← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း (၇) အလစ်ဝင်တိုက်ခံရခြင်း

"ဒီမနက်က လျှိုအားလုံရဲ့လူတွေ ရောက်လာတာကို မင်းလည်း မြင်သားပဲ... သူတို့က ငါ့အခန်းကို အတင်းဝင်စီးဖို့ လုပ်နေကြတာ"

"ငါ့အခန်းကို ဝင်စီးပြီးရင်... မင်းတို့ကိုရော လွှတ်ပေးမယ် ထင်နေလား"

"အဲ့ဒီတော့ ဒီလိုလုပ်... မင်း တံခါးဖွင့်လိုက်... ငါတို့ တိုင်ပင်ကြတာပေါ့"

လီကျစ်ချန်ကလည်း အ,သူတစ်ယောက် မဟုတ်။ လင်းယွမ်၏ စကား နှစ်ခွန်းသုံးခွန်းလောက်နှင့် သူက တံခါးဖွင့်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် သူက အော်ပြောလိုက်သည်။ "လင်းယွမ်... ငါနဲ့ လျှိုအားလုံကြားမှာ ဘာပြဿနာမှ မရှိဘူးကွ... အရင်တုန်းကဆို ငါသူနဲ့ ငါးအတူတူ သွားမျှားနေကြ... သူက ငါ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး"

လင်းယွမ်က စိတ်ထဲ၌ ''ငတုံး'' ဟု ကျိန်ဆဲလိုက်မိသည်။ အရင်ကအရင်၊ အခုကအခု ဆိုတာကိုတောင် မခွဲခြားတတ်ပါလား။

ထို့နောက် လင်းယွမ်က အေးစက်စက် လှောင်ပြုံး ပြုံးလိုက်ကာ ပြန်ပြောလိုက်၏။ "အော်... ဟုတ်လား... ဒါဆို မင်းက ဘာလို့ သူနဲ့သွားမပူးပေါင်းတာလဲ... ဘာလို့ အခန်းထဲမှာပဲ ပုန်းနေတာလဲ"

လီကျစ်ချန်တစ်ယောက် ပြောစရာစကားမဲ့သွားသည်။ သူက သတ္တိနည်းသူဖြစ်ပြီး လျှိုအားလုံကို သွားမစသင့်မှန်း ကောင်းကောင်းသိသည်။ အမှန်တော့ ရေကြီးရေလျှံမှု စဖြစ်သည့် ပထမလလောက်ကတည်းက လျှိုအားလုံ သူ့အခန်းသို့လာကာ မိတ်ဆွေဖွဲ့ဖူးသည်။ ထိုအချိန်က လူတိုင်း ကိုယ်ကျင့်တရားကို လက်ကိုင်ထားဆဲဖြစ်ပြီး ဥပဒေဘောင်အတွင်း ရှိနေကြသေး၏။ သို့သော် လျှိုအားလုံက အိမ်ထဲရောက်သည်နှင့် ရန်မေကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သောကြောင့် လီကျစ်ချန်ခမျာ အတော်လေး လန့်ဖျပ်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ လျှိုအားလုံနှင့် မပတ်သတ်မိအောင် သူက တမင်ရှောင်ဖယ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရေကြီးမှုက ပိုမိုဆိုးရွားလာပြီး တိုက်ထဲရှိ လူများသည်လည်း ရူးသွပ်လာကြသည်။ စားစရာ တစ်လုပ်စာအတွက်နှင့် အသက်ပေးရန်ပင် ဝန်မလေးတော့ပေ။ တံခါးရှိ ချောင်းကြည့်ပေါက်မှတစ်ဆင့် အနိဋ္ဌာရုံမြင်ကွင်းများစွာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် လျှိုအားလုံ၏ လက်ရှိသြဇာအာဏာကို ကြားသိရပြီးနောက် သူ အခန်းပြင်သို့ လုံးဝခြေမချရဲတော့ချေ။

ထိုနောက်ပိုင်း လျှိုအားလုံက လူအုပ်နှင့်လာပြီး တံခါးခေါက်သည့် အကြိမ်တိုင်း သူက တံခါးမဖွင့်ရဲခဲ့ပေ။ လျှိုအားလုံက လူခေါ်ပြီး တံခါးကို အတင်းဖျက်ဆီးကာ ဝင်ရောက်ရန်ပင် ကြိုးစားခဲ့ဖူးသည်။ သို့သော် မျက်နှာချင်းဆိုင်အခန်းမှ လင်းယွမ်က ဝင်ရောက်တားဆီးပြီး ထိုလူစုကို မောင်းထုတ်ပေးခဲ့သောကြောင့် အန္တရာယ်မှလွတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ လျှိုအားလုံ၏ လူများနှင့် လင်းယွမ်တို့ကြား ရန်ငြိုးစဖွဲ့ခဲ့ခြင်း ဖြစ်သည်။

လျှိုအားလုံတစ်ယောက် သူ့အိမ်တံခါးကို ဖျက်ဆီးမည့်အချိန်က အနှေးနှင့်အမြန်သာ ကွာမည်ဖြစ်ကြောင်း လင်းယွမ် ကောင်းစွာ သိနားလည်ထားသည်။ ထို့ကြောင့် သူက ဦးအောင် လက်ဦးမှုရယူရန် ဆုံးဖြတ်လိုက်သလို တစ်ဖက်ခန်းမှ အိမ်နီးချင်းနှင့် မိတ်ဖွဲ့ထားရန် ထိုအချိန်က ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မျက်နှာချင်းဆိုင်ခန်းမှ လီကျစ်ချန်က ဤမျှ သူရဲဘောကြောင်သူ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ မိတ်ဆွေဖွဲ့၍ မရသည့်အပြင် ဆန်တစ်အိတ်ပါ အလကား ဆုံးရှုံးလိုက်ရသေးသည်။ ယနေ့တွင်တော့ ထို လီကျစ်ချန် ဆိုသူက သူ့ကို ပစ်မှတ်ထားပြီး သူ အပြင်ထွက်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ သော့ဖျက်ကာ အခန်းကိုဖောက်ထွင်းရန် ကြိုးစားခဲ့၏။

အကယ်၍သာ သူ့ကို ပညာမပေးလိုက်ရလျှင် ''ငရဲကျရတဲ့ အရသာက ဘယ်လိုနေလဲ'' ဆိုသည်ကို လီကျစ်ချန် သိသွားမည် မဟုတ်ပေ။

အခန်းထဲမှ လီကျစ်ချန် ငြိမ်သွားသည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်က ဆက်ပြောလိုက်သည်။ "အခု တံခါးဖွင့်ပေးမယ်ဆိုရင် ငါမင်းကို ဆန်အိပ်တစ်ဝက် ချေးပေးမယ်"

လီကျစ်ချန်က မိုက်မဲသူ မဟုတ်ပေ။ သူက လင်းယွမ်၏ အခန်းကို ခိုးဝင်ရန် ကြိုးစားခဲ့ရာမှ လူမိလုနီးပါး ဖြစ်ခဲ့ရသူ မဟုတ်ပါလော။ ယခုအချိန်တွင် တံခါးဖွင့်ပေးလိုက်လျှင် သေလမ်းသာ ရှိလိမ့်မည်။ ထို့ကြောင့် သူက ပြန်အော်ပြောလိုက်သည်။ "လင်းယွမ်... မင်း တကယ် စေတနာရှိရင် အဲဒီဆန်ကို တံခါးဝမှာ ချထားလိုက်... ဒါဆို မင်း ငါတို့နဲ့ တကယ် ပူးပေါင်းချင်တယ်ဆိုတာကို ယုံပေးမယ်"

လင်းယွမ်က ''ဟက်'' ခနဲ လှောင်ရယ် ရယ်လိုက်ပြီး "မင်းကို ဆန်ပေးဖို့ ငါက ပြန်တောင်းပန်ရဦးမှာလား... မလိုချင်လည်း နေ"

ပြောပြီးသည်နှင့် သူက လှည့်ထွက်ရန် ပြင်လိုက်သည်။ လီကျစ်ချန်နှင့် ရန်မေတို့ စားစရာပြတ်လပ်နေသည်မှာ ကြာပြီဖြစ်၍ ဆာလောင်မှုကို သည်းမခံနိုင်တော့သည့် အခြေအနေသို့ ရောက်နေမှန်း သူက ကောင်းစွာ တွက်ဆထားပြီးဖြစ်သည်။ သို့မဟုတ်ပါက ရန်မေတစ်ယောက် အစာရဖို့အရေး သူမ၏ ခန္ဓာကိုယ်ကိုရင်းကာ လာရောက်ဖြားယောင်းမည် မဟုတ်ပေ။ ယခင်က သူက လုံးဝလျော့ပေးခြင်း မရှိခဲ့သဖြင့် တစ်ဖက်လူအတွက် မျှော်လင့်ချက် မရှိခဲ့ချေ။ ယခု သူက လေသံပျော့ပေးလိုက်သည့်အခါ ၎င်းက ထောင်ချောက်မှန်း သိနေရင်တောင်မှ လီကျစ်ချန်တစ်ယောက် ခုန်ဆင်းလာမည်မှာ သေချာသလောက်ပင်။ ထမင်းမငတ်ဖူးသူများက ထမင်းငတ်နေသူတစ်ယောက်၏ မျှော်လင့်ချက်မဲ့ခြင်းနှင့် ဒုက္ခကို ဘယ်သောအခါမျှ နားလည်နိုင်မည် မဟုတ်ပေ။

လင်းယွမ်က နောက်ပြန်လှည့်လိုက်သည့် အချိန်၌ပင် အပေါ်ထပ် လှေကားမှ အရိပ်မည်းတစ်ခု ရုတ်တရက် ခုန်ထွက်လာလေသည်။ ထိုအရိပ်က လင်းယွမ်၏ ခေါင်းတည့်တည့်ဆီသို့ မီးဖိုချောင်သုံး ဓားမကြီးဖြင့် အားကုန်လွှဲ၍ ခုတ်ပိုင်းချလိုက်တော့၏။

တိုက်ခိုက်မှုက အလွန်လျင်မြန်ပြီး ရုတ်တရက် ဖြစ်သောကြောင့် လင်းယွမ် အတော်လေး လန့်ဖျပ်သွားသည်။ လှေကားထပ်တွင် လူတစ်ယောက် ပုန်းနေခြင်းပင်။ သူက ခန္ဓာကိုယ်ကို အမြန်တိမ်းရှောင်လိုက်သဖြင့် ဓားချက်နှင့် သီသီလေး လွတ်သွားသည်။

သို့သော် တစ်ဖက်လူက ဤသို့ ရှောင်တိမ်းနိုင်မည်ကို ကြိုတင်တွက်ဆထားပုံရသည်။ ကျန်လက်တစ်ဖက်တွင် သံပိုက်လုံးတစ်ချောင်းကို ကိုင်ဆောင်ထားသေး၏။ ညာလက်ရှိ ဓားဖြင့် ခုတ်မရသည်ကို မြင်သည်နှင့် ထိုလူက ဘယ်လက်ရှိ သံပိုက်လုံးကို ဝှေ့ယမ်းကာ လင်းယွမ်၏ ခေါင်းကို အားကုန် ရိုက်ချလိုက်တော့သည်။

တစ်ဖက်လူက ဘယ်ပြန်ညာပြန် လက်နက်အပြည့်အစုံဖြင့် အသင့်ပြင်ဆင်လာခြင်း ဖြစ်သည်။ လင်းယွမ်က တုံ့ပြန်မှု လျင်မြန်သဖြင့် ဓားချက်ကို ရှောင်နိုင်ခဲ့သော်လည်း သံပိုက်လုံးဖြင့် ရိုက်ချက်ကိုမူ အချိန်မီ မရှောင်နိုင်ခဲ့တော့ပေ။

"ဒေါင်..."

အသံအစ်အစ်တစ်ခု ပေါ်ထွက်လာပြီး သံပိုက်လုံးက လင်းယွမ်၏ ခေါင်းကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။ လင်းယွမ်၏ ကျောပြင်တစ်ခုလုံး အေးစက်သွားပြီး ချွေးစေးများ ပြန်လာသည်။ ခေါင်းကို အမြန်စမ်းကြည့်လိုက်မှ သူဝတ်ထားသော ဆိုင်ကယ်ဦးထုပ်က သူ့အသက်ကို ကယ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

တစ်ဖက်လူက အခြေအနေကို သေချာမကြည့်ဘဲ ထိမိသွားသည်ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။

"ဟားဟားဟား... သေလိုက်စမ်း... ခွေးမသား... နောက်ဆုံးတော့ မင်းကို ငါမိပြီဟေ့... ဒီအခန်းက ငါ့အပိုင်ပဲကွ"

သို့သော် သူ သတိမဝင်လိုက်ခင်မှာပင် လင်းယွမ်လက်ထဲမှ လှံက တစ်ရှိန်ထိုး ပစ်ဝင်လာတော့သည်။

"ရွှပ်"

ကြက်သွန်လှီးဓားကို ဂဟေဆော်ပြီး ပြုလုပ်ထားသော လှံက ထိုလူ၏ လည်ပင်းကို ချက်ချင်းပင် ဖောက်ထွက်သွား၏။ လွန်ခဲ့သော နှစ်ဝက်နီးပါးလောက် နေ့စဉ်မပျက် လေ့ကျင့်ထားခဲ့သောကြောင့် ယခုထိုးချက်က လင်းယွမ်၏ မသိစိတ်မှ အလိုအလျောက် ထွက်ပေါ်လာသော တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ လှံချက်က ပြင်းထန်လွန်းလှပြီး ဖောက်ထွင်းအား ကောင်းမွန်လှပေသည်။ ခဏချင်းမှာပင် ထိုလူ၏ လည်ပင်းသွေးကြော ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာကာ လင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးစက်များဖြင့် ပေကျံသွားတော့သည်။

လင်းယွမ်က ကြောင်အအဖြင့် နေရာတွင် ရပ်နေမိပြီး လက်နှစ်ဖက်က အလိုအလျောက် လှံကို ပြန်ဆွဲထုတ်လိုက်မိသည်။

"ဝုန်း"

တစ်ဖက်လူ၏ ခန္ဓာကိုယ်က ထောက်ကန်ထားမည့်အား မရှိတော့ဘဲ လည်ပင်းကို လက်ဖြင့်အုပ်လျက် လှေကားထစ်ပေါ်သို့ လဲကျသွားသည်။

"အစ်... အစ်..."

သူက စကားပြောရန် ကြိုးစားသော်လည်း လည်ပင်းမှ လေထွက်သံများသာ ထွက်ပေါ်နေသဖြင့် စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။ သို့သော် သူ၏ မျက်လုံးများကမူ လင်းယွမ်ကို အာဃာတကြီးစွာဖြင့် စိုက်ကြည့်နေဆဲပင်။

လင်းယွမ်က နေရာတွင် ကြောင်ငေး၍ ရပ်နေမိသည်။ ခဏအကြာမှ အောက်ထပ်ဆီမှ လှေကားအတိုင်း ပြေးတက်လာသော ခြေသံများကို ကြားလိုက်ရသဖြင့် သူ ရုတ်တရက် သတိပြန်ဝင်လာပြီး ကိုယ့်အခန်းတံခါးဆီသို့ အပြေးလှမ်းလိုက်တော့သည်။

ထိုအချိန်၌ပင် လှေကားမှ ခြေသံများက ပို၍ မြန်ဆန်လာကာ အောက်ထပ်သို့ ရောက်ရှိနေပြီ ဖြစ်ပုံရသည်။ "အမြန်လုပ်... အပေါ်မှာ အသံကြားတယ်" ဟူသော အော်ဟစ်သံကြီးကိုလည်း တဆက်တည်း ကြားလိုက်ရသည်။

လင်းယွမ်က သော့ကိုထုတ်ပြီး သော့ပေါက်ထဲသို့ အမြန်ထိုးထည့်လိုက်သည်။ ဂျောက်ခနဲ အသံနှင့်အတူ သံပန်းတံခါး ပွင့်သွားသည်။ သူက သံပန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး အတွင်းဘက် သစ်သားတံခါးကိုပါ အမြန်ဖွင့်လိုက်၏။ ထိုအချိန်တွင် လူရိပ်တစ်ခုက ၃၂ ထပ်သို့ ပြေးတက်လာပြီ ဖြစ်သည်။ လင်းယွမ်နှင့် လှေကားထစ် လေးငါးဆင့်သာ ကွာတော့သည်။

ထိုလူက ခန္ဓာကိုယ် ကြီးမားထွားကျိုင်းပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လှေကားနှစ်ထစ်လောက် ကျော်တက်လာနိုင်လေသည်။ "ရပ်လိုက်စမ်း" ထိုလူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူကိုပင် ဂရုမစိုက်ဘဲ လက်လှမ်းကာ လင်းယွမ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

လင်းယွမ်က အိမ်တံခါးကို ဖွင့်လိုက်နိုင်ပြီဖြစ်၍ အခန်းထဲသို့ အမြန်ဝင်ကာ သံပန်းတံခါးကို နောက်ပြန်ဆွဲပိတ်လိုက်သည်။

"ဒေါင်င်င်င်င်င်င်"

ထိုလူက သံပန်းတံခါးနှင့် ဝင်ဆောင့်မိသွားသည်။ သူက သံပန်းတံခါးကို လက်ဖြင့် ထုရိုက်ကာ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ မှိန်ဖျဖျ အလင်းရောင်အောက်တွင် ထိုလူ၏ မျက်နှာပေါ်ရှိ အမာရွတ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ကိုယ်ခန္ဓာ တောင့်တင်းခိုင်မာပြီး မျက်လုံးများက နွားသိုးတစ်ကောင်အလား ပြူးကျယ်နေလေသည်။

"လျှိုအားလုံ"

မျက်နှာပေါ်က အမာရွတ်ကို မြင်လိုက်သည်နှင့် တဖက်လူမှာ မည်သူဖြစ်မှန်း လင်းယွမ်က ချက်ချင်း မှတ်မိလိုက်သည်။ ယခုအချိန်တွင် လျှိုအားလုံ၏ ကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူက သံပန်းတံခါးကို အဆက်မပြတ် ထုရိုက်ရင်း ဒေါသတကြီး အော်ဟစ်နေတော့၏။ "ခွေးကောင်... မင်း အပြင်ထွက်ခဲ့စမ်း... တံခါးကို အခုချက်ချင်း ဖွင့်စမ်း"

"ဘုန်း ဘုန်း ဘုန်း"

သူက တံခါးကို လက်ဖြင့် ရိုက်နေရုံသာမက ခြေထောက်ဖြင့်ပါ အားကုန် ဆောင့်ကန်နေရာ သံပန်းတံခါးမှာ သိသိသာသာပင် ကွေးဝင်သွားလေသည်။ လင်းယွမ်၏ မျက်ဆန်များ ကျဉ်းမြောင်းသွားပြီး သူက လက်ထဲမှ လှံရှည်ကို ပစ်ချကာ တံခါးဘေးရှိ စင်ပေါ်တွင် တင်ထားသော သံရိုက်သေနတ်ကို ဆွဲယူကာ ချိန်ရွယ်ပစ်ခတ်လိုက်တော့သည်။

"ဝှစ်" သံချောင်းတစ်ချောင်းက ကျည်ဆန်အလား ပြေးထွက်သွားသည်။

လျှိုအားလုံက လှုပ်ရှားသံကို ကြားသည်နှင့် ကိုယ်ကို ကုန်းလိုက်ပြီး ဘေးသို့ အမြန် ခုန်ရှောင်လိုက်သည်။ ထို့နောက် လှေကားထစ်နံရံကို ကျောကပ်ကာ ပုန်းခိုလိုက်၏။

"လင်းယွမ်... ခွေးမသား... မင်းက ငါ့လူကို သတ်ရဲဟုတ်လား... ငါ မင်းကို လုံးဝ အလွတ်မပေးဘူးမှတ်" သူက နံရံထောင့်တွင် ကပ်နေရင်း လှမ်းဆဲနေသည်။

လင်းယွမ်၏ ရင်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်နေဆဲပင်။ လူတစ်ယောက်ကို ခုလေးတင် သတ်ခဲ့ရပြီး ယခုလို လိုက်လံတိုက်ခိုက်ခံရမှုကြောင့် အက်ဒရီနာလိုင်း (Adrenaline) ဟော်မုန်းများ ထွက်ပေါ်လာကာ ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုမျိုးကို ခံစားနေရသည်။ သူက တစ်ဖက်လူတွင် အဝေးပစ်လက်နက်များ ပါလာနိုင်သည်ကို တွေးမိသဖြင့် အတွင်းဘက် သစ်သားတံခါးကို အမြန် ပိတ်လိုက်သည်။

(Adrenaline ဆိုတာ အကျဉ်းထဲအကြပ်ထဲ ရောက်တဲ့အချိန်၊ အန္တရာယ်နဲ့ကြုံတဲ့အချိန် အမြန်တုံ့ပြန်နိုင်အောင် ခန္ဓာကိုယ်က အလိုအလျောက် ထုတ်ပေးတဲ့ဟော်မုန်းဖြစ်ပါတယ်)

ထို့နောက် တံခါးတစ်ဖက်မှနေ၍ လင်းယွမ်က အားမလျော့ဘဲ ပြန်လှန် ဆဲဆိုလိုက်၏။ "လျှိုအားလုံ... ဒီနှစ်ဝက်အတွင်း မင်း လူဘယ်နှစ်ယောက်တောင် သတ်ပြီးပြီလဲ... လာလေ... သတ္တိရှိရင် ခေါင်းပြူလိုက်... ငါ မင်းကို ကြောက်မယ်များ ထင်နေလား"

"ခွေးမသား မင်းစောင့်နေ... ဒီအခန်းကို ဖြိုပြီး မင်းကို မသတ်ရရင် ငါ လူမဟုတ်ဘူး"

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ ထိုအချိန်တွင် လှေကားဘက်မှ အော်ဟစ်သံများ ထပ်မံ ကြားလိုက်ရပြီး လူလေးငါးယောက် ပြေးတက်လာကြသည်။ ထိုလူများအားလုံးသည် လျှိုအားလုံ၏ ကြံရာပါများ ဖြစ်ကြသည်။

"အစ်ကိုအားလုံ... ကျိုးကျားချောင် အသက်မရှူတော့ဘူး"

"တောက်... အစ်ကိုအားလုံ... အဲ့ခွေးမသား ကျိုးကျားချောင်ကို သတ်လိုက်ပြီ"

"xီးပဲကွာ... ဒီကောင့်ကို သတ်ကြစမ်းပါ"

"နေဦး... မသွားနဲ့"

အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်က စိတ်လိုက်မာန်ပါဖြင့် ဆဲဆိုရင်း သံပန်းတံခါးဆီသို့ ပြေးဝင်သွားသည်။ အပေါ်ထပ်မှ လျှိုအားလုံက လှမ်းတားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ထိုလူငယ်၏ ပုံရိပ်ပေါ်လာသည်နှင့် တံခါးချောင်းကြည့်ပေါက်မှ နေ၍ သံရိုက်သေနတ် ပစ်ခတ်သံတစ်ချက် ထွက်ပေါ်လာသည်။

"ဝှစ်" သံတစ်ချောင်းက ထိုလူငယ်၏ မျက်နှာတည့်တည့်သို့ စိုက်ဝင်သွားတော့သည်။

ဆက်ရန်...

အပိုင်း (၈) ပဋိပကၡ

"အား..."

နာကျင်စွာ အော်ဟစ်လိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သံပစ်သေနတ်၏ စွမ်းအားမှာ အကန့်အသတ်ရှိလေရာ ထိုလူမိုက်ပုံဖမ်းထားသည့် လူငယ်မှာ ပွဲချင်းပြီး သေဆုံးသွားခြင်း မရှိပေ။ သို့သော် သံချောင်းက ထိုလူငယ်၏ နဖူးတည့်တည့်၌ စိုက်ဝင်သွားခဲ့သည်။ ဦးခေါင်းခွံရိုးမှာ မာကျောသည့်အပြင် ပစ်ခတ်သည့် အကွာအဝေးကြောင့်ပါ သံချောင်းက အသားထဲသို့သာ စိုက်ဝင်သွားခြင်း ဖြစ်သည်။ သို့တိုင်အောင် နာကျင်မှုဒဏ်ကြောင့် ထိုလူငယ်မှာ ချက်ချင်းပင် ဝပ်ဆင်းသွားပြီး ခေါင်းကိုအုပ်ကာ ညည်းညူအော်ဟစ်နေတော့သည်။

လင်းယွမ်ကမူ လုံးဝ သနားညှာတာခြင်း မရှိပေ။ အတွင်းဘက် သစ်သားတံခါးကို ဆွဲဖွင့်လိုက်ပြီး သံပန်းတံခါးကြားမှနေ၍ နောက်ထပ် နှစ်ချက်ဆင့်ကာ ပစ်ခတ်လိုက်သည်။

"ဝှစ်" "ဝှစ်" အသံတိုးတိုး နှစ်ချက်ထွက်ပေါ်လာပြီးနောက် သံပစ်သေနတ်ထဲမှ သံချောင်းများသည် ထိုလူငယ်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် စိုက်ဝင်သွားကြသည်။

သူ့ကို ဆွဲထူရန် ပြေးတက်လာကြသည့် အပေါင်းအပါများမှာလည်း ရုတ်တရက် လန့်ဖျပ်သွားကြပြီး အောက်ထပ် လှေကားထစ်ဆီသို့ အလုအယက် ပြန်လည်ဝင်ရောက် ပုန်းခိုသွားကြကာ မည်သူမျှ တက်မလာရဲကြတော့ပေ။

လင်းယွမ်က သံပန်းတံခါးနောက်ကွယ်မှနေ၍ အေးစက်စွာ ရယ်မောလိုက်ပြီး "ဒီသံချောင်းတွေကို ငါ အခန်းသာရေနဲ့ စိမ်ပြီး သံချေးတက်အောင် လုပ်ထားတာ... ခွေးမသား မင်းတော့ မေးခိုင်ပိုးဝင်ပြီး သေဖို့သာ ပြင်ထားလိုက်ပေတော့" ဟု လှမ်းအော်ပြောလိုက်သည်။

အပြင်ဘက်မှ လူများမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောချမ်းသွားကြသည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် မေးခိုင်ပိုး ဝင်သွားပါက သေနေ့စောင့်နေသည်နှင့် ဘာမှမခြားတော့ပေ။

"ဒီကောင် တော်တော် ရက်စက်တာပဲ"

"မဖြစ်ဘူး... ငါတို့ရှေ့တံခါးပေါက်ကနေ အတင်းဝင်လို့ မရတော့ဘူး... တခြားနည်းလမ်း ရှာမှဖြစ်မယ်"

"ပြန်ဆုတ်... လူကိုအရင်ကယ်"

လျှိုအားလုံက အော်ပြောလိုက်ပြီး လင်းယွမ်၏ သံပစ်သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်မှုကို ရှောင်ရှားရန် လှေကားလက်ရန်းကို ကျော်ကာ လင်းယွမ်၏ တံခါးပေါက်ကို ကွင်းရှောင်သွားလေသည်။ မကြာမီမှာပင် တံခါးပေါက်ဝ၌ လှုပ်ရှားသံများ တိတ်ဆိတ်သွားတော့သည်။

လင်းယွမ်က စိတ်ထဲမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အခန်းတံခါးမကြီးကို ပြန်ပိတ်လိုက်သည်။ ရုတ်တရက် ကျရောက်လာသော ဤအန္တရာယ်မှ လောလောဆယ် လွတ်မြောက်သွားပြီဟု ဆိုရမည်။ သို့သော် လျှိုအားလုံတို့အဖွဲ့က ဤမျှဖြင့် လက်လျော့ကြလိမ့်မည် မဟုတ်ပေ။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဦးစွာ သူ၏ သံပစ်သေနတ်ကို စစ်ဆေးကြည့်လိုက်ရာ ကျည်အဖြစ်သုံးသော သံချောင်း အတော်များများ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ အခန်းထဲ၌လည်း သံချောင်းအိတ် တစ်ဝက်ကျော်ခန့် ရှိနေသေးသည်။ သူက သံပစ်သေနတ်ထဲသို့ သံချောင်းများကို အမြန်ပြန်ဖြည့်လိုက်ပြီး မီးဖိုချောင် ပြတင်းပေါက်ရှိရာသို့ ချက်ချင်း ပြေးသွားလိုက်သည်။

သူ့အခန်း၏ ပြတင်းပေါက်သည် အပြင်ဘက်စင်္ကြံလမ်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည်။ သို့သော် စင်္ကြံလမ်းနှင့် ပြတင်းပေါက်ကြားတွင် ၁၂ပေခန့် ကွာဝေးသော လေဟာနယ် ရှိနေသဖြင့် သာမန်လူတစ်ယောက်အနေဖြင့် တွယ်တက်လာရန် မဖြစ်နိုင်ပေ။ ထို့အပြင် မီးဖိုချောင်ပြတင်းပေါက်ကို သူ ကြိုတင်၍ အသေပိတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း စိတ်မချနိုင်သဖြင့် လာရောက်စစ်ဆေးခြင်း ဖြစ်သည်။ ပြတင်းပေါက်ကို လုံခြုံစွာ ပိတ်ထားပြီး အတွင်းဘက်မှလည်း ဖြုတ်ထားသော ဗီရိုတံခါးများဖြင့် အသေရိုက်ပိတ်ထားသေးသည်။

အက်ကြောင်းကြားမှတဆင့် အပြင်သို့ ချောင်းကြည့်လိုက်ရာ ထိုအထပ် စင်္ကြံလမ်း၌ မည်သူမျှ ရှိမနေပေ။ ဤအထပ်သည် အပေါ်ဆုံးထပ်ဖြစ်သောကြောင့် စင်္ကြံလမ်းမှာ လေဒဏ်မိုးဒဏ်ကို ကာကွယ်နိုင်စွမ်း မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် ဤနေရာတွင် နေထိုင်ခြင်းမှာ အမိုးဖွင့်ထားသော ခေါင်မိုးထပ်တွင် နေထိုင်ရသည်နှင့် မခြားနားပေ။

လင်းယွမ်က သံမဏိပိုက်လုံးဖြင့် ပြုလုပ်ထားသော လှံရှည်ကို ထောက်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ အသက်ကို ပြင်းပြင်းရှူရင်း ရင်တုန်ပန်းတုန်ဖြစ်နေမှုကို ငြိမ်သက်သွားအောင် ထိန်းညှိလိုက်ရသည်။ ပြီးနောက် ခေါင်းပေါ်မှ ဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်ပြီး ပျက်စီးမှု အတိုင်းအတာကို စစ်ဆေးကြည့်လိုက်သည်။ ဦးထုပ်ပေါ်တွင် သိသာထင်ရှားသော ပွန်းပဲ့ရာများကို တွေ့လိုက်ရသည်။ ထိုဒဏ်ရာများမှာ စောစောက သူထိုးသတ်လိုက်သော လူတစ်ယောက် လုပ်လိုက်သည့် လက်ရာပင် ဖြစ်သည်။

"ဦးထုပ်ဆောင်းထားလို့ တော်သေးတယ်... မဟုတ်ရင် ဒီတစ်ခေါက် တကယ် အသက်ပါသွားနိုင်တယ်" လင်းယွမ်က တိတ်တဆိတ် ဝမ်းမြောက်သွားမိသည်။ ကံကောင်းသည်မှာ သူသည် အလွန်သတိကြီးသူ ဖြစ်ပြီး အပြင်မထွက်ခင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်သာ။ သို့မဟုတ်ပါက ဤတစ်ခေါက် အပြင်ထွက်ခြင်းမှာ အသွားသာရှိပြီး အပြန်လမ်းမဲ့သွားနိုင်သည်။

"လျှိုအားလုံက ဒီနေရာကို လူလွှတ်ပြီး တချိန်လုံး စောင့်ကြည့်ခိုင်းထားတာများလား... ကြည့်ရတာ ချိုင်ကြည် နဲ့ မာကောချိုင် ပြောတာ မမှားဘူးပဲ... လျှိုအားလုံက ၃၂ ထပ်မှာရှိတဲ့ အခန်းပိုင်ရှင်တွေကို ရှင်းပစ်ဖို့ အစောကတည်းက ကြံစည်ထားပုံရတယ်"

လင်းယွမ်၏ စိတ်ထဲ၌ လေးလံသွားသည်။ လျှိုအားလုံက အဆောက်အအုံကို စတင်ရှင်းလင်းနေပြီ ဖြစ်ရာ အောက်ထပ်မှလူများကို သူ ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် မိမိအတွက်လည်း ပြေးစရာမြေ မရှိတော့မည်ကို စိုးရိမ်မိသည်။ အောက်ထပ်မှ အခန်းပိုင်ရှင်များကို လျှိုအားလုံ နိုင်နင်းမလား ဟူသည့် အချက်ကိုမူ လင်းယွမ်က တွေးတောနေစရာပင် မလိုပေ။ သေချာပေါက် နိုင်နင်းမည်သာ ဖြစ်သည်။

အောက်ထပ်မှ အခန်းပိုင်ရှင်များသည် စားစရာ ပြတ်လပ်နေသည်မှာ ကြာပြီဖြစ်ပြီး နေစရာအခန်းသာ ရှိတော့သည်။ ယခုအချိန်၌ လျှိုအားလုံ၏ လက်ထဲတွင် လူမနေသော အခန်းလွတ်များစွာ ရှိနေနိုင်သဖြင့် အခန်းလိုအပ်ချက် သိပ်မရှိလှပေ။ ထိုအခန်းပိုင်ရှင်များအနေဖြင့် လျှိုအားလုံထံတွင် အညံ့ခံလိုက်ခြင်းက ဆုံးရှုံးစရာ ဘာမှမရှိသလောက်ပင်။ သို့သော် မိန်းမနှင့် ကလေး ရှိသော မိသားစုများအတွက်မူ စိုးရိမ်ပူပန်မှုများ ရှိနေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လျှိုအားလုံက သာမန်လူမဟုတ်။ သူက တံခါးကို ဖျက်ဆီးဝင်ရောက်သည့် နည်းလမ်းဖြင့် ထိုအခန်းပိုင်ရှင်များကို အင်အားသုံး ဖြေရှင်းပေလိမ့်မည်။ အခန်းပိုင်ရှင်တိုင်းတွင်လည်း ပြန်လည်ခုခံနိုင်စွမ်း ရှိကြသည် မဟုတ်ပေ။

မိမိကိုယ်တိုင်ပင်လျှင် လက်ထဲ၌ သံပစ်သေနတ် ရှိနေပြီး တံခါးချောင်းကြည့်ပေါက်မှတဆင့် ပစ်ခတ်နိုင်ခဲ့သောကြောင့်သာ အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အပြင်ဘက် သံပန်းတံခါးသည် လျှိုအားလုံနှင့် အပေါင်းအပါများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးဖြစ်ပေမည်။

"မဖြစ်ဘူး... ငါဒီတိုင်း သေမယ့်နေ့ကို ထိုင်စောင့်နေလို့ မရဘူး"

"လျှိုအားလုံတို့က အကြမ်းနည်းနဲ့ လာမယ်ဆိုရင် ငါကလည်း သူတို့ကို ပြန်တုံ့ပြန်နိုင်မယ့် နည်းလမ်း ရှာမှဖြစ်မယ်"

"သူတို့ကို ကြောက်အောင်လုပ်ပြီး သူတို့ရဲ့သတ္တိတွေကို ရိုက်ချိုးပစ်နိုင်မှ ဒီကောင်တွေရဲ့ လုပ်ရပ်ကို တားဆီးနိုင်မှာ"

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက အခန်းတံခါးမကြီးကို လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် စောင့်ကြည့်နေမည့်သူ သေချာပေါက် ရှိနေမည်ဖြစ်ရာ တံခါးမှ ထွက်၍ မရနိုင်တော့ပေ။ ထိုအချက်ကို တွေးမိသည်နှင့် သူက ဧည့်ခန်းပြတင်းပေါက်ရှိရာသို့ လျှောက်သွားလိုက်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် အမှောင်ထုကြီးက လွှမ်းမိုးနေဆဲပင်။ မိုးတိမ်မည်းကြီးများက ကောင်းကင်ယံကို ဖုံးအုပ်ထားသဖြင့် အလင်းရောင်ဟူ၍ တစ်စက်မျှ မရှိပေ။ အောက်ဘက်မှ ရေသံများ ဆူညံနေသည်ကို မသဲမကွဲ ကြားနေရပြီး မိုးစက်များက ပြတင်းပေါက်မှန်သားပြင်ပေါ်သို့ သံမှိုများဖြင့် ပစ်ပေါက်နေသကဲ့သို့ တဖြောင်းဖြောင်း ရိုက်ခတ်နေကြသည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ အခြားအထပ်များမှ ထွက်ပေါ်နေသော အလင်းရောင်အချို့ကို ဝိုးတဝါး မြင်တွေ့ရသည်။ မျက်နှာချင်းဆိုင်ရှိ ရေမမြုပ်သေးသော တိုက်အချို့မှ အခန်းများတွင်လည်း မီးရောင်များ တွေ့နေရရာ မီးမွှေးထားကြသည်ဟု ယူဆရသည်။

ထိုမီးရောင်အချို့ကို အားပြု၍ ကြည့်လိုက်ရာ ရေပြင်ပေါ်တွင် မျောပါနေသော ပစ္စည်းများကို ဆယ်ယူနေကြသူအချို့ကို လင်းယွမ် မြင်လိုက်ရသည်။ ရေကြီးရေလျှံမှုနှင့်အတူ အစားအသောက်သေတ္တာကဲ့သို့ အရာများစွာ ပါလာတတ်ပြီး အတွင်း၌ စားသုံး၍ရနိုင်သေးသော အကြွင်းအကျန်များ ရှိနေတတ်သည်။ အထူးသဖြင့် ဖော့ဘူးများဖြင့် ထုပ်ပိုးထားသော ပါဆယ်ပုံးများ ဆိုလျှင် ကံကောင်းပါက စားစရာအချို့ကို ရှာတွေ့နိုင်သည်။

ထို့အပြင် လေဖောင်းထားသော မုန့်ထုပ်များသည်လည်း ရေပေါ်တွင် ပေါလောပေါ်နေတတ်သည်။ ယခုအချိန်တွင် သစ်သားတစ်စ၊ ဖော့တစ်တုံး ဆိုလျှင်ပင် လူတိုင်းအတွက် အသုံးဝင်သော ပစ္စည်းများ ဖြစ်နေပြီး အနည်းဆုံးတော့ မီးမွှေး၍ ထမင်းချက်ရန် သုံးနိုင်သည်။

တင်းယန် ပြောဖူးသော စကားကို လင်းယွမ် ပြန်သတိရလိုက်သည်။ လျှိုအားလုံသည် ၁၁ ထပ်၊ ၁၄ ထပ်၊ ၂၁ ထပ် နှင့် ၂၈ ထပ်တို့တွင် အခန်းများ ပိုင်ဆိုင်ထားပြီး အချိန်မရွေး နေရာပြောင်းရွှေ့ နေထိုင်တတ်သည်ဟု ဆိုသည်။ ထိုလူသည် တစ်စုံတစ်ယောက်၏ ဝင်ရောက်လုပ်ကြံခြင်းကို ခံရမည် စိုးသောကြောင့် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်တန်ရာ၏။ ထို့ပြင် ၁၁ ထပ်ဟူသော တည်နေရာမှာ အလွန်ထူးခြားသည်။ ရေကြီးမှုမှာ လက်ရှိ ၁၀ ထပ်အထိ ရောက်နေပြီဖြစ်ရာ ၁၁ ထပ်သည် တကယ်တမ်းဆိုလျှင် အလွန် အန္တရာယ်များလှသည်။

သို့သော် လျှိုအားလုံက ၁၁ ထပ်ကို လက်ဝါးကြီးအုပ်ထားခြင်းမှာ အခန်းပိုလိုချင်၍ ဆိုသည်ထက် ရေပြင်မှ ဆယ်ယူရရှိနိုင်သော ရိက္ခာများကို ချုပ်ကိုင်လို၍ ဖြစ်ပေလိမ့်မည်။ လင်းယွမ်၏ ခန့်မှန်းချက်အရ ၁၁ ထပ်တွင် ရှိနေသူ အားလုံးနီးပါးမှာ လျှိုအားလုံ၏ လူများသာ ဖြစ်လောက်သည်။ ရေထဲမှ ဆယ်ယူရရှိသမျှ ပစ္စည်းအားလုံးကို လျှိုအားလုံထံ အပ်နှံရသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"လျှိုအားလုံကိုသာ တန်းပြီး သတ်ပစ်လိုက်နိုင်ရင် ဒီလူအုပ်စုကြီးက ချက်ချင်းကို ပြိုကွဲသွားလောက်တယ်... ပြီးတော့ ရိက္ခာတွေလည်း အများကြီး ရနိုင်သေးတယ်"

"လျှိုအားလုံကို သတ်ဖို့ဆိုရင် အဓိကက သူ ဘယ်အခန်းမှာ နေလဲဆိုတာကို အတိအကျ သိဖို့လိုတယ်"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ တဆက်တည်းမှာပင် ပြဿနာတစ်ခု ရှိနေသေးသည်။ သူက တစ်ကိုယ်တည်းသမားဖြစ်ပြီး လူအင်အားမရှိပေ။ သူ လူအင်အား လိုအပ်နေသည်။ သို့သော် လူအကူအညီ ခေါ်ဖို့ဆိုလျှင် သူ့ဘက်က တစ်ခုခု ပြန်ပေးရပေလိမ့်မည်။ ယခုအချိန်၌ လူကို စည်းရုံးနိုင်မည့် တစ်ခုတည်းသော အရာမှာ အစားအစာသာ ရှိပြီး သူ့တွင်လည်း အစားအစာ သိပ်များများစားစား မကျန်တော့။ နောက်ထပ် အချက်တစ်ခုမှာ ခေါ်လာမည့်သူက မိမိကို သစ္စာဖောက်မသွားဘူးဟု မည်သို့ အာမခံနိုင်မည်နည်း။ အရေးကြီးသည့် အချိန်ရောက်မှ ထိုလူက နောက်ကျောကို ဓားနှင့်ထိုးလျှင် မိမိသာ ဒုက္ခရောက်သွားလိမ့်မည်။

ချိုင်ကြည် နှင့် မာကောချိုင် ဆိုသူ နှစ်ယောက်ကို သူ သတိရလိုက်မိသည်။ ဤလူနှစ်ယောက်က ယုံကြည်လို့ ရနိုင်ပါ့မလား။ လင်းယွမ်က ခေါင်းခါလိုက်သည်။

"ကပ်ဘေးဆိုက်နေတဲ့ အချိန်မှာ စည်းကမ်းဥပဒေဆိုတာတွေက ပျက်စီးကုန်ပြီ... တခြားလူကို လွယ်လွယ်နဲ့ ယုံလို့မဖြစ်ဘူး... ဒီလို အန္တရာယ်များတဲ့အချိန်မှာ ငါ ပိုပြီး စိတ်တည်ငြိမ်မှ ဖြစ်မယ်"

"ပြီးတော့ ဒီနေ့ လျှိုအားလုံရဲ့ အခြေအနေကလည်း သာမန် မဟုတ်သလိုပဲ"

ယနေ့တွေ့လိုက်ရသော လျှိုအားလုံ၏ ရက်စက်ကြမ်းကြုတ်သည့် အမူအရာကို ပြန်တွေးမိပြီး သူ အံ့အားသင့်သွားသည်။ လျှိုအားလုံသည် ယနေ့ အောက်ထပ်မှ ပြေးတက်လာစဉ် ခုန်ပေါက်လှုပ်ရှားပုံမှာ ကျားသစ်တစ်ကောင်အလား လျင်မြန်ဖျတ်လတ်လွန်းသည်။ ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ ထိုလူက မိမိအခန်းရှေ့ရှိ သံပန်းတံခါးကို လက်ဖြင့် ထုရိုက်ကာ ကွေးကောက်ချိုင့်ဝင်သွားအောင် လုပ်နိုင်ခဲ့ခြင်းပင်။

၎င်းက လူသားတစ်ယောက် လုပ်နိုင်တဲ့အရာ ဟုတ်ရဲ့လား။

သူ့အခန်းတံခါးမှာ အရည်အသွေးညံ့သည့် အမျိုးအစား မဟုတ်ပေ။ သာမန် လက်ဝါးရိုက်ချက် သက်သက်ဖြင့် ချိုင့်ဝင်သွားအောင် လုပ်နိုင်သည်ဆိုလျှင် လျှိုအားလုံ၏ ခွန်အားက ဘယ်လောက်တောင် ကြီးမားနေသနည်း။

"ကာယလေ့ကျင့်ခန်း လုပ်နေကျ လူတစ်ယောက်က ဒီလောက်ထိ လုပ်နိုင်လို့လား" ထိုသို့သော ခွန်အားမျိုးမှာ သာမန်လူတစ်ယောက် ပိုင်ဆိုင်သင့်သည့်အရာ မဟုတ်။ သူ့စိတ်ထဲတွင် နားလည်ရခက်နေမိသည်။ လျှိုအားလုံသည် သေချာပေါက် သာမန်လူ မဟုတ်ပေ။

သူက ဝရံတာမှတဆင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ဘက် အခန်းအချို့မှ ထွက်ပေါ်နေသော မီးရောင်များကို အားပြုရင်း လင်းယွမ်၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။

"အပြင်ဝရံတာကနေ အောက်ထပ်ကို ဆင်းလို့ရမယ်ထင်တယ်"

"ငါ ဒီရက်ပိုင်း ဘား ခိုတာတွေ လေ့ကျင့်ထားတာဆိုတော့ လက်မောင်းအားက ပြဿနာမရှိလောက်ဘူး... ပြဿနာက အောက်ထပ် ဝရံတာတံခါးကို ပိတ်ထားသလား ဆိုတာပဲ"

"၃၁ ထပ်မှာ နေတဲ့သူက ငါမှတ်မိသလောက်ဆို တစ်ကိုယ်တည်းသမား အမျိုးသမီးတစ်ယောက်ပဲ... အခန်းပိုင်ရှင်များ ဂရုချက် ထဲက နာမည်အရဆို ဆုန်တပေါင် လို့ခေါ်တာထင်တယ်... ရေကြီးပြီး နောက်ပိုင်း သူ့ကို သိပ်မတွေ့ရတော့သလိုပဲ"

လင်းယွမ် အလေးအနက် တွေးတောနေစဉ် ရုတ်တရက် ဝုန်းခနဲ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရပြီး ကြမ်းပြင်တစ်ခုလုံး တုန်ခါသွားသည်။သူ၏ မျက်နှာအမူအရာ ရုတ်ခြည်း ပြောင်းလဲသွားပြီး တံခါးဝဆီသို့ အပြေးသွားလိုက်သည်။

တံခါးချောင်းကြည့်ပေါက်မှတဆင့် ကြည့်လိုက်ရာ ဆိုင်ကယ်ဦးထုပ်များဆောင်းထားပြီး ထူထဲသော ဂွမ်းကပ်အင်္ကျီကြီးများ ဝတ်ဆင်ထားသည့် လူအချို့ကို တွေ့လိုက်ရသည်။ သူတို့သည် သံတူကြီးများကို ကိုင်ဆောင်လျက် သူ၏ သံပန်းတံခါးကို ရူးသွပ်စွာ ထုရိုက်ဖျက်ဆီးနေကြခြင်းဖြစ်သည်။

ဆက်ရန်...

All Chapters