အခန်း (၅)
Vol. 1 Ch. 5
အဘွားစွင်း ချက်ချင်းပင်သူမအင်္ကျီလက်ဖြင့်ကျိုးစန်းရှီမျက်နှာပေါ်ရှိ ကြက်သွေးများကိုသုတ်ပစ်ရန်လုပ်တော့သည်။
"မသုတ်နဲ့ ဒါကသူ့ကိုကယ်မယ့်အဆောင်ပဲ"
ကျိုးထောင်ဟွား သတိပေးလိုက်သည်။
ဝမ့်မှာအခန်းတွင်းရှိ အေးစိမ့်စိမ့်ခံစားချက်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သူမ အဘွားစွင်းအားအမြန်ပြန်ဆွဲလိုက်သည်။
"အမေ ခဏလောက်ထပ်စောင့်ကြည့်ကြရအောင်ပါ"
စန်းရှီရဲ့အသက်ကို တစ်ကယ်ကယ်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။
ကျိုးစန်းရှီမှာအိပ်မောကျနေစဉ် အိပ်မက်ထဲ၌နတ်ဆိုးတစ်ကောင်၏ အသက်ရှူကြပ်သည်ထိ လည်ပင်းညှစ်ခြင်းကိုခံနေရပြီး သေလုမျောပါးဖြစ်နေသည်။ရုတ်ချည်းဆိုသလို အနီရောင်အဆောင်တစ်ခုမှာ သူ့နဖူးထက်ပေါ်လာပြီး ထိုနတ်ဆိုးအားချက်ချင်းပင်လွင့်စင်သွားစေ၍ ပြာအဖြစ်သို့ပြောင်းလဲကာ အနက်ရောင်မီးခိုးငွေ့များအသွင်ပျောက်ကွယ်သွားစေ၏။
ထိုအခါမှကျိုးစန်းရှီသတိပြန်ဝင်လာပြီး အိပ်မက်မှချက်ချင်းနိုးလာကာ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင်တော့ သူ့ရှေ့၌ဝမ့်မှာဒူးထောက်၍ ရှိုက်ကြီးတငင်ငိုနေသည်အား တွေ့လိုက်ရသည်။
"အားယွင် ဘယ်သူကမင်းကို အနိုင်ကျင့်တာလဲ၊ငါအခုပဲ သူ့ကိုသွားဆူပစ်မယ်"
ကျိုးစန်းရှီမျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ့အသံမှာတော့အားမာန်အပြည့်ဖြင့်ကျယ်လောင်လွန်းလှသည်။
အဘွားစွင်းမှာ မယုံကြည်နိုင်ဟန်ဖြင့် ပါးစပ်ပိတ်မိသွား၏။
သူမအချစ်ဆုံးသားထွေးလေးမှာ ကျိုးထောင်ဟွားကြောင့် တစ်ကယ်သတိပြန်ရလာသည်လား။
ကြက်သွေးနဲ့လျှောက်ဆွဲလိုက်တဲ့ဟာလေးတစ်ခုတည်းနဲ့လေ။
"ဦးလေးရှန်းဖျင် ကျေးဇူးပြုပြီး ကျွန်မသားကိုကြည့်ပေးပါဦး၊သူတစ်ကယ်ပဲ သက်သာသွားပြီလား"
အဘွားစွင်းမှာ စိုးရိမ်တကြီးမေးလိုက်သည်။
ကျိုးရှန်းဖျင်မှာ မလှုပ်မယှက်ဟန်ဖြင့်ပင်ရပ်နေ၏။
"ငါကသမားတော်အတုပဲဟာ ကြည့်မပေးနိုင်ပါဘူး"
အဘွားစွင်းမျက်နှာမှာ တောင့်တင်းသွားတော့သည်။သူမမှာ ကသိကအောက်ဖြစ်ဟန်ဖြင့်ပြုံးလိုက်ပြီး ကျိုးရှန်းဖျင်အားချက်ချင်း တောင်းပန်လိုက်၏။
"ဦးလေးရှန်းဖျင် ကျွန်မခုနက စကားမှားသွားတာပါ၊ကျွန်မလိုမိန်းမတစ်ယောက်ရဲ့စကားကို စိတ်ထဲမထားပါနဲ့"
ကျိုးရှန်းဖျင်နှာခေါင်းရှုံ့ပြလိုက်သည်။အသက်ဘေးနှင့်ဆိုင်သောကိစ္စအား ပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။ထို့နောက် သူကျိုးစန်းရှီနားလျှောက်သွားလိုက်သည်။
သို့သော် ကျိုးရှန်းဖျင်ကိုယ်တိုင်လည်း မယုံနိုင်အောင် ဖြစ်နေရ၏။သူကိုယ်တိုင် သေတော့မည်ဟု အဖြေထုတ်ထားသည့်သူမှာ ဘယ်လိုဖြစ်၍ဘာမှမဖြစ်သလို ပြန်ဖြစ်သွားရပါသနည်း။
ရွာလူကြီးနှင့်အခြားရွာသားများမှာလည်း မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ဘာတွေဖြစ်နေတာလဲ။
လူတိုင်းမှာ ကျိုးရှန်းဖျင်စကားအားစောင့်မျှော်ရင်း စိုက်ကြည့်နေကြသည်။ကျိုးရှန်းဖျင်မှာသွေးခုန်နှုန်းအားစမ်းသပ်ရင်း ပြောလာ၏။
"ဒါ ဒါမဖြစ်နိုင်တာ"
အဘွားစွင်းမှာ စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"ဦးလေးရှန်းဖျင် ကျွန်မသားဘာဖြစ်လို့လဲ"
"စန်းရှီကဘာမှမဖြစ်ပါဘူး နည်းနည်း ပင်ပန်းသွားရုံပဲ အနားယူလိုက်ရင်ရပါပြီ"
"ဆေးပေးဖို့လိုဦးမလား"
အဘွားစွင်း ထပ်မေးလိုက်ပြန်သည်။
"ပိုက်ဆံအကုန်ခံမနေပါနဲ့တော့"
ကျိုးရှန်းဖျင်စကားအဆုံးတွင် ထိုနေရာရှိ လူအားလုံး အံ့အားသင့်သွားကြတော့သည်။
"ဘုရားရေ အဘိုးရှန်းဖျင်ကိုယ်တိုင်နာရေးပြင်ခိုင်းထားတဲ့သူကို ထောင်ဟွားက မှော်ပညာနဲ့ကယ်လိုက်တာလား"
"ထောင်ဟွားကနတ်ဘုရားဝင်စားတာများလားနော်"
ခဏချင်းအတွင်းမှာပင် လူတိုင်း၏ကျိုးထောင်ဟွားအပေါ်ထားရှိသော အမြင်များမှာပြောင်းလဲသွားတော့သည်။သူမမှာ အဘွားစွင်းထံမှ ပိုက်ဆံလိမ်ယူနေသည်ဟုထင်ခဲ့ကြသော်လည်း မမျှော်လင့်သည်မှာ သူမတွင်တစ်ကယ့်စွမ်းအားရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ရွာလူကြီးမှာလည်း ထပ်တူခံစားနေရသည်။သူမေးလိုက်၏။
"ထောင်ဟွား နင့်ဦးလေးရုတ်တရက်ကြီးဖျားသွားတာ တစ်ကယ်နတ်ဆိုးပူးတာကြောင့်လား"
ယခင်ကဆိုလျှင် ရွာလူကြီးသည် မကောင်းဆိုးဝါးတို့နတ်ဆိုးတို့ရှိသည်အား ယုံကြည်မည်မဟုတ်သော်လည်း ယခုလေးတင် ကျိုးစန်းရှီအားထောင်ဟွားကယ်တင်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်လေ။
ဒီတော့သူ မယုံဘဲနေနိုင်ပါဦးမည်လား။
ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်ပြီး ဆက်ပြောလာသည်။
"အဲ့နတ်ဆိုး ဦးလေးကိုခြောက်လှန့်နေရတဲ့ အကြောင်းရင်းက သူတို့ကြားမှာကံတရားဆက်နွှယ်မှုရှိနေလို့ပါ၊ဒါကြောင့်လဲ ဦးလေးကိုသေလုနီးပါးဖြစ်အောင် အတင်းကပ်တွယ်နေတာ"
အဘွားစွင်းဒေါသတကြီး အော်လာသည်။
"လျှောက်ပြောမနေနဲ့ ငါ့သားကဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ဖူးဘူး၊ဘယ်လိုလုပ် ကံတရားအရပတ်သက်မှုရှိရမှာလဲ"
ကျိုးထောင်ဟွား ထိတ်လန့်မနေပေ။ကျိုးစန်းရှီ၏အတွင်း၌ဝတ်ထားသောအင်္ကျီအား လက်ညှိုးထိုးပြကာ
"ကျွန်မ လျှောက်ပြောနေတာမဟုတ်ဘူး၊ဦးလေးဝတ်ထားတဲ့အင်္ကျီက အဲ့နတ်ဆိုးမသေခင်ဝတ်ခဲ့တဲ့အင်္ကျီပဲ"
သူမစကားအားကြားလိုက်ရသောအခါ လူတိုင်းမျက်နှာများပျက်သွားကြတော့သည်။
ဝမ့်မှာလဲ ကြောက်လန့်တကြားဖြင့် ရုတ်ချည်းသူမမျက်လုံးများပြူးကျယ်သွားကာ
"ဒီအင်္ကျီက အရင်ရက်ပိုင်းလေးမှယောက္ခမကျွန်မကို ပေးထားတာလေ၊ဒါက လူသေဝတ်ခဲ့တဲ့အင်္ကျီဖြစ်နိုင်ပါ့မလား"
ဝမ့်မှာ တုန်တုန်ယင်ယင်ဖြင့်မေးလာသည်။
လူတိုင်းမှာ ကျိုးစန်းရှီအတွင်းအင်္ကျီအားကြည့်လိုက်ကြ၏။ကျိုးစန်းရှီမှာ အဘယ်ကြောင့် လျှော်ထည်အားဝတ်ထားသနည်းဟု လူတိုင်းအံ့ဩခဲ့ကြဖူးသည်။ယခုမှသာ လူသေဝတ်ခဲ့သောအင်္ကျီအား ကောက်ဝတ်ထားခြင်းဖြစ်နေသည်လေ။
ကျိုးစန်းရှီရင်ထဲ တင်းကျပ်သွားပြီး ကျောရိုးထဲထိစိမ့်တက်သွားရသည်။
"လူသေအင်္ကျီလား အမေ အမေကျွန်တော့်ကိုပေးတဲ့အင်္ကျီက လူသေဝတ်ခဲ့တာလား"
အဘွားစွင်းသည်လည်း ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ငါလဲမသိဘူးလေ၊လမ်းဘေးမှာ ဒီလောက်ကောင်းတဲ့အဝတ်အစားတွေကို တွေ့မှတော့ကောက်လာလိုက်တာပေါ့၊နင့်အစ်ကိုကြီးကိုတောင်မပေးဘဲ နင့်ကိုအကုန်ပေးခဲ့တာ၊ဒီအဝတ်တွေက အသစ်စက်စက်ကြီးတွေကို ဘယ်လိုလုပ် လူသေဝတ်ခဲ့တာဖြစ်နိုင်မှာလဲ၊ဒီကောင်မစုတ်လေးက လျှောက်ပြောနေတာရယ် ယုံမနေနဲ့ လျှော်ထည်တစ်ပေဆိုရင်တောင် ဆယ်ပြားပေးရတာ"
ဝမ့်သည် သူမယောက်ျားအသက်နှင့်ရင်းပြီး မလောင်းကြေးမထပ်ဝံ့ပေ။ထို့ကြောင့် ကျိုးစန်းရှီ၏အတွင်းအင်္ကျီကို ဆွဲကိုင်ကာအားကုန်ဆောင့်ဆွဲလိုက်သည်။
*ဗြိ*ကနဲအသံနှင့်အတူ အင်္ကျီကော်လာမှာပြဲထွက်သွားတော့၏။
မမျှော်လင့်သည်မှာ ကော်လာထဲမှနေပစ္စည်းတစ်ခုထွက်ကျလာသည်။
လူတိုင်းအနီးကပ်ကြည့်လိုက်ကြရာ ထိုအရာမှာအဖြူရောင်ကြိုးဖြင့် သေသေသပ်သပ်စည်းနှောင်ထားသော ဆံပင်တစ်စုဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဤသည်အားမြင်သော် လူတိုင်းမှာထိတ်လန့်သွားကြပြီး ရုတ်တရက်အေးစိမ့်စိမ့်လေပြင်းတစ်သုတ်တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
ဝမ့်သည် ကျိုးစန်းရှီ၏အတွင်းအင်္ကျီကို ချက်ချင်းပင်ချွတ်ပစ်လိုက်တော့၏။ဤအဝတ်အစားများကိုတော့ ဘယ်လိုမှဝတ်ထားလို့မဖြစ်တော့ပေ။
"ကျစ်!စွင်းကျောက်တိကတော့ အလကားရတာကိုမက်ပြီး သူ့သားအရင်းကိုတောင် သေတွင်းထဲပို့မိတော့မလိုဖြစ်သွားတာပဲ"
အမှန်တရားပေါ်ပေါက်လာသောအခါ ရွာသားများမှာ ဝိုင်းဝန်းပြောဆိုကြတော့သည်။
"စွင်းကျောက်တိက သူ့သားအငယ်ဆုံးကို အမြဲအလိုလိုက်ခဲ့တာလေ၊အခုတော့ ကြည့်ဦး သူ့ကြောင့်အသက်ပါထွက်တော့မလို့ပဲ"
"အဘွားစွင်းက ထောင်ဟွားကိုလီယွမ်ဝေဆီ ကိုယ်လုပ်တော်အဖြစ်ပေးစားချင်နေတာ အခုတော့ဆယ်တေးဆုံးရုံတင်မကဘူး သားတစ်ယောက်ပါဆုံးရတော့မလို့ ဒါဝဋ်လည်တာပဲ"
ကျိုးထောင်ဟွားသည် ရွာသားများ၏ ပြောဆိုချက်များကို နားထောင်ရင်း အဘွားစွင်းမျက်နှာထက်ရှိ အန္တရာယ်အငွေ့အသက်ကို မော့ကြည့်လိုက်သည်။ထိုအငွေ့အသက်များမှာ လျင်မြန်စွာပျံ့နှံ့နေပြီး သူမအတွက်ဝဋ်လည်မည့်အချိန်မှာ သိပ်မဝေးတော့ပေ။
အဘွားစွင်းသည် ဒေါသဖြင့်အံကြိတ်ထားလိုက်၏။
"သွားကြမယ်"
သူမ စိတ်တိုတိုဖြင့်ပြောလိုက်သည်။ယနေ့တွင် သူမမှာငွေတေးသုံးဆယ်ဆုံးသွားရသည့်အပြင် သားအငယ်ဆုံးပါသေလုမျောပါးဖြစ်ခဲ့ရသည်မလား။
ဝမ့်သည် အဘွားစွင်းအပေါ်နာကျည်းချက်ရှိနေသော်လည်း အခြားသူများကဲ့သို့ ထုတ်မပြောဝံ့ပေ။သူမသည်ကျိုးစန်းရှီကိုသာတွဲကူ၍ ဒုတိယအိမ်ထောင်စု၏ခြံဝင်းထဲမှ ထွက်ခွာသွားကြတော့သည်။
အဘွားစွင်းတို့သုံးယောက် ထွက်သွားသည်ကို မြင်သောအခါ ကျန်ရွာသားများလည်း ပြန်ကုန်ကြ၏။ကျိုးမိသားစု၏စုတ်ချာနေသော ခြံဝင်းထဲတွင် စိတ်ကောင်းရှိသောအမျိုးသမီးတစ်ဦးနှင့် ရှန်းမင်တို့သာ ကျန်ရစ်ခဲ့သည်။
ရှန်းမင်သည် သူ့ခြင်းတောင်းထဲမှယုန်တစ်ကောင်ကိုထုတ်ကာ ကျိုးထောင်ဟွားထံပေးပြီးနောက် ထွက်ခွာသွားတော့၏။ဘေးအိမ်မှ ဒေါ်လေးကျန်းလဲကျိုးထောင်ဟွားအတွက် ပြောင်းဆန်ပြုတ်တစ်ပန်းကန် ယူလာပေးသည်။
"ထောင်ဟွား သနားစရာကလေးလေး မြန်မြန်စားလိုက်ဦး"
"ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း"
ချိုမြိန်သောပြောင်းဆန်ပြုတ်တစ်ပန်းကန်ကို သောက်လိုက်ရသောအခါ ကျိုးထောင်ဟွားသည်အသက်ပြန်ဝင်လာသလို ခံစားလိုက်ရသည်။
ဒေါ်လေးကျန်းမှာထွက်ခွာသွားသော ရှန်းမင်နောက်ကျောအားကြည့်၍ပြောလိုက်၏။
"ထောင်ဟွား.....ဒေါ်လေးသတိပေးရဦးမယ်၊ရှန်းမင်ဆိုတာ နိမိတ်မကောင်းတဲ့ အငွေ့အသက်တွေနဲ့မွေးလာတဲ့ ဂြိုလ်ဆိုးပဲ၊သူ့နားသိပ်မကပ်နဲ့ ဘယ်တော့မှအနီးကပ်သွားမနေနဲ့နော်"
"သူမွေးပြီးမကြာခင်မှာပဲ သူ့အမေကမီးဖွားရင်း သေခဲ့တယ်၊နောက်တော့ သူ့အဖေက ဆက်သေတယ်"
"အဲဒီနောက် သူ့ဒုတိယဦးလေးနဲ့အဘိုးကပါ အဲ့လိုကံကြမ္မာမျိုးကြုံခဲ့ရတာ၊နောက်ဆုံးသူ့အဘွားက တာအိုဆရာကြီးတစ်ပါးနဲ့ တိုင်ပင်ပြီးဗေဒင်မေးကြည့်ရတဲ့အထိပဲ"
"ဒါပေမယ့်အဘွားကြီးသိတာ နောက်ကျသွားတယ်လေ၊သူမလဲမလွတ်မြောက်နိုင်ဘဲ သေသွားခဲ့ရပြန်ရော"
"သူပေးတဲ့ယုန်ကို မြို့ထဲမှာသွားရောင်းပြီးစားစရာတစ်ခုခုနဲ့ ပြန်လဲလိုက်တာပိုကောင်းလိမ့်မယ်"
ကျိုးထောင်ဟွား ရှန်းမင်အားပထမဆုံးမြင်စတည်းမှ သူ့အားဝန်းရံထားသည့် ထူထပ်လှသောလူသတ်ငွေ့များကို အာရုံခံမိပြီးသားဖြစ်သည်။တာအိုဆရာကြီးပြောခဲ့သည်မှာ မှန်ပေ၏။
သို့သော်ထိုတာအိုဆရာ၏ကျင့်ကြံမှုမှာ မလုံလောက်သဖြင့် ရှန်းမင်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင်ကုသိုလ်အလင်းတန်းကို မမြင်ခဲ့ခြင်းသာပင်။
ပို၍အရေးကြီးသည်မှာ သူတို့အရေပြားချင်းထိတွေ့မိပြီးနောက်တွင် သူမဝိညာဉ်စွမ်းအင်များအား အမှန်တစ်ကယ်ပြန်ဖြည့်တင်းနိုင်ခြင်းဖြစ်သည်။
ကျိုးထောင်ဟွားမျက်လုံးများထဲတွင် ညစ်တစ်တစ်အပြုံးတစ်ခုဖြတ်ပြေးသွား၏။ဤကဲ့သို့အဆင်ပြေလှသော*အားသွင်းစက်*မျိုးကို သူမလက်လွတ်မခံနိုင်ပေ။
နိမိတ်မကောင်းသောသူ့အငွေ့အသက်များ၊သူ့နားကပ်မိတိုင်း ကြုံတွေ့ရတတ်သည့်ကံဆိုးမှုများ သေဆုံးခြင်းများဆိုသည်မှာ သူမအတွက်တော့စာမဖွဲ့လောက်ပေ။သူမမှာရုပ်လွန်လောက၏အရှင်သခင်ပင်မဟုတ်ပါလား။
"သတိပေးလို့ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း"
ကျိုးထောင်ဟွား လိမ္မာချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
"ထောင်ဟွား"
"ငါ့ရဲ့ထောင်ဟွားလေး"
ကျိုးထောင်ဟွားစကားမဆုံးခင်မှာပင် အမျိုးသမီးတစ်ဦးခြံထဲသို့ ပြေးဝင်လာ၏။သူမမျက်နှာမှာ အလွန်ပိန်ချုံးနေပြီး ကျိုးထောင်ဟွားကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။
သူမမှာ ကျိုးထောင်ဟွားမိခင်ချမ်ရှိီဖြစ်၏။
သူတို့တွင်မြေယာမရှိသဖြင့် ချမ်ရှိီနှင့်ကျိုးအာ့ရှုတို့မှာ ပိုက်ဆံရှာရန်မြို့သို့ သွားကြရသည်။အလုပ်ရှိသည့်နေရာတိုင်းတွင် သူတို့သွားလုပ်ကြရ၏။
ယနေ့တွင်ချမ်ရှီ၏အလုပ်ရှင်မှ လုပ်ခလစာပေးလိုက်သဖြင့် သမီးဖြစ်သူအားတွေ့ရန် အမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။ရွာထဲရောက်ရောက်ချင်းပင် အိမ်၌မတော်တဆမှုဖြစ်ခဲ့သည်ကို ကြားလိုက်ရလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။
ကျိုးထောင်ဟွားပါးပြင်များမှာဖူးရောင်နေဆဲဖြစ်ရာ ချမ်ရှီရင်ကွဲမတတ်ခံစားလိုက်ရသည်။
"ထောင်ဟွား ဘယ်ခွေးမသားက သမီးကိုရိုက်သွားတာလဲ အမေ့ကိုပြော၊အခုပဲ သွားပြီးပြန်ချပစ်မယ်၊ငါချမ်ဟုန်ယန် အိမ်မှာမရှိတုန်း ငါ့သမီးကိုရိုက်ရဲတယ်ပေါ့လေ၊ငါ့မျက်စိရှေ့မှာဆို ငါ့သမီးကို လက်ဖျားနဲ့တောင် အထိခံတာမဟုတ်ဘူး"
ချမ်ရှီခါးထောက်ကာ ဒေါသတကြီးအော်ဟစ်ဆူဆဲနေတော့သည်။