← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း (၁)ရေဘေးအန္တရာယ်

"ဂျိန်း..."

မင်ရည်ကဲ့သို့ မည်းမှောင်အုပ်ဆိုင်းနေသော ကောင်းကင်ယံထက်တွင် လျှပ်စီးတန်းတစ်ခု ရုတ်တရက် ဖြတ်သန်းလက်ခနဲ ဖြစ်သွားသည်။

ဖြူဖပ်ဖြူရော် လျှပ်စီးအလင်းရောင်သည် ထက်မြက်လှသော ဓားတစ်စင်းအလား အမှောင်ထုကြီးကို ထိုးခွင်းလျက် မြေပြင်တစ်ခုလုံးကို လင်းထိန်သွားစေ၏။ ထိုခေတ္တမျှသော အလင်းရောင်အောက်တွင် မြင်လိုက်ရသည်မှာ အဆုံးအစမဲ့ ရေပြင်ကျယ်ကြီးနှင့် ထိုရေပြင်ထက်၌ ဟိုတစ်စ သည်တစ်စ ထိုးထွက်နေသော အဆောက်အအုံများသာ ဖြစ်သည်။

ယင်းအဆောက်အအုံများသည် ရေပြင်ကျယ်အလယ်တွင် အထီးကျန် ကျွန်းငယ်လေးများသဖွယ် ဖြစ်နေပြီး ရေအောက်မှ ကြီးမားလှသော အရိပ်မည်းကြီးများက တခါတရံ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ရှိနေတတ်သည်။

လျှပ်စီးလက်ပြီးသည်နှင့် သည်းထန်စွာ ရွာသွန်းနေသော မိုးကောင်းကင်ကြီးက အမှောင်ထုထဲသို့ ချက်ချင်း ပြန်လည်သက်ဆင်းသွားတော့သည်။

ဤနေရာသည် လင်ကျန်းမြို့၏ နည်းပညာမြင့်ဇုန်နယ်မြေဖြစ်သည်။

သည်းကြီးမည်းကြီး ရွာသွန်းနေသောမိုးက ရွာနေသည်မှာ နှစ်ဝက်ခန့်ပင် ကြာမြင့်နေပြီ ဖြစ်သည်။ လင်ကျန်းမြို့တစ်ခုလုံးသည်လည်း ရေအောက်သို့ လုံးဝ နစ်မြုပ်နေခဲ့ချေပြီ။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်အတူ လင်ကျန်းမြို့ရှိ အနိမ့်ပိုင်း အဆောက်အအုံများ ရေလွှမ်းမိုးမှုကို ခံလိုက်ရ၏။ ဆယ်ထပ်အောက်ရှိသော တိုက်တာအဆောက်အအုံ အများစုမှာ ရေအောက်ကြမ်းပြင်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ယခုအခါတွင် ဆယ်ထပ်အထက် အမြင့်ရှိသော တိုက်ခန်းများသာ ရေမျက်နှာပြင်အထက်တွင် မနည်း ရုန်းကန်ကျန်ရစ်နေကြခြင်း ဖြစ်သည်။

မိန်တုဥယျာဉ်အိမ်ရာ၊ အမှတ် (၆၆) တိုက်၏ အပေါ်ဆုံးထပ် ပြတင်းပေါက်ဘေးတွင် လူရိပ်တစ်ခုသည် ရာသီဥတု ဆိုးရွားနေသည့်ကြားမှ အပြင်ဘက်သို့ ငေးကြည့်နေသည်။

"နှစ်ဝက်တောင် ရှိသွားပြီပဲ..."

လင်းယွမ်တစ်ယောက် မျက်မှောင်ကြုတ်ထားသော်လည်း တစ်ဖက်တွင်မူ စိတ်သက်သာရာ ရနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤ (၃၂) ထပ် အမြင့်ရှိသောတိုက်၏ အပေါ်ဆုံးထပ် တိုက်ခန်းကို ဝယ်ယူထားခဲ့မိသောကြောင့် ဖြစ်သည်။

ဤအခန်းကို စဝယ်စဉ်က ခေါင်မိုးထပ် ရေယိုခြင်း၊ အပူဒဏ်လွန်ကဲခြင်း စသည့် ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုအချိန်က သူသည် အိမ်ရာစီမံခန့်ခွဲသူများနှင့် ဆောက်လုပ်ရေးကုမ္ပဏီထံ အခန်းလဲလှယ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ခဲ့ကြပေ။

ထိုစဉ်က သူ အမှန်တကယ် စိတ်ပျက်အားငယ်ခဲ့ရသည်။

ဘဝတစ်လျှောက်လုံး စုဆောင်းထားသမျှ ငွေကြေးအားလုံးကို ဤတိုက်ခန်းအတွက် ပုံအောသုံးစွဲခဲ့ရရုံသာမက ဘဏ်မှ ယွမ်တစ်သန်းကျော် ချေးငွေယူကာ အိမ်ကျွန်ဘဝသို့ ရောက်ခဲ့ရသည်။

ဤသို့ဖြင့် ချစ်သူကောင်မလေးနှင့် လက်ထပ်နိုင်မည်ဟု ထင်မှတ်ခဲ့မိသော်လည်း သူမကမူ ဤတိုက်ခန်းသို့ ပြောင်းလာပြီး သုံးရက်မပြည့်ခင်မှာပင် သူ့ကို ဆယ်ကြိမ်မက ရန်ရှာခဲ့လေသည်။ အပေါ်ယံ အကြောင်းပြချက်မှာ အခန်းကို သဘောမကျခြင်း ဖြစ်သော်လည်း အတွင်းကျကျ အကြောင်းရင်းမှာမူ ယွမ်တစ်သန်းကျော်ရှိသော အခန်းကြွေးသံသရာကို သူနှင့်အတူ ပူးတွဲမဆပ်လိုခြင်းကြောင့် ဖြစ်သည်။

လော်ယွမ့်အတွက် သည်းခံနိုင်စွမ်း ကုန်ဆုံးစေခဲ့သော နောက်ဆုံး ကောက်ရိုးတစ်မျှင်မှာမူ ကောင်မလေး၏ မိခင်က တောင်းဆိုလာသော ယွမ်သုံးသိန်း တင်တောင်းငွေပင် ဖြစ်သည်။

လင်ကျန်းမြို့သည် ကျန်းနန်ဒေသတွင် ပါဝင်သဖြင့် တင်တောင်းငွေ ယွမ်တစ်သိန်းဆိုလျှင်ပင် မနည်းလှပေ။ သို့သော် သူမ၏ မိခင်က ပါးစပ်ဟသည်နှင့် ယွမ်သုံးသိန်းဟု တောင်းဆိုလိုက်ခြင်းက သူ့ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားကာ ချစ်သူနှင့် အကြီးအကျယ် စကားများခဲ့ကြသည်။

နောက်မှ သိလိုက်ရသည်မှာ ကောင်မလေး၏ မောင်ဖြစ်သူမှာ ကျောင်းပြီးစ ဖြစ်ပြီး ရည်းစားရနေခြင်းကြောင့် ဖြစ်သည်။ ထိုမောင်ဖြစ်သူ၏ ရည်းစားမှာ တင်တောင်းငွေဈေးကြီးသည်ဟု နာမည်ကြီးသော အာခါရင်(ကျင်းရှီ)ပြည်နယ်မှ ဖြစ်နေပြန်သည်။ သို့သော် လင်းယွမ် မထင်မှတ်ထားသည်မှာ သူမ၏မောင် မိန်းမယူရန်အတွက် တင်တောင်းငွေကို သူ့ခေါင်းပေါ်သို့ ပုံချလာခြင်းပင်။

ဘာမှဆက်မပြောချင်တော့သဖြင့် လင်းယွမ် ပြတ်ပြတ်သားသားပင် လမ်းခွဲလိုက်သည်။ ထိုကဲ့သို့ မိသားစု၊ ထိုကဲ့သို့ မိန်းမမျိုးကို လိုချင်သူသာ ယူသွားပါစေတော့။

ယွမ်သုံးသိန်းဆိုလျှင် ဘဏ်ထဲထည့်ထားပါက တစ်နှစ်လျှင် အတိုးငွေ တစ်သောင်းနီးပါး ရနိုင်သေးသည်။ မထင်မှတ်ထားသည်မှာ မေလတွင် လမ်းခွဲပြီးနောက် ဇွန်လတွင် လင်ကျန်းမြို့သည် မိုးရာသီသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင်မူ မိုးနတ်မင်းကြီး ရူးသွပ်သွားသကဲ့သို့ပင် ဤမိုးကြီးသည် တစ်ဆက်တည်း နှစ်ဝက်တိုင်တိုင် မရပ်မနား ရွာသွန်းတော့သည်။

အစပိုင်း တစ်လတွင် မည်သူမှ သိပ်ဂရုမစိုက်ကြသေးပေ။ ယခုနှစ် မိုးရာသီက မိုးများလွန်းသည်ဟုသာ ထင်မှတ်ခဲ့ကြသည်။

သို့သော် မကြာမီ သတင်းများတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး လူသေဆုံးမှုများ ရှိလာကြောင်း ကြေညာလာသည်။ လင်ကျန်းမြို့တွင် ထိုစဉ်က အန္တရာယ် မကျရောက်သေးသဖြင့် လူတိုင်းက သတင်းတစ်ခု အနေဖြင့်သာ ကြည့်ရှုခဲ့ကြပြီး ပုံမှန်အတိုင်း အလုပ်သွားမြဲ သွားနေခဲ့ကြသည်။

ဒုတိယမြောက်လ ရောက်သောအခါ မိုးသည်းထန်စွာ ရွာသွန်းမှု မရပ်တန့်သည့်အပြင် လင်ကျန်းမြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပြီး ပင်လယ်ရေများပါ ဝင်ရောက်လာတော့သည်။ ထိုအခါမှ မြို့တစ်မြို့လုံး ထိတ်လန့်သွားကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ကြသည်။

လင်းယွမ်နေထိုင်ရာ မိန်တုဥယျာဉ်အိမ်ရာ၏ မြေညီထပ်ရှိ ကားပါကင်များ အားလုံး ရေမြုပ်ကုန်သဖြင့် မြေညီထပ် ဝယ်ထားသူများ ကြောက်လန့်တကြားဖြင့် အပေါ်ထပ် အိမ်နီးချင်းများထံ ခိုလှုံကြရသည်။

အစပိုင်းတွင် အဆင်ပြေသော်လည်း မိုးက တစ်ပတ်လုံးလုံး ဆက်ရွာပြီး ဒုတိယထပ်ပါ ရေမြုပ်လာသောအခါ လူတိုင်း ထိတ်လန့်ကုန်ကြသည်။ နေစရာမရှိသူများ အပေါ်ထပ်သို့ တိုးဝှေ့တက်လာကြပြီး တစ်လကျော်ကြာ ရိက္ခာမဝယ်ယူနိုင်တော့သဖြင့် လူတိုင်း စိုးရိမ်ပူပန်လာကြသည်။

ထိုစဉ်မှာပင် ရေလွှမ်းမိုးမှုထဲ၌ ပင်လယ်သတ္တဝါများ ပါဝင်လာကြောင်း သတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။ ထို့အပြင် တစ်ခါဖူးမျှ မမြင်ဖူးသော သန္ဓေပြောင်း သတ္တဝါဆန်းများပါ ပါဝင်နေခြင်းဖြစ်သည်။

ဤသတင်းက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး မဟာရေလွှမ်းမိုးခြင်းခေတ်ကာလသို့ တရားဝင် ရောက်ရှိသွားတော့သည်။

နှစ်ဝက်ကြာပြီးနောက်တွင် မိန်တုဥယျာဉ်အိမ်ရာ၏ ဆယ်ထပ်အောက် အခန်းများအားလုံး ရေမြုပ်သွားပြီ ဖြစ်သည်။ အတက်အဆင်းလှေကားနှင့် စင်္ကြံလမ်းများတွင် ယာယီတဲများဖြင့် ပြည့်နှက်နေသည်။

ဆယ်ထပ်အထက်ရှိ အခန်းပိုင်ရှင်များက တံခါးများကို အလုံပိတ်ထားကြပြီး မည်သူ့ကိုမျှ လက်ခံခြင်း မပြုရဲကြတော့ပေ။ လင်းယွမ်လည်း ထိုနည်းတူပင်။ အကြောင်းမှာ လွန်ခဲ့သော နှစ်လက ကိုးထပ်မှ အခန်းပိုင်ရှင်တစ်ဦးသည် လူတစ်စုကို လက်ခံပေးခဲ့ဖူးသည်။ နောက်တစ်နေ့တွင်မူ အခန်းပိုင်ရှင်မိသားစုတစ်ခုလုံး၏ အလောင်းများ ရေပြင်ပေါ်တွင် ပေါ်လာပြီး ဝရန်တာရှိ အဝတ်လှန်းကြိုးနှင့် ငြိကာ ပုပ်ပွနေသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ထိုသတင်းသည် အိမ်ရာနေထိုင်သူများ၏ "ဂရုချက်" တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် မည်သူကမျှ ပြင်ပလူကို လက်မခံရဲကြတော့ပေ။ ထို့ပြင် ကိုယ်ပိုင်ရိက္ခာများ ကုန်ခါနီးပြီဖြစ်၍လည်း အခြားသူကို လက်ခံနိုင်စွမ်း မရှိကြတော့ခြင်းလည်း ဖြစ်သည်။

(ဂရုချက် = Group Chat)

လင်းယွမ်သည် အခြေအနေ မကောင်းသည်ကို ရိပ်စားမိသဖြင့် မိုသည်းထန်စွာရွာသည့် ပထမလမှာပင် အစားအသောက် အများအပြားကို ကြိုတင်လုယက် ဝယ်ယူထားနိုင်ခဲ့သဖြင့် ယခုထိ တောင့်ခံထားနိုင်ခြင်းအပေါ် အကြိမ်ကြိမ် ကျေးဇူးတင်မိသည်။

သူသည် ပြတင်းပေါက်ဘေးတွင် ရပ်လျက် နောက်ဆုံးကျန်သော သစ်သားပြားတစ်ချပ်ကို ကောက်ယူကာ အပေါ်ထပ်မှ တစ်စုံတစ်ယောက် ဆင်းလာမည်ကို ကာကွယ်ရန် ပြတင်းပေါက်ကို အသေရိုက်ပိတ်လိုက်သည်။

ထို့နောက် လက်ပတ်နာရီကို ကြည့်လိုက်ရာ နံနက် (၉) နာရီ (၁၈) မိနစ် ရှိနေပြီကို တွေ့လိုက်ရသည်။ ဤအချိန်ဆိုလျှင် မိုးလင်းနေသင့်ပြီ ဖြစ်သော်လည်း အပြင်ဘက်တွင်မူ အမှောင်ထုသာ ကြီးစိုးနေပြီး အလင်းရောင် တစ်စက်မျှ မမြင်ရချေ။

"ဟူး... ဒီမိုးက ဘယ်တော့များမှ တိတ်မှာပါလိမ့်..."

လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မိုးဆက်ရွာနေပါက တစ်နေ့တွင် သူ့အိမ်ရှိရာ (၃၂) ထပ်အထိပါ ရေလွှမ်းမိုးလာမည်ကို စိုးရိမ်မိသည်။

"ဒုန်း... ဒုန်း... ဒုန်း..."

ရုတ်တရက် အခန်းတံခါးအပြင်ဘက်မှ ပြင်းထန်သော ထုရိုက်သံများ ထွက်ပေါ်လာသည်။

လော်ယွမ့်မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး စားပွဲပေါ်ရှိ သံရိုက်သေနတ်ကို ကောက်ကိုင်ကာ တံခါးပေါက်ဆီသို့ ပြေးသွားလိုက်သည်။ တံခါးရှိ ချောင်းကြည့်ပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ တံခါးကို ဝင်တိုက်နေသော လူလတ်ပိုင်းအရွယ် သုံးဦးကို တွေ့လိုက်ရသည်။

ထိုလူများကို သူ သိသည်။ (၉) ထပ်မှ အိမ်ရှင်များဖြစ်ပြီး ယခင်က အိမ်ရာဝင်းထဲတွင် မကြာခဏ ဆုံဖူးကာ ခေါင်းငြိမ့်နှုတ်ဆက်ဖူးသူများ ဖြစ်သည်။ ထိုသူများသည် အိမ်ရာဝင်း၏ အပြေးအားကစားအဖွဲ့ဝင်များဖြစ်ဟန်တူပြီး နှစ်ရှည်လများ လေ့ကျင့်ခန်း လုပ်ထားသူများပီပီ ခန္ဓာကိုယ်ကြံ့ခိုင်မှု မညံ့ဖျင်းလှပေ။

မဟာရေလွှမ်းမိုးကပ်ဘေး ကျရောက်ပြီး နှစ်ဝက်အကြာတွင် ယခင်က အိမ်နီးချင်းကောင်းများသည် လူရေခြုံထားသော မိစ္ဆာကောင်များ ဖြစ်ကုန်ကြပြီ ဖြစ်သည်။ ယခု သူ့ရှေ့မှ လူသုံးယောက်သည်လည်း ထိုအမျိုးအစားပင် ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သူ လူလတ်ပိုင်းအမျိုးသားက မီးသတ်ပုဆိန်ကို ကိုင်ဆောင်ထားပြီး "တံခါးဖွင့်စမ်း... တံခါးအမြန်ဖွင့်စမ်း" ဟု အော်ဟစ်ဆဲဆိုနေသည်။

"ဒုန်း... ဒုန်း... ဒုန်း..."

ပုဆိန်ဖြင့် တံခါးကို ထုရိုက်လိုက်သဖြင့် ကျယ်လောင်သော အသံကြီးများ ပေါ်ထွက်လာသည်။

လင်းယွမ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ တံခါးရှိ ချောင်းကြည့်ပေါက်မှမှတစ်ဆင့် ချိန်ရွယ်ကာ သံရိုက်သေနတ်ဖြင့် ပစ်ထည့်လိုက်သည်။

"ဖောင်း..."

သံရိုက်သေနတ်မှ သံချောင်းတစ်ချောင်း အရှိန်ပြင်းစွာ ပစ်ထွက်သွားပြီး...

"အား..."

အပြင်ဘက်မှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"အား... အစ်ကိုဝူ..." "အမြန်...အမြန်ပြေး... သူ့မှာ လက်နက်ရှိတယ်..."

ထို့နောက် ကသုတ်ကရက် ပြေးလွှားသံများ ကြားလိုက်ရသည်။

လင်းယွမ်သည် တံခါးနောက်တွင် ခေတ္တရပ်ကာ နားစွင့်နေလိုက်သည်။ စိတ်မချသေးသဖြင့် ဖိနပ်စင်ပေါ်မှ မှန်တစ်ချပ်ကို ယူလိုက်ပြီး ချောင်းကြည့်ပေါက်ကို တိုက်ရိုက်မကြည့်ဘဲ မှန်ထောင်ကာ အပေါက်ဝ အခြေအနေကို အလင်းပြန်ကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်သည်နှင့် အခြားလူတစ်ယောက်က သံချွန်ရှည်တစ်ချောင်းကို ကိုင်ကာ ချောင်းကြည့်ပေါက်တည့်တည့်တွင် ထိုးရန် ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် ရင်ထိတ်သွားပြီး "သေစမ်း" ဟု ရေရွတ်လိုက်မိသည်။ အကယ်၍သာ သူက မျက်လုံးကပ်ပြီး ကြည့်လိုက်မိပါက ထိုသံချွန်ဖြင့် မျက်လုံးကို ထိုးဖောက်ခံရမည်မှာ သေချာသည်။

သူဒေါသများ ထွက်ပေါ်လာပြီး သံရိုက်သေနတ်ကို ကောက်ကိုင်ကာ ချောင်းကြည့်ပေါက်တည့်တည့်သို့ ပစ်ထည့်လိုက်ပြန်သည်။

"ဖောင်း..."

"အား..."

အပြင်ဘက်မှ သနားစရာအော်သံ ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုလူ၏ သံချွန်ကို ကိုင်ထားသော လက်ဖဝါးကို သံချောင်းစိုက်ဝင်သွားသဖြင့် သွေးများ ပန်းထွက်လာသည်။

လင်းယွမ်က တံခါးတစ်ဖက်မှနေ၍ လှမ်းဆဲလိုက်သည်။ "ခွေးမသားတွေ... ငါ့ကိုများ လုပ်ကြံချင်သေးတယ်... လာလေ... မင်းတို့ ထပ်လာရဲရင် လာခဲ့ကြ... ငါ့ဆီမှာ သံချောင်းတွေ တစ်ပုံကြီးရှိတယ်... မင်းတို့ကို ပျားအုံဖြစ်သွားအောင် လုပ်ပေးမယ်"

"တောက်... ခွေးမသားလေး... မင်းစောင့်နေလိုက်... မင်း ဒီအခန်းထဲကနေ တစ်သက်လုံး မထွက်ဘဲ နေနိုင်မလား ကြည့်ကြသေးတာပေါ့ကွာ" အပြင်လူများကလည်း အားကျမခံ ပြန်ဆဲကြသည်။

အခြားတစ်ယောက်ကလည်း နာကျင်မှုကို အောင့်အီးလျက် ဝင်ပြောသည်။ "ဟေ့ကောင်... သတ္တိရှိရင် အဲ့အခန်းထဲမှာပဲဆက်နေလိုက်... မင်းဆီမှာ စားစရာ ဘယ်လောက်ကျန်သေးလဲ ကြည့်ရသေးတာပေါ့"

"ခွေးမသား မင်းအဲ့အခန်းထဲမှာပဲ သေပါစေလို့ဆုတောင်းထား... အပြင်ထွက်လာရဲလို့ကတော့ အရှင်လတ်လတ် အရေခွံနွှာပစ်မယ်" နောက်တစ်ယောက်ကလည်း ဒေါသတကြီး အော်ဟစ်ဆဲဆိုပြန်သည်။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "ငါ့သံချောင်းတွေကို အိမ်သာခွက်ထဲ စိမ်ထားတာ... သံချေးတွေလည်း တက်နေတာဆိုတော့ မင်းတို့ကောင်တွေ သေပြီပဲ" ဟု ခြိမ်းခြောက်လိုက်သည်။

ထိုစကားကြောင့် တစ်ဖက်လူသုံးဦး ထိတ်လန့်သွားပြီး လော်ယွမ့်ကို ကျိန်ဆဲနေကြသော်လည်း တံခါးနားသို့ မကပ်ရဲကြတော့ပေ။

ထိုအထဲမှ တစ်ယောက်က "အစ်ကိုဝူ...ငါတို့ ပြန်ရအောင်... အခန်းပြန်ပြီး ဆေးထည့်ရအောင်... (၁၂) ထပ်က အခန်းမှာ ဆေးသေတ္တာ ရှိတယ်... အဲ့မှာ ပိုးသတ်ဆေးလည်း ရှိတယ်" ဟု ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်... ဆေးအရင်သွားထည့်ကြတာပေါ့... တောက်... ဒီကောင်က မလွယ်ကြောပဲ... နောက်မှ အစ်ကိုအားလုံ ကို ပြောပြီး ရှင်းခိုင်းရမယ်"

ထို့နောက် လှေကားမှ ဆင်းပြေးသွားသံများ ကြားလိုက်ရသည်။ လင်းယွမ် ခေတ္တမျှ နားစွင့်နေပြီးမှ သက်ပြင်းချလိုက်နိုင်တော့သည်။ ဤတစ်ပတ်အတွင်း အိမ်ထဲသို့ အတင်းဝင်ရောက်ရန် ကြိုးစားမှု လေးကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။ တော်သေးသည်မှာ အိမ်ပြင်ဆင်စဉ်က ပစ္စည်းကိရိယာ အများအပြား ဝယ်ယူထားခဲ့၍သာ မဟုတ်လျှင် ထိုလူများကို ကာကွယ်နိုင်မည် မဟုတ်ပေ။

သံရိုက်သေနတ်ကို ချလိုက်ပြီးနောက် အိပ်ခန်းထဲတွင် ပုံထားသော ကတ္ထူဗူးခွံလွတ်များကို ကြည့်ကာ စိတ်ပူပန်လာပြန်သည်။

"ရိက္ခာတွေ သိပ်မကျန်တော့ဘူးပဲ..."

သူ့မျက်လုံးများတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာသည်။

"ဒင်... သင် သန္ဓေပြောင်း ဆာဒင်းငါးတစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၁) မှတ် ရရှိသည်... စနစ် စတင် အသက်ဝင်ပါပြီ..."

(ဆာဒင်းငါးကို ငါးသတ္တာလို့ခေါ်တာထင်တယ် မသေချာလို့ဆာဒင်းလို့ပဲ မူရင်းအတိုင်းရေးလိုက်တယ်)

ထူးဆန်းသော သတင်းစကားတစ်ခု လော်ယွမ့်ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသဖြင့် သူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ဘာလဲဟ..."

ဆက်ရန်...

အပိုင်း (၂) ကံစမ်းမဲစနစ်

ရုတ်တရက် ထွက်ပေါ်လာသော သတိပေးသံတစ်သံကြောင့် လင်းယွမ်တစ်ယောက် အံ့အားသင့်သွားရသည်။ သူက အလျင်အမြန် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရချေ။

ခေတ္တမျှကြာသောအခါ သူက စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်ပြီး မျက်ဝန်းများထဲတွင် အံ့သြသည့်အရိပ်အယောင်များ ယှက်သန်းလာ၏။

"စနစ်ဟုတ်လား"

နောက်တစ်ခဏ၌ သူ၏မျက်စိရှေ့မှောက်တွင် စနစ်မျက်နှာပြင်တစ်ခု ရုတ်ချည်း ပေါ်လာသည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈

ခွန်အား - ဝ.၉

အလျင် - ဝ.၈

စိတ်စွမ်းအား - ဝ.၇

ဆင့်ကဲပြောင်းလဲခြင်း အဆင့် - ဝ%

ရမှတ် - ၁ မှတ်

ကံစမ်းမဲနှိုက်ခွင့် - ၀ ကြိမ်

ရရှိထားသော ပစ္စည်းများ - မရှိ

ဤမျက်နှာပြင်သည် သူ၏ မျက်စေ့ရှေ့တွင် တောက်ပသော အလင်းလွှာပါးလေးတစ်ခုအသွင်ဖြင့် ပေါလောပေါ်နေခြင်း ဖြစ်သည်။ သူက လက်ဖြင့် လှမ်းစမ်းကြည့်လိုက်သော်လည်း လေဟာနယ်ကိုသာ စမ်းမိလိုက်သည်။

ထိုအဖြစ်ကြောင့် လင်းယွမ့်မျက်နှာတွင် အံ့သြမှင်သက်သွားသည့်အမူအရာများ အထင်းသား ပေါ်လာရပြီး "ငါ အခန်းအောင်းနေတာကြာသွားလို့ စိတ်ဖောက်ပြန်ပြီး ပေါက်ကရတွေ မြင်နေတာများလား" ဟု ရေရွတ်လိုက်မိသည်။

သူက မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသော်လည်း ထိုစနစ်မျက်နှာပြင်မှာမူ မျက်လုံးထဲ၌ ဆက်လက်ပေါ်နေဆဲပင်။

စိတ်ကို တည်ငြိမ်အောင်ထား၍ လင်းယွမ်က ထိုစနစ်အပေါ် အာရုံစိုက်လိုက်သည်။ အနည်းငယ် လေ့လာကြည့်ပြီးနောက် စနစ်၏ လုပ်ဆောင်ချက်ကို သူ အကြမ်းဖျင်း နားလည်လိုက်သည်။

၎င်းသည် ကံစမ်းမဲစနစ်တစ်ခု ဖြစ်ပြီး ကံစမ်းမဲနှိုက်သည့် လုပ်ဆောင်ချက်အပြင် မိမိခန္ဓာကိုယ်၏ အရေအသွေးအခြေအနေများကိုပါ ပြသပေးထားသည်။ သို့သော် ကံစမ်းမဲနှိုက်ရန်အတွက် သတ်မှတ်ထားသော အမှတ်များ ပေးချေရန် လိုအပ်သည်။

"ဒီရမှတ်၁မှတ်က... စောစောက စနစ်ပြောတဲ့ သန္ဓေပြောင်း ဆာဒင်းငါးကို သတ်လိုက်လို့ ရလာတာ ဖြစ်ရမယ်"

သို့ရာတွင် လင်းယွမ် နားမလည်နိုင် ဖြစ်ရသည်မှာ သူ မည်သည့်အချိန်က သန္ဓေပြောင်းဆာဒင်းငါးတစ်ကောင်ကို သတ်ဖြတ်လိုက်မိသနည်း။

"တစ်ခေါက်လောက် စမ်းနှိုက်ကြည့်တာပေါ့"

လင်းယွမ်က ရင်တထိတ်ထိတ်ဖြင့် ''ကံစမ်းရန်'' ခလုတ်ကို အမြန်နှိပ်လိုက်သည်။ ချက်ချင်းပင် ရမှတ် (၁) မှတ် ပျောက်ကွယ်သွားပြီး သူ့မျက်စိရှေ့တွင် စက်ဝိုင်းပြားကြီးတစ်ခု ပေါ်လာသည်။

စက်ဝိုင်းပြားကြီးပေါ်တွင် အကန့်ပေါင်းများစွာ စိပ်ညက်နေအောင်ရှိပြီး ပေါင်မုန့်၊ ပဲငံပြာရည် စသည့် ပစ္စည်းအမည်များကို သူ အနည်းငယ်သာ ဖတ်လိုက်နိုင်သည်။

ထို့နောက် စက်ဝိုင်းပြားကြီးက လျင်မြန်စွာ လည်ပတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မဲနှိုက်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားတော့သည်။

"ဂုဏ်ယူပါတယ်... သင်လောင်ကန်မား ငရုတ်ဆီချက် တစ်ပုလင်း ကံထူးသွားပါတယ်"

လင်းယွမ် အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ၏ ပစ္စည်းသိုလှောင်ရာ အကန့်လေးထဲတွင် လောင်ကန်မား တစ်ပုလင်း အမှန်တကယ် ရောက်ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

"တကယ်ကြီးဟ..." သူ အလွန်အမင်း အံ့သြဝမ်းသာသွားသည်။ သူ့စိတ်အလိုရှိရာအတိုင်း တွေးလိုက်သည်နှင့် ထိုငရုတ်ဆီချက်ပုလင်းသည် သူ့လက်ဖဝါးပေါ်သို့ ရောက်ရှိလာတော့သည်။

လင်းယွမ်က ပုလင်းကို အလျင်အမြန် ဖွင့်လိုက်ရာ မွှေးကြိုင်လှသော ငရုတ်နံ့တစ်မျိုး ပျံ့လွင့်လာသဖြင့် တံတွေးပင် မျိုချလိုက်မိသည်။ ထို့နောက် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ညှိုးဖြင့်တို့ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ငန်ကျိကျိ စပ်ဖျင်းဖျင်း အရသာကြောင့် လင်းယွမ်တစ်ယောက် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမတတ် ဖြစ်သွားရ၏။ သည်းထန်သော မိုးကြီးရွာသွန်းခဲ့သည်မှာ နှစ်ဝက်ခန့် ရှိခဲ့ချေပြီ။ သူ ငရုတ်သီးအရသာနှင့် ကင်းကွာခဲ့သည်မှာ မည်မျှကြာခဲ့ပြီကို ဘုရားသာ သိပေလိမ့်မည်။

လူတိုင်း အချိန်တိုင်းလိုလို ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ပူပန်နေခဲ့ရပြီး ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေသည်မှာ နှစ်ဝက်ရှိပြီဖြစ်ရာ အိမ်ထောင်စုအများစုမှာ ရေနှင့်ရိက္ခာ ပြတ်လပ်နေကြပြီ ဖြစ်သည်။

သူကမူ ကြိုတင်စုဆောင်းထားမိသောကြောင့် ယခုထိ တောင့်ခံနိုင်ခြင်း ဖြစ်သော်လည်း လက်ကျန်ပစ္စည်းများမှာ သိပ်မရှိတော့ပေ။ ယခု ရုတ်တရက် ပေါ်ပေါက်လာသော ကံစမ်းမဲစနစ်က အစားအသောက်များကို ထုတ်ပေးနိုင်သည်ဟု ဆိုရာ လင်းယွမ်တစ်ယောက် အံ့သြဝမ်းသာ ဖြစ်ရလေသည်။

ရေလွှမ်းမိုးဘေး ဒုက္ခရောက်နေသော ဤကမ္ဘာပျက်ကပ်ကာလတွင် ကံစမ်းမဲစနစ် ပေါ်ပေါက်လာခြင်းက မျှော်လင့်ချက်ရောင်ခြည်တစ်ခု သဖွယ်ပင် ဖြစ်တော့သည်။

"အမှတ်တွေသာ များများရှိမယ်ဆိုရင်... ငါ အစားအစာတွေ အများကြီး မဲနှိုက်လို့ ရပြီပေါ့"

"ဒါပေမဲ့... ဒီအမှတ်တွေက..."

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ အမှတ်ရရှိသည့် နည်းလမ်းကို ပြန်စဉ်းစားကြည့်ရင်း "ဆာဒင်းငါး... အဲ့တာဘယ်ကရောက်လာတဲ့ သန္ဓေပြောင်း ဆာဒင်းငါးလဲ" ဟု တွေးတောနေမိသည်။

ထူးဆန်းနေသဖြင့် စနစ်မှတစ်ဆင့် သူ၏ သတ်ဖြတ်မှုမှတ်တမ်းကို ဝင်ရောက်စစ်ဆေးလိုက်သည်။

"သင် ပစ်လွှတ်လိုက်သော သံချောင်းကို သန္ဓေပြောင်း ဆာဒင်းငါးက အစာမှတ်ပြီး မျိုချမိသဖြင့် အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည် (x၁)"

လင်းယွမ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဤရက်ပိုင်းအတွင်း အိမ်ထဲ အတင်းဝင်ရောက်ရန် ကြိုးစားသူများကိုသာ သံရိုက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ငါးကို တစ်ခါမျှ မပစ်ခဲ့ဖူးချေ။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပြတင်းပေါက်နားသို့ အပြေးသွားကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

အပြင်တွင်မည်းမှောင်နေသော ကောင်းကင်ကြောင့် မည်သည့်အရာကိုမျှ သဲသဲကွဲကွဲ မမြင်ရဘဲ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များ ရေပြင်ပေါ်သို့ ရိုက်ခတ်သံများကိုသာ ဆူညံစွာ ကြားနေရသည်။

လင်းယွမ်က လက်နှိပ်ဓာတ်မီးကို ယူကာ ရေပြင်ပေါ်သို့ ထိုးကြည့်လိုက်ရာ ဆယ်ထပ်မြောက် အမြင့်လောက်ရှိ ရေပြင်ပေါ်တွင် မွေ့ရာများ၊ ခုတင်ပျဉ်ပြားများ၊ ဖော့ဘူးများ စသည့် အိမ်သုံးပစ္စည်း အများအပြား မျောပါနေသည်ကို တွေ့ရသည်။

အချို့က လှေငယ်ပုံစံမျိုး ပြုလုပ်ကာ တိုက်ခန်းပြတင်းပေါက်များတွင် ကြိုးဖြင့် ချည်နှောင်ထားသည်ကိုလည်း တွေ့ရသည်။ ထိုအမှိုက်သရိုက်ပုံများအကြားတွင် ရေဝင်ပြီးပုပ်ပွနေသော လူသေအလောင်း အများအပြားလည်း မျောပါနေကြ၏။

လင်းယွမ်က ထိုအလောင်းများကို စိုက်ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။ "ငါပစ်လိုက်လို့ ဒဏ်ရာရသွားတဲ့ လူတွေထဲက တစ်ယောက်ယောက် ရေထဲပြုတ်ကျသွားပြီး ဆာဒင်းငါး စားတာ ခံလိုက်ရတာများလား"

သူ့မျက်နှာအမူအရာက တစ်မျိုးကြီး ဖြစ်သွားသည်။ မတော်တဆ အခြေအနေမျိုးဖြင့် သန္ဓေပြောင်းငါးတစ်ကောင်ကို သတ်မိလိုက်သည်ဟု ဆိုရမည်လော။

သို့ပေမဲ့ တွေးကြည့်လျှင်... ဆာဒင်းငါး ဆိုသည်မှာ ပင်လယ်ငါးပင် မဟုတ်တုံလော။ ဤနေရာကို မည်သို့ ရောက်နေရသနည်း။

"ပင်လယ်ရေတွေက ယန်စီမြစ်ထဲ ဝင်လာပြီး အခု လင်ကျောင်းမြို့အထိ ရောက်လာတာများလား" ထိုသို့ တွေးမိလိုက်သည်နှင့် လင်းယွမ်ရင်ထဲ လေးလံသွားရသည်။

အခြေအနေက အတော်လေး အန္တရာယ်ကြီးနေပြီ ဖြစ်သည်။ မိုးကသာ ဤအတိုင်း ဆက်ရွာနေမည်ဆိုလျှင် (၃၂) ထပ်တွင် နေထိုင်သော သူလည်း ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။

သူ မျက်မှောင်ကြုတ်လိုက်မိသည်။ စောစောက စနစ်ပြောသွားသော ''သန္ဓေပြောင်း'' ဆိုသည့် စကားလုံးက မည်သည်ကိုဆိုလိုသနည်း။

ဆာဒင်းငါးတွေတောင် သန္ဓေပြောင်းကုန်ကြပြီလား။ ဤကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။

သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး ရေပြင်ကျယ်ကြီးကို ငေးကြည့်နေမိသည်။

"လင်ကျောင်းမြို့တစ်မြို့လုံးမှာ ငါနေတဲ့နေရာက မြေမျက်နှာပြင် အမြင့်ဆုံးအပိုင်းမှာ ပါတယ်... ငါ့တိုက်ထက် ပိုမြင့်တာဆိုလို့ မြို့လယ်ခေါင်က အဆောက်အအုံတချို့လောက်ပဲ ရှိမှာ"

"မဖြစ်ဘူး... မြို့လယ်ခေါင်ကို သွားတာက သေလမ်း သွားတာနဲ့ အတူတူပဲ... မိုးဆက်ရွာပြီး ရေထပ်တက်လာရင် အဲဒီအထပ်မြင့်တိုက်တွေလည်း ရေမြုပ်မှာပဲ"

"ဒီနားတဝိုက်မှာ တခြား ဘယ်နေရာတွေ မြင့်တာရှိသေးလဲ... နေမင်းတောင်လား... မိန်တောင်လား..."

သူ၏ စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားတွက်ချက်လိုက်သည်။ ရေလွှမ်းမိုးမှု စတင်ဖြစ်ပွားပြီး တစ်လခန့်အကြာ အခြေအနေ မဟန်သည်ကို ရိပ်စားမိကတည်းက နိုင်ငံတစ်ဝန်း မြေပုံများကို ကွန်ပျူတာထဲတွင် ဒေါင်းလုဒ်ဆွဲထားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် လင်ကျောင်းမြို့ မြေပုံကိုလည်း ကိုယ်တိုင် ရေးဆွဲထားဖူးသဖြင့် မြေအနေအထားကို အကြမ်းဖျင်း မှတ်မိနေသည်။

ထို့ကြောင့် သူ့အနီးအနားတွင် မည်သည့် အဆောက်အအုံနှင့် တောင်ကုန်းများက ပိုမြင့်သည်ကို သူ ကောင်းစွာ သိရှိထားသည်။

လင်ကျောင်းမြို့သည် ကျန်းနန်ပြည်နယ်တွင် ပါဝင်ပြီး မြင့်မားမတ်စောက်သော တောင်ကြီးများ မရှိပေ။ တစ်မြို့လုံးတွင် အမြင့်ဆုံးဟူ၍ ထိုက်ဟူကန်အရှေ့ဘက် ကမ်းခြေတောင်တန်းများရှိ ပင်လယ်ရေမျက်နှာပြင်အထက် (၃၄၁.၇) မီတာ မြင့်သော ချန်ချုံးတောင်သာ ရှိသည်။

သို့သော် ထိုနေရာသည် လင်းယွမ် ရှိနေသည့်နေရာနှင့် အလွန်ဝေးကွာပြီး စက်မှုဇုန်တစ်ခုကို ဖြတ်ကျော်သွားရမည် ဖြစ်သည်။ ယခုကဲ့သို့ မုန်တိုင်းထန်နေချိန်တွင် အပြင်ထွက်ရန် လုံးဝ မသင့်လျော်ပေ။

အဓိကအချက်မှာ မိုးခြိမ်းလျှပ်စီးလက်နေချိန်တွင် ရေအောက်၌ ကြီးမားသော အရိပ်မည်းကြီးများ ကူးခတ်သွားလာနေသည်ကို သူ ရိပ်ခနဲ တွေ့မြင်ခဲ့ရဖူးသောကြောင့် ဖြစ်သည်။

"ဆာဒင်းငါးတွေတောင် သန္ဓေပြောင်းနေပြီဆိုတော့... တခြား ပင်လယ်သတ္တဝါတွေရော သန္ဓေပြောင်းနေပြီလားမသိဘူး"

မဖြစ်မနေ အခြေအနေမျိုး မရောက်မချင်း မိန်တုဥယျာဉ်အိမ်ရာမှ ထွက်ခွာရန် လင်းယွမ် စိတ်ကူးမရှိပေ။

တောင်စဉ်ရေမရ အတွေးများကို ဘေးဖယ်လိုက်ပြီး လင်းယွမ်က မီးဖိုချောင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။ ရေဆေးကန်ထဲတွင် မနက်ကတည်းက ရေခဲရိုက်ထားသော အသားနှင့် ငရုတ်ပွသီးများကို ထုတ်ယူလိုက်သည်။

သူ့အိမ်တွင် ရေခဲသေတ္တာအကြီးစား တစ်လုံးအပြင် ရေခဲသေတ္တာပုံးကြီး တစ်လုံးပါ ရှိသေးသည်။ ထို ရေခဲသေတ္တာပုံးကြီးမှာ ဝယ်ထားခြင်း မဟုတ်ဘဲ ငှားရမ်းထားခြင်း ဖြစ်သည်။

တိုက်ခန်းပြင်ဆင်နေစဉ်က အလုပ်သမားများနှင့် မိမိအတွက် အချိုရည်နှင့် ရေခဲချောင်းများ ထည့်ထားရန် ငှားထားခဲ့ခြင်း ဖြစ်သည်။ အိမ်ပြင်ပြီးလျှင် ပြန်အပ်မည်ဟု စိတ်ကူးထားသော်လည်း မိုးကြီး စတင်ရွာသွန်းလာခဲ့သည်။

ထို့ကြောင့် ပြန်မအပ်တော့ဘဲ အစပိုင်း တစ်လအတွင်း အိမ်ရာဝင်းရှေ့ရှိ စူပါမားကက်မှ ပစ္စည်းများကို အပြေးအလွှား ဝယ်ယူစုဆောင်းကာ ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် ဝက်သား၊ ဝက်အူချောင်း၊ ဟင်းသီးဟင်းရွက်နှင့် ပဲပြားခြောက် စသည်တို့ ပါဝင်သည်။

မတ်တတ် ရေခဲသေတ္တာထဲတွင်မူ ကြက်ဥကဲ့သို့သော ပစ္စည်းများဖြင့် ပြည့်နှက်နေ၏။ နှစ်ဝက်ကာလအတွင်း ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်အတူ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ယခုအချိန်ထိ ရေခဲသေတ္တာကို အသုံးပြုနိုင်သေးခြင်းမှာ အသေးစားဓာတ်ဆီမီးစက်ကြောင့်သာ ဖြစ်သည်။ ထိုစဉ်က ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပြဿနာတက်နေသဖြင့် သူတို့က မီးမပေးဘဲ ဖြတ်ထားခဲ့သည်။ ထို့ကြောင့် သူငယ်ချင်းတစ်ယောက်ဆီမှ ဤမီးစက်ကို ငှားရမ်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင် အိမ်ရှိ ဓာတ်ဆီလက်ကျန်မှာ ကုန်ခါနီးနေပြီ ဖြစ်သည်။ ရေခဲသေတ္တာ အအေးဓာတ် မပျောက်ရုံသာ တစ်နေ့လျှင် နာရီအနည်းငယ် ဖွင့်ထားသော်လည်း ဓာတ်ဆီမှာ လျော့ပါးလာသည်သာ။

ရေမကြီးခင်က အပြင်ဘက်ရှိ စွန့်ပစ်ကားများထဲမှ ဓာတ်ဆီများကို စွန့်စွန့်စားစား သွားရောက်စုပ်ယူ စုဆောင်းထားခဲ့သောကြောင့်သာ ယခုလို နှစ်ဝက်ကြာသည်အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီဓာတ်ဆီတွေ ကုန်သွားရင်တော့ ထပ်ရှာဖို့ နည်းလမ်းမရှိတော့ဘူး"

အပြင်ဘက်မှ ရေပြင်ကျယ်ကြီးကို ငေးကြည့်ရင်း လင်းယွမ် သက်ပြင်းချလိုက်မိသည်။ မီးစက်က အသုံးဝင်သော်လည်း ယခုအခြေအနေတွင် ဓာတ်ဆီထပ်ရရန်မှာ မဖြစ်နိုင်တော့ပေ။

"ထားလိုက်တော့... မရလည်း ကိစ္စမရှိဘူး... ရေခဲသေတ္တာထဲက အစားအစာတွေကလည်း ကုန်ခါနီးနေပြီပဲ" နှမြောမိသော်လည်း သူ ချက်ချင်းပင် ဖြေသိမ့်လိုက်သည်။

အစားအသောက် မရှိတော့လျှင် ရေခဲသေတ္တာဆိုသည်မှာလည်း အလကားပစ္စည်းတစ်ခု ဖြစ်သွားမည်သာ။ သူ အပြင်ထွက်ပြီး ပစ္စည်းရှာရန် မကြိုးစားခဲ့ဘူးသည်တော့ မဟုတ်ပေ။ သို့သော် ထိုစဉ်က ဒုတိယထပ် ရေမြုပ်နေပြီဖြစ်ပြီး မြေအောက်ကားပါကင်သည် ရေများ အရှိန်ပြင်းစွာ စီးဝင်နေသော ဝဲဂယက်ကြီးတစ်ခု ဖြစ်နေခဲ့သည်။

အချို့လူများ သတိမထားမိဘဲ ကားပါကင်ထဲသို့ မျောပါသွားကာ ပြန်မလာနိုင်ကြတော့ပေ။ ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် လင်းယွမ် ချက်ချင်း နောက်ဆုတ်ခဲ့ပြီး ရှိသမျှ ပစ္စည်းများကို ချွေတာသုံးစွဲရင်း နှစ်ဝက်ကြာအောင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ လက်ကျန်ပစ္စည်းများ နည်းပါးလာပြီဖြစ်ရာ အခြေအနေမှာ မကောင်းလှတော့ချေ။ သူဝက်သားကို ပါးပါးလှီးနေရင်း လက်ကျန်ပစ္စည်းစာရင်းကို တွက်ချက်ကြည့်လိုက်သည်။

"ဆီ၊ ဆား၊ ပဲငံပြာရည်နဲ့ ရှာလကာရည်တွေကတော့ အခြေအနေ ကောင်းသေးတယ်... ငါတစ်ယောက်တည်း စားတာဆိုတော့ သိပ်မကုန်ဘူး... တစ်မျိုးကို တစ်ဖာစီလောက် ဝယ်ထားတာဆိုတော့ အများကြီး ကျန်သေးတယ်"

"ဒါပေမဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေက ကုန်ခါနီးနေပြီ... နည်းလမ်းမရှာရင် ဟင်းစားရှိမှာ မဟုတ်တော့ဘူး"

"ဆန်ကတော့ လေးအိတ်ပဲ ကျန်တော့တယ်... ပဲတချို့နဲ့ ဂျုံမှုန့်ကတော့ ငါးအိတ်လောက် ရှိသေးတယ်"

ထောင့်နားတွင် ပုံထားသော ဆန်အိတ်များကို လှမ်းကြည့်လိုက်ရာ လေးအိတ်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရ၏။ ထိုစဉ်က (၁၀) ပေါင်ဝင် ဆန်အိတ် (၁၀) အိတ်ကို သူ ဝယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က လုယက်ဝယ်ယူသူများလွန်းသဖြင့် ဆိုင်ပိုင်ရှင်နှင့် ရင်းနှီး၍သာ (၁၀) အိတ် ရလိုက်ခြင်း ဖြစ်သည်။ လူအများစုမှာမူ ဝယ်ချင်ပါလျက်နှင့် မဝယ်နိုင်ခဲ့ကြပေ။

ဆက်ရန်...

All Chapters