← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အပိုင်း (၉) ဓာတ်ဆီ

"လျှိုအားလုံရဲ့ လူတွေပဲ"

လင်းယွမ်က လန့်ဖျပ်သွားပြီး ဘာစကားမှ မဆိုတော့ဘဲ သံရိုက်သေနတ်ကို ကောက်ကိုင်ကာ အပြင်ဘက်ရှိလူများကို ချိန်ရွယ်ပစ်ခတ်လိုက်လေသည်။

ဝှစ်... ဝှစ်... ဝှစ်...

သံရိုက်သေနတ်ပစ်သံများ ထွက်ပေါ်လာသော်လည်း သံမှိုများမှာ တစ်ဖက်လူ၏ ထူထဲလှသော အဝတ်အစားများထဲသို့ နစ်ဝင်သွားရုံသာ ရှိ၏။ သံရိုက်သေနတ်၏ ပစ်အား မလုံလောက်သဖြင့် ပျော့ပျောင်းသော ဂွမ်းကပ်အနွေးထည်များကို မဖောက်ထွင်းနိုင်သည်မှာ ထင်ရှားလှသည်။

"ဟားဟားဟား... ဟေ့ကောင် လင်းယွမ်... မင်း ခေါင်းမာဦးလေကွာ... မင်းမှာ သံရိုက်သေနတ်ရှိတော့ရော ဘာဖြစ်လဲ... ငါ့လူတွေ မင်းရဲ့သံတံခါးကို ရိုက်ချိုးပြီးတာနဲ့ မင်းခေါင်းကို ငါကိုယ်တိုင် ဖြတ်ပြီး ကျိုးကျားချန်အတွက် လက်စားချေပြမယ်"

ဒေါင်... ဒေါင်...

သံတံခါးကြီးမှာ ဒဏ်မခံနိုင်တော့သည့်အလား ကျယ်လောင်စွာ မြည်ဟီးလျက်ရှိပြီး တံခါးတစ်ခုလုံးမှာလည်း မျက်စိရှေ့တွင်ပင် တွန့်လိမ်ချိုင့်ဝင်သွားကာ အက်ကွဲရာများပင် ပေါ်လာချေပြီ။ လင်းယွမ်၏ မျက်နှာထားမှာ အလွန်တင်းမာသွားသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။ သူက တည်ငြိမ်စွာဖြင့် နောက်သို့ချက်ချင်းလှည့်ကာ အံဆွဲထဲမှ အဝါရောင် ပိုက်ချောင်းသဏ္ဌာန် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ဤပစ္စည်းမှာ အလွန်တွေ့ရများသော ပစ္စည်းတစ်ခုဖြစ်ရာ အပြင်ဘက်တွင် တံခါးကို ဝင်ဖျက်နေသူများပင် သိကြပေလိမ့်မည်။ ရေကြီးမှု မဖြစ်ပွားမီက ပန်းခြံငယ်လေးထဲတွင် ကလေးအများစု ကိုင်ဆော့လေ့ရှိသော အရုပ်ဖြစ်သည်။ ရေကန်ထဲမှရေကို စုပ်ယူပြီး အနည်းငယ် တွန်းလိုက်ရုံဖြင့် ဆေးထိုးအပ်ကြီးကဲ့သို့ ရေများ အရှိန်ဖြင့် ပန်းထွက်သွားစေသော ပစ္စည်းမျိုးဖြစ်သည်။ သို့သော် ယခုလို အချိန်မျိုးတွင် ဤကောင်လေးက ဘာလုပ်ရန် ထိုအရာကို ထုတ်လာသနည်း။ အပြင်ဘက်တွင် တံခါးကို ဖျက်စီးနေသူများမှာ နားမလည်နိုင် ဖြစ်သွားကြသည်။

လင်းယွမ်က နှုတ်ခမ်းဒေါင့်တွန့်ရုံ ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပိုက်ပြောင်းဝကို တံခါးကြားမှတစ်ဆင့် ချိန်ရွယ်ကာ အားကုန် ဆောင့်တွန်းလိုက်လေသည်။

ရွှီး...

ခဏချင်းပင် ကြည်လင်သော အရည်များ ပန်းထွက်သွားတော့သည်။ လင်းယွမ်က ချိန်ရွယ်ထားသည့် ထောင့်ချိုးကို ချိန်ညှိလိုက်သည်နှင့် အရည်များက ကွေးညွတ်သွားပြီး ထိုလူများ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေ၏။

"ဘာတွေလဲ"

"စောက်ကျိုးနည်း... ဒါ ဘာတွေလဲဟ"

တံခါးဝရှိ လူအများမှာ ကြောင်အမ်းသွားကြပြီး မသိစိတ်ဖြင့် ခေါင်းငုံ့ကြည့်လိုက်ကြသည်။ ထို့နောက် လူတစ်ယောက်၏ အနောက်မှ အော်သံတစ်ခု ထွက်ပေါ်လာတော့သည်။

"သေစမ်း... အဲ့တာ ဓာတ်ဆီတွေ"

"ဘာ... ဒီကောင် ဘယ်ကနေ ဓာတ်ဆီတွေ ရလာတာလဲ"

အချို့မှာ ဒေါသထွက်ခြင်းနှင့် ထိတ်လန့်ခြင်းများ ရောထွေးနေသော်လည်း ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားသူမှာမူ အနံ့ကို မရလိုက်သဖြင့် ချက်ချင်း အခြေအနေကို သဘောမပေါက်လိုက်ချေ။ သူတို့ အသိပြန်မဝင်ခင်မှာပင် လင်းယွမ်က ဘေးနားရှိ မီးခြစ်နှင့် စီးကရက်ဗူးကို ယူကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ထို့နောက် သံတံခါးကြားမှတစ်ဆင့် ထိုစီးကရက်တိုကို အသာလေး ပစ်ထည့်လိုက်လေ၏။ မီးရဲရဲတောက်နေသော စီးကရက်တိုမှာ အနီးဆုံးလူ၏ ကိုယ်ပေါ်သို့ ချက်ချင်းပင် ကျရောက်သွားသည်။ ထိုလူမှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ မျက်စိရှေ့တွင် မီးတောက်များ "ဝုန်း" ခနဲ ထတောက်လာသည်ကိုသာ တွေ့လိုက်ရတော့သည်။ ခဏချင်းပင် တစ်ကိုယ်လုံး မီးများ ဟုန်းဟုန်းတောက်သွားတော့သည်။

"အား..."

ထိုလူမှာ လန့်ဖျပ်သွားပြီး အော်ဟစ်ကာ လက်ထဲမှ တူကို လွှတ်ချလိုက်သည်။ ပြီးနောက် ကိုယ်ပေါ်မှ မီးများကို အတင်းလိုက်ပုတ်ကာ အဝတ်အစားများကို ချွတ်ရန် ကြိုးစားလေတော့သည်။ သူက ထိုသို့ လိုက်ပုတ်လိုက်သောအခါ မီးပွားများ လွင့်စင်ကုန်ပြီး ဘေးနားရှိ ဓာတ်ဆီများရွှဲနေသော သူများဆီသို့ ကူးစက်ကုန်ရာ ရှောင်လွှဲချိန်မရဘဲ ချက်ချင်းပင် မီးစွဲလောင်ကုန်ကြသည်။ ဂွမ်းကပ်အနွေးထည်များမှာ မူလကပင် မီးလောင်လွယ်သော အရာများဖြစ်သည့်အပြင် ဓာတ်ဆီပါ စိုရွှဲနေသဖြင့် မျက်တောင်တစ်ခတ်အတွင်း တစ်ကိုယ်လုံးသို့ မီးကူးစက်သွားလေတော့၏။

လူအုပ်စုမှာ ကြောက်လန့်တကြား အော်ဟစ်ကာ အနောက်သို့ အလုအယက် ထွက်ပြေးကြတော့သည်။ လှေကားထစ်များတွင် မီးရောင်များ လင်းထိန်သွားပြီး အခြေအနေကို အကြမ်းဖျင်း မြင်တွေ့လိုက်ရသည်။ မီးစွဲလောင်နေသော "လူပုံသဏ္ဌာန် မီးလုံးကြီး" နှစ်လုံး ဖြစ်ပေါ်နေပြီး သူတို့အနောက်တွင် ပြေးနှုန်းမြန်သော လူတစ်ယောက်မှာ လှေကားထစ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် လှေကားထစ်ပေါ်တွင် လူအများအပြား ရပ်နေကြပြီး ထိုအထဲတွင် လျှိုအားလုံလည်း ပါဝင်လေသည်။ လျှိုအားလုံ၏ အနောက်တွင် မနက်က တံခါးလာထုသော ဝူကျုံးတို့ သုံးယောက်ကိုလည်း တွေ့ရသည်။

မိမိလက်အောက်ငယ်သားများ မီးလောင်နေသည်ကို မြင်လိုက်ရသောအခါ လျှိုအားလုံ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အောက်ထပ်သို့ အမြန်ဆုတ်ခွာရင်း လှမ်းဆဲလေသည်။ "မင်းတို့ရူးနေလား... ရေထဲ ခုန်ချလိုက်လေကွ"

သူ၏ စကားက မီးလောင်နေသော လူနှစ်ယောက်ကို အသိဝင်သွားစေသည်။ နှစ်ယောက်သား ပြိုင်တူပင် စင်္ကြံလမ်းဆီသို့ ပြေးသွားကြပြီး ၃၁ ထပ် ဟူသော အမြင့်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမှောင်ထုတိသော ရေပြင်ကြီးထဲသို့ ခုန်ချလိုက်ကြလေတော့သည်။ စူးရှသော အော်ဟစ်သံကြီးမှာ လေထဲတွင် ပဲ့တင်ထပ်သွားပြီး တိုတောင်းသော်လည်း ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဝုန်း... ဝုန်း..." ဟူသော ရေထဲသို့ ပြုတ်ကျသံ နှစ်ချက် ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားလေ၏။

လျှိုအားလုံနှင့် လူတစ်စုမှာ စင်္ကြံလမ်းသို့ အမြန်ပြေးသွားပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။ မှောင်မိုက်နေသော မုန်တိုင်းကြားတွင် မီးလုံးကြီးနှစ်ခု ဖျတ်ခနဲ လက်သွားသည်ကိုသာ ဝိုးတဝါး မြင်လိုက်ရပြီးနောက် မီးခိုးငွေ့များနှင့်အတူ အသားတူးနံ့များ လွင့်ပျံ့လာလေသည်။ ထို့နောက်... ဘာမှ ဆက်ဖြစ်မလာတော့ပေ။

၃၁ ထပ်မှ ခုန်ချလိုက်ရာ ရေမျက်နှာပြင်မှာ ၁၀ ထပ်လောက်တွင် ရှိနေသဖြင့် တစ်ထပ်လျှင် ၉ပေ ဟု တွက်လျှင်ပင် ပေ ၂၀၀မျှ မြင့်မားလေသည်။ ဤမျှမြင့်သော နေရာမှ ရေထဲခုန်ချခြင်းမှာ ကျွမ်းကျင်သော ဒိုင်ဗင်ထိုး အားကစားသမားများအတွက်ပင် အသက်အန္တရာယ် ရှိနိုင်ပေသည်။ သာမန်လူများအဖို့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

အခန်းထဲတွင် ရှိနေသော လင်းယွမ်မှာ ရေထဲပြုတ်ကျသံကိုသာ ကြားလိုက်ရပြီး အောက်ဘက်မှ အခြေအနေကို မမြင်ရပေ။ သို့သော် စောစောက လျှိုအားလုံ၏ အော်သံကို သူကြားလိုက်ရသည်။ ယခုအခါ သူသည် သံတံခါးနောက်တွင် ရပ်နေပြီး မျက်နှာထားမှာ အေးစက်လျက်ရှိသည်။ သို့သော် စိတ်ထဲတွင်တော့ တိတ်တဆိတ် နှမြောနေမိသည်။

"ဒီလောက် ဓာတ်ဆီနဲ့ မီးစက်မောင်းရင် နာရီဝက်လောက် အသုံးခံမယ့်ဟာကို... နှမြောစရာပဲ"

စောစောက အခြေအနေမှာ အလွန်အရေးကြီးနေသဖြင့် သူ ဘာမှ အများကြီး တွေးမနေနိုင်ခဲ့ပေ။ လူနှစ်ယောက်ကို မီးရှို့သတ်လိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး သူ့စိတ်ထဲတွင် တဖြည်းဖြည်း လက်ခံလာနိုင်ပြီ ဖြစ်သည်။ ကျိုးကျားချန် ဆိုသည့် အလစ်တိုက်ခိုက်သူကို မသတ်ခင်ကတည်းက အပြင်လောကတွင် လူသတ်မုဒိမ်းကျင့်နေသည့် ရက်စက်ယုတ်မာမှုများကို သူ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ တစ်နေ့ကျရင် ကိုယ်တိုင်လည်း ဤလူရမ်းကားများနှင့် ရင်ဆိုင်ရပြီး ပြန်လည်သတ်ဖြတ်ရမည်ဟု စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် တကယ်တမ်း ကြုံလာရပြီး ကျိုးကျားချန်ကို သတ်လိုက်ရချိန်တွင် အနည်းငယ်မျှ အသားမကျ ဖြစ်ခဲ့ရုံသာ ရှိသည်။

ယခု ဓာတ်ဆီဖြင့် ပက်ဖျန်းပြီး မီးရှို့လိုက်ခြင်းမှာ ကျိုးကျားချန်၏ လည်ပင်းကို ထိုးဖောက်ခဲ့သည်နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့သလို သူလည်း လုံးဝ အသားကျနေပြီ ဖြစ်သည်။ လျှိုအားလုံ၏ လက်ပါးစေနှစ်ယောက် မီးလောင်သေဆုံးသွားသည်ထက် ပက်ဖျန်းလိုက်ရသော ဓာတ်ဆီ ပမာဏအတွက် သူက ပို၍ နှလုံးနာနေမိသည်။ ဤဓာတ်ဆီများမှာ စွန့်ပစ်ကားများထဲမှ ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားရသည်များ ဖြစ်ပြီး မီးစက်မောင်းရန် ထားရှိသော ဓာတ်ဆီများ ဖြစ်သည်။ ယခုလို အများကြီး ဖြုန်းတီးပစ်လိုက်ရသဖြင့် သူက နှမြောတသ ဖြစ်နေမိသည်။

လင်းယွမ်က တံခါးဝတွင် ရပ်လျက် အပြင်ဘက်သို့ အေးစက်စွာ လှမ်းဆဲလိုက်သည်။ "လျှိုအားလုံ... မင်း တကယ်သတ္တိရှိရင် ကိုယ်တိုင်လာပြီး တံခါးကို ရိုက်ဖွင့်လေ... ဘာလို့မင်းရဲ့ နောက်လိုက်ခွေးတွေကို အလကားအသေခံခိုင်းနေတာလဲ... မင်းက တကယ်ရက်ရောတဲ့ကောင်ပဲ"

"လျှိုအားလုံရဲ့ လူတွေ... သေချာ နားထောင်ကြစမ်း... အခုက ဘာခေတ်ရောက်နေပြီလဲ... ရေကြီးနေတဲ့အချိန်မှာ ဘယ်သူက ဘယ်သူ့ထက်ပိုမြင့်မြတ်တယ်လို့ မရှိဘူးကွ... လျှိုအားလုံက အရင်တုန်းကတော့ အိမ်ရာစီမံခန့်ခွဲရေး မန်နေဂျာဆိုပေမယ့်... အခု အစိုးရကတောင် မင်းတို့ကို ဂရုမစိုက်နိုင်တော့တဲ့အချိန်မှာ မင်းတို့က သူ့စကားကို ဘာလို့ နားထောင်နေမှာလဲ"

"မင်းတို့ သူ့အတွက် အသေခံနေတာ ဘာအတွက်လဲ... သူ့မှာ ရိက္ခာတွေ အများကြီး ရှိလို့လား... ဒီတိုက်ထဲကနေ သူ မင်းတို့ကို ခေါ်ထုတ်သွားနိုင်လို့လား... နောက်ဆုံးကျရင် အကုန်သေကြရမှာပဲကို သူ့စကားနားယောင်ပြီး ငါ့အိမ်တံခါးကို လာဖျက်စီးတာက... စောစောစီးစီး သေချင်တာနဲ့ အတူတူပဲ"

"ငါ အခုကတည်းက ပြောထားမယ်... ငါ့အိမ်မှာ ဓာတ်ဆီတွေ အများကြီး ကျန်သေးတယ်... ဓာတ်ဆီတင် မဟုတ်ဘူး... ဂက်စ်အိုးတွေလည်း ရှိသေးတယ်"

"မင်းတို့ ငါ့ကို ချောင်ပိတ်မိအောင် မလုပ်မိစေနဲ့... မဟုတ်ရင်ငါ ဂက်စ်အိုးနဲ့ မင်းတို့ကို ဗုံးခွဲပြီး သတ်ပစ်လိုက်မယ်... မယုံရင် အချိန်မရွေး ထပ်စမ်းကြည့်လိုက်"

သူက တံခါးဝတွင် ရပ်ပြီး သံတံခါးတစ်ဖက်မှနေ၍ လှမ်းအော်ဟစ် ခြိမ်းခြောက်လိုက်သည်။ တစ်ဖက်တွင်လည်း လျှိုအားလုံ၏ လူများကို သွေးခွဲစကား ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ စကားများကြောင့် အောက်ထပ်ရှိ လျှိုအားလုံ၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"စောက်ရူး လင်းယွမ်... မင်း သတ္တိရှိရင် အပြင်ထွက်ပြီး ငါနဲ့ တစ်ယောက်ချင်း ယှဉ်လေကွာ... မင်း ယောက်ျား မဟုတ်ဘူးလား... ဘာလို့လိပ်လို အခွံထဲမှာပဲ ပုန်းနေတာလဲ"

လျှိုအားလုံက ဆဲဆိုကြိမ်းမောင်းလိုက်ပြီး ဘေးနားရှိ လက်အောက်ငယ်သားများကိုလည်း အကဲခတ်လိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် လက်အောက်ငယ်သားအချို့၏ မျက်လုံးများမှာ တောက်ပလာပြီး အမူအရာများ ပြောင်းလဲကုန်ကြသည်ကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

အမှန်အတိုင်း ပြောရလျှင် သူက မိမိ၏ ခွန်အားဗလနှင့် အစောပိုင်းက လုယက်ထားသော အစားအစာများကို အားကိုးပြီး ဤလူစုကို စုစည်းထားခြင်း ဖြစ်သည်။ သို့သော် ဤလူများက သူ့အပေါ် မည်မျှ သစ္စာရှိသလဲ ဆိုသည်မှာ မေးစရာပင် မလိုသော ပြဿနာဖြစ်သည်။ ယခုလို အချိန်မျိုးတွင် အစားအသောက် တစ်လုပ်တစ်လုတ်အတွက်နှင့် မျက်နှာဖုံးစွပ်ကာ လူသတ်ရန်ပင် ဝန်မလေးကြပေ။ အချို့ဆိုလျှင် အစားတစ်လုပ်အတွက် ကိုယ့်သားမယားကိုပင် ရောင်းစားရဲကြသည်။

ထို့ကြောင့် လင်းယွမ်၏ စကားများက သူ့စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းသံ မြည်သွားစေပြီး ဘေးနားရှိ လူများကိုပါ သတိထား စောင့်ကြည့်ရတော့မည့် အခြေအနေသို့ ရောက်သွားလေတော့သည်။

ဆက်ရန်...

အပိုင်း (၁၀) လီကျစ်ချန်

လင်းယွမ်သည် မိမိပြောလိုက်သော စကားများ အရာထင်မည်၊ မထင်မည်ကို ဂရုမစိုက်။ ဒေါသအရှိန်ဖြင့် ဆဲဆိုကြိမ်းမောင်းလိုက်သည်။

"မင်းတို့ငတုံးတွေ လျိုအာလုံဆိုတဲ့ကောင်ကို အဲ့လောက်တောင် ယုံနေတာလား... ဒီကောင်က အိမ်ရာပိုင်ရှင်တွေရဲ့ ဂရုချက်ထဲမှာ သူလျှိုလုပ်ပြီး ကော်မတီဖွဲ့မယ့်ကိစ္စကို အကြိမ်ကြိမ် ဖျက်လိုဖျက်ဆီး လုပ်ခဲ့တဲ့ကောင်ဆိုတာ မင်းတို့ မေ့နေကြပြီလား"

"မိန်တုပန်းခြံအိမ်ရာ ဆောက်ပြီးတာ နှစ်နှစ်ကျော်ပြီ... အိမ်ရာသာယာရေးကော်မတီဖွဲ့ဖို့ ကြိုးစားတိုင်း သတင်းတွေ ပေါက်ကြားပြီး ပျက်ပျက်သွားတာ ဘယ်သူ့လက်ချက်လဲ ဆိုတာ မင်းတို့ မသိကြဘူးလား"

"အဲ့ဒီတုန်းက အိမ်ရာစီမံခန့်ခွဲရေးကောင်တွေက မင်းတို့ခေါင်းပေါ်တက်ပြီး ကြီးစိုးခဲ့တာ... ဘာလို့လဲ သိလား... သူတို့အချင်းချင်းက စည်းလုံးလို့ မင်းတို့ကို အနိုင်ကျင့်နိုင်ခဲ့တာကွ"

"အခုရော ဘာထူးလဲ... စီမံခန့်ခွဲရေးကုမ္ပဏီလည်း မရှိတော့ဘူး... ရေကြီးနေတဲ့အချိန်မှာ ဘယ်ကောင်ကများ မွေးကတည်းက သူများကျွန်ဖြစ်ဖို့ ကံပါလာလို့လဲ... အားလုံးက လူ့အသက်တွေချည်းပဲ မဟုတ်ဘူးလား"

"မင်းတို့ကောင်တွေ ဘာလို့ ဒီလောက်တောင် အောက်ကျနောက်ကျ နိုင်နေရတာလဲ... ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး တိုက်ခန်းဝန်ဆောင်ခတွေ ပေးခဲ့ရတာက သူတို့မွေးထားတဲ့ ခွေးဖြစ်ဖို့ လားကွ"

"ဒီနေ့ လျိုအာလုံက သူ့လူနှစ်ယောက်ကို ငါ့အခန်းရှေ့မှာ အသေခံခိုင်းတယ်... မနက်ဖြန်ကျရင် မင်းတို့ကို သေခိုင်းလိမ့်မယ်"

လင်းယွမ်၏ စကားလုံးတိုင်းသည် ပြင်းထန်လွန်းလှသဖြင့် အောက်ထပ်ရှိ လူများ၏ မျက်နှာထားများ ပျက်ယွင်းကုန်ကြသည်။ လျိုအာလုံ၏ မျက်နှာထားမှာမူ အလွန်အရုပ်ဆိုး အကျည်းတန်သွားသည်။ သူက ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်သည်။

"သွားကြ... အောက်ပြန်ဆင်းမယ်... ဒီကောင့်လက်ထဲမှာ ဓာတ်ဆီတွေ ဂက်စ်အိုးတွေ ရှိနေတော့... လောလောဆယ် သူ့ကို ထိလို့မရသေးဘူး... ကျန်တဲ့အထပ်တွေကို အရင် ရှင်းလင်းရေး လုပ်ကြတာပေါ့"

သူသည် လူအုပ်ကြီးကို လင်းယွမ်၏ စကားများအောက်တွင် ဆက်မထားရဲတော့သဖြင့် နေရာမှ အမြန်ခွာရန် တိုက်တွန်းလိုက်သည်။

ကျန်လူများမှာလည်း ဘာမှပြန်မပြောကြဘဲ ခေါင်းငုံ့ကာ လျိုအာလုံနောက်သို့ လိုက်ပါသွားကြသည်။

လူအုပ်ထဲတွင် ပါသွားသော ဝူဟွသည် မျက်လုံးကစားလိုက်ရာ ဘေးနားရှိ ကျန်းလိနှင့် အကြည့်ချင်း ဆုံသွားကြသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံပြီး ခေတ္တမျှ ကြောင်သွားသော်လည်း ဟန်မပျက် မျက်နှာလွှဲကာ လူအုပ်နှင့်အတူ ထွက်ခွာသွားကြသည်။

လင်းယွမ်သည် တံခါးဝတွင် ရပ်လျက် နောက်ထပ် အနည်းငယ် လှမ်းဆဲလိုက်သေးသည်။ လှေကားဘက်မှ ခြေသံများ တိတ်ဆိတ်သွားမှသာ ရပ်တန့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

"စကားချင်းယှဉ်ပြောတဲ့ နေရာမှာ ဒီကောင်ဘယ်လိုလုပ် ငါ့ကို မီမှာလဲ"

ထိုသို့ ရေရွတ်ရင်း တံခါးပိတ်ရန် ပြင်လိုက်စဉ် မျက်နှာချင်းဆိုင် အခန်းတံခါးမှ အဟ တစ်ခု ပေါ်လာသည်။

"မောင်လေး... ခဏ... ခဏလေး"

လင်းယွမ် တံခါးပိတ်မည့် လက်ကို ရပ်တန့်လိုက်ပြီး ကြည့်လိုက်ရာ ရန်မေက တံခါးကြားမှ ခေါင်းပြူထွက်လာသည်ကို တွေ့လိုက်ရသည်။

သူမသည် အပြင်ဘက်ကို သတိထားကြည့်ရင်း လင်းယွမ်ကို အလျင်အမြန် လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။

ရန်မေသည် အဝါရောင် ဂါဝန်တိုကို ဝတ်ဆင်ထားသည်။ သတိထားနေရသဖြင့် ခါးကိုကိုင်းကာ တစ်ကိုယ်လုံးကို တံခါးနောက် ကွယ်ထားပြီး ခေါင်းသာ ပြူထွက်လာသည်။

တံခါးဟပေါက် ကျဉ်းမြောင်းသော်လည်း ကြမ်းပြင်ပေါ်မှ မီးရောင်မှိန်မှိန်အောက်တွင် သူမ ခါးကိုင်းလိုက်သည့် အရှိန်ကြောင့် ဖြူဖွေးမို့မောက်နေသော ရင်သား တစ်ဝက်တစ်ပျက်ကို လင်းယွမ် ချက်ချင်း မြင်လိုက်ရသည်။

လင်းယွမ် အကြည့်တို့ တစ်ချက်မျှ ရပ်တန့်သွားပြီးမှ ရန်မေ၏ မျက်နှာကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"အမမေ... အမက အပြင်ထွက်လာရဲသေးတယ်ပေါ့... လျိုအာလုံရဲ့ လူတွေ မြင်သွားမှာ မကြောက်ဘူးလား"

ရန်မေက အားနာပါးနာ ပြုံးပြသည်။ သူမလည်း မည်သို့မကြောက်ဘဲနေမည်နည်း။ ရေဘေးစဖြစ်ကာစက လျိုအာလုံ သူမကို ကြည့်သည့်အကြည့်များက အစိမ်းလိုက် ဝါးစားမတတ် ဖြစ်ခဲ့သည် မဟုတ်ပါလော။

ဤခြောက်လလုံးလုံး အခန်းထဲက အခန်းပြင် မထွက်ရဲသည်မှာ လျိုအာလုံကို ကြောက်၍ ဖြစ်သည်။

ယခုလည်း မတတ်သာ၍သာ တံခါးဖွင့်ရခြင်း ဖြစ်သည်။

"အမြန်ပြောလေဟာ... သူ တံခါးပိတ်တော့မယ်"

သူမ၏ နောက်ကျောဘက်မှ ခင်ပွန်းဖြစ်သူ လီကျစ်ချန်က မနေနိုင်မထိုင်နိုင် ဝင်ပြောကာ သူမကို တွန်းတိုက်လိုက်သည်။

ရန်မေ ခမျာ အရှိန်လွန်ပြီး အပြင်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ရန်မေ စိတ်ထဲ မကျေနပ်သော်လည်း လင်းယွမ်ကို ကြည့်ကာ တောင်းပန်လိုက်သည်။

"မောင်လေးရယ်... လျိုအာလုံတို့က ဒီတိုင်း ပြီးသွားမှာ မဟုတ်ဘူး... သူတို့က မောင်လေးကို ဒုက္ခပေးဖို့ ကြံစည်ကြမှာ သေချာတယ်... အဲ့ဒါ မောင်လေးရဲ့ အစ်ကိုလီက အကြံတစ်ခုရှိလို့ တိုင်ပင်ချင်လို့ပါတဲ့"

လင်းယွမ် အံ့ဩသွားသည်။ "လီကျစ်ချန်က ဒီလောက်တောင် သတ္တိရှိသွားတာလား... လျိုအာလုံကို ငါနဲ့အတူ ပြန်တိုက်ခိုက်ရဲတယ်ပေါ့"

လင်းယွမ် စိတ်ဝင်စားသွားသည်။ "ပြောကြည့်ပါဦး"

ရန်မေက အလျင်အမြန်ပင် ဆက်ပြောသည်။

"အစ်ကိုလီ ပြောတာက သူက တံခါးဝကနေ လျိုအာလုံရဲ့ လူတွေကို စောင့်ကြည့်ပေးမယ်တဲ့... သူတို့ တက်လာတာနဲ့ မောင်လေးကို ချက်ချင်း အချက်ပေးမယ်လို့ ပြောတယ်"

"အစ်မတို့က တခြားဘာမှ မလိုချင်ပါဘူး... စားစရာလေး နည်းနည်းလောက် ပေးရင် ရပါပြီ"

လင်းယွမ် ဆွံ့အသွားသည်။

"အမမေ... လာနောက်နေတာလား... ကျွန်တော့်အိမ်မှာ ဒီလောက်ခိုင်တဲ့ သံတံခါး တပ်ထားတာလေ... လျိုအာလုံရဲ့လူတွေ ဝင်ချင်တိုင်း ဝင်လာလို့ရမလား... ကျွန်တော်က အမတို့ကို တံခါးစောင့်ခိုင်းရဦးမှာလား... ပြီးတော့ စားစရာနဲ့ပါ လဲရမယ် ဟုတ်လား... အမတို့ တော်တော် စိတ်ကူးယဉ်နိုင်ကြတာပဲ"

ပြောပြီးသည်နှင့် လင်းယွမ် တံခါးကို ဆွဲပိတ်ရန် ပြင်လိုက်သည်။

မျက်နှာချင်းဆိုင်မှ လီကျစ်ချန် ပြာပြာသလဲ ဖြစ်သွားပြီး ရန်မေကို ဘေးသို့ ဆွဲဖယ်ကာ ကိုယ်တိုင် ကိုယ်တစ်ပိုင်း ပြူထွက်လာသည်။

"လင်းယွမ်... ငါတို့ သိပ်မစားပါဘူးကွာ... တကယ်လို့ အဆင်မပြေရင် ငါ့တစ်ယောက်စာပဲ ပေးလို့ ရပါတယ်"

ဘေးသို့ အတွန်းခံလိုက်ရသော ရန်မေမှာ ဖိနပ်စင်နှင့် ဝင်တိုက်မိပြီး သူမ၏နဖူး နီရဲယောင်ကိုင်း သွားလေသည်။

သူမလီကျစ်ချန်၏ စကားကို ကြားလိုက်ရချိန်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လာပြီး အက်ကွဲနေသော နှုတ်ခမ်းကို ဖိကိုက်ကာ လီကျစ်ချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

သို့သော် ရှေးရိုးစွဲ အမျိုးသမီးပီပီ လီကျစ်ချန်ကို ပြန်မပြောရဲ။ စိတ်ထဲတွင်တော့ လင်းယွမ် လက်မခံပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။

လင်းယွမ်ကလည်း လက်ခံမည် မဟုတ်။ "ဒါဘယ်လို ဟာသလဲ... စားစရာက ရွှေလောက် ရှားနေတဲ့အချိန်မှာ... ဒီကောင်က ဒီလို အချောင်ခိုစားလို့ရမယ့် ကမ်းလှမ်းချက်မျိုး လာပြောရဲသေးတယ်"

"တံခါးစောင့်ပေးရုံနဲ့ စားစရာလိုချင်တယ် ဟုတ်လား"

"လောကကြီးမှာ အဲ့ဒီလောက် ဈေးပေါတဲ့အရာ ဘယ်မှာ ရှိလို့လဲ"

"ဒုန်း"

လင်းယွမ်သည် လီကျစ်ချန်ကို ဂရုမစိုက်တော့ဘဲ တံခါးကို ဆောင့်ပိတ်လိုက်သည်။

လီကျစ်ချန် မျက်လုံးများတွင် အမုန်းတရားနှင့် အငြိုးအတေးများ ပြည့်နှက်သွားသည်။

"တောက်... ခွေးမသား လင်းယွမ်... မင်း လျိုအာလုံ လက်ချက်နဲ့ သေပါစေကွာ"

သူ အသံတိုးတိုးဖြင့် ကြိမ်းဝါးလိုက်သည်။ အသံကျယ်ကျယ်ပင် မထွက်ရဲ။

ရုတ်တရက် အောက်ထပ်မှ အသံတချို့ ကြားလိုက်ရသဖြင့် လီကျစ်ချန် လန့်ဖျပ်သွားပြီး အိမ်ထဲသို့ အမြန်ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်သည်။

ချောင်းကြည့်ပေါက်မှတဆင့် အပြင်ကို အကဲခတ်ကြည့်ရာ လူရိပ်လူယောင် မတွေ့ရတော့မှ သက်ပြင်းချနိုင်တော့သည်။

နောက်လှည့်ကြည့်လိုက်ရာ ရန်မေက ကြမ်းပြင်ပေါ်တွင် ထိုင်လျက် နဖူးကို ပွတ်သပ်နေသည်ကို တွေ့လိုက်ရသဖြင့် ဒေါသက ငယ်ထိပ်သို့ ဆောင့်တက်လာသည်။

"နင့်လင် သေသွားလို့ ထိုင်နေတာလား... အဲ့မှာ ဘာထိုင်လုပ်နေတာလဲ"

"သောက်ကျိုးနည်း... နင့်ကိုယူထားတာ ဘာအသုံးကျလဲ... သူများ မိန်းမတွေများ လိမ္မာသိတတ်လိုက်တာ... ဆန်တို့ ဆီတို့ ကြိုစုထားတတ်ကြတယ်... နင်ကျတော့ ဘာမှ မသိဘူး... အခုတော့ ငါ့မှာ စားစရာတောင် မရှိတော့ဘူး"

လီကျစ်ချန်သည် ပါးစပ်သရမ်းကာ ရန်မေအပေါ် ဒေါသပုံချလေတော့သည်။

ရန်မေမှာ ထိုစကားကို ကြားသည်နှင့် စိတ်ထဲမှ ဝမ်းနည်းမှုများကို မထိန်းချုပ်နိုင်တော့။ မျက်ရည်များ ကျလာပြီး ပြန်ပြောလိုက်သည်။

"လီကျစ်ချန်... ရှင် လွန်မလာနဲ့နော်... ဒီခြောက်လလုံးလုံး ရှင် စားနေတဲ့ စားစရာတွေက ကျွန်မ အရင်တုံးက တိုးဝှေ့ပြီး ဝယ်ထားခဲ့တာတွေလေ"

"ရေကြီးကာစတုန်းက လူတွေ အလုအယက် ဝယ်နေကြတုန်းက ရှင်က ယောကျာ်းတန်မဲ့ မသွားရဲလို့ ကျွန်မ မိန်းမသားတစ်ယောက်တည်း သွားလုဝယ်ခဲ့ရတာလေ... ယောကျာ်းကြီးတွေကို ကျွန်မက ဘယ်လိုလုပ် ယှဉ်တိုးပြီး ဝယ်နိုင်မှာလဲ"

"အခုတော့ ရှင်က ကျွန်မကို အပြစ်တင်တယ်ပေါ့... ဒီခြောက်လလုံး အိမ်က စားစရာ လေးပုံ သုံးပုံလောက်ကို ရှင်ပဲ ထိုင်စားခဲ့တာ မဟုတ်ဘူးလား"

"ကျွန်မမှာတော့ တစ်နေ့မှ တစ်နပ်ပဲ စားရတယ်... ရေခပ် ထမင်းချက်လည်း လုပ်ရသေးတယ်... ရှင်... ရှင်ကများ အခုလိုပြောရက်တယ်... အဟင့်... ဟင့်"

သူမ ဝမ်းနည်းပက်လက် ငိုကြွေးလေသည်။

သို့သော် လီကျစ်ချန်က သနားစိတ် ဝင်မလာသည့်အပြင် မျက်နှာထား တင်းမာလျက် ဆဲဆိုသည်။

"ခွေးမ... နင်က ပြန်ပြောရဲသေးတယ်ဟုတ်လား... ဒီခြောက်လလုံးလုံး ငါသာ အိမ်မှာ မရှိရင် လျိုအာလုံက နင့်အခန်းထဲ ဝင်ပြီး နင့်ကို မုဒိမ်းကျင့်နေလောက်ပြီ... ဒါကို နင်က ငါ့ကို ပြန်အော်ရဲတယ်ပေါ့လေ"

"ငါ အခုချက်ချင်း နင့်ကို လျိုအာလုံဆီ ပို့လိုက်လို့ ရတယ်နော်... ဒါဆို သူက ငါ့အတွက် စားဖို့သောက်ဖို့ပေးမှာပဲ"

ရန်မေ မျက်နှာ ဖြူဖျော့သွားသည်။ အသံထွက်အောင်ပင် မငိုရဲတော့ဘဲ တစ်ကိုယ်လုံး တုန်ယင်လာသည်။

အိမ်နီးနားချင်း အမျိုးသမီးအချို့၏ ဖြစ်ပျက်ခဲ့သော အဖြစ်ဆိုးများကို ပြန်တွေးမိပြီး ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်မိသည်။

"ဟင့်အင်း... မသွားဘူး... ကျွန်မ မသွားဘူး... လီကျစ်ချန် ရှင် ကိုယ့်မိန်းမကို သူများလက်ထဲ ထိုးထည့်ရက်ရင် ရှင်က တိရစ္ဆာန်ပဲ... တိရစ္ဆာန်ထက်တောင် ဆိုးတဲ့အကောင်"

လီကျစ်ချန်က မျက်နှာသေဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

"တိရစ္ဆာန်ဆိုလည်း ဘာဖြစ်လဲ... ရန်မေ... အပြင်ကကောင်တွေက လူတွေလို့ နင် ထင်နေလား... ငါပြောပြမယ်... သူတို့အားလုံးက တိရစ္ဆာန်တွေ ဖြစ်ကုန်ကြပြီ"

"နင့်ကို ငါ တစ်ရက်အချိန် ပေးမယ်... အဲ့လင်းယွမ်ဆီကနေ စားစရာ ရအောင် မတောင်းနိုင်ရင် ငါတို့ လင်မယား သံယောဇဉ် ပြတ်ပြီသာ မှတ်... ဒါပဲ"

သူက ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ ဝင်သွားလေသည်။

ဧည့်ခန်းထဲတွင်မူ တုန်ယင်ကြောက်ရွံ့နေသော ရန်မေ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေတော့သည်။

ဆက်ရန်...

All Chapters