← Chapters

အခန်း (၁၉-၂၀)

Vol. 1 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 1 Ch. 19-20

အပိုင်း (၁၉) ရန်မေ၏ စိတ်လွန်ဆွဲခြင်း

ရေချိုးခန်းထဲတွင် လင်းယွမ်က မျက်နှာသစ်လိုက်ပြီးနောက် စိတ်ကို အတန်ငယ် ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။

"ငါ အရမ်းအောင့်ထားမိလို့လား..."

သူ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရင်း မျက်မှောင်ကြုတ်မိသည်။ အမှန်အတိုင်းပြောရလျှင် ရန်မေကို ခေါ်ယူစောင့်ရှောက်ထားခြင်းမှာ သူ၏ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ရည်ရွယ်ချက်ရှိနေ၍ပင် ဖြစ်သည်။

သို့သော် ဤအရာက တစ်ဖက်လူကို အတင်းအကျပ် အနိုင်ကျင့်လိုခြင်းမျိုးတော့ မဟုတ်ချေ။

သူမကသာ သဘောမတူပါက သူ အတင်းအဓမ္မ မလုပ်လိုပေ။ အနည်းဆုံးတော့ သူ၏ ကိုယ်ကျင့်တရားက ထိုအဆင့်ထိ ခွင့်မပြုသေးချေ။

"ဟူး... အမမေ က ဒီမှာနေဖို့ ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပဲ... ဘယ်လိုပေးဆပ်မှုမျိုး လုပ်ရမယ်ဆိုတာ သူ သိပြီးသားဖြစ်မှာပါ... အခုက သူ့စိတ်သူ မပြင်ဆင်ရသေးလို့နေလိမ့်မယ်"

"လောစရာမလိုဘူး... အချိန်တွေ အများကြီး ရှိသေးတယ်... ဒီလိုကိစ္စမျိုးက အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားလိမ့်မယ်"

သူ ခေါင်းကိုခါယမ်းကာ ဧည့်ခန်းထဲသို့ ပြန်ထွက်လာခဲ့သည်။ ဤကဲ့သို့ ကိစ္စမျိုးမှာ တိရစ္ဆာန်ကဲ့သို့ အဓမ္မပြုကျင့်ခြင်းမျိုးထက် နှစ်ဦးသဘောတူ ကြည်ဖြူစွာ ဖြစ်တည်လာခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ဤတိုက်ခန်းတွဲကြီးထဲတွင် တိရစ္ဆာန်နှင့်မခြားသော လူယုတ်မာများက များပြားလှပေပြီ။

မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရန်မေ မရှိတော့ချေ။

ပိတ်ထားသော အိပ်ခန်းလေး၏ တံခါးကိုကြည့်ကာ ဤမိန်းမမှာ ထိတ်လန့်သွားပုံရပြီး အခန်းထဲတွင် ငိုကြွေးနေလိမ့်မည်ဟု လင်းယွမ် ခန့်မှန်းလိုက်သည်။

သို့သော် သူ သွားရောက်နှစ်သိမ့်ရန် မရွေးချယ်ခဲ့ပေ။

ငိုပါစေဦးတော့... အနည်းဆုံးတော့ သူမ စားနေရသော အစားအသောက်များက အလကားရလာခြင်း မဟုတ်ကြောင်း သူမ သိရှိသွားစေရန်ဖြစ်သည်။

လင်းယွမ်သည် ဝရံတာဘက်သို့ ထွက်လာပြီး မှိန်ပျပျ အလင်းရောင်အောက်တွင် နေ့လယ်ခင်းအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို စတင်လိုက်သည်။

ပထမဆုံးအကြိမ်အနေဖြင့် ဒိုက်ထိုး အကြိမ် (၅၀၀)၊ ထို့နောက် ဘားခိုခြင်း ကို လုပ်ဆောင်သည်။

"တစ်... နှစ်..."

သူသည် အကြိမ်ရေကို ရေတွက်ရင်း အပြင်ဘက်ရှိ လျှိုအားလုံတို့လူစုကို မည်သို့ရင်ဆိုင်ရမည်နည်းဟု စဉ်းစားနေသည်။

လျှိုအားလုံတို့လူစုက ယခုကိစ္စကို ဤမျှနှင့် လက်လျှော့မည်မဟုတ်ဘဲ မကြာမီတွင် လက်တုံ့ပြန်မှုများ လာတော့မည်ကို သူ သိနေသည်။

သူတစ်ယောက်တည်းက အိမ်၏ တံခါးနှင့် ပြတင်းပေါက်များကို တစ်ချိန်လုံး စောင့်ကြည့်နေရန် မဖြစ်နိုင်ပေ။ သူ့တွင်လည်း အနားယူရန် အချိန်လိုအပ်သည်။

ဤသည်မှာလည်း ရန်မေကို သူ ခေါ်ထားရသည့် အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။

တစ်ယောက်တစ်လှည့် စောင့်ကြည့်မှသာ သူ အနားယူချိန် ရရှိနိုင်မည် ဖြစ်သည်။

မိနစ် (၃၀) မပြည့်မီ ဒိုက်ထိုး အကြိမ် (၅၀၀) ပြီးဆုံးသွားကာ သူ၏ တစ်ကိုယ်လုံးတွင် ချွေးများရွှဲနစ်နေပြီး လက်မောင်း၊ ပုခုံးနှင့် ရင်အုပ်ကြွက်သားများမှာ သွေးကြွကာ ဖောင်းကားတက်လာသည်။

ကံကောင်းသည်မှာ သူ့တွင် အစားအသောက် အလုံအလောက် ရှိနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤကဲ့သို့ ပြင်းထန်စွာ လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ကို သန်မာစေမည့်အစား ဒဏ်ဖြစ်သွားစေနိုင်သည်။

ခေတ္တမျှ အနားယူပြီး ရေနွေးအနည်းငယ် သောက်လိုက်ကာ ဘားခိုသည့် လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်သည်။

လင်းယွမ် လေ့ကျင့်ခန်းလုပ်နေစဉ် အိပ်ခန်းလေး၏ တံခါးက မည်သည့်အချိန်ကတည်းက ပွင့်ဟနေသည်မသိ။

ရန်မေသည် တံခါးအဟလေးမှတစ်ဆင့် ချွေးများရွှဲနစ်ကာ ကြွက်သားများ အဖုအထစ်ထွက်နေအောင် လေ့ကျင့်နေသော လင်းယွမ်ကို ကြည့်ရင်း အမှတ်မထင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။

"သူ... သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ..."

သူမ ရင်ထဲတွင် အံ့အားသင့်သွားရသည်။ မောင်လေးက ကြည့်လိုက်လျှင် သန့်သန့်ပြန့်ပြန့်နှင့် ပိန်ပိန်ပါးပါးလေးဟု ထင်ရသော်လည်း အဝတ်အစားများ ချွတ်လိုက်သည့်အခါတွင်မူ ဤမျှ တောင့်တင်းသော ကြွက်သားများ ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။

မီးဖိုချောင်ထဲတွင် ဖြစ်ပျက်ခဲ့သော ရင်ခုန်စရာ မြင်ကွင်းက သူမ၏ အာရုံထဲသို့ ပြန်လည်ဝင်ရောက်လာကာ ဖြူဝင်းသော ပါးပြင်လေးများမှာ နီမြန်းလာရပြန်သည်။

ရန်မေသည် ရှုပ်ထွေးသော စိတ်အစုံဖြင့် လင်းယွမ်ကို ကြည့်ရင်း သူ ဘာကြောင့် ထိုမျှအထိ စိတ်လှုပ်ရှားပြီး ဇွတ်အတင်းဖြစ်ခဲ့ရသနည်းဟူသည်ကို နားလည်သွားသကဲ့သို့ ရှိသည်။

လွန်ခဲ့သော နာရီဝက်ခန့်က အခန်းထဲတွင် သူမ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

လင်းယွမ်က သူမကို ခေါ်ယူစောင့်ရှောက်ထားပြီး အစားအသောက်များ ကျွေးမွေးနေခြင်းမှာ သူမဘက်မှ ဘာမှပေးဆပ်ရန် မလိုဘဲနှင့်တော့ မဖြစ်နိုင်ကြောင်း သူမ ကောင်းကောင်းနားလည်သည်။

အိမ်မှုကိစ္စလေး အနည်းငယ်လုပ်ပေးရုံဖြင့် တန်ဖိုးကြီးလှသော အစားအစာများကို ရရှိနိုင်မည်ဟု သူမ အပြစ်ကင်းစင်စွာ မတွေးဝံ့ပေ။

သူမ ပေးဆပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ... သူမ ကိုယ်တိုင်ပင် ဖြစ်သည်။

ခုနကမူ သူမ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးချိန်တွင် လင်းယွမ်က ရုတ်တရက် ဖက်လိုက်ခြင်းကြောင့် အလိုလို တုံ့ပြန်ခုခံမိသွားခြင်းသာ ဖြစ်သည်။

အခန်းထဲ ပြန်ရောက်သွားပြီးနောက် သူမ အမှန်တကယ် ကြောက်ရွံ့ကာ နောင်တရမိနေသည်။

တကယ်လို့ လင်းယွမ်က စိတ်ဆိုးပြီး သူမကို အပြင်သို့ မောင်းထုတ်လိုက်လျှင် ဘယ်လိုလုပ်မလဲ။

ထိုသို့ဆိုလျှင် သူမ သွားစရာ နေရာ လုံးဝမရှိတော့ချေ။

သူမကဲ့သို့ မိန်းမတစ်ဦး အပြင်လောကသို့ ရောက်သွားပါက မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုများ ခံရမည်ကို သူမ ကောင်းကောင်း သိထားသည်။

အိမ်နီးချင်း အမျိုးသမီးတစ်ဦး၏ ကြောက်မက်ဖွယ် ကံကြမ္မာဆိုးက ယခုတိုင် သူမ၏ အာရုံထဲတွင် ဖျောက်ဖျက်မရဘဲ ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ရွေးချယ်ခွင့်သာရှိပါက သူမအနေဖြင့် ယောက်ျားတစ်ယောက်တည်းကိုသာ ပြုစုစောင့်ရှောက်လိုပေသည်။

"အနည်းဆုံးတော့... မောင်လေးက ငါ့အပေါ် မဆိုးပါဘူး"

သူမ ငိုကြွေးလိုက်သဖြင့် ရှေ့ဆက်မတိုးတော့ဘဲ အရှိန်သတ်ပြီး စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်ကို တွေးမိသောအခါ လင်းယွမ်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

အခြားသူသာဆိုလျှင် ဤမျှအထိ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ သူက သူမကို လေးစားမှုရှိပြီး ရွေးချယ်ခွင့် ပေးခဲ့သည်။

သူမ စိတ်ကူးများ ယောင်ရက်ခတ်နေစဉ်မှာပင် လင်းယွမ်က လေ့ကျင့်ခန်း အကြိမ် (၃၀) ပြီးဆုံးသွားသည်။

ပုခုံးနှင့် ကျောပြင်ကြွက်သားများ နာကျင်လာသဖြင့် လင်းယွမ်က ကြွက်သားများကို နှိပ်နယ်နေသော်လည်း လက်လှမ်းမမီသဖြင့် နံရံထောင့်နှင့် ကပ်ကာ ပုခုံးကို ဆန့်ထုတ်နေရသည်။

ထိုအချိန်တွင် ရန်မေက သတ္တိမွေးကာ အခန်းထဲမှ ထွက်လာခဲ့သည်။

လှုပ်ရှားသံကြားသဖြင့် လင်းယွမ်က သူမကို လှမ်းကြည့်လိုက်သည်။

သူမက စုတ်ပြဲနေသော ခြေအိတ်ရှည်၊ သူမ၏ တင်ပါးအလှကို ပေါ်လွင်စေသော စကတ်တိုအနက်ရောင်နှင့် ရင်အုပ်အလှကို ပေါ်လွင်စေသော အင်္ကျီအဖြူရောင်တို့ကို ဝတ်ဆင်ထားဆဲဖြစ်ရာ ယခုတိုင် ရင်ခုန်စရာ ကောင်းနေဆဲပင်။

လင်းယွမ်က ဘာမှမပြောဘဲ လေ့ကျင့်ခန်းကိုသာ ဆက်လုပ်နေသည်။

ရန်မေမှာ အမှားတစ်ခုခု လုပ်မိသော ကလေးငယ်တစ်ဦးကဲ့သို့ စိတ်မလုံမလဲ ဖြစ်နေရှာသည်။ သူမက လင်းယွမ်၏ အနားသို့ တိုးကပ်သွားပြီး ဆိုဖာနောက်ဘက်မှနေကာ ခေါင်းငုံ့၍ ပြောလိုက်သည်။ "မောင်လေး... အစ်မ... အစ်မ တောင်းပန်ပါတယ်"

လင်းယွမ်က ချွေးများကို သုတ်လိုက်ရင်း သူမကို တစ်ချက်ကြည့်ကာ "တောင်းပန်စရာ မလိုပါဘူး... ဒါမျိုးက နှစ်ဦးသဘောတူမှ ဖြစ်ရမယ့် ကိစ္စပဲလေ"

ရန်မေက သူ့ကို မကြည့်ရဲဘဲ "အစ်မ... အစ်မ စိတ်ထဲက အဆင်သင့်မဖြစ်သေးလို့ပါ"

လင်းယွမ်က ခေါင်းညိတ်ပြရင်း "ကျွန်တော်လည်း စိတ်လောသွားတာ ပါပါတယ်... အိမ်ထဲမှာပဲ ခြောက်လလောက် ပိတ်မိနေတော့ စိတ်တွေက နည်းနည်း မွမ်းကြပ်နေတာ... ကျွန်တော်က တောင်းပန်ရမှာပါ"

သူ့အတွက် လိုအပ်သည်မှာ အဖော်တစ်ဦးဖြစ်ပြီး ကာမဆန္ဒဖြေဖျောက်ရန် ကိရိယာတစ်ခု မဟုတ်ပေ။

ထို့ကြောင့် သူ အတင်းအကျပ် မလုပ်လိုသလို ရန်မေကိုလည်း ဖိအားမပေးလိုချေ။

သူမ၏ ခန္ဓာကိုယ်ရော စိတ်ရော ရရှိရန်သာ သူ ရည်ရွယ်သည်။

လင်းယွမ်၏ စကားကြောင့် ရန်မေမှာ အတိုင်းအထက်အလွန် စိတ်လှုပ်ရှား ဝမ်းသာသွားရသည်။

လင်းယွမ်က ကြွက်သားများကို ဖြေလျှော့နေသည်ကို မြင်သောအခါ သူမက အမြန်ပြောလိုက်သည်။ "မောင်လေး... အစ်မ အရင်တုန်းက အနှိပ်ခန်း တွေမှာ အနှိပ်ခဏခဏ သွားခံဖူးတော့ အနှိပ်ပညာ အနည်းအကျဉ်း သိတယ်... အစ်မ နှိပ်ပေးမယ်လေ"

လင်းယွမ် မျက်ခုံးပင့်သွားပြီး စိတ်ဝင်တစားဖြင့် "အစ်မက ဒါတွေပါ တတ်တာလား"

ပြောပြောဆိုဆိုနှင့်ပင် သူ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

ရန်မေက ဆိုဖာနောက်ဘက်သို့ ပတ်သွားပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် သူ၏ ပုခုံးကြွက်သားများကို စတင်နှိပ်နယ်ပေးလေသည်။

နှိပ်ပေးရင်းနှင့်ပင် သူမက "ကျွမ်းကျင်တဲ့သူတွေ နှိပ်တာကို ကြည့်ရင်းနဲ့ နည်းနည်းပါးပါး တတ်ထားတာပါ... နာရင် အစ်မကို ပြောနော်"

လင်းယွမ်က ပြုံးလိုက်သည်။ နောက်ဘက်ရှိ အမျိုးသမီးထံမှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်ရင်း မျက်စိမှိတ်ကာ ဇိမ်ခံနေလိုက်သည်။ "ကျွန်တော့် ကြွက်သားတွေက အရမ်းတောင့်နေတာဆိုတော့ အားနည်းနည်း စိုက်နှိပ်ပေး"

"အင်းပါ..."

ရန်မေသည် မိမိကိုယ်မိမိ အသုံးဝင်သောနေရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဝမ်းသာအားရ ခေါင်းညိတ်ကာ အားစိုက်၍ နှိပ်ပေးလေသည်။

သန်မာတောင့်တင်းသော ကြွက်သားများကို ကိုယ်တိုင်ထိတွေ့လိုက်ရသည့်အခါ သူမ၏ မျက်နှာတွင် ရှက်သွေးဖြာကာ နီမြန်းလာရပြန်သည်။

ဤမျှ တောင့်တင်းသော ခန္ဓာကိုယ်မျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

သူမက စိတ်ကူးယဉ်မှုများကို အမြန်ဖျောက်ပစ်လိုက်ပြီး မေးလိုက်သည်။ "မောင်လေး... အခုလို အခြေအနေမျိုးမှာ စားစရာက သိပ်မရှိတာကို အားအင်တွေကို ချွေတာရမယ့်အစား ဘာလို့ နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေတာလဲဟင်"

လင်းယွမ်က အမျိုးသမီး၏ နူးညံ့သော လက်ကလေးများ၏ အထိအတွေ့ကို ဇိမ်ခံခံစားရင်း မျက်စိမှိတ်လျက် ပြန်ဖြေလိုက်သည်။ "အပြင်က အရူးတွေကို ကြည့်လိုက်ရင် အခုခေတ်ကြီးက ပြောင်းလဲသွားပြီဆိုတာ အစ်မ သိမှာပဲ"

"ဥပဒေနဲ့ ဒီလို လူ့တိရစ္ဆာန်တွေကို မထိန်းချုပ်နိုင်တော့ဘူး... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် တစ်ခုတည်းသော အရာက လက်သီးပဲ ရှိတော့တယ်"

"ခန္ဓာကိုယ်ကို သန်မာအောင် မလေ့ကျင့်ထားရင် ဒီလူတွေကို ဘယ်လို ပြန်တိုက်မလဲ"

ရန်မေသည် လင်းယွမ်၏ စကားကို ကြားသောအခါ လီကျစ်ချန်ကို ပြေးမြင်မိသည်။ သူသည် အိမ်ထဲ၌သာ ပုန်းအောင်းနေပြီး ဘာမှမလုပ်နိုင်သော လူညံ့တစ်ယောက် မဟုတ်ပါလား။

တစ်ဖန် လေ့ကျင့်ခန်း လုပ်ထားသည့် အခံရှိသော လျှိုအားလုံကို ကြည့်ပြန်လျှင်လည်း ခန္ဓာကိုယ် တောင့်တင်းသည်ကို အခွင့်ကောင်းယူကာ လူမိုက်တစ်စုကို စုစည်းပြီး ဤကဲ့သို့ အချိန်မျိုးတွင် မကောင်းမှုအဝဝကို ပြုလုပ်နေကြသည်။

သူမ လင်းယွမ်၏ အယူအဆကို ထောက်ခံမိသွားသည်။

တစ်ချိန်တည်းမှာပင် သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

လင်းယွမ်က သူမ သက်ပြင်းချသည်ကို ကြားသောအခါ ထူးဆန်းစွာ မေးလိုက်သည်။ "ဘာလို့ သက်ပြင်းချတာလဲ... ကျွန်တော် ပြောတာ မှားလို့လား"

ရန်မေက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းရင်း "မဟုတ်ပါဘူး မောင်လေး... မောင်လေးပြောတာ မှန်ပါတယ်... ဒီခေတ်ကြီးမှာ လက်သီးကို အားကိုးမှပဲ အသက်ရှင်နိုင်တော့မှာ"

"အစ်မက... အမတို့မိန်းမသားတွေက ဒီလိုကိစ္စမျိုးမှာ မွေးရာပါ အားနည်းသူတွေဖြစ်တော့ ယောက်ျားတွေလောက် မစွမ်းဆောင်နိုင်ဘူးလို့ တွေးမိလို့ပါ"

လင်းယွမ်က ပြန်ပြောလိုက်သည်။ "အေးချမ်းတဲ့ ခေတ်မှာတော့ ကျား၊ မ တန်းတူညီမျှရေးကို ပြောကြပေမဲ့... တကယ်တမ်း ကပ်ဘေးခေတ် ရောက်လာတဲ့အခါ အမျိုးသမီးတွေက အမျိုးသားတွေကိုပဲ မှီခိုကြရတယ်... ဒီနေရာမှာတော့ အစ်မတို့က အားနည်းချက်ဖြစ်နေတာ အမှန်ပဲ"

ရန်မေသည် ထိုစကားကို ကြားသောအခါ ရင်ထဲ၌ တစ်ခုခုကို ဆုံးဖြတ်လိုက်သကဲ့သို့ ရှိသည်။

ဟုတ်ပေသည်... အမျိုးသမီးတွေက ယခုလို အချိန်တွင် အားနည်းသူများသာဖြစ်ကြသည်။

သူမတွင် လှပသော ရုပ်ရည်နှင့် ခန္ဓာကိုယ် ရှိသည်။ ဤလိုအချိန်မျိုးတွင် အားကိုးထိုက်သည့် ယောက်ျားတစ်ယောက်ကို မရှာထားပါက မည်ကဲ့သို့ အသက်ရှင်နိုင်မည်နည်း။

လီကျစ်ချန်ကဲ့သို့ လူညံ့မျိုးက ကိုယ့်မိန်းမကိုပါ ရိက္ခာနဲ့ လဲစားနိုင်တဲ့သူဖြစ်သည့်အတွက် အားကိုး၍ မရပေ။

သို့သော် မောင်လေးကတော့ ထိုသို့မဟုတ်။ သူက သန်မာတောင့်တင်း၊ ငယ်ရွယ်ပြီး ရိက္ခာလည်း ရှိသည်။ အဓိကက စိတ်ထားလည်း မဆိုး၊ ထို့အပြင် သူမတို့က အိမ်နီးချင်းလည်း ဖြစ်ခဲ့သည်မဟုတ်ပါလား။

သူမ ဘာတွေကို စဉ်းစားရခက်နေရသနည်း။

သူမသည် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် စည်းရုံးလိုက်သည်။

အတန်ကြာသောအခါ သူမက ရှက်ရွံ့သော လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "မောင်လေး... မှောက်လိုက်လေ... အစ်မ ကျောကို နှိပ်ပေးမယ်"

လင်းယွမ်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်ခုံးပင့်သွားပြီး ပြုံးလိုက်လေတော့သည်။

ဆက်ရန်...

အပိုင်း (၂၀) ဝူဟွ၏ အကြံအစီ

"အစ်ကိုလုံ... ငါတို့ အခု ဘယ်လိုဆက်လုပ်မှာလဲ"

၂၈ ထပ်ရှိ ဧည့်ခန်းမဆောင်ထဲတွင် လျှိုအားလုံကို ဗဟိုပြုလျက် လူတစ်စု ဝိုင်းဖွဲ့ထိုင်နေကြသည်။

မေးခွန်းထုတ်လိုက်သူမှာ လျှိုအားလုံ၏ လက်ရုံးတပည့်ရင်း မော်ရှောင်ချင်း ဖြစ်သည်။

မော်ရှောင်ချင်းသည် ယခင်က အိမ်ရာဝင်း လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်သည်။ အသက် ၂၀ ကျော်အရွယ်သာ ရှိသေးသော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် လုံခြုံရေးအလုပ်ခွင်သို့ စောစီးစွာ ဝင်ရောက်ခဲ့သူ ဖြစ်သဖြင့် အခြားသူများထက် လုပ်သက်ရင့်ကာ အတွေ့အကြုံရှိသူဟု ဆိုရမည်။

ရေကြီးမှု မဖြစ်ပွားမီကတည်းက သူသည် လျှိုအားလုံ၏ ခြေရာနောက်သို့ ထပ်ကြပ်မကွာ လိုက်ခဲ့သူဖြစ်သည်။

ရေကြီးပြီးနောက်ပိုင်းတွင် လျှိုအားလုံ၏ ထူးကဲသော ခွန်အားဗလနှင့် တိုက်ရည်ခိုက်ရည်များကို မြင်တွေ့လိုက်ရသောအခါ သူသည် လျှိုအားလုံ၏ နောက်လိုက်အဖြစ် ပထမဆုံး ခံယူခဲ့သူ ဖြစ်လာသည်။

ထို့ကြောင့် ဤလုံခြုံရေးဝန်ထမ်းများက လျှိုအားလုံ၏ ယုံကြည်ရဆုံး လက်ရုံးတပည့်များ ဖြစ်လာကြသည်။ ၎င်းတို့သည် တိုက်ခန်းပိုင်ရှင်များ မဟုတ်ကြသည့်အတွက် လျှိုအားလုံအပေါ်တွင်သာ မှီခိုအားထားနေကြရသည်။

လက်ရှိအချိန်တွင် လျှိုအားလုံ၏ မျက်နှာထားမှာ ရေညှစ်ချ၍ရလောက်အောင် မည်းမှောင်နေလေသည်။ သူက ဘေးပတ်ဝန်းကျင်ရှိ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားကာ ပြောလိုက်သည်။

"အဲ့ကောင် လင်းယွမ်ဆီမှာ ဓာတ်ဆီရော၊ ဂက်စ်အိုးပါ ရှိနေမယ်လို့ ထင်မထားဘူး... ဒီတစ်ခါ ငါ ပေါ့ဆသွားလို့ငါ့ညီအစ်ကိုတွေကို အထိနာစေခဲ့မိပြီ"

"ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဒီကောင် အပြင်မထွက်ချင်ဘူးဆိုရင် သူ့ကို အပြင်ထွက်လာအောင် ဖိအားပေးမယ့် နည်းလမ်းတွေ ငါ့မှာ အများကြီးရှိပါသေးတယ်... လောလောဆယ် တခြားအထပ်တွေကို ဆက်ပြီး သိမ်းသွင်းကြတာပေါ့"

"အစ်ကိုလုံ... အစ်ကိုကျိုးရဲ့ မိန်းမနဲ့ကလေးကိုရော ဘယ်လိုလုပ်မလဲ" ဟု မော်ရှောင်ချင်းက မေးလိုက်သည်။

အစ်ကိုကျိုး ဆိုသည်မှာ စောစောက လှေကားထစ်တွင် လင်းယွမ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော လုံခြုံရေးဝန်ထမ်း ကျိုးကျားချောင်ပင် ဖြစ်သည်။

မူလက သူသည် အပေါ်ထပ်ရှိ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ခေါင်းမိုးထပ်တွင် ရေထမ်းခိုင်းရန် ကြီးကြပ်ရသူ ဖြစ်သည်။ ထို့အပြင် လီကျစ်ချန်၏အိမ်ကို စောင့်ကြည့်ရန်လည်း တာဝန်ယူထားသူဖြစ်ပြီး ယနေ့နံနက်က လီကျစ်ချန်၏ တံခါးကို သွားရောက်ကန်ကျောက်ခဲ့သူမှာလည်း သူပင်ဖြစ်သည်။

ကျိုးကျားချောင်သည် လုံခြုံရေးဝန်ထမ်း ဖြစ်သော်လည်း မော်ရှောင်ချင်းထက် အသက်ပိုကြီးပြီး အိမ်ထောင်ကျစောသူ ဖြစ်သည်။ မိန်တုဥယျာဉ်တွင် တိုက်ခန်းငှား၍ နေထိုင်သူဖြစ်သည်။

သူ့ဇနီးနှင့် ကလေးသည် ဤအဆောက်အအုံ၌ပင် နေထိုင်ကြသည်။ အိမ်ရာဝင်း လုံခြုံရေးဝန်ထမ်းဟူသော အကြောင်းပြချက်သာ မရှိပါက လျှိုအားလုံအနေဖြင့် မိသားစု ဝန်ထုပ်ဝန်ပိုးကြီးမားသော ဤလူကို လက်ခံထားလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုလူမှာ နံနက်ပိုင်းက လှေကားထစ်တွင် ပုန်းအောင်း၍ လင်းယွမ်ကို ချောင်းမြောင်းတိုက်ခိုက်စဉ် လင်းယွမ်၏ လှံချက်ဖြင့် လည်ပင်းပေါက်ကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လျှိုအားလုံက မော်ရှောင်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ မော်ရှောင်ချင်း၏ မျက်လုံးများ အရောင်လက်နေသည်ကို မြင်လိုက်ရသဖြင့် သူ သဘောပေါက်လိုက်သည်။

"အစ်ကိုကျိုးက ငါတို့နဲ့ လက်တွဲလာတဲ့ ညီအစ်ကိုအရင်းလို လူတွေပဲ... သူသေသွားပေမယ့် သူ့မိန်းမနဲ့ ကလေးကိုတော့ စောင့်ရှောက်မယ့်လူ လိုတယ်... သူနေတဲ့ အခန်းကို ရှောင်ချင်း... မင်းပဲ တာဝန်ယူလိုက်တော့"

"ရှောင်ချင်း... အစ်ကိုကျိုးရဲ့ မိသားစုကို သေချာ ဂရုစိုက်ပေးလိုက်နော်... ကြားလား"

မော်ရှောင်ချင်း ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး ကမန်းကတန်း ကတိပေးလေတော့သည်။

"အစ်ကိုလုံ စိတ်ချပါ... အစ်ကိုကျိုးရဲ့ မိန်းမနဲ့ကလေးကို ကျွန်တော် သေချာပေါက် စောင့်ရှောက်လိုက်ပါ့မယ်... ဟဲဟဲ"

ဘေးနားရှိ အခြားနောက်လိုက်တစ်ယောက်ကလည်း အလျင်အမြန် ဝင်ပြောသည်။

"အစ်ကိုလုံ... ၃၁ ထပ်က လှေကားထစ်မှာ မိန်းမနှစ်ယောက် ရှိတယ်လို့ ကြားတယ်... အဲဒါတွေကလည်း အစ်ကိုကျိုး သိမ်းထားတဲ့ မိန်းမတွေပဲ... သူတို့ကျတော့ရော ဘယ်လိုလုပ်မလဲ"

လျှိုအားလုံက မျက်ခုံးပင့်လိုက်ပြီး လက်ကာပြလိုက်သည်။

"မင်းတို့ပဲ ကြည့်ကျက် ခွဲဝေယူလိုက်ကြတော့"

"သိပြီ... သိပြီ..." ထိုလူက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်းပွတ်ကာ တဟဲဟဲ ရယ်မောလိုက်လေသည်။

အခြားနောက်လိုက်များ၏ မျက်နှာတွင်လည်း အပြုံးများ ကိုယ်စီ ဖြစ်ပေါ်လာကြသည်။

အစ်ကိုကျိုး သေဆုံးသွားခြင်းမှာ ဝမ်းနည်းစရာ ကောင်းသော်လည်း ၎င်းသေဆုံးသွားခြင်းက အစ်ကိုကျိုး ရရှိမည့် ရိက္ခာ ဝေစုကို အခြားသူများထံ ခွဲဝေရရှိနိုင်မည်ဟု အဓိပ္ပာယ်သက်ရောက်လေသည်။

ထို့ကြောင့် အစ်ကိုကျိုး၏ သေဆုံးမှုက သူတို့ကို ဝမ်းနည်းကြေကွဲစေခြင်း မရှိချေ။

မူလကတည်းက သူတို့အချင်းချင်း သိပ်ပြီး ရင်းနှီးကျွမ်းဝင်ကြသည် မဟုတ်ဘဲ လျှိုအားလုံ၏ တစ်သီးပုဂ္ဂလ စွမ်းဆောင်ရည်အောက်တွင်သာ စုစည်းထားကြခြင်း ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက် လုံခြုံရေးချင်း ဖြစ်သည့်တိုင် မော်ရှောင်ချင်းသည် အစ်ကိုကျိုးအပေါ် သံယောဇဉ် မရှိခဲ့ပေ။ နှစ်ယောက်သား တာဝန်ကျသည့် အချိန်မတူဘဲ အဆိုင်းချိန်းချိန်တွင် ခေါင်းညိတ်နှုတ်ဆက်ရုံသာ ရှိခဲ့သည်။

ထို့ပြင် ကျိုးကျားချောင်ဆိုသည့်လူက ခန္ဓာကိုယ် ထွားကြိုင်းသည်ကို အခွင့်ကောင်းယူကာ လျှိုအားလုံနှင့် ပေါင်းမိသွားပြီးနောက် အစားလည်း ပိုစားသလို၊ အိမ်နီးချင်း အမျိုးသမီးများကိုလည်း အတော်များများ သိမ်းပိုက်ထားခဲ့သည်။

ဖန်းမေချင်းနှင့် တင်းယန်တို့ကို သူတစ်ယောက်တည်း သိမ်းပိုက်ထားသဖြင့် မော်ရှောင်ချင်းက မကျေမနပ် ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

ယခု သူသေသွားသည်မှာ အတော်ပင် ကွက်တိဖြစ်သွားသည်။ မော်ရှောင်ချင်း၏ စိတ်ထဲတွင် ကျိုးကျားချောင်၏ ဇနီးနှင့် လှေကားထစ်မှ အိမ်နီးချင်း အမျိုးသမီးနှစ်ဦးကို တမ်းတမ်းစွဲ ဖြစ်နေလေသည်။

"နေဦး... ဝူဟွနဲ့ ကျန်းလီရော ဘယ်ရောက်နေလဲ"

လျှိုအားလုံက ရုတ်တရက် သတိရသွားပုံဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း မေးလိုက်သည်။

မော်ရှောင်ချင်းလည်း ခေါင်းကို ဟိုဒီလှည့်၍ ရှာဖွေကြည့်လိုက်ရင်း "ခုနလေးတင် ငါတို့အားလုံး အတူတူ ပြန်လာကြတာပဲ... ထူးဆန်းတယ်... ဘယ်ရောက်သွားကြပါလိမ့်"

စောစောက လင်းယွမ်၏ သွေးခွဲစကားများကြောင့် ဝူဟွနှင့် ကျန်းလီတို့နှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်ကို လျှိုအားလုံ သတိရလိုက်မိပြီး စိတ်ထဲတွင် မသင်္ကာ ဖြစ်သွားသည်။

"ချန်းဟူ... အားဝေ... မင်းတို့ သူတို့ကို တွေ့လိုက်သေးလား"

နာမည်ခေါ်ခံလိုက်ရသူ နှစ်ယောက်မှာ အတွေးလွန်နေကြရာမှ သတိဝင်လာကြသည်။

ချန်းဟူ ဆိုသူက ကမန်းကတန်း ဖြေသည်။ "အစ်ကိုလုံ... သူတို့နှစ်ယောက် အပြင်ထွက်သွားတာ ကျွန်တော် တွေ့လိုက်တယ်"

အားဝေက ချက်ချင်းပင် "ကျွန်တော် သွားခေါ်လိုက်ရမလား" ဟု မေးသည်။

"သွားခေါ်ခဲ့" လျှိုအားလုံက ချက်ချင်း အမိန့်ပေးလိုက်သည်။

အားဝေက တံခါးကို အမြန်ဖွင့်လိုက်ရာ အခန်းပြင်တွင် ဝူဟွနှင့် ကျန်းလီတို့နှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

တံခါးဖွင့်သံ ကြားသည်နှင့် သူတို့နှစ်ယောက် ပါးစပ်ပိတ်သွားကြပြီး သတိကြီးစွာဖြင့် လှည့်ကြည့်လာကြသည်။

အားဝေ ဖြစ်နေသည်ကို မြင်လိုက်ရမှ ဝူဟွက ပြုံးလိုက်ပြီး "အားဝေ... ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

အားဝေက သံသယအကြည့်ဖြင့် သူတို့နှစ်ယောက်ကို ကြည့်ကာ "အစ်ကိုလုံက မင်းတို့ကို ရှာနေတယ်... မင်းတို့က ဘာလို့ အပြင်ရောက်နေကြတာလဲ"

ဝူဟွက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ "အထဲမှာ လူတွေများတော့ မွန်းကြပ်လို့ လေကောင်းလေသန့် ထွက်ရှူနေတာပါ... အစ်ကိုလုံက ငါတို့ကို ဘာခိုင်းမလို့လဲ"

"မသိဘူး... အထဲ ဝင်လာခဲ့ဦး"

ဝူဟွနှင့် ကျန်းလီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အခန်းထဲသို့ ဝင်ခဲ့ကြသည်။

အခန်းထဲသို့ ရောက်သည်နှင့် လျှိုအားလုံအပါအဝင် လူအများက သူတို့ကို စူးစိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

ဝူဟွက မျက်လုံးအနည်းငယ် အရောင်လက်သွားပြီး ပြုံးလျက် မေးလိုက်သည်။

"အစ်ကိုလုံ... ကျွန်တော်တို့ကို ရှာနေတာလား"

"မင်းတို့ ဘာလုပ်နေကြတာလဲ" လျှိုအားလုံက ခံစားချက်မပါသော မျက်နှာသေဖြင့် မေးလိုက်သည်။

ဝူဟွက ပြုံး၍ ဖြေသည်။ "လေကောင်းလေသန့် ထွက်ရှူနေတာပါ"

"ငါ မင်းကို မမေးဘူး... ကျန်းလီ... မင်း ပြောစမ်း"

လျှိုအားလုံက ဝူဟွ၏ စကားကို ဖြတ်ပြောလိုက်သည်။ ဝူဟွဆိုသည့်ကောင်က ယခင်က ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ဦးဖြစ်သဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှု အားကောင်းပြီး လိမ်ညာပြောဆိုရာတွင် ပြင်စင်စရာမလိုလောက်အောင် ကျွမ်းကျင်သူဖြစ်ကြောင်း သူသိသည်။

ထိုစကားကို ကြားသောအခါ ကျန်းလီ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်ရိပ် သန်းသွားပြီး အနိုင်နိုင် ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။

"အစ်ကိုလုံ... ကျွန်တော်နဲ့ သူဌေးဝူက အပြင်မှာ လေထွက်ရှူနေကြတာပါ... ညီအစ်ကိုတွေ ရုတ်တရက် သေကုန်ကြတော့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်နေကြလို့ပါ"

လျှိုအားလုံက မျက်လုံးကို မှေးစင်းလိုက်သည်။

"ဟုတ်လား... ငါ့ဆီမှာ နေရတာ မွန်းကြပ်လို့လား... ဒါမှမဟုတ် ဟိုကောင် လင်းယွမ်ရဲ့ သွေးခွဲစကားကို နားထောင်ပြီး မင်းတို့ စိတ်ပြောင်းသွားကြတာလား"

"မ... မဟုတ်တာ... လုံးဝ မဟုတ်ပါဘူး... အစ်ကိုလုံသာ မရှိရင် ကျွန်တော် ကျန်းလီ တစ်ယောက် ငတ်သေနေတာ ကြာပါပြီ... စိတ်ချပါ... ဟိုကောင်က ကျွန်တော်တို့ကို တမင်သက်သက် သွေးထိုးနေမှန်း သိပါတယ်... ကျွန်တော်က ဘယ်လိုလုပ် အယုံလွယ်ပါ့မလဲ" ကျန်းလီက ကမန်းကတန်း ကျိန်တွယ် ပြောဆိုလေသည်။

လျှိုအားလုံက မဲ့ပြုံးပြုံးလိုက်ပြီး ဝူဟွဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဝူဟွ... မင်းက အရင်တုန်းက ကိုယ်ပိုင်စီးပွားရေး ထူထောင်ခဲ့တဲ့ သူဌေးတစ်ယောက်ဆိုတော့ အကြံဉာဏ်တွေ ရှိမယ်၊ စွန့်စားရဲမယ်ဆိုတာ ငါ သိတယ်... ဒါပေမဲ့ အဲဒီအရည်အချင်းတွေကို ငါ့အပေါ်မှာ လာသုံးမယ်ဆိုရင်တော့... ဟဲဟဲ... ငါ့ကို အပြစ်မတင်နဲ့နော်"

ဝူဟွ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "အစ်ကိုလုံကလည်းဗျာ... ဘယ်လိုတွေ ပြောနေတာလဲ... ကျွန်တော် ဝူဟွရဲ့ အသက်က အစ်ကိုလုံ ပိုင်တာပါ... ကျွန်တော်က အစ်ကိုလုံကို ဘယ်လိုလုပ် သစ္စာဖောက်ရဲမှာလဲ"

လျှိုအားလုံက ရုတ်တရက် စားပွဲခုံကို "ဝုန်း" ခနဲ ပုတ်လိုက်ပြီး သွားဖြဲလျက် ပြောလိုက်သည်။

"ပြောတာ ကောင်းတယ်ဟေ့... အဲဒီလိုဆိုရင် မင်းတို့နှစ်ယောက် ညနေကျရင် ငါနဲ့အတူ အပေါ်ထပ် ပြန်လိုက်ခဲ့... ဟိုကောင် လစ်တဲ့အချိန် တံခါးကို ဆက်ပြီး သွားဖျက်မယ်"

ထိုစကားဆုံးသည်နှင့် ဝူဟွနှင့် ကျန်းလီတို့၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။

နံနက်ပိုင်းက သူတို့လူနှစ်ယောက် မီးလောင်ကျွမ်းပြီး လူမီးတိုင် ဖြစ်သွားပုံနှင့် ထိုသူတို့၏ အော်ဟစ်ငိုယိုသံများမှာ ယခုထိတိုင် လှေကားထစ်များကြားတွင် ပဲ့တင်ထပ်နေသလို ခံစားနေရဆဲ ဖြစ်သည်။

ဒါက တံခါးသွားဖျက်ခိုင်းတာ မဟုတ်၊ သေလမ်းကို သွားခိုင်းနေတာ သက်သက်ပဲ မဟုတ်ပါလား။

ဝူဟွက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်ကိုလုံ... ဟိုကောင့်ဆီမှာ ဓာတ်ဆီရော ဂက်စ်အိုးရော ရှိနေတာ... သူ့ကို အကျပ်ကိုင်လိုက်ရင် ကျွန်တော်တို့အားလုံးနဲ့ အတူသေမယ်ဆိုပြီး လုပ်ချင်လုပ်မှာဗျ"

ကျန်းလီကလည်း ထိတ်လန့်စွာဖြင့် ဝင်ထောက်ခံသည်။ "ဟုတ်တယ် အစ်ကိုလုံ... ဒီကိစ္စကို သေချာ စဉ်းစားပြီးမှ လုပ်တာကောင်းမယ်"

လျှိုအားလုံက အေးစက်စက် ပြုံးလိုက်သည်။

"မင်းတို့က မသွားချင်ဘူးပေါ့ ဟုတ်လား... ဝူဟွ... ကျန်းလီ... ငါ့ဆီမှာ စားစရာက အကန့်အသတ်နဲ့ပဲ ရှိတာ... မင်းတို့က ငါ့နောက်လိုက်ပြီး အလုပ်မလုပ်ချင်ဘူး ဆိုရင်တော့ အလကားသက်သက် ထိုင်စားလို့ မရဘူးလေ... ငါပြောတာ ဟုတ်တယ်မလား"

ဝူဟွမှာ စိတ်ထဲတွင် အလွန်စိုးရိမ်ပူပန်သွားပြီး အတွေးများ အလျင်အမြန် တွေးတောနေမိသည်။ ရုတ်တရက် အကြံတစ်ခု ဝင်လာပြီး "အစ်ကိုလုံ... ကျွန်တော့်မှာ တခြားနည်းလမ်း ရှိတယ်... တံခါးကို အတင်းသွားဖျက်စရာ မလိုဘဲ အဲဒီကောင်ကို သေအောင် သတ်လို့ရမယ့် နည်းလမ်း"

လျှိုအားလုံက မျက်ခုံးပင့်လိုက်သည်။ "ဘယ်လိုနည်းလမ်းလဲ"

ဝူဟွက ဆက်ပြောသည်။ "ကျွန်တော်တို့ နံရံကို ဖျက်လို့ရတယ်လေ... သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်က လီကျစ်ချန်ရဲ့ အခန်း မဟုတ်လား"

"ကျွန်တော်တို့ လီကျစ်ချန်ရဲ့ အခန်းကို အရင်စီးနင်းလိုက်မယ်။ ပြီးတော့ အစ်ကိုလုံက ရန်မေကို စိတ်ဝင်စားနေတာဆိုတော့... ပိုအဆင်ပြေတာပေါ့... လီကျစ်ချန် အခန်းဘက်ကနေ နံရံကို အပေါက်ဖောက်ပြီး ဟိုကောင့်အခန်းထဲ တန်းဝင်လိုက်ရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်သလို ဖြစ်ပြီပေါ့"

ဝူဟွ၏ စကားကြောင့် လျှိုအားလုံ စဉ်းစားခန်း ဝင်သွားသည်။

လျှိုအားလုံ စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ဝူဟွက သံပူတုန်း ရိုက်နှက်သည့်အနေဖြင့် ဆက်ပြောလေသည်။

"အစ်ကိုလုံ... အခု ကျွန်တော်တို့ ဟိုကောင့်ကို ဘာမှလုပ်မရ ဖြစ်နေတာက သူ့အိမ်ရှေ့မှာ သံပန်းတံခါး တပ်ထားလို့ပဲ... အဲဒီ သံပန်းတံခါး ကြားထဲကနေ သူက ဓာတ်ဆီပက်မယ်၊ မီးရှို့မယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ ကာကွယ်လို့ မရဘူး"

"ဒါပေမဲ့ နံရံကို ဖျက်လိုက်မယ်ဆိုရင်တော့ နံရံပေါက်သွားတာနဲ့ အားလုံးဝိုင်းပြီး ဝင်စီးလိုက်ရုံပဲ... အဲဒီခါကျရင် ဟိုကောင် ဘာတတ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

"ပြီးတော့ လီကျစ်ချန်အိမ်မှာလည်း စားစရာတွေ ကျန်ရင် ကျန်ဦးမှာ... ဘာပဲဖြစ်ဖြစ် အခန်းတိုင်းကို ဝင်မွှေရမှာပဲဆိုတော့ လီကျစ်ချန်အခန်းကနေ အရင် စလိုက်တာ ပိုမကောင်းဘူးလား... အစ်ကိုလုံ ဘယ်လိုသဘောရလဲ"

သူ့စကားများက အကျိုးအကြောင်း ခိုင်လုံမှု ရှိနေသဖြင့် လျှိုအားလုံ အမှန်တကယ် စိတ်ဝင်စားသွားသည်။

ခေါင်းမာသည့် လင်းယွမ်နှင့် ယှဉ်လျှင် လူပျော့လူညံ့ လီကျစ်ချန်ကို ကိုင်တွယ်ရသည်မှာ ပိုလွယ်ကူပေလိမ့်မည်။

အဓိကအချက်မှာ ဝူဟွနှင့် ကျန်းလီကို တံခါးသွားဖျက်ခိုင်းလျှင်လည်း သေလမ်းသွားသလိုသာ ဖြစ်နေမည်။

အကယ်၍ လင်းယွမ်က သွေးခွဲစကား ထပ်ပြောလာလျှင် သူ့လက်အောက်ငယ်သားများကို ထိန်းချုပ်ရ ခက်ခဲသွားမည်ကိုလည်း လျှိုအားလုံ စိုးရိမ်မိသည်။

ထိုအချက်များကို တွေးမိပြီးနောက် သူ ရုတ်တရက် ဟားတိုက် ရယ်မောလိုက်ပြီး ကျန်လူများကို ပြောလိုက်သည်။

"ဟားဟားဟား... မင်းတို့ ကြည့်စမ်း... ဒီလိုမှပေါ့ကွ... သူဌေးဆိုတာ အလကား ဖြစ်လာတာမှ မဟုတ်တာ... သူ့ဦးနှောက်က ငါတို့အားလုံးထက် ပိုအလုပ်လုပ်တယ်ကွ"

"ဟုတ်ပြီ... ငါတို့ဝူဟွ ပြောတဲ့အတိုင်း လုပ်ကြတာပေါ့... လီကျစ်ချန်အခန်းကို အရင် ဝင်စီးကြမယ်"

လူအုပ်ကြီးက ဟစ်ကြွေးကြိုဆိုလိုက်ကြပြီး လက်သီးလက်မောင်းတန်းကာ အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်လိုက်ကြတော့သည်။

ဆက်ရန်...

All Chapters