အခန်း (၃)
Vol. 1 Ch. 3
[ကျိုးထောင်ဟွာကို ကျိုးထောင်ဟွားလို့ပြောင်းသုံးပါ့မယ်]
"အဘွားစွင်းက ဘာလို့ဒီလောက်ရက်စက်ရတာလဲ၊အဲဒီလူကြီးမင်းလီဆိုတာ သူ့ထက်တောင်အသက်ကြီးနေတာလေ၊ဒါတောင် အပျိုပေါက်လေးထောင်ဟွားကို ကိုးယောက်မြောက်ကိုယ်လုပ်တော်အဖြစ် ပေးစားဖို့ကြံရတယ်လို့ တစ်ကယ်စိတ်ပျက်စရာကောင်းလိုက်တာ"
"တေးနှစ်ဆယ်အတွက်နဲ့ မြေးမကိုကိုယ်လုပ်တော်အဖြစ် ရောင်းစားရုံတင်မကဘူးလေ ထောင်ဟွားကရှန်းမင်နဲ့ ခိုးရာလိုက်ပါတယ်ဆိုပြီး နာမည်ဖျက်ဖို့ပါ ကြံစည်နေတာမလား၊တစ်ကယ်ပါပဲ သူဒီလောက်စဉ်းလဲလွန်းနေတာတောင် ထောင်ဟွားကတော့ သူ့ကိုခုထိ*အဘွား*လို့ ခေါ်နေတုန်းပဲ"
"အဘွားစွင်းက နှာတံကချွန်ချွန် မျက်နှာကလည်းကောက်ကျစ်မယ့်ပုံနဲ့ ကြည့်ရတာကိုကလူကောင်းပုံမပေါက်ဘူး၊အရင်တုန်းကလည်းချမ်ရှီကို အသုံးမဝင်တဲ့ သမီးပဲမွေးတယ် သားမမွေးနိုင်ဘူးဆိုပြီး သူ့သားကျိုးအာ့ရှုကို သူမနဲ့ကွာဖို့ အတင်းဖိအားပေးခဲ့တာပဲလေ၊သားအမိနှစ်ယောက်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ အိမ်ပေါ်ကနှင်ချဖို့လုပ်ခဲ့တာမလား၊အခုကျမှ မြေးမအတွက် ဆုံးဖြတ်ချက်ချပေးချင်နေတယ်ပေါ့လေ ဟမ့်.....အရှက်မရှိချက်ကတော့"
ရွာသားများ ကျိုးအာ့ရှုအိမ်သို့ရောက်လာကြသောအခါ တတိယဦးလေးကျိုးသည် ကြမ်းပြင်ထက်လဲနေသည်အားတွေ့လိုက်ရသဖြင့် အဘွားစွင်းထံ ကဲ့ရဲ့ရှုတ်ချသောအကြည့်များဖြင့်ကြည့်လာကြကာ တီးတိုးပြောဆိုကြတော့သည်။
ထိုစကားများအားကြားလိုက်ရသောအခါ အဘွားစွင်းတစ်ယောက် ဒေါသထွက်လွန်း၍မျက်နှာများပင်တုန်ယင်လာရ၏။
သူမ လူအုပ်ကြီးထံစိုက်ကြည့်ကာ
"ကျိုးအာ့ရှုရဲ့ အိမ်အခြေအနေကိုလည်း ကြည့်ကြဦးလေ ငါကထောင်ဟွားအတွက် ရွှေနန်းအသိုက်အမြုံရှာပေးမိတာနဲ့တင် မကောင်းတဲ့သူဖြစ်ရောလား"
"အဘွား.....အဲ့လောက်ကောင်းနေတယ်ဆိုရင်လဲ အဘွားကိုယ်တိုင်ပဲသွားလိုက်ပါလား"
ကျိုးထောင်ဟွား ပြန်လည်ချေပလိုက်သည်။
ချက်ချင်းပင်ခြံထဲရှိရွာသားများမှာ ဝိုင်းရယ်မိကြတော့၏။
"ဟုတ်သားပဲ ထောင်ဟွားအဘွားရဲ့ ဒီလောက်ကောင်းတဲ့နေ့ထူးနေ့မြတ်လေးမှာ အဘွားကိုယ်တိုင်ပဲသွားလိုက်ပါတော့လား၊အဘွားရဲ့သားသမီးမြေးမြစ်တွေကိုပါခေါ်သွားပြီး စည်းစိမ်ခံစားလို့ရသွားတာပေါ့"
အဘွားစွင်းမှာ ထိုသူ့ထံစိုက်ကြည့်ရင်း အော်ငေါက်လိုက်သည်။
"နင်တို့ဘာတွေလျှောက်ပြောနေတာလဲ၊ငါကအသက်ငါးဆယ်ကျော်နေပြီ ဒီလောက်အသက်ကြီးပါမှ ငါ့သိက္ခာကိုအဖျက်ဆီးခံရမှာလား၊ထောင်ဟွားက လီအိမ်တော်မှာဆိုရင် ထမင်းအနပ်တိုင်းအသားပါမယ့်အပြင် နေ့တိုင်းစည်းစိမ်ခံစားရမှာလေ၊နင်တို့ကသူမကို မနာလိုဖြစ်နေကြတာပဲဖြစ်ရမယ်"
ဤအချိန်တွင် သူမစိတ်ထဲရှိနေသည်မှာ တေးနှစ်ဆယ်သာဖြစ်သည်။ စိတ်မပါသောစကားများပင် ဖြစ်လင့်ကစား သူမမှာအတင်းအကြပ်ပင်မှန်ကန်ကြောင်း ငြင်းဆိုနေလေ၏။
အဘွားစွင်းမှာ ရွာထဲတွင် အပေါက်ဆိုးပြီး ပြဿနာရှာတတ်သူအဖြစ် နာမည်ကြီးလေသည်။
လူတိုင်းမှာသူမနှင့်ငြိပြီး ဒုက္ခရောက်မည်အားကြောက်မိသဖြင့် အသက်ပင်အောင့်မိသွားကာ ဘာမှမပြောရဲကြတော့ပေ။
သို့သော်လည်း စိတ်ကောင်းရှိသောရွာသားအချို့မှာတော့ ရွာလူကြီးအားသွားခေါ်ရန် တိတ်တဆိတ်ထွက်ခွာသွားကြသည်။
"စည်းစိမ်ခံစားရမယ်ပေါ့လေ ဟုတ်လား"
အဘွားစွင်းစကားကို လူအများယုံသွားမည်ကို ကျိုးထောင်ဟွားစိုးရိမ်မိသဖြင့်စိတ်ထဲစိုးရိမ်စိတ်များပြည့်လာကာ မျက်ရည်များချက်ချင်းဝဲတက်လာတော့သည်။
"ကျွန်မအဖေက ကျိုးမိသားစုအိမ်ဟောင်းကနေခွဲထွက်လာတာ ဆယ်နှစ်ရှိပါပြီ၊ကျိုးဒုတိယအိမ်ထောင်စုက အိမ်ဟောင်းနဲ့ဘာမှမသက်ဆိုင်တော့ဘူးလို့ သဘောတူထားပြီးသားပဲလေ"
"လွန်ခဲ့တဲ့သုံးနှစ် ကျွန်မအပြင်းဖျား,ဖျားတုန်းက ဆေးကုဖို့ပိုက်ဆံမရှိလို့ အဖေအဘွားဆီ လာတောင်းပန်တော့ အဘွားပဲကန်ထုတ်ခဲ့တာမလား၊အခုကျမှ အသက်၁၄ နှစ်ပဲရှိသေးတဲ့ မြေးမကိုအသက် ၅၀ကျော် အဖိုးကြီးဆီစည်းစိမ်သွားခံဖို့ စေတနာရှေ့ထားနေတယ်လို့ပြောရဲတယ်နော်"
"နင်....."
အဘွားစွင်းမှာ ကျိုးထောင်ဟွားစကားကြောင့် လည်ချောင်းတွင်းစကားလုံးများ တစ်ဆို့ကာဆွံ့အသွားရသည်။
သူမတွင်သားသုံးယောက်ရှိရာ ကျိုးထောင်ဟွားအဖေမှာ ဒုတိယမြောက်သားဖြစ်၏။ သူမသည် သူ့ကိုဂရုမစိုက်ဘဲ အပိုလူတစ်ယောက်လိုသာ သဘောထားခဲ့သည်။ မူလတွင်ကျိုးအာ့ရှုမှာ ရိုးသားပြီးစကားနားထောင်ခဲ့သဖြင့် အဆင်ပြေခဲ့သော်လည်း နောက်ပိုင်းသားမမွေးနိုင်သောချမ်ရှီအတွက်နှင့် သူမအားပြန်အာခံလာခဲ့၏။
ထို့ကြောင့်ပင် သူမဒေါသထွက်သွားပြီး မိသားစုပိုင်ဆိုင်မှုတစ်ပြားတစ်ချပ်မှပင်မပေးဘဲ သူ့ကိုအိမ်ပေါ်မှနှင်ချခဲ့ခြင်းပင်။
သူမမှာထိုသို့ပြောဆိုခဲ့ဖူးသည့်အပြင် လွန်ခဲ့သောဆယ်နှစ်တာလုံး ကျိုးအာ့ရှုတို့မိသားစုသုံးယောက်မှ နှစ်သစ်ကူးကန်တော့ရန် အိမ်ဟောင်းသို့ပြန်လာချိန်တိုင်းတွင်လဲ တံခါးဖွင့်မပေးခဲ့ကြပေ။
သို့သော် ယခုအချိန်တွင်မှကျိုးထောင်ဟွားဆိုသည့်ခွေးစုတ်မလေးမှာ သူမထံဤစကားများဖြင့် ပြန်လည်ပိတ်ဟောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဝမ့်သည် အဘွားစွင်းလောက်မရဲတင်းလှချေ။ ခြံထဲတွင်လူအများကြီးရှိနေသည်အားတွေ့ရသဖြင့် သူမမှာအသံပင်မထွက်ရဲဘဲရှိနေသည်။
အဘွားစွင်းမှာ သူမဘက်လှည့်၍ဆူငေါက်လာ၏။
"အသုံးမကျတဲ့ဟာမ"
ကျိုးထောင်ဟွားမှာ အဘွားစွင်းအားစကားပြောခွင့်မပေးဘဲ ဆက်ပြောလိုက်သည်။
"ဒါကိုမိဘချင်းသဘောတူလို့ပေးစားတဲ့ အိမ်ထောင်ရေးလို့ ပြောရအောင်ကလည်း ကျွန်မမိဘတွေသက်ရှိထင်ရှားရှိနေသေးတာပဲ၊အဘွားက ဘယ်လိုလုပ်ပြီးကျွန်မအိမ်ထောင်ရေးကို ဝင်ဆုံးဖြတ်နိုင်ရမှာလဲ၊ကျွန်မတို့မိသားစုနှစ်စုကြားမှာ အဆက်အသွယ်ဖြတ်ထားတာကလဲ ကြာလှပြီမဟုတ်ဘူးလား"
အဘွားစွင်းမှာလူပုံအလယ်တွင် ကျိုးထောင်ဟွား၏ပါးဖြတ်ရိုက်ခြင်းအားခံလိုက်ရသလိုခံစားမိသွားသည်။
"နင်.....လူကြီးသူမကိုရိုသေမှုမရှိတဲ့ ကောင်မစုတ်လေး ငါကနင့်အဘွားပဲလေ၊နင်ကငါ့ကို ဘယ်လိုလုပ်မလေးမစားပြန်ပြောရဲရတာလဲ"
"နင့်မိဘတွေက နင့်အတွက်အိမ်ထောင်ရေးစီစဉ်ပေးဖို့ အချိန်မရှိကြဘူးလေ၊ငါက နင့်အတွက်အကောင်းဆုံးစီစဉ်ပေးနေတာကို ကျေးဇူးမတင်တဲ့အပြင် ပြန်ပြီးတောင်ညည်းညူပြနေသေးတယ်ပေါ့"
အဘွားစွင်းမျက်လုံးများထဲတွင် ရက်စက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ကျိုးထောင်ဟွားလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ ထိုတေးနှစ်ဆယ်ကိုတော့ သူမလက်လွတ်မခံနိုင်ပေ။
သူမသည်ဝမ့်အား ကြမ်းပြင်ပေါ်ရှိမင်္ဂလာဝတ်စုံကိုကောက်ယူရန် အချက်ပြလိုက်သည်။
လူအများကြီးရှိနေသည့်တိုင်အောင် အဘွားစွင်းမှာ ဤမျှအထိဇွဲနပဲကြီးစွာဖြင့် သူမအားအတင်းအကြပ်ဆွဲခေါ်သွားရန်ကြိုးစားလာလိမ့်မည်ဟု ကျိုးထောင်ဟွား ထင်မထားခဲ့ပေ။
ထိုစဉ်မှာပင် လူတစ်ယောက်ဝင်လာသည်ကို သူမလှမ်းမြင်လိုက်ရသည်။ ကြမ်းပြင်ပေါ်လဲနေသော ကျိုးထောင်ဟွားမှာချက်ချင်းထရပ်လိုက်ပြီး အဘွားစွင်းဆွဲခေါ်ရာနောက်လိုက်ပါသွားလိုက်၏။
သူမမှာရှိုက်ကြီးတငင်ငိုကြွေးရင်းပင် တောင်းပန်လိုက်သည်။
"အဘွား......ကျွန်မလူကြီးမင်းလီရဲ့ကိုယ်လုပ်တော်မလုပ်ချင်ဘူး၊အဘွားက တေးနှစ်ဆယ်လိုချင်တာမလား၊နောက်ကျရင် ကျွန်မအဘွားအတွက်ရှာပေးပါ့မယ်၊ကျေးဇူးပြုပြီး ကျွန်မကိုလီအိမ်တော်ဆီမပို့ပါနဲ့နော်......"
ခြံထဲမှထွက်ခါနီးအချိန်ထိ အဘွားစွင်းမျက်လုံးများထဲတွင်အောင်နိုင်သူအသွင်ဖြင့် ကျေနပ်ရိပ်များယှက်သန်းနေလေသည်။ယနေ့တွင်တော့ ထိုပိုက်ဆံအားသူမရအောင်ယူမည်ဟု ဆုံးဖြတ်ထား၏။
"စွင်းကျောက်တိ.....မင်းမှာအရှက်မရှိဘူးလား"
အဘွားစွင်းခြံထဲမှမထွက်ရသေးခင်မှာပင် မုတ်ဆိတ်မွှေးရှည်များဖြင့်အဘိုးအိုတစ်ဦးမှ တားဆီးလိုက်သည်။
သူ့အသံမှာအားမာန်ပါပြီး အရှိန်အဝါကြီးမားလှသဖြင့် အဘွားစွင်းမှာထိတ်လန့်ကာမျက်နှာပျက်သွားတော့၏။
"ရွာလူကြီးအဘိုး......ကျေးဇူးပြုပြီးကျွန်မကို ကယ်ပါဦး၊ကျွန်မကအိမ်ထောင်ပြုရမယ့်အရွယ်တောင် မရောက်သေးတာကို လူကြီးမင်းလီရဲ့ကိုးယောက်မြောက်ကိုယ်လုပ်တော်မဖြစ်ချင်ပါဘူး....."
ကျိုးထောင်ဟွား ရွာလူကြီးလက်မောင်းအားဆွဲကာ*ဘုတ်*ကနဲ ဒူးထောက်ချလိုက်ပြီး သနားစဖွယ်ဟန်ပန်ဖြင့် ရှိုက်ကြီးတငင်ငိုကြွေးပါတော့သည်။ ရွာလူကြီးမျက်မှောင်ကြုံ့လိုက်မိ၏။သူ့တွင်လည်း ကျိုးထောင်ဟွားနှင့်ရွယ်တူမြေးမလေးတစ်ယောက်ရှိနေသည်ပင်။
ရွာလူကြီး၏အိမ်မှာ ကျိုးအာ့ရှုတို့အိမ်နှင့် မဝေးလှပေ။ လွန်ခဲ့သောသုံးနှစ်၌ ကျိုးထောင်ဟွား၏အဖျားကိုကုသရန်အတွက် ကျိုးအာ့ရှုတို့မိသားစုမှာ အကြွေးများစွာတင်ခဲ့ရပြီး အခြေအနေမှာအလွန်ခက်ခဲနေခဲ့သည်။ ရွာလူကြီးသည်လည်း သူတို့အားမကြာခဏကူညီပေးလေ့ရှိ၏။အဘွားစွင်းမှ ကျိုးအာ့ရှုအိမ်တွင်ပြဿနာရှာနေသည်ဟု တစ်ယောက်ယောက်သတင်းလာပေးသဖြင့် သူချက်ချင်းပြေးလာခဲ့ခြင်းပင်။
ရောက်ရောက်ချင်းတွင်ပင် ဤကဲ့သို့သောစကားမျိုးကြားရလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ရွာလူကြီးသည် ကျိုးကျားရွာတွင်ဩဇာတိက္ကမကြီးမားသူဖြစ်ရာ သူရောက်လာသည်နှင့် အဘွားစွင်းလည်း ဆက်လက်ရမ်းကားခြင်း မပြုဝံ့တော့ပေ။သို့သော်လည်း အဘွားစွင်းသည် သူမလက်ထဲရောက်နေသောတေးနှစ်ဆယ်အား လက်မလွှတ်ချင်သဖြင့် ကျိုးထောင်ဟွားလက်ကို ဆက်ကိုင်ထားဆဲပင်။
"စွင်းကျောက်တိ.....မင်းကငါတို့ကျိုးကျားရွာရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် ဒီလိုယုတ်ညံ့တဲ့ကိစ္စမျိုးကိုဆက်လုပ်နေမယ်ဆိုရင် ရွာစည်းကမ်းအတိုင်းအရေးယူမှာကို မကျေမနပ်မဖြစ်ပြနဲ့တော့"
ရွာလူကြီးမှ ပြတ်ပြတ်သားသားပြောလိုက်သည်။
မြို့ထဲမှလူကြီးမင်းလီဆိုသည်မှာ အသက်ကြီးပြီး မိန်းမလိုက်စားသူဖြစ်သလို ခန္ဓာကိုယ်မှာလည်းပန်းသေပန်းညှိုးရောဂါခံစားနေရပြီး သေခါနီးဆဲဆဲ ဖြစ်နေပြီကို လူတိုင်းသိကြ၏။ထိုသို့သောလူမျိုးထံ စွင်းကျောက်တိမှာသူ့မြေးမထောင်ဟွားအား ကိုယ်လုပ်တော်အဖြစ်ပို့ချင်နေသေးသည်။
အကယ်၍ဘေးပတ်ဝန်းကျင်ရှိရွာများသာ သိသွားပါက သူတို့ရွာအားလှောင်ပြောင်ကြတော့မည်ပင်။
အဘွားစွင်းထိတ်လန့်သွားတော့သည်။ သူမအသက်မှာငါးဆယ်ကျော်နေပြီဖြစ်၍ ရွာမှသာနှင်ထုတ်ခံရပါက မည်သည့်နေရာ၌သွားနေရပါမည်နည်း။ ဤအသက်အရွယ်ကြီးမှ အိုးမဲ့အိမ်မဲ့ဖြစ်ရတော့မည်လား။
ရွာသားများမှာ သူမအားလှောင်ပြောင်ကြတော့မည်လေ။
အကယ်၍သူမယောက်ျားသာ သိသွားပါက သူမအားကွာရှင်းပြီး သူမနေရာတွင်အခြားတစ်ယောက်ကိုအစားသွင်းတော့မည်ဖြစ်၏။
အဘွားစွင်းမျက်နှာမှာ ဖြူဖျော့ကာကြောက်လန့်သွားရသည်။
သူမတစ်သက်လုံးနေလာသမျှ ယခုအချိန်တွင်မှ နာမည်အပျက်ခံရတော့မည်လား။
ယနေ့တွင်တော့ သူမမှာတေးနှစ်ဆယ်မရသည့်အပြင် သူမအချစ်ဆုံးသားထွေးလေးပင် အကြောင်းရင်းမရှိဘဲသတိလစ်သွားခဲ့သေးသည်။
အဘွားစွင်းမျက်လုံးများအား လှည့်ပတ်လိုက်ပြီးနောက် ချက်ချင်းပင်အကြံတစ်ခု ရသွားတော့၏။
"နင်.....ဒီအငြိုးအတေးကြီးတဲ့ကောင်မလေး နင့်ဦးလေးလာတုန်းကအကောင်းကြီးရှိနေတာ နင်သူ့ကိုကျိန်စာတိုက်လိုက်လို့ သူသတိလစ်သွားရတာမလား၊လျော်ကြေးပေးစမ်း.....တေးနှစ်ဆယ်နော် တစ်ပြားမှမလျော့စေနဲ့"
ကျိုးထောင်ဟွားနှုတ်ခမ်းများပင်တွန့်သွားရသည်။ ဒါကသူမအပေါ်အပြစ်ပုံချဖို့လုပ်နေတာလား။
တေးနှစ်ဆယ်ပေါ့လေ။တတိယဦးလေးကျိုးက အဲ့လောက်တန်လို့လား။
"အဘွား.....အဘွားသာ ကျွန်မကိုဒုက္ခမပေးခဲ့ရင် ဦးလေးကမကောင်းတဲ့အတွေးတွေကြောင့် ဘယ်လိုလုပ်ပြီးမေ့လဲသွားရမှာလဲ၊ကျွန်မ အကြံပေးပါရစေ.....ကုသိုလ်ကောင်းမှုများများလုပ်ပြီး လူတွေကို မဟုတ်မမှန်စွပ်စွဲနေတာတွေလဲ ရပ်လိုက်ပါတော့"
ကျိုးထောင်ဟွား အဘွားစွင်းအားစူးစမ်းကြည့်လိုက်ရာ သူမထံမှနေ ယင်စွမ်းအင်များထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
အဘွားစွင်း မျက်မှောင်ကြုံ့ကာပြောလိုက်၏။
"နင်လျှောက်ပြောမနေနဲ့ ငါ့သားထွေးလေးက အနူးညံ့ဆုံးနဲ့စိတ်ထားအကောင်းဆုံးပဲ၊ သူ့မှာမကောင်းတဲ့စိတ်ဆိုတာရှိကိုမရှိခဲ့တာ နင်ကသာသူ့ကိုကျိန်စာတိုက်ပြီးဖျားအောင်လုပ်လိုက်တာလေ"
ဒီခွေးစုတ်မလေးက ငါ့သားကိုကျိန်စာထပ်တိုက်နေပြန်ပြီပေါ့လေ။
အဘွားစွင်း ကျိုးထောင်ဟွားထံစိုက်ကြည့်နေလိုက်သည်။ အကယ်၍အကြည့်ဖြင့်သာ လူသတ်၍ရပါက ကျိုးထောင်ဟွားမှာ အဘွားစွင်းအကြည့်အောက်တွင်ပင် အကြိမ်တစ်ထောင်မကသေဆုံးနေလောက်ပြီပင်။
"ရွာရဲ့သမားတော်အဘိုးလည်း ဒီမှာရှိနေတာပဲ၊တစ်ယောက်ယောက်က နေမကောင်းဖြစ်မဖြစ်ကို သူကြည့်ပေးရုံနဲ့တင်သိနိုင်ပါတယ်”