အခန်း (၃-၄)
Vol. 1 Ch. 3-4
အပိုင်း (၃) စားစရာလာတောင်းသောအိမ်နီးချင်း
ဂျုံမှုန့်ကိုလည်း ထိုစဉ်က ၁၀အိတ်တိတိ မှာယူထားခဲ့သည်။ ဤနှစ်ဝက်တာ ကာလအတွင်း သူက ဆန်၊ ဂျုံနှင့် ပဲအမျိုးမျိုးကို ရောနှောစားသောက်ခဲ့ရာ ယခုအခါ စုဆောင်းထားသမျှ၏ ထက်ဝက်ကျော် ကုန်ဆုံးသွားခဲ့ချေပြီ။
ဝက်သားကို ကျွမ်းကျင်စွာ လှီးဖြတ်ပြီးနောက် ငရုတ်ပွသီး လေးတောင့်ကိုပါ ထပ်မံ လှီးဖြတ်လိုက်သည်။ ထို့နောက် အခြားသော စိုးရိမ်စရာ ပြဿနာကြီးတစ်ခုကို တွေးပူမိပြန်သည်။
"အခု အစိုးရိမ်ရဆုံးက ရေ၊ မီးနဲ့ ဂတ်စ် အခြေအနေပဲ..."
"အခုပိုက်ကလာတဲ့ ရေတွေက မသန့်တော့ဘူး... လျှပ်စစ်မီးကလည်း မိုးကြီးတဲ့ ဒုတိယအပတ်ကတည်းက ပြတ်သွားတာ... မီးစက်နဲ့ ဘက်ထရီအိုးအပိုသာ မရှိရင် ဖုန်းနဲ့ ကွန်ပျူတာ အားသွင်းဖို့တောင် မလွယ်ဘူး"
တော်သေးသည်မှာ အင်တာနက် မပြတ်တောက်ခင်ကတည်းက ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်မှ ရှင်သန်လွတ်မြောက်ရေးဆိုင်ရာ စာတမ်းများနှင့် အသုံးဝင်နိုင်မည့် ဗဟုသုတများကို ဒေါင်းလုဒ်ဆွဲထားနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖိုင်များကို ကွန်ပျူတာနှင့် ဟာ့ဒ်ဒစ်ထဲတွင် သိမ်းဆည်းထားနိုင်ရန်အတွက် ၁၈ယောက်စုကြည့်ရသော ရုပ်ရှင်ကား အတော်များများကို ဖျက်ပစ်ခဲ့ရသေးသည်။
သာမန်အချိန်များတွင် အားလပ်သည်နှင့် ထိုဖိုင်များကို ဖတ်ရှုလေ့လာနေတတ်ပြီး နောင်တစ်ချိန် အသုံးဝင်လာမည့်အရေးကို မျှော်တွေးနေမိသည်။ အနည်းဆုံးတော့ မီးစက်မောင်း၍ ရနေသေးသောအချိန်တွင် များများလေ့လာထားရန် လိုအပ်ပေသည်။
"နောက်ထပ် အရေးကြီးတဲ့ ပြဿနာက ဂတ်စ်ပဲ... အခု အပြင်မှာ ဂတ်စ်ပိုက်လိုင်းတွေ မလာတော့တာ ကြာပြီ... ငါ တိုက်ခန်းပြင်တုန်းက ဂတ်စ်အိုးအကြီး နှစ်လုံး ဝယ်ထားမိလို့တော်သေးတယ် ပြောရမယ်"
မှန်ပေသည်။ သူ၏ တိုက်ခန်းတွင် ဂတ်စ်အိုးအသုံးပြုနေဆဲ ဖြစ်သည်။ မြို့ပြ တိုက်ခန်းထောင်စုများတွင် ဤကဲ့သို့ ဂတ်စ်အိုးသုံးစွဲမှုမှာ ရှားပါးလှသည်။
လင်းယွမ် တိုက်ခန်းပြင်ဆင်စဉ်က ရေမီးမရသေးသဖြင့် ဈေးကြီးပေး အိမ်ငှားမနေချင်တော့ဘဲ စောစောစီးစီး ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်က ကိုယ်တိုင် ထမင်းချက်ရန် (၁၅) ကီလိုဂရမ် ဆံ့သော ဂတ်စ်အိုးကြီး နှစ်လုံး ဝယ်ယူခဲ့သည်။
ဝယ်ပြီး မကြာမီမှာပင် တိုက်ခန်းသို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ရောက်လာသဖြင့် ထိုအိုးကြီးများကို ဝယ်မိသည်မှာ အလကားဖြစ်ပြီ၊ ပိုက်ဆံဖြုန်းမိသည်ဟု နောင်တရခဲ့ဖူးသည်။
မထင်မှတ်ထားသည်မှာ ရေဘေးကြီး ဖြစ်ပွားပြီး နှစ်လမပြည့်မီ သဘာဝဓာတ်ငွေ့များ ပြတ်တောက်သွားခဲ့သည်။ ရေမျက်နှာပြင် အဆက်မပြတ် မြင့်တက်လာပြီး အစိုးရကယ်ဆယ်ရေးအဖွဲ့များ ရောက်မလာနိုင်ကြသောအခါ ထိုဂတ်စ်အိုးနှစ်လုံးကပင် အသက်ကယ်ဆေး ဖြစ်နေတော့သည်။
လွန်ခဲ့သည့် သုံးလလုံးလုံး ထိုဂတ်စ်အိုးနှစ်လုံးကို အားပြု၍ ထမင်းချက်၊ ရေနွေးကြို လုပ်ခဲ့ရသည်။
အမှန်အတိုင်း ပြောရလျှင် တိုက်ခန်း၌ ပေါင်းအိုး ရှိနေ၍သာ တော်တော့သည်။ သို့မဟုတ်လျှင် ဂတ်စ်အိုးထဲမှ ဂတ်စ်များလည်း ကုန်စင်သွားလောက်ပြီ ဖြစ်သည်။ ဂတ်စ်သာ မရှိလျှင် ထမင်းချက်ရန် အလွန်ခက်ခဲပေလိမ့်မည်။
လှေကားထစ်တွင် ခိုနေကြသူများက ရေပေါ်တွင် မျောပါလာသော သစ်တုံးများ၊ ပလတ်စတစ်များကို ဆယ်ယူ၍ မီးမွှေးနေကြရသည်။
ထို့ပြင် ရေအရင်းအမြစ်ကလည်း အသက်အန္တရာယ်နှင့် ပတ်သက်နေပြန်သည်။
အပြင်ဘက်တွင် ရေပြင်ကျယ်ကြီး ဖြစ်နေသော်လည်း ပင်လယ်ရေများ ဖြစ်သဖြင့် ငန်နေသည်။ ထို့ပြင် ရေထဲတွင် အလောင်းကောင်များ ပုပ်ပွနေပြီး သန္ဓေပြောင်းသတ္တဝါများလည်း ရှိနေတတ်ရာ ထိုရေကို သောက်သုံးမိပါက ဘေးကင်းမကင်း မည်သူမျှ အာမမခံနိုင်ချေ။
ကောင်းကင်မှရွာသော မိုးရေကိုမူ ခံယူ၍ ရနိုင်ပြီး တိုက်ခန်းနီးချင်းအများအပြားလည်း ပုလင်းခွံများ၊ အိုးများကို ပြတင်းပေါက်တွင် ချိတ်ဆွဲကာ မိုးရေခံနေကြသည်ကို လင်းယွမ် တွေ့မြင်နေရသည်။
သူ့အတွက် သောက်သုံးရေမှာလည်း မိုးရေပင် ဖြစ်သည်။ သို့သော် အသုံးမပြုခင် ရေစစ်ဖြင့် သေချာစစ်၊ တစ်ကြိမ် ပြန်လည်ကျိုချက်ပြီး စိတ်ချရပြီဆိုမှ သောက်သုံးလေ့ရှိသည်။
စဉ်းစားနေရင်းနှင့်ပင် လက်ထဲမှ ငရုတ်ပွသီးများ လှီးဖြတ်ပြီးသွားလေသည်။
လင်းယွမ်က ကျွမ်းကျင်စွာပင် ဒယ်အိုးတည်ပြီး ဆီသတ်လိုက်သည်။ ဂျင်း၊ ကြက်သွန်ဖြူနှင့် ချက်အရက်တို့မှာ ကုန်စင်သွားသည်မှာ ကြာပြီဖြစ်သည်။
လေသာဆောင်တွင် စိုက်ပျိုးထားသော ကြက်သွန်မြိတ် အနည်းငယ်သာ ကျန်တော့သည်။ နေရောင်ကောင်းစွာ မရသဖြင့် ကြက်သွန်မြိတ်များမှာ အာဟာရမပြည့်ဘဲ ဆံခြည်မျှင်ကဲ့သို့ သေးကွေးနေရှာသည်။
သူက ထိုကြက်သွန်မြိတ်များကို မခူးတော့ဘဲ ပဲငံပြာရည်အနောက် ထည့်ပြီး ဝက်သားကို မွှေကြော်လိုက်သည်။ မွှေကြော်လိုက်ရာ အသားဖတ်များသည် ဆွဲဆောင်မှုရှိသော အညိုရောင် ပြောင်းသွားပြီး အမွှေးနံ့များ ပျံ့လွင့်လာသည်။
မီးပြင်းပြင်းဖြင့် ကြော်နေစဉ် ငရုတ်ပွသီးများကို ထည့်ကာ သွက်လက်စွာ မွှေလိုက်သည်။ ဆားအနည်းငယ် ထည့်လိုက်သောအခါ အရောင်အဆင်း၊ အနံ့အရသာနှင့် ပြည့်စုံသော ငရုတ်ပွသီး ဝက်သားကြော်တစ်ခွက် ရရှိလာသည်။
လင်းယွမ်က မီးဖိုမီးကို ပိတ်လိုက်ပြီးနောက် ပေါင်းအိုးကို ဖွင့်ကာ ဟင်းများကို အိုးထဲသို့ လောင်းထည့်လိုက်သည်။
ထိုပေါင်းအိုးထဲတွင် ထမင်းချက်ထားခြင်း ဖြစ်သည်။
တိုက်ခန်းတွင် လျှပ်စစ်မီးမရှိသဖြင့် ထမင်းပေါင်းအိုးကို အသုံးမပြုနိုင်တော့ဘဲ ဂတ်စ်ဖြင့်သာ ချက်ရသည်။ ပေါင်းအိုးဖြင့် ထမင်းချက်ခြင်းက ရိုးရိုးအိုးထက် ပိုမြန်ပြီး ဂတ်စ်ကုန် သက်သာစေသည်။ ထမင်းကျက်ရန် ၅ မိနစ်၊ ၁၀ မိနစ်ခန့်သာ ကြာမြင့်သည်။
ဤသည်မှာ ဂတ်စ်အိုးနှစ်လုံးတည်းဖြင့် ဤမျှကြာအောင် တောင့်ခံနိုင်ခဲ့သည့် လင်းယွမ်၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။
ထမင်းနှပ်ထားသော ယောက်မဖြင့် မွှေလိုက်သောအခါ အရသာရှိသော ငရုတ်ပွသီး ဝက်သားကြော် ထမင်းပေါင်းတစ်ပွဲ အဆင်သင့် ဖြစ်သွားသည်။
လင်းယွမ်က ထမင်းနယ်ရင်း မိမိကံကောင်းမှုကို ကျေးဇူးတင်နေမိသည်။
နှစ်ဝက်ကြာ ရေဘေးကြီးအတွင်း အသက်ရှင်ကျန်ရစ်သူများမှာ ပစ္စည်းမဲ့ဘဝသို့ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။ အချို့မှာ နေစရာပင် မရှိတော့ပေ။
အချို့သော အခန်းများတွင် လူများဖြင့် ပြည့်ကျပ်နေပြီး လှေကားထစ်နှင့် စင်္ကြံလမ်းများတွင်လည်း လူများ နေရာယူထားကြသည်။
အချို့မှာ နေစရာမရှိသဖြင့် အရိုင်းစိတ်ဝင်ကာ သူတစ်ပါးတိုက်ခန်းတံခါးကို ရိုက်ချိုး ဝင်နေကြသည်။ အချို့ကလည်း စိတ်ကူးယဉ်ဆန်စွာဖြင့် ရေပြင်ပေါ်တွင် ယာယီနေစရာများ ဖန်တီးနေထိုင်ကြသည်။
သို့သော် ရိက္ခာပြဿနာသည်သာ အကြီးမားဆုံး ဒုက္ခဖြစ်သည်။
အခြားသူများကို သူ မသိသော်လည်း သူ့အခန်းနှင့် မျက်နှာချင်းဆိုင်တွင် နေထိုင်သော လင်မယားနှစ်ယောက်မှာမူ ပြီးခဲ့သည့် တစ်ပတ်လုံးလုံး နေ့စဉ်လိုလို သူ့ထံလာပြီး စားစရာတောင်းလေ့ရှိသည်။
အစပိုင်းတွင် ထိုအခန်းမှ အမျိုးသားဖြစ်သူ လာရောက်ချေးငှားစဉ်က လင်းယွမ်သည် အိမ်နီးချင်း ဟူသော သဘောထားဖြင့်လည်းကောင်း၊ နောင်တစ်ချိန် ထွက်ပြေးရလျှင် အကူအညီရနိုင်မလား ဟူသော မျှော်လင့်ချက်ဖြင့်လည်းကောင်း အစားအစာအချို့ ပေးကမ်းခဲ့ဖူးသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာကြီး ပျက်စီးတော့မည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သဘောပေါက်လာကြသည်။
နှစ်ဝက်ကြာအောင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း အစိုးရက ထိရောက်သော ကယ်ဆယ်ရေးကို မလုပ်နိုင်ခဲ့ပေ။ လွန်ခဲ့သော လအနည်းငယ်က တီဗီတွင် နိုင်ငံရေးသမားများက ပြည်သူများ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ကြရန်သာ ထပ်ကာထပ်ကာ နှိုးဆော်ခဲ့ကြသည်။
ထိုအချိန်မှစ၍ လင်းယွမ်သည် မျက်နှာချင်းဆိုင်အခန်းကို အစားအစာမချေးငှားတော့ပေ။
ယခုလအတွင်း အမျိုးသားဖြစ်သူ ထွက်မလာတော့ဘဲ သူ့မိန်းမဖြစ်သူကို တိတ်တဆိတ် တံခါးလာခေါက်ခိုင်းလေ့ရှိသည်။ လာတိုင်းလည်း ဆွဲဆောင်မှုရှိသော အဝတ်အစားများကိုသာ ဝတ်ဆင်လာလေ့ရှိသည်။
ထိုလင်မယားအကြောင်းကို လင်းယွမ် သိပ်မသိပေ။ ဓာတ်လှေကားထဲတွင် တွေ့ဖူးရုံ၊ ရံဖန်ရံခါ နှုတ်ဆက်ဖူးရုံသာ ရှိသည်။
တိုက်ခန်းတွင်နေထိုင်သူများ၏ ဂရုချက် ထဲတွင် ဖတ်ရှုရသလောက် ထိုလင်မယားမှာ ဒေသခံများ ဖြစ်ကြပြီး ဤတိုက်ခန်းကိုလည်း အိမ်ရာဖျက်သိမ်း၍ လျော်ကြေးရသော ငွေဖြင့် လက်ငင်းဝယ်ယူထားခြင်း ဖြစ်သည်။
လင်ကျန်းမြို့ခံများက ချမ်းသာကြသည်။ အိမ်ရာစီမံကိန်းကြောင့် နေရာဖယ်ပေးရသူ အများစုမှာ တိုက်ခန်းအများအပြား ပိုင်ဆိုင်သော သူဌေးများ ဖြစ်လာကြသည်။
ယခင်က ကလေးတစ်ယောက်သာ ယူရသော မူဝါဒကြောင့် အိမ်တိုင်းတွင် ကလေးတစ်ယောက်သာ ရှိတတ်ကြသည်။ သမီးမိန်းကလေးသာ ရှိသော ဒေသခံများက သားမက်ရှာတတ်ကြသည်။
သို့သော် လူ့လောကကြီးက ရက်စက်လှသည်။ ဒေသခံသူဌေးများကို ပစ်မှတ်ထားကာ သားမက်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီးနောက် ပိုင်ဆိုင်သမျှ လိမ်လည်ယူငင်သွားသော ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။
ထိုသတင်းများ ပျံ့နှံ့သွားပြီးနောက် ဒေသခံများသည် ပြင်ပလူများနှင့် လက်ထပ်ရန် မဝံ့မရဲ ဖြစ်လာကြပြီး ဒေသခံအချင်းချင်းသာ လက်ထပ်ကြတော့သည်။
ထိုသို့ ဒေသခံချင်း လက်ထပ်ရာတွင်လည်း ရိုးရာအရ ထိမ်းမြားခြင်းမျိုး မဟုတ်ဘဲ "အိမ်ထောင်စု ပေါင်းစည်းခြင်း" ဟု ခေါ်ဝေါ်ကြသည်။
ဆိုလိုသည်မှာ သားသမီးနှစ်ဦး၏ အိမ်ထောင်စုနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် တင်တောင်းငွေ၊ မင်္ဂလာကြေးဟူ၍ ပေးရန်မလိုတော့ပေ။ နောင်တွင် ကလေးနှစ်ယောက်မွေးပါက တစ်ယောက်ကို ဖခင်မျိုးရိုး၊ နောက်တစ်ယောက်ကို မိခင်မျိုးရိုး ပေးမည်ဖြစ်သည်။
ဤသည်မှာ တရားမျှတမှုကို ဦးစားပေးသော၊ မည်သူမျှ မနစ်နာစေသော စနစ်ဖြစ်သည်။
မျက်နှာချင်းဆိုင်အခန်းမှ လင်မယားသည် ထိုကဲ့သို့ ပေါင်းစည်းထားသော ခေတ်သစ်လင်မယားစုံတွဲ ဖြစ်သည်။
အမျိုးသားဖြစ်သူက ရုပ်ရည်သာမန်သာရှိပြီး အသက် (၃၀) ကျော်ခန့် ဖြစ်သည်။ အမျိုးသမီးကမူ အသက် (၂၇/၂၈) ဝန်းကျင်ခန့် ရှိကာ အလှပဂေးလေး ဖြစ်သည်။
အထူးသဖြင့် သူမ၏ ရင်အစုံက ကြီးမားပြည့်ဖြိုးလွန်းသဖြင့် အကြိမ်ကြိမ် တံခါးလာခေါက်တိုင်း လင်းယွမ် တံခါးဖွင့်ပေးချင်စိတ်ကို မနည်းထိန်းချုပ်ခဲ့ရသည်။
ထိုသို့ တွေးနေမိစဉ်မှာပင် တံခါးအပြင်ဘက်မှ တိုးညှင်းသော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ် ကြောင်သွားပြီး ဤကဲ့သို့ ရင်းနှီးနေသော တံခါးခေါက်သံကြောင့် မည်သူဖြစ်သည်ကို သူ ချက်ချင်း သိလိုက်သည်။
"ပြောရင်းဆိုရင်း ရောက်လာပြန်ပြီ..."
သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ပြုံးလိုက်မိသည်။
ဤကဲ့သို့ မကြားတကြား တံခါးခေါက်သံမျိုးသည် မျက်နှာချင်းဆိုင် လင်မယားမှလွဲ၍ အခြားသူ မဖြစ်နိုင်။ လုယက်ချင်သူများသာ ဆိုလျှင် တံခါးခေါက်နေမည် မဟုတ်၊ တံခါးကို ရိုက်ချိုးဝင်ရောက်လာကြမည်သာ။
လင်းယွမ်က တံခါးပေါက်ဆီသို့ သွားလိုက်ပြီး ဖိနပ်စင်ပေါ်ရှိ မှန်ကို ယူကာ ချောင်းကြည့်ပေါက် တွင် ထောင်ကြည့်လိုက်သည်။
ချောင်းကြည့်ပေါက်၏ တစ်ဖက်တွင် အဝါနုရောင် ကိုယ်ကျပ်ဂါဝန်ကို ဝတ်ဆင်ထားသော အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ရှိနေသည်။ အသက် (၂၇) (၂၈) ခန့်ရှိပြီး နက်မှောင်သော ဆံနွယ်ရှည်များ ပိုင်ဆိုင်ထားသည်။
ထိုဂါဝန်ကြောင့် သူမ၏ ကိုယ်ခန္ဓာကောက်ကြောင်း အလှတရားများမှာ ပိုမို ပေါ်လွင်နေပြီး ရင်အစုံက မို့မောက်ကြွတက်နေကာ နက်ရှိုင်းသော ရင်ကြားမြောင်းတစ်ခုကို ဖန်တီးထားသည်။
ထိုအမျိုးသမီး၏ မျက်နှာသွင်ပြင်မှာ အလွန်ပြေပြစ်လှပြီး ရုပ်ရှင်မင်းသမီး ''ယန်ကုန်းရူ'' နှင့်ပင် ဆင်တူနေသေးသည်။
လင်းယွမ်က မှန်ထောင့်ကို အမျိုးမျိုးပြောင်းကာ အမျိုးသမီး၏ ဘေးပတ်ဝန်းကျင်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။ အခြားသူမရှိကြောင်း သေချာမှ အတွင်းတံခါးကို ဖွင့်လိုက်သည်။
"အမမေ... ကိစ္စရှိလို့လား"
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအမျိုးသမီး၏ မျိုးရိုးနာမည်မှာလည်း ''ရန်'' ဖြစ်ပြီး နာမည်အပြည့်အစုံမှာ ''ရန်မေ'' ဖြစ်သည်။ လင်းယွမ်က အသက် (၂၅) နှစ်သာ ရှိသေးသူမို့ တစ်ဖက်လူကို ''အမမေ'' ဟု ခေါ်သည်မှာ မမှားပေ။
ရန်မေ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းများ အက်ကွဲနေသည်။
သို့သော် သူမသည် အခန်းမလာခင် သေချာ ပြင်ဆင်လာပုံရသည်။ ဆံနွယ်များကို သေသပ်စွာ ဖီးသင်ထားရုံသာမက မျက်နှာတွင် မိတ်ကပ်ပါးပါး လိမ်းခြယ်ထားသေးသည်။
နှုတ်ခမ်းအက်ကွဲနေသည်ကို ကြည့်ခြင်းအားဖြင့် နှုတ်ခမ်းနီ ကုန်သွားသောကြောင့်သာ မဆိုးထားခြင်း ဖြစ်ဟန်တူသည်။
"မောင်လေးရယ်... အမ... အမ ဘာမှမစားရတာ သုံးလေးရက်ရှိပြီ... တိုက်ခန်းမှာလည်း ဘာစားစရာမှ မကျန်တော့ဘူး... မောင်လေးက စိတ်ထားကောင်းပါတယ်... အမတို့ကို... အမတို့ကို စားစရာလေး နည်းနည်းလောက် ပေးပါလားဟင်"
ဆက်ရန်...
အပိုင်း (၄) နေ့စဉ်လေ့ကျင့်ခန်း
လင်းယွမ်က သူမ၏ခန္ဓာကိုယ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မျက်လုံးချင်းဆုံကာ ပြုံးလိုက်သည်။
"အမမေ... အခု အခြေအနေကဘယ်လိုဖြစ်နေလဲဆိုတာ အမလည်းသိမှာပဲ... မိုးက ဝက်ဝက်ကွဲရွာနေတာ နှစ်ဝက်ကျိုးနေပြီလေ... ရေကြီးတာလည်း အခုဆို ၁၀ ထပ်အထိတောင် မြုပ်နေပြီ... ဘယ်သူ့မှာ စားစရာကျန်တော့မှာလဲ"
"မောင်လေးတို့ဆီမှာတောင် မရှိရင်... အမတို့ဆီမှာလည်း ဘယ်ရှိတော့မလဲဟယ်"
ရန်မေ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားရှာသည်။ သူမက အသနားခံ တောင်းပန်လေတော့သည်။
"မောင်လေးရယ်... မောင်လေးအိမ်မှာ စားစရာရှိတယ်ဆိုတာ အမ သိပါတယ်... ဟင်းနံ့တောင် ရနေတယ်လေ... အမတို့မှာလည်း တခြားနည်းလမ်း မရှိတော့လို့ပါ... အမကို ထမင်းဖြူလေး တစ်ပန်းကန်လောက်ပဲ ဖြစ်ဖြစ် ပေးပါနော်... ဟင်းမပါလည်း ဖြစ်ပါတယ်"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "အမမေ... ကိုယ့်အခန်းကိုယ်ပြန်လိုက်တာ ပိုကောင်းမယ်... အမတို့မှာက နေစရာအခန်းလေး ရှိနေသေးတာ ကံကောင်းတယ်မှတ်... လှေကားထစ်က လူတွေကို သွားကြည့်လိုက်ပါဦး... သူတို့မှာဆို စားစရာမပြောနဲ့ နေစရာတောင် မရှိကြဘူး... ပြီးတော့ အမ အခုဝတ်ထားတဲ့ပုံစံကြီးနဲ့ အပေါ်ထပ်ကလူတွေ မြင်သွားရင် ဒုက္ခရောက်မှာနော်... ပြောမရဘူး..."
သူ စကားကို ဆက်မပြောတော့သော်လည်း ရန်မေ၏ မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူလျော့သွားသည်။ ဤနှစ်ဝက်တာကာလအတွင်း အပြင်ပလောကနှင့် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် ဥပဒေစိုးမိုးမှုနှင့် စည်းကမ်းများမှာ ပျက်စီးယိုယွင်းခဲ့လေပြီ။ လူယုတ်မာများ ကြီးစိုးလာပြီး အပေါ်ထပ်မှ လူအချို့ဆိုလျှင် လူစိတ်ပင် မရှိကြတော့ပေ။
သူမသည် တံခါးချောင်းကြည့်ပေါက်မှတဆင့် ၇ လွှာမှ အမျိုးသမီးတစ်ဦးကို လျှောက်လမ်းပေါ်၌ပင် အမျိုးသားသုံးဦးက ဝိုင်းဝန်းစော်ကားနေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။
ထိုအမျိုးသမီး၏ သနားစဖွယ် အော်ဟစ်အသနားခံသံများသည် ယခုထက်ထိ ညဘက်အိပ်မက်ဆိုးများအဖြစ် သူမခေါင်းထဲ ခြောက်လှန့်နေဆဲဖြစ်သည်။
ထိုအကြောင်း တွေးမိသည်နှင့် ရန်မေ တစ်ကိုယ်လုံး တုန်ရီလာကာ အိမ်ခန်းဆီသို့ ကပျာကယာ ပြန်ပြေးသွားလေသည်။ တံခါးကို အလောတကြီးခေါက်လိုက်ရာ အမျိုးသားတစ်ဦးက တံခါးဖွင့်ပေးလာသည်။
"ဘယ်လိုလဲ... ရခဲ့လား"
ခင်ပွန်းဖြစ်သူက စိတ်လောကြီးစွာ မေးလိုက်သည်။
ရန်မေက တုန်တုန်ရီရီဖြင့် ပြန်ဖြေရှာသည်။ "သူ... သူ မပေးဘူးတဲ့"
ထိုအခါ ခင်ပွန်းဖြစ်သူက ဒေါသတကြီး အော်ဟစ်တော့သည်။ "နင့်ဟာကလည်း ဘာမှသုံးစားမရပါလား... သူက မပေးဘူးဆိုရင်တောင် နင်က မရရအောင် တောင်းပန်လေ"
"ကျွန်မ... ကျွန်မက..."
ဒုန်း... ဒုန်း... ဒုန်း...
ရုတ်တရက် အပေါ်ထပ်မှ တံခါးထုသံကဲ့သို့ အသံဗလံများ ကြားလိုက်ရသဖြင့် လင်မယားနှစ်ယောက်စလုံး လန့်ဖျပ်သွားကြသည်။
ရန်မေက အခန်းထဲသို့ အမြန်တိုးဝင်လိုက်ပြီး ခင်ပွန်းဖြစ်သူကလည်း တံခါးကို ချက်ချင်းပြန်ပိတ်ကာ လော့ခ်ချလိုက်သည်။
ထိုအချိန်မှာပင် လျှောက်လမ်းပေါ်သို့ သန်မာထွားကြိုင်းသော လူတစ်ယောက် ပြေးတက်လာသည်။ တံခါးပိတ်သံကို ကြားလိုက်ရသဖြင့် ထိုလူက လှမ်းဆဲတော့သည်။
"ခွေးကောင်... လီကျစ်ချန်... မင်း သတ္တိရှိရင် အိမ်ထဲမှာပဲ ဆက်ပုန်းနေလိုက်... ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ"
ထိုလူက အောက်သို့ပြေးဆင်းလာပြီး ရန်မေတို့၏ တံခါးကို ခြေထောက်ဖြင့် အားကုန် ဆောင့်ကန်လေသည်။
လီကျစ်ချန် ဆိုသည်မှာ ရန်မေ၏ ခင်ပွန်းနာမည် ဖြစ်သည်။ ထိုလူက လီကျစ်ချန်တို့ မိသားစုကို သိနေပုံရသည်။
လင်းယွမ်ကမူ သူ့ဘက်ခြမ်းမှ အခန်းတံခါးကို စောစီးစွာကတည်းက ပိတ်ထားပြီးဖြစ်သည်။ အစမှအဆုံးထိ သူ့အခန်း၏ အပြင်ဘက် သံပန်းတံခါးကို တစ်ကြိမ်လေးမျှပင် ဖွင့်မပေးခဲ့ပေ။
အပြင်ဘက်မှ ဆဲဆိုသံများကို နားထောင်နေရင်း ခဏအကြာတွင် ထိုလူက သူ့အခန်းရှေ့၌ပါ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို သတိထားမိလိုက်သည်။ နောက်ဆုံးတွင်မူ ထွက်ခွာသွားလေသည်။
လင်းယွမ်က သံရိုက်သေနတ်ကို တိတ်တဆိတ် ပြန်ချထားလိုက်ပြီး ထမင်းစားပွဲသို့ ပြန်သွားကာ ထမင်းဆက်စားလိုက်သည်။ သို့သော် ထိုလူများသည် သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ငတ်မွတ်ခေါင်းပါးခြင်းက လူတိုင်းကို အရူးအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထမင်းစားသောက်ပြီးစီး၍ ပန်းကန်ခွက်ယောက်များ ဆေးကြောပြီးနောက် လင်းယွမ်က နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်လေသည်။
ဦးစွာ ကြွက်သားသန်မာရေးအတွက် နေ့စဉ် ဒိုက်အကြိမ်ငါးရာ ထိုးသည်။
ထို့နောက် နှလုံးနှင့်အဆုတ် သန်မာစေရန် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်သည်။ အိမ်တွင် ပြေးစက်မရှိသဖြင့် ကြိုးခုန်ခြင်းကို ရွေးချယ်ထားသည်။
ဆက်လက်၍ ပစ်ခတ်မှုလေ့ကျင့်ခန်း လုပ်သည်။ အိမ်တွင် လေးမြှားမရှိသဖြင့် တူလေးအတွက် ကလေးကစားစရာအဖြစ် ဝယ်ထားသော လောက်လေးခွကိုသာ အသုံးပြုရသည်။ လောက်လေးခွလေ့ကျင့်ခန်း ပြီးဆုံးပါက လှံကစားနည်းကို လေ့ကျင့်သည်။
လှံကစားနည်းဟု ဆိုသော်လည်း သံပိုက်လုံးထိပ်တွင် ကြက်သွန်လှီးဓားကို ဂဟေဆော်ထားသော လက်လုပ်လှံရှည်သာ ဖြစ်သည်။
လေ့ကျင့်သည့် နည်းစနစ်များမှာလည်း အရိုးရှင်းဆုံး အခြေခံလှုပ်ရှားမှုများသာ ပါဝင်သည်။
ထိုးခြင်း၊ စိုက်ခြင်း၊ ပင့်ခြင်း၊ ပိုင်းခြင်း၊ ကာခြင်း၊ ချခြင်း၊ လိမ်ခြင်း၊ ကော်ခြင်း၊ ဖိခြင်း၊ ခုတ်ခြင်း၊ ဖြိုခြင်း နှင့် လှည့်ခြင်း စသည့် အခြေခံနည်းစနစ်များ ဖြစ်သည်။
ဤအရာများကိုလည်း ဗီဒီယိုဖိုင်များကြည့်ကာ လေ့ကျင့်ထားခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် ယခုကဲ့သို့ ရိက္ခာရှားပါးနေချိန်၌ လူကိုပင်ပန်းစေမည့် လေ့ကျင့်ခန်းမျိုး မလုပ်သင့်ပေ။ သို့သော် တစ်ချက်က သူ အိမ်ထဲ၌ အလွန်ပျင်းရိနေပြီး လျှပ်စစ်မီးကိုလည်း ချွေတာနေရသဖြင့် ဤလေ့ကျင့်ခန်းများဖြင့်သာ အချိန်ဖြုန်းနေရသည်။
နောက်တစ်ချက်က လက်ရှိကမ္ဘာကြီး၏ အခြေအနေမှာ ပြန်ကောင်းလာမည့်ပုံ မရှိတော့ပေ။ အပြင်ဘက်မှ ဆိုးသွမ်းယုတ်မာသော အိမ်နီးချင်းများသည် အချိန်မရွေး အိမ်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာနိုင်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကာယကြံ့ခိုင်မှုရှိနေဖို့ လိုအပ်ပေသည်။
လောက်လေးခွသည် အဝေးပစ်တိုက်ခိုက်မှုအတွက်ဖြစ်ပြီး၊ လှံရှည်မှာမူ အနီးကပ်တိုက်ပွဲအတွက် ဖြစ်သည်။ ဒိုက်ထိုးခြင်းနှင့် ကြိုးခုန်ခြင်းတို့မှာ ခွန်အားနှင့် ခံနိုင်ရည်ကို တည်ဆောက်ပေးသည်။
ပထမတစ်ခုက ကြွက်သားပေါက်ကွဲအားကို မြှင့်တင်ပေးပြီး၊ ဒုတိယတစ်ခုက အဆုတ်စွမ်းရည် ကို ကောင်းမွန်စေသည်။ အပြင်ဘက်နေရာတိုင်းတွင် ရေကြီးနေသဖြင့် တစ်နေ့နေ့တွင် မလွှဲမရှောင်သာ ရေကူးရမည့်အခြေအနေ ကြုံလာနိုင်သည်။ ထို့ကြောင့် နှလုံးနှင့် အဆုတ် အားကောင်းနေမှ ဖြစ်ပေမည်။
ထိုလေ့ကျင့်ခန်းများအပြင် ဘားခိုခြင်ကိုလည်း အထူးတလည် လေ့ကျင့်သည်။ လက်ရှိရေကြီးမှုအခြေအနေအရ အပြင်ဘက်တွင် ခြေချစရာ မြေနေရာဟူ၍ မရှိသလောက်ပင်။
တစ်ခုတည်းသော လွတ်မြောက်ရာလမ်းမှာ အဆောက်အအုံအမြင့်များပေါ်သို့ တွယ်တက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ခါးအထက်ပိုင်း ကြွက်သားအားကို မဖြစ်မနေ လေ့ကျင့်ထားရမည်။
သူခြောက်လနီးပါး ကြိုးစားလေ့ကျင့်ခဲ့မှုကြောင့် အထက်ပါစွမ်းရည်များမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ လောက်လေးခွပစ်ရာတွင် ပေခြောက်ဆယ်အတွင်းဆိုလျှင် ၆၀ ရာခိုင်နှုန်း ထိမှန်နိုင်ပြီး၊ ပေကိုးဆယ် ကျော်လျှင်မူ ၅၀ ရာခိုင်နှုန်းခန့်သာ တိကျမှုရှိတော့သည်။
လှံကစားနည်းတွင်မူ လှုပ်ရှားမှုတစ်စုံလုံးကို သွက်လက်ချောမွေ့စွာ ကစားနိုင်နေပြီ ဖြစ်သည်။ အထူးသဖြင့် ထိုးခြင်း၊ စိုက်ခြင်း၊ ပင့်ခြင်း၊ ရိုက်ခြင်း စသည့် တိုက်ခိုက်ရေး အခြေခံကွက်များကို အပြင်းထန်ဆုံး လေ့ကျင့်ထားသည်။ ယခုအခါ အိမ်ရှိ လက်မဝက်ခန့် အထူရှိသော သစ်သားတံခါးကို တစ်ချက်တည်းနှင့် ထိုးဖောက်နိုင်စွမ်း ရှိလာပြီဖြစ်သည်။
ခါးအထက်ပိုင်း သန်မာရေးလေ့ကျင့်မှုတွင်မူ သူ့ကိုယ်သူ ကာယလေ့ကျင့်ခန်းများ၌ ပါရမီပါသည်ဟုပင် ထင်မိသည်။ ခြောက်လမပြည့်ခင်မှာပင် ဘားခိုခြင်းကို အကြိမ် ၅၀-၆၀ ခန့် သက်တောင့်သက်သာ ပြုလုပ်နိုင်ပြီး၊ အံကြိတ်လုပ်လျှင် အကြိမ် ၁၀၀ အထိ ရောက်နိုင်သည်။
ဘားတန်းပေါ်သို့ လက်နှစ်ဖက်အားပြုကာ တက်သည့် နည်းစနစ်ကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ၃၀-၄၀ ကြိမ်ခန့် ပြုလုပ်နိုင်သည်။
နှလုံးနှင့် အဆုတ်လေ့ကျင့်ခန်းမှာလည်း အတော်လေး ခရီးရောက်နေပြီဖြစ်ပြီး နေ့စဉ် မျက်နှာမသစ်ခင် ရေအောက်တွင် အသက်အောင့်လေ့ကျင့်လေ့ရှိသည်။ လက်ရှိစံချိန်အကောင်းဆုံးမှာ ၃ မိနစ်နှင့် စက္ကန့် ၃၀ အထိ အောင့်ထားနိုင်သည်။
ဤကိန်းဂဏန်းကို လျှော့တွက်၍မရပေ။ သာမန်လူတစ်ယောက် လေ့ကျင့်မှုမရှိဘဲ အသက်အောင့်လျှင် တစ်မိနစ်ခန့်သာ ခံနိုင်သည်။ လေ့ကျင့်မှုရှိပြီး မူလကတည်းက အဆုတ်ကောင်းသူဆိုလျှင် ၂ မိနစ်ကျော်အထိ ရနိုင်သည်။ သို့သော် ၃ မိနစ်ကျော်လွန်ခြင်းမှာ ကျွမ်းကျင်အဆင့် လေ့ကျင့်ထားသူများ၏ အတိုင်းအတာထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။
လင်းယွမ် အွန်လိုင်းတွင် ဖတ်ဖူးသည်မှာ ကျွမ်းကျင် ရေငုပ်သမားများသည် ၁၀ မိနစ်အထိပင် အသက်အောင့်နိုင်ကြသည်ဟု ဆိုသည်။ ဟုတ်မဟုတ်တော့ မပြောတတ်ပေ။ လက်ရှိသူ့အဖို့တော့ ၃ မိနစ်ခွဲသည် အကန့်အသတ်ပင် ဖြစ်သည်။
လေ့ကျင့်ခန်းအားလုံး ပြီးဆုံးချိန်တွင် နေ့လယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ ရေအမြန်ချိုးလိုက်သည်။ ရေချိုးရာတွင် အပြင်မှ ပင်လယ်ရေကိုသာ သုံးရသည်။ အပူပေးပြီး ပိုးသတ်ထားသဖြင့် ရေချိုးရန် ပြဿနာမရှိပေ။
အချို့အိမ်နီးချင်းများဆိုလျှင် လှေကားထစ်များ၌ပင် ရေအပူမပေးဘဲ တန်းချိုးကြသည်ကို မြင်ဖူးသည်။ သူတို့လည်း ဘာမှမဖြစ်ကြပေ။
ရေချိုးသန့်စင်ပြီးနောက် နေ့လယ် ၁ နာရီ၊ ၂ နာရီခန့် ရှိပြီဖြစ်ရာ ခေါက်ဆွဲပြုတ်တစ်ထုပ်ကို စားလိုက်သည်။ ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့်အရာများကို စဉ်းစားလိုက်သည်။
မူလအစီအစဉ်အရ နေ့လယ်ပိုင်းတွင် ရေဒီယိုနားထောင်ရင်း ပြင်ပသတင်းများကို စုံစမ်းရမည်ဖြစ်သည်။ ထို့နောက် လျှပ်စစ်ပတ်လမ်း အခြေခံသဘောတရား စာအုပ်များကို ဖတ်ရှုရမည်။
ယခုအခါ ဓာတ်အားလိုင်းများ ပျက်စီးနေပြီဖြစ်သော်လည်း မီးစက်ကို အသုံးပြုနိုင်သေးသည်။ အကယ်၍ ဒီနေရာမှ ထွက်ခွာရလျှင် မီးစက်ကိုပါ တစ်ပါတည်း ယူဆောင်သွားချင်သည်။
လျှပ်စစ်မရှိပါက လူသားယဉ်ကျေးမှုသည် ခေတ်နောက်သို့ အကြီးအကျယ် ပြန်လည်ဆုတ်ယုတ်သွားလိမ့်မည်။ လျှပ်စစ်ပိုင်းဆိုင်ရာ ဗဟုသုတများ ရှိထားပါက နောင်တစ်ချိန်တွင် ရိုးရှင်းသော လျှပ်စစ်ပစ္စည်းများကို ကိုယ်တိုင်ပြုပြင်နိုင်ပေလိမ့်မည်။
၎င်းတို့ကတော့ နောင်ကြုံလာမှ စဉ်းစားရမည့် အရာများဖြစ်သည်။ သို့သော် ယခုလောလောဆယ်တွင်မူ သူ စာဆက်မဖတ်ချင်တော့ပေ။ လင်းယွမ်က အသစ်ပေါ်လာသော ''ကံစမ်းမဲစနစ်'' ကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်လာသည်။
"ဒီစနစ်ကမှ ငါ့ရဲ့ရှေ့ဆက်သက်ရှင်နိုင်ဖို့အတွက် အာမခံချက်ပဲ... အမှတ်တွေ များများရဖို့ နည်းလမ်းရှာမှ ဖြစ်မယ်"
"စနစ်အတွက် လိုအပ်တဲ့ အမှတ်တွေရဖို့ သန္ဓေပြောင်းသတ္တဝါတွေကို သတ်မှရမယ်ဆိုတော့... အပြင်ထွက်ကြည့်ဖို့ ကြိုးစားရတော့မယ်ထင်တယ်"
ဆက်ရန်...