထဲ ဖိတ်ခေါ်လိုက်သည်။

လျှိုအားလုံက လီကျစ်ချန်ကို ဘီစကွတ်တစ်ဖာ ပေးလိုက်ပြီး လီကျစ်ချန်က သူမကို ရောင်းစားလိုက်၏။

အိပ်မက်ထဲတွင် လျှိုအားလုံ၏ မျက်နှာကြီးက လူကို ဝါးစားတော့မတတ် ပြောင်လက်နေပြီး သူမကို ကုတင်ပေါ်သို့ တွန်းလှဲကာ အပေါ်မှ အုပ်မိုးလိုက်သည်။

သူမ အော်ဟစ် ရုန်းကန်သော်လည်း အားမရှိပေ။

အရေးကြီးသည့် အချိန်၌ပင် ရုတ်တရက် လှံသွားတစ်ခု ရောက်ရှိလာပြီး လျှိုအားလုံ၏ ရင်ဘတ်ကို ထိုးဖောက်သွားကာ သွေးများ ပန်းထွက်လာသည်။

ထိုအဖြစ်အပျက်ကြောင့် သူမ လန့်နိုးလာပြီး အော်ဟစ်လိုက်မိခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူမ မျက်လုံးပြူးကာ မျက်နှာကြက်ကို ကြောင်ငေးကြည့်နေမိပြီး အသိပြန်မဝင်သေးချေ။

ခဏအကြာမှ ဦးနှောက်က ကြည်လင်လာပြီး သူမ ကိုယ့်အိမ်မှာ ရှိမနေတော့ကြောင်း သတိပြုမိသွားသည်။

ဤကုတင်က သူမ အိပ်နေကျ ကုတင် မဟုတ်သလို၊ ရွံရှာဖွယ်ကောင်းသော လီကျစ်ချန် ဆိုသူလည်း ဤနေရာမှာ မရှိတော့ချေ။

သူမ စိတ်ထဲ ပေါ့ပါးသွားပြီး သက်ပြင်းချလိုက်မိသည်။

အိပ်မက်ထဲမှ လှံရှည်ပုံစံကို ပြန်တွေးမိမှ ခုနက လင်းယွမ် ကိုင်ခဲ့သည့် လှံမှန်း သူမ သတိရသွားသည်။

ရန်မေ၏ မျက်နှာက ထူးခြားသွားပြီး စိတ်ထဲတွင်လည်း ကြည်နူးသွားရ၏။

"မောင်လေးက လူဆိုး မဟုတ်ပါဘူး... လျှိုအားလုံတို့နဲ့ မတူဘူး... သူက ငါ့ကို စားစရာတောင် ချေးပေးဖူးတာပဲ"

စိတ်ထဲတွင် ထိုသို့ တွေးလိုက်ပြီး သူမ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။

ဗိုက်ထဲမှ ဆာလောင်မှုကို ခံစားလိုက်ရသဖြင့် တံတွေးတစ်ချက် မျိုချကာ အိပ်ခန်းတံခါး ဖွင့်ကြည့်လိုက်၏။

ဧည့်ခန်းထဲတွင် လူမရှိ၊ အိပ်ခန်းမကြီး တံခါးကလည်း ပိတ်ထားဆဲပင်။

သူမ သက်ပြင်းချလိုက်မိသည်။ အမှန်ဝန်ခံရလျှင် လင်းယွမ်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ သူမ မသိပေ။

လင်းယွမ် ရှိမနေခြင်းက သူမအတွက် စိတ်ပေါ့ပါးရာ ရသွားစေသည်။

ဧည့်ခန်းထဲသို့ ရောက်သောအခါ စားပွဲပေါ်မှ ခွက်ကိုယူပြီး မီးဖိုချောင်ထဲတွင် ရေသွားထည့်ရန် ပြင်လိုက်သည်။

သို့သော် မီးဖိုချောင်တံခါးဝသို့ ရောက်သောအခါ ခြေလှမ်းတုံ့သွားပြန်သည်။

"ဒါက သူ ထမင်းချက်တဲ့နေရာ... ငါ ဒီအတိုင်း ဝင်သွားရင် စားစရာ ခိုးစားတယ်လို့ ထင်သွားမလား မသိဘူး"

"ထားလိုက်ပါတော့... သူ နိုးမှပဲ ဝင်တော့မယ်"

ထိုသို့ တွေးလိုက်ပြီးနောက် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။ လသာဆောင် အပြင်ဘက်မှ မိုးလေပြင်းထန်နေမှုကို ငေးကြည့်နေလိုက်၏။

မှောင်မိုက်နေသော ကောင်းကင်ယံတွင် လျှပ်စီးများ လက်သွားတိုင်း ဖြူဖွေးနေသော မိုးရေစက်များနှင့် ရေလွှမ်းမိုးမှုအောက်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေသော တိုက်တာအဆောက်အအုံများကို ရေးရေးမျှ မြင်တွေ့နေရသည်။

ဂျိန်း...!

လျှပ်စီးလက်ပြီးနောက် မိုးခြိမ်းသံကြီး ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

ရန်မေမှာ ကြောက်လန့်တကြား တုန်လှုပ်သွားပြီး လက်လှမ်းမီရာ တစ်ခုခုကို ဆွဲယူလိုက်မိသည်။

ဆိုဖာပေါ်တွင် သူမ ခေါက်ထားသော လင်းယွမ်၏ အဝတ်အစားများသာ ရှိလေသည်။

သူမက တီရှပ်တစ်ထည်ကို ဆွဲယူကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသည်။

အမျိုးသားတစ်ယောက်၏ သဘာဝကိုယ်သင်းနံ့က နှာခေါင်းဝသို့ တိုးဝင်လာပြီးနောက် ထူးဆန်းစွာပင် သူမ စိတ်ထဲ လုံခြုံသလို ခံစားလိုက်ရသည်။

အသိစိတ် လွတ်သွားသကဲ့သို့ သူမက ထိုအင်္ကျီကို ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်မိ၏။

"ချမ်းလို့လား"

မှောင်မဲနေသော အခန်းထဲမှ လင်းယွမ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ရန်မေ လန့်ဖျပ်သွားပြီး ဆိုဖာပေါ်တွင် မတ်မတ်ထိုင်ကာ ကွေးကွေးလေး လုပ်နေလိုက်သည်။

လင်းယွမ်မှန်း သိလိုက်ရမှ သူမ သတိပြန်ဝင်လာပြီး "မောင်လေး... နိုး... နိုးလာပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြပြီး "အခု ဇွန်လဆိုတော့ ရာသီဥတုက သိပ်မအေးပါဘူး... အမ ချမ်းနေရင် နောက်မှ အခန်းထဲကို စောင်တစ်ထည် ထပ်ပို့ပေးမယ်" ဟု ပြောလိုက်သည်။

ရန်မေ ကြောင်သွားပြီး လက်ထဲမှ အင်္ကျီကို ငုံ့ကြည့်မိရာ မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားသည်။ အင်္ကျီကို အမြန် ပြန်ချလိုက်ပြီး "ဟင့်အင်း... မဟုတ်ပါဘူး... မအေးပါဘူး" ဟု ပြာပြာသလဲ ငြင်းလိုက်၏။

လင်းယွမ်က ဘာမှဆက်မပြောဘဲ မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။

"ဗိုက်ဆာပြီလား... အခု နေ့လယ် ၃ နာရီတောင် ထိုးနေပြီ... နေ့လယ်စာ မစားရသေးဘူးမလား"

ရန်မေလည်း အမြန်ထရပ်ကာ မီးဖိုချောင်သို့ အပြေးလိုက်သွားသည်။ လင်းယွမ်၏ နောက်မှလိုက်လာရင်း သူမ၏ ပြည့်ဖြိုးသော ရင်အစုံက လှုပ်ခါသွားသော်လည်း သူမ သတိမထားမိပေ။ လင်းယွမ်၏ အလိုကို လိုက်လျောလိုစွာဖြင့် "မောင်လေး... အစ်မ ချက်လိုက်မယ်လေ" ဟု ပြောလိုက်သည်။

လင်းယွမ်က မတားဆီးပေ။ ရေခဲသေတ္တာကို ဖွင့်ပြီး ရေခဲပျော်ပြီးသား အသားတစ်တုံးကို ထုတ်ပေးလိုက်သည်။

ရေခဲပျော်နေသော အသားတုံးကို မြင်လိုက်ရသောအခါ ရန်မေ၏ မျက်နှာတွင် အံ့သြမှင်သက်မှုများ အထင်းသား ပေါ်လာပြီး လင်းယွမ်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

"နင့်... နင့်အိမ်မှာ အသားတွေ ရှိနေသေးတာလား"

သူမ အံ့သြသည်မှာ မဆန်းပေ။ ရေကြီးသည်မှာ နှစ်ဝက်ကျော်ရှိပြီဖြစ်ပြီး မီးပျက်သည်မှာလည်း ကြာပြီဖြစ်သည်။ မည်သည့်အိမ်မှာ အသားလို ဟင်းချက်စရာမျိုး ရှိနိုင်တော့မည်နည်း။

ရှိရင်တောင် ပုပ်သိုးကုန်လောက်ချေပြီ။

ခုနလေးတင် လင်းယွမ်က လူသေအလောင်းကို လွှင့်ပစ်ခဲ့သည်ကို ပြန်တွေးမိပြီး သူမ မျက်နှာ ပျက်သွားသည်။ လင်းယွမ်ကို ကြောက်လန့်တကြား ကြည့်လိုက်မိ၏။

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာတွေးနေမှန်း သိလိုက်သည်။

"ဘာဖြစ်လို့လဲ"

"အစ်မ... ဘာမှ... ဘာမှမဖြစ်ပါဘူး"

ရန်မေမှာ ခြေထောက်များပင် ပျော့ခွေမတတ် ဖြစ်သွားပြီး မျက်ရည်များ ဝဲလာသည်။ ကြောက်လန့်လွန်း၍ ငိုချင်နေသော်လည်း အောင့်အီးသည်းခံထားရသည့် ပုံစံမျိုးဖြစ်သည်။

လင်းယွမ်က သူမဘက် လှည့်ကြည့်ပြီး "ဒါကို လူသားလို့ ထင်နေတာလား" ဟု မေးလိုက်သည်။

"မဟုတ်ပါဘူး... မထင်ပါဘူး"

သူမ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ခေါင်းကို အတင်းခါယမ်းကာ နံရံထောင့်သို့ ကပ်သွားလေသည်။

လင်းယွမ်က ပြုံးလိုက်သည်။ သူမကို ဆက်မခြောက်တော့ဘဲ ရေခဲပျော်ပြီးသား အာလူးနှစ်လုံးကို ထပ်ထုတ်လိုက်သည်။

"အမရဲ့ ညာဘက်ကို ကြည့်လိုက်"

ရန်မေ တုန်တုန်ယင်ယင်ဖြင့် ဘေးဘက်ကို အသာစောင်းငဲ့ ကြည့်လိုက်ရာ ကြောင်အသွားသည်။

သူမဘေးတွင် ဟောင်းနွမ်းနေသော ရေခဲသေတ္တာ တစ်လုံး ရှိနေသည်။

သူမ နားမလည်နိုင်ဖြစ်သွားသည်။ ရေခဲသေတ္တာက ဘာကြည့်စရာ ရှိလို့လဲ။

သို့သော် ရေခဲသေတ္တာထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ သူမ၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။

"ရေခဲတွေပါလား... နင့်ရဲ့... နင့်ရဲ့ ရေခဲသေတ္တာက သုံးလို့ရသေးတာလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နင့်အိမ်မှာ ဘယ်လိုလုပ် မီးလာနေတာလဲ"

ရန်မေမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။ လင်းယွမ်ကို ကြည့်လိုက်၊ ရေခဲသေတ္တာကို ကြည့်လိုက်နှင့် ထီပေါက်သကဲ့သို့ အံ့သြဝမ်းသာ ဖြစ်နေတော့သည်။

ဆက်ရန်...

အပိုင်း (၁၆) စေ့စပ်ချွေတာသော အိမ်အကူ

လင်းယွမ်က မီးဖိုချောင်အပြင်ဘက်ရှိ ဝရံတာကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။

"ကျွန်တော့်မှာ မီးစက်ရှိတယ်လေ"

ထိုစကားကြောင့် ရန်မေမှာ အံ့သြဝမ်းသာဖြစ်သွားပြီး မီးဖိုချောင်စားပွဲခုံကို ကွေ့ပတ်ကာ မြောက်ဘက်ဝရံတာဆီသို့ အပြေးသွားလေသည်။

လင်းယွမ်၏ တိုက်ခန်းမှာ တောင်ဘက်နှင့် မြောက်ဘက် ဝရံတာနှစ်ဖက်ပါသည့် ဖွဲ့စည်းပုံရှိပြီး အိမ်ရှေ့တွင် ဝရံတာတစ်ခု ပါရှိသကဲ့သို့ မီးဖိုချောင်အပြင်ဘက်၌လည်း ဝရံတာတစ်ခု ရှိနေသည်။

ရေခဲပုံး နှင့် မီးစက်ကို မီးဖိုချောင်အနောက်ဘက်ရှိ မြောက်ဘက်ဝရံတာတွင် ထားရှိပြီး ရေခဲသေတ္တာ ကိုမူ မီးဖိုချောင်ထဲတွင် ထားရှိသည်။

မီးစက်မောင်းနှင်သံ တဝုန်းဝုန်းကို ကြားလိုက်ရသောအခါ ရန်မေ၏ မျက်လုံးအစုံမှာ ပြူးကျယ်ဝိုင်းစက်သွားပြီး မျက်ဝန်းများ အရောင်တောက်လာသည်။ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။

"လျှပ်စစ်မီး... နင့်ဆီမှာ တကယ်ပဲ မီးရှိနေတာပဲ!"

"ကောင်းလိုက်တာ... တော်သေးတာပေါ့... အဟင့်... အဟင့်..."

သူမမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်ငိုကြွေးလေတော့သည်။

ရေကြီးပြီး ဒုတိယမြောက်နေ့ကတည်းက တစ်ရပ်ကွက်လုံး မီးပျက်သွားခဲ့ကြောင်း သိထားရမည်။

ထိုစဉ်က သူမအိမ်ရှိ ရေခဲသေတ္တာထဲတွင်လည်း အသားငါးများစွာ ရှိခဲ့သည်။ သို့သော် ဇွန်လရာသီဥတုက ပူပြင်းလှသဖြင့် မီးမလာသောအခါ ရေခဲသေတ္တာ အလုပ်မလုပ်တော့ဘဲ အစားအစာများကို သိုလှောင်ထား၍ မရတော့ပေ။

ထို့ကြောင့် ထိုအချိန်က ရေခဲသေတ္တာထဲမှ အစားအစာ အတော်များများ လေလွင့်ဆုံးရှုံးခဲ့ရသည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် သူမတို့မိသားစု ချွေတာစားသောက်ပါက ခြောက်လလောက်အထိ တောင့်ခံထားနိုင်ပေလိမ့်မည်။

ယခု လင်းယွမ်အိမ်တွင် မီးစက်ရှိနေသည်ကို မြင်လိုက်ရသောအခါ သူမ အံ့သြဝမ်းသာ ဖြစ်သွားသည်မှာ မဆန်းပေ။

ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လင်းယွမ်ဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မောင်လေး... နင်... နင့်မီးစက်က ဖုန်းအားသွင်းလို့ရလား... အစ်မဖုန်းက အားကုန်နေလို့... ဖုန်းအားသွင်းလို့ရရင် အပြင်ကို ဆက်သွယ်လို့ ရရင်ရမှာ... သက်ဆိုင်ရာကို ဆက်သွယ်လို့ ရလောက်တယ်..."

လင်းယွမ်က သူမ၏ စိတ်လှုပ်ရှားတက်ကြွနေပုံကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်သည်။

"မစဉ်းစားနဲ့... ကျွန်တော် စမ်းကြည့်ပြီးပြီ... အခုအချိန်မှာ အပြင်ကို ဆက်သွယ်ဖို့ မပြောနဲ့ အင်တာနက်တောင် သုံးမရဘူး... ရေဒီယိုလှိုင်းကလွဲရင် ကျန်တဲ့ ဆက်သွယ်ရေး ကိရိယာတွေ၊ အင်တာနက် ကွန်ရက်တွေ ဘာတစ်ခုမှ သုံးမရတော့ဘူး"

ရန်မေ၏ အပြုံးများ ချက်ချင်း အေးခဲသွားသည်။ သူမ မယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်မိသည်။

"မ... မဖြစ်နိုင်တာ... ရေကြီးတာပဲကို... ဘာလို့ ဖုန်းလိုင်းမမိရမှာလဲ... တာဝါတိုင်တွေက တိုက်တွေထက် မြင့်တာပဲဟာ... ပျက်စီးစရာ အကြောင်းမရှိပါဘူး"

သူမသည်လည်း အဆင့်မြင့်ပညာ တတ်မြောက်ထားသူဖြစ်ရာ ဖုန်းလိုင်းသည် တာဝါတိုင်မှ လာကြောင်း နားလည်ထားသည်။

လင်းယွမ်က စကားအများကြီး ပြောမနေတော့ဘဲ သူ့ဖုန်းကို သူမလက်ထဲ တန်းထည့်ပေးလိုက်သည်။

"ဖုန်းလိုင်းသာမိရင် ကျွန်တော် ရဲမခေါ်၊ သက်ဆိုင်ရာကို မဆက်သွယ်ဘဲ နေပါ့မလား... ကိုယ့်ဟာကိုယ်ပဲ ကြည့်တော့"

ရန်မေက ဖုန်းကို အလျင်အမြန် လှမ်းယူကြည့်လိုက်သည်။ လင်းယွမ်ဖုန်းမှာ ဘက်ထရီအပြည့် ဖြစ်သော်လည်း လိုင်းဆွဲအားပြသည့်နေရာ၌ လိုင်းတုံး တစ်တုံးမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။

ရန်မေမှာ စိတ်မထိန်းနိုင်တော့ဘဲ ထပ်ပြောလိုက်သည်။

"နင့်ဖုန်းက ပျက်နေတာရော မဖြစ်နိုင်ဘူးလား... နင့်မှာ တခြားဖုန်း ရှိသေးလား... အစ်မ ကြားဖူးတာတော့ ပန်းသီး ဖုန်းတွေက လိုင်းဆွဲအားညံ့တယ်တဲ့... နင့်မှာ အန်းဒရိုက် ဖုန်းရှိလား"

လင်းယွမ်မှာ ပြောစရာစကား မရှိတော့သဖြင့် နောက်ထပ် ဖုန်းတစ်လုံးကို ထုတ်ကာ ကမ်းပေးလိုက်သည်။

"ဒါက ရှောင်မီဖုန်း... အထဲမှာ ဆင်းကဒ်ပါတယ်... ကိုယ့်ဘာသာ ကြည့်ကြည့်"

ရန်မေမှာ အချိန်အတော်ကြာအောင် ကြိုးစားကြည့်သော်လည်း ဖုန်းလိုင်းလုံးဝ ရှာမတွေ့ပေ။

ထိုအခါမှ သူမတစ်ကိုယ်လုံး ကြောင်အမ်းကာ ငူငူငိုင်ငိုင် ဖြစ်သွားတော့သည်။

"ဒါ... ဘာတွေဖြစ်ကုန်တာလဲ... ဒီကမ္ဘာကြီး ဘာဖြစ်သွားတာလဲဟင်... အီးဟီး.. ဟီး..."

သူမ ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး မျက်နှာကိုအုပ်ကာ ငိုကြွေးလေတော့သည်။

လင်းယွမ်က ဖုန်းကို ပြန်ယူလိုက်ပြီး ပြောလိုက်သည်။

"ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ စိတ်ကူးလို့မရနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်နေပြီ... သာမန် ရေကြီးတာဆိုရင် ဖုန်းလိုင်း လုံးဝပြတ်သွားတဲ့အထိ မဖြစ်နိုင်ဘူး... အစိုးရဘက်ကလည်း ကယ်ဆယ်ရေး ဘာတစ်ခုမှ မလုပ်ပေးဘဲ မနေဘူး"

"ဒါပေမဲ့ အခု ခြောက်လတောင် ရှိနေပြီ... ဘာအစိုးရကယ်ဆယ်ရေးမှ မတွေ့ရသေးဘူး... ကျွန်တော့်မှာ ရေဒီယိုတစ်လုံး ရှိတယ်... အဲ့တာကို အမြဲနားထောင်နေပေမဲ့ ဘာကယ်ဆယ်ရေးသတင်း မှ မကြားရဘူး"

"ဖြည်းဖြည်းချင်းပဲ သည်းခံကျော်ဖြတ်ရမှာပဲ... ဒီမိုးကြီးက ဘယ်တော့မှ ရပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

ရန်မေ၏ ယုံကြည်ချက်များ ပြိုလဲပျက်စီးသွားရသည်။ လင်းယွမ် ပြောသည်များကို သူမ သိသော်လည်း လက်တွေ့တွင်မူ ဤခြောက်လတာ ကာလအတွင်း လူအများစုမှာ အစိုးရကယ်ဆယ်ရေး လာမည့်အပေါ် စိတ်ထဲမှ တိတ်တဆိတ် မျှော်လင့်နေမိဆဲ ဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်လ၊ နှစ်လ ကုန်ဆုံးသွားသောအခါ လူတိုင်း၏ စိတ်ထဲ၌ အမှန်တရားတစ်ခုကို တဖြည်းဖြည်း လက်ခံလာကြရသည်။

အစိုးရကယ်ဆယ်ရေးအဖွဲ့ လာချင်မှ လာတော့မည်။

သို့သော် စိတ်၏ အနက်ရှိုင်းဆုံးနေရာ၌ မျှော်လင့်ချက် ရောင်ခြည်သဲ့သဲ့တော့ ကျန်ရှိနေသေးသည်။

နိမ့်ကျသော လူတန်းစားများ ဖြစ်လေလေ ထိုမျှော်လင့်ချက်အပေါ် ပို၍ တွယ်ဖက်ထားလေလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အစိုးရကယ်ဆယ်ရေး ရောက်လာမှသာ သူတို့ အသက်ဆက်ရှင်နိုင်မည်ကို ရှင်းရှင်းလင်းလင်း သိနေကြသောကြောင့် ဖြစ်သည်။

ရန်မေသည် ထိုလူတန်းစားအုပ်စုထဲတွင် ပါဝင်လေသည်။

ယခု လင်းယွမ်၏ စကားများက သူမ၏ မျှော်လင့်ချက်ကို အပြီးတိုင် ရိုက်ချိုးဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားသည်။

လင်းယွမ်က သူမကို ဂရုမစိုက်တော့ဘဲ အာလူးအခွံ ခွာနေလိုက်သည်။

"အစ်မ စိတ်ကို ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ... ဒီကမ္ဘာကြီးက ပြောင်းလဲသွားပြီ... အရင်က တွေးခေါ်ခဲ့တဲ့ ပုံစံတွေကို မေ့ပစ်လိုက်တော့... အပြင်က လီကျစ်ချန် တို့ လျှိုအားလုံ တို့လို လူတွေက ကိုယ်ကျင့်တရား စည်းကမ်းဆိုတာတွေ လုံးဝမရှိတော့ဘူး"

"အချိန်ကြာလာတာနဲ့အမျှ စားစရာတွေ ရှားလာမယ်... အဲ့ကျရင် သူတို့တွေ ပိုပြီး ရူးသွပ်လာကြလိမ့်မယ်... တကယ်လို့ စားစရာ ရှာမရတော့ရင် သူတို့တွေ လူကိုပါ..."

လင်းယွမ်က စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။

သို့သော် ငိုကြွေးနေသော ရန်မေ၏ ကိုယ်ခန္ဓာမှာ တုန်ရီသွားသည်။ လင်းယွမ် ဆက်ပြောမည့်စကား၏ အဓိပ္ပာယ်ကို သူမ ကောင်းကောင်း နားလည်သည်။

တကယ်လို့ စားစရာ လုံးဝမရှိတော့ရင်... အဲဒီလူတွေက လူ အချင်းချင်း ပြန်စားကြလိမ့်မည်။

သူမ တုန်ရီစွာဖြင့် ပြောလိုက်သည်။ "မ... မဖြစ်နိုင်ပါဘူး... အိမ်ရာဝင်းရှေ့မှာ စူပါမားကတ်အသေးလေး ရှိတာပဲ... ရေပေါ်မှာ ပစ္စည်းအများကြီး မျောနေမှာပေါ့... သူတို့ သွားဆယ်လို့ ရပါတယ်... သူတို့... လူ... လူ..."

သူမ ထိုစကားလုံးကို ထုတ်မပြောရဲပေ။

လင်းယွမ်က ပြန်မပြောသော်လည်း စိတ်ထဲ၌ ရေထဲဆင်း၍ ပစ္စည်းဆယ်ယူမည့်ကိစ္စကို တွေးတောနေမိသည်။

သို့သော် အပြင်တွင် မိုးလေပြင်းထန်ပြီး ရေကြီးနေသည်။ မြေအောက်ကားပါကင်များနှင့် ရေဆိုးပိုက်လိုင်းများ နေရာအနှံ့ရှိရာ အချိန်မရွေး ရေအောက်ရေစီးကြောင်းများ ဖြစ်ပေါ်လာနိုင်သည်။

အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ရေအောက်သို့ ဆွဲယူခြင်း ခံရနိုင်သည်။

ထို့ပြင် ဤရေကြီးမှုသည် ပင်လယ်ရေ ဝင်ရောက်လာခြင်း ဖြစ်နိုင်ရာ ရေထဲ၌ အန္တရာယ်ရှိသော ပင်လယ်သတ္တဝါများ ပါလာနိုင်မလား။

တိုက်ခန်းပြတင်းပေါက်မှနေ၍ ပစ္စည်းဆယ်ယူသည်ဆိုလျှင် တော်သေးသည်။ သို့သော် တိုက်ထဲမှထွက်ပြီး အိမ်ရာဝင်းအရှေ့ရှိ စူပါမားကတ်အထိ သွားရောက်ပစ္စည်းဆယ်ယူမည် ဆိုပါက အန္တရာယ်မှာ မတူညီနိုင်တော့ပေ။

သို့သော်လည်း လမ်းဆုံးနေသော လူများအတွက်မူ နောက်ဆုံးတွင် ထိုလမ်းကို ရွေးချယ်ကြပေလိမ့်မည်။

လင်းယွမ်တွင်လည်း အစားအစာ သိပ်မကျန်တော့ပေ။ အကယ်၍ ရုတ်တရက် ပေါ်လာသော "စနစ်" သာ မရှိခဲ့လျှင် သူသည်လည်း ထိုလမ်းကို ရွေးချယ်ရကောင်း ရွေးချယ်ရနိုင်သည်။

ယခုမူ သူ့တွင် ရှင်းရှင်းလင်းလင်း မသိရသေးသော အရေးကြီးသည့် မေးခွန်းတစ်ခု ရှိနေသေးသည်။

"စနစ်" ပြောသော သန္ဓေပြောင်းသတ္တဝါတွေက ဘာကိုဆိုလိုသနည်း။

အပြင်ဘက်က ရေကြီးမှုကြီးနဲ့ ဆက်စပ်မှု ရှိနေသလော။

သန္ဓေပြောင်းသတ္တဝါတွေက ကိုယ့်ကို ဘယ်လိုအန္တရာယ်မျိုး ပေးနိုင်သနည်း။

ဒါတွေအားလုံးက သူ ထည့်သွင်းစဉ်းစားရမည့် မေးခွန်းများ ဖြစ်သည်။

ထို့ပြင် "စနစ်" ၏ မဲနှိုက်ခြင်းကလည်း ကျပန်းဖြစ်ရာ ကံမကောင်း၍ အစားအစာ လုံးဝ မပေါက်လျှင် ဘယ်လိုလုပ်မလဲ။

မဲနှိုက်ရန်အတွက်လည်း "အမှတ်" လိုအပ်ရာ သူ့တွင် အမှတ်ပုံမှန်ရနိုင်မည့် နည်းလမ်း မရှိသေးပေ။

လောလောဆယ် သိထားသည်မှာ ရေကြီးရေလျှံမှုထဲတွင် သန္ဓေပြောင်း ဆာဒင်းငါးများ ရှိနေသည်။

တိုက်အဆောက်အအုံထဲတွင်လည်း သန္ဓေပြောင်း လူသားများ ရှိနေသည်။

သို့သော် လင်းယွမ်အနေဖြင့် သန္ဓေပြောင်းလူသားနှင့် ပုံမှန်လူသား မည်သို့ကွာခြားသည်ကို မတွေ့ရှိရသေးပေ။

အာလူးဆေးကြောရင်း သူ ဤပြဿနာများကို တွေးတောနေမိသည်။

ထိုအချိန်တွင် ရန်မေ၏ လှုပ်ရှားနေသောစိတ်များ တဖြည်းဖြည်း ငြိမ်သက်သွားပြီ ဖြစ်သည်။

လင်းယွမ် အာလူးအခွံခွာနေသည်ကို မြင်သောအခါ သူမ မျက်ရည်သုတ်လျက် ဘေးနားသို့ အမြန်လျှောက်လာသည်။

"မောင်လေး... အဲ့လိုခွာရင် အလေအလွင့် များတယ်... အစ်မကိုပေး... အစ်မ လုပ်လိုက်မယ်"

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "စိတ်တည်ငြိမ်သွားပြီလား"

"တောင်း... တောင်းပန်ပါတယ်... အစ်မ မျှော်လင့်ချက်မဲ့လွန်းလို့ ဖြစ်သွားတာပါ" ဟု ရန်မေက ပြန်ဖြေသည်။

လင်းယွမ်က ခေါင်းငြိမ့်ပြပြီး အာလူးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။

"အခုအချိန်မှာ လူတိုင်း မျှော်လင့်ချက်မဲ့နေကြတာပဲလေ... ဒါပေမဲ့ ရှင်သန်ချင်စိတ်ကမှ လူ့ဗီဇအစစ်ပဲ... တကယ်တမ်း သေချင်တဲ့လူ သိပ်မရှိပါဘူး"

"ပြီးတော့ အခုလိုအချိန်မျိုးမှာ သေဖို့က လွယ်လွယ်လေး... အသက်ရှင်ဖို့သာ အရမ်းခက်တာ"

ရန်မေက တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူမက ဓားကိုကိုင်လျက် အာလူးအခွံကို ညင်သာစွာ ခွာလိုက်သည်။ အခွံခွာဓားကို မသုံးပေ။

သို့မှသာ အာလူးအသား လေလွင့်မှုကို အတတ်နိုင်ဆုံး လျှော့ချနိုင်မည် ဖြစ်သည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ပြီး ရန်မေ၏ စေ့စပ်ချွေတာသော အပြုအမူကို အလွန်သဘောကျသွားသည်။

သူက လက်လွတ်စံပယ် နေတတ်သူမို့ ဤမျှအသေးစိတ်ကျသော ချွေတာနည်းမျိုးကို မစဉ်းစားမိခဲ့ပေ။

ဆက်ရန်...

All Chapters