အခန်း (၁၄)
Vol. 2 Ch. 14
"ဦးလေးရှန်းဖျင် ရောက်လာပြီဟေ့"
လူအုပ်ထဲရှိတစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သဖြင့် လူတိုင်းမှာကျိုးရှန်းဖျင်လမ်းလျှောက်နိုင်ရန် အမြန်လမ်းဖယ်ပေးလိုက်ကြသည်။
"အဘိုးရှန်းဖျင် အဒေါ်စွင်းကိုကြည့်ပေးပါဦး၊သူ သေတော့မယ့်ပုံပဲ"
ရွာသားတစ်ဦးမှ စိုးရိမ်တကြီးပြောလာ၏။
ကျိုးရှန်းဖျင်မှ အဓိကအိမ်ခန်းထဲသို့ဝင်လာသောအခါ ကျိုးစန်းရှီ၊အဘွားစွင်းနှင့် ဝမ့်ရှီတို့မှာဆွံ့အသွားကြတော့သည်။သူကဘာလို့ ဒီကိုရောက်လာတာလဲ။
အခြားသူများမသိသော်လည်း သူတို့မှာမူအဘွားစွင်းအခြေအနေကို ကောင်းကောင်းသိထားကြလေသည်။အကယ်၍ ကျိုးရှန်းဖျင်သာသွေးခုန်နှုန်း စမ်းသပ်လိုက်ပါက အားလုံးပေါ်ကုန်တော့မည်ပင်။
ကံဆိုးချင်တော့ အဘွားစွင်းမှာဗိုက်နာလွန်းသဖြင့် သတိလစ်လုနီးပါးဖြစ်နေပြီး ဦးနှောက်သည်လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပေ။
ကျိုးစန်းရှီမှာ ခပ်သွက်သွက်ဝင်ပြောလိုက်၏။
"အဘိုးရှန်းဖျင် ရောက်လာတာတော်သေးတာပေါ့၊ကျွန်တော့်အမေအသက်ဆက်နိုင်အောင် ဆေးလေးတစ်ဖုံလောက်ဖော်ပေးပါဦး"
အဘွားစွင်းခံစားနေရသည်ကိုမြင်သောအခါ ကျိုးလဲ့မှာပြေးသွားပြီး ကျိုးရှန်းဖျင်ခြေထောက်ကိုဖက်ကာ အသနားခံလေသည်။
"ဘိုးဘိုးကြီးရှန်းဖျင် ကျွန်တော့်အဖွားကို ကယ်ပေးပါဦး"
ယနေ့မနက်ကပင် အဖွားမှာသူ့အားသကြားလုံးဝယ်ပေးမည်ဟု ကတိပေးထားသော်လည်း ယခုထိသူမစားရသေးပေ။
အဖွားဖြစ်သူမှာ အိမ်ရှိပိုက်ဆံအကုန်လုံးကို သော့ခတ်သိမ်းထားခြင်းဖြစ်ရာ အကယ်၍အဖွားသာသေသွားပါက သူ့အားမည်သူကမှ သကြားလုံးဝယ်ပေးတော့မည်မဟုတ်ချေ။
ကလေးငယ်ကျိုးလဲ့၏သိတတ်မှုကိုမြင်သောအခါ ကျိုးရှန်းဖျင်သူ့ခေါင်းလေးကို ပွတ်၍ချော့မော့လိုက်သည်။
"ရှောင်လဲ့ စိတ်မပူနဲ့နော်၊ဘိုးဘိုးကြီး အခုပဲအဖွားကိုစစ်ဆေးပေးပါ့မယ်"
ထို့နောက် သူသည်တည်ကြည်သောမျက်နှာထားဖြင့် ကျိုးစန်းရှီအားပြောလိုက်သည်။
"သွေးခုန်နှုန်းမစမ်းဘဲနဲ့ ငါကဘယ်လိုလုပ် ဆေးပေးလို့ရမှာလဲ"
ထိုသို့ပြောပြီး ကျိုးရှန်းဖျင်သည်ရှေ့သို့တက်လာကာ အဘွားစွင်းသွေးခုန်နှုန်းကို သေသေချာချာစမ်းသပ်ရန်ပြင်လိုက်သည်။
ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့မှာ ကျိုးရှန်းဖျင်အားသွေးခုန်နှုန်းမစမ်းစေချင်သဖြင့် တစ်ကိုယ်လုံးတောင့်တင်းသွားကြ၏။
ကျိုးစန်းရှီမှာ ကျိုးရှန်းဖျင်ရှေ့သို့အမြန်ပိတ်ရပ်ကာ
"အဘိုးရှန်းဖျင် သွေးခုန်နှုန်းစမ်းနေဖို့မလိုပါဘူး၊ကျွန်တော့်အမေက ဒုတိယမရီးကြောင့်စိတ်ဆိုးပြီး......"
"မင်းကသမားတော်လား၊ငါကသမားတော်လား"
ကျိုးရှန်းဖျင် ဒေါသတကြီးဖြင့်ပြန်အော်လိုက်ပြီး ကျိုးစန်းရှီကို ဘေးသို့တွန်းဖယ်လိုက်သည်။
"လူ့အသက်က အရေးကြီးနေတာကို မင်းကဘာတွေလျှောက်လုပ်နေတာလဲ၊မင်းအမေက မင်းကိုအပင်ပန်းခံပြုစုပျိုးထောင်လာတာတောင် မင်းကသူ့အသက်ကို ဂရုမစိုက်တော့ဘူးလား"
ကျိုးရှန်းဖျင်မှာသူ့အား ဆူပူလိုက်သည်။
"ဒါပေမယ့်....."
ကျိုးစန်းရှီ တစ်ခုခုထပ်ပြောလိုက်ချင်သေးသော်လည်း
"အဖေ ဘိုးဘိုးကြီးရှန်းဖျင်ကအဖွားကို ကယ်နေတာကို မနှောင့်ယှက်ပါနဲ့"
ကျိုးလဲ့မှာ ကျိုးစန်းရှီခြေထောက်ကို လှမ်းဖက်ပြီး တောင်းပန်လိုက်သည်။ကျိုးစန်းရှီ မျက်မှောင်ကြုံ့လိုက်မိ၏။ဤကလေးမှာ ဘာမှနားလည်သည်မဟုတ်ပေ။သူ့ဘက်မှ အမေဖြစ်သူအားမကယ်ဖို့ပြောနေသည်မဟုတ်ချေ။အမေဖြစ်သူမှာ ရာသီလာ၍ ဗိုက်နာနေခြင်းကြောင့်ပင်။
ကျိုးလဲ့မှဖက်ထားသဖြင့် ကျိုးစန်းရှီမှာ မလှုပ်သာတော့ဘဲ ကျိုးရှန်းဖျင်မှအဘွားစွင်း၏သွေးခုန်နှုန်းအား စမ်းသပ်နေသည်ကိုသာ မတတ်သာဘဲကြည့်နေရတော့သည်။
ကျိုးထောင်ဟွားသည် ကျိုးစန်းရှီ၏ ပျာယာခတ်နေသောမျက်နှာအားကြည့်ကာ အေးစက်စက်လှောင်ပြုံးတစ်ခုပြုံးလိုက်၏။
သူတို့သေချာစီစဉ်ထားသည့် အကွက်မှာ လူတိုင်းရှေ့တွင် ဗူးပေါ်သလိုပေါ်လာတော့မည်ပင်။
အဘွားစွင်းသည် မသိစိတ်အလျောက်လက်အားရုန်းဖယ်ရန် ကြိုးစားလိုက်သော်လည်း အင်အားမရှိသဖြင့်ကျိုးရှန်းဖျင်မှ သူမလက်ကောက်ဝတ်ကို မြဲမြဲကိုင်ထားနိုင်သွားသည်။
ခဏအကြာတွင် ကျိုးရှန်းဖျင်သည်ထူးဆန်းသောမျက်နှာထားဖြင့် အဘွားစွင်းထံ မော့ကြည့်လိုက်၏။
ရွာသူကြီးမှ မေးလာသည်။
"ဦးလေးရှန်းဖျင်၊ အဘွားစွင်းအခြေအနေ ဘယ်လိုရှိလဲ"
လူတိုင်းမှာကျိုးရှန်းဖျင်၏အဖြေကို သိလိုစိတ်ဖြင့်စောင့်ကြည့်နေကြသည်။ကျိုးရှန်းဖျင်မှာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"အားလုံးပဲ လူမှားပြီးတော့မစွပ်စွဲကြပါနဲ့၊အဒေါ်စွင်းက စိတ်ဆိုးလို့ဖျားတာမဟုတ်ဘူး၊ရာသီသွေးခဲတွေပိတ်လို့ ဗိုက်နာနေတာပါ"
ထိုစကားအားကြားလိုက်ရသောအခါ ရှိနေသမျှလူအားလုံးမှင်တက်သွားကြသည်။
ကျိုးစန်းရှီမှာအပြစ်ရှိသလိုခံစားလိုက်ရပြီး ဘာလုပ်ရမှန်းမသိတော့ရာရပ်နေလိုက်တော့၏။
အဘွားစွင်းမှာမူ သူမရာသီလာနေသည့် အကြောင်းကို ကျိုးရှန်းဖျင်မှလူပုံအလယ်တွင် ကြေညာလိုက်သဖြင့် အလွန်အမင်း အရှက်ရသွားတော့သည်။ဝမ့်ရှီသည်လည်း လူအများစိုက်ကြည့်မည်ကိုကြောက်သဖြင့် မျက်နှာကိုအသာလွှဲထားလိုက်၏။အချို့လူများမှာမူ အလွန်အံ့သြသွားရသည်။
"အဘွားစွင်းက ဒီလောက်အသက်ကြီးနေပြီကို ဘယ်လိုလုပ်ပြီးရာသီလာနေသေးတာလဲ"
တစ်ယောက်မှာ တိုးတိုးလေးပြောလာ၏။
"စန်းရှီအမေမှာ တစ်ခုခုဖြစ်လာတော့မှာလား"
နောက်တစ်ယောက်မှာလည်း ခန့်မှန်းလာသည်။
"အဒေါ်စွန်းက အသက်၅၁နှစ်ရှိပြီ၊အခုထိ ရာသီလာနေတုန်းဆိုတော့ နောက်ထပ်ကလေးတောင် ရဦးမှာလားမသိဘူး"
လူတိုင်း၏ပြောဆိုနေသံကိုကြားလိုက်ရသောအခါ အဘွားစွင်းသည်ဒေါသထွက်လွန်းသဖြင့် စောင်အောက်ထဲသို့သာ တိုးဝင်ပုန်းအောင်းနေချင်တော့သည်။
သူမသည် နောက်ဆုံးလက်ကျန်အင်အားလေးဖြင့် ထိုလူ့ထံအော်ငေါက်လိုက်၏။
"ငါ့မြေးက အသက်၇နှစ်တောင်ရှိနေပြီ၊ရှောင်လဲ့ကို မျိုးရိုးစဥ်ဆက်ဆံရေးမှာ အခက်တွေ့အောင်ဘာလို့လုပ်ရမှာလဲ"
ကျန်းရှီမှာမူ လက်မလျှော့ချင်သေးသဖြင့် ကျိုးရှန်းဖျင်ထံထပ်မေးလိုက်သည်။
"အဘိုးရှန်းဖျင် အမှားမဟုတ်တာသေချာရဲ့လား၊အဒေါ်စွင်းကတစ်ကယ်ရာသီလာနေတာပေါ့လေ"
ပထမအချက်မှာ ကျန်းရှီသည်အသက်ငါးဆယ်ကျော်အမျိုးသမီးတစ်ဦး ရာသီလာနိုင်သေးသည်ဆိုသည်အား သံသယရှိနေခြင်းဖြစ်ပြီး၊ဒုတိယအချက်မှာမူ ချမ်ရှီအားရွာမှနှင်ထုတ်ရန် ဤအခွင့်အရေးကို သူမလက်မလွှတ်လိုခြင်းကြောင့်ဖြစ်သည်။
သူမစကားကြောင့် လူနှစ်ဦးလုံးစိတ်အနှောင့်အယှက်ဖြစ်သွားရ၏။ကျိုးရှန်းဖျင်မှာ လေသံမာမာဖြင့်ပြောလာသည်။
"ကောင်းပြီလေ ဒါဆိုရင်မင်းပဲသွေးခုန်နှုန်း စမ်းကြည့်လိုက်တော့"
အဘွားစွင်းသည်လည်း ဒေါသတကြီးဖြင့်ငေါက်ငမ်းလိုက်သည်။
"ငါ့ဘောင်းဘီကိုချွတ်ပြမှ နင်ယုံမှာလား"
ထိုအခါမှကျန်းရှီလည်း ပါးစပ်ပိတ်သွားတော့သည်။သူမမှာ စကားအဖြစ်ပြောကြည့်ရုံသာပင်။
ကျိုးကွမ်ကျူးမှာ သူမအားနောက်သို့အမြန်ဆွဲခေါ်ကာ စကားဆက်မပြောရန် တားမြစ်လိုက်သည်။
"ဦးလေး၊အဖွားသတိလစ်တာက သမီးအမေနဲ့ ဘာမှမဆိုင်ဘူးဆိုတာသိပြီဆိုတော့ သမီးအမေရဲ့ဂုဏ်သိက္ခာကို ထပ်ပြီးမဖျက်ဆီးပါနဲ့တော့၊မဟုတ်ရင် ဦးလေးနဲ့အဖွားက သမီးတို့မိသားစုကိုမကြည်ဖြူလို့ပဲ တမင်သက်သက်ပြဿနာရှာနေတာလို့ သမီးထင်မိတော့မှာပဲ"
ရွာသားများမှာလည်း ကျိုးထောင်ဟွားစကားကို ထောက်ခံလာကြသည်။
"ဟုတ်တယ် စန်းရှီ၊ချမ်ရှီကတစ်ကယ်တော့ လူကောင်းပါ၊ထောင်ဟွားကလဲ လိမ္မာတဲ့ကလေးပဲ၊မနေ့ကရောဒီနေ့ပါ ဦးလေးအတွက် မကောင်းဆိုးဝါးနှင်ပေးခဲ့တာပဲမလား"
တစ်စုံတစ်ယောက်မှာ အတွေးနယ်ချဲ့ရင်းပြောလိုက်သည်။
"ထောင်ဟွားရဲ့စည်းကမ်းက မကောင်းဆိုးဝါးတစ်ခါနှင်ရင်ဆယ်တေးပေးရတာလေ၊မင်းအမေက ဒီနေ့မနက်တင် ကတိပေးထားခဲ့တာမလား၊သူမ ကတိဖျက်မှာတော့ မဟုတ်ပါဘူးနော်၊ပိုက်ဆံရော ပေးပြီးပြီလား"
ကျိုးစန်းရှီမျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားတော့သည်။ယနေ့မနက်တွင် သူလှည့်စားခံခဲ့ရပြီး သိုးမစင်ရည်တစ်ငုံသောက်ခဲ့ရသည်ကိုပင် သူမအားပိုက်ဆံပေးရဦးမည်တဲ့လေ။သူခပ်ဟဟရယ်လိုက်ကာ လွှဲချလိုက်၏။
"အမေနေမကောင်းဖြစ်နေလို့ပါ၊ငါတို့အိမ်မှာဆို ငွေကြေးကိစ္စမှန်သမျှ အမေပဲစီမံတာလေ"
"အဖွားက နေမကောင်းဖြစ်နေတာမဟုတ်ဘူး၊သူ့စိတ်ထဲမှာမကောင်းတဲ့အကြံတွေ ရှိနေလို့ မကောင်းဆိုးဝါးဝင်ပူးနေတာ"
ကျိုးထောင်ဟွားမှာ ချက်ချင်းပင်စကားပြင်ပေးလိုက်သည်။
"???"
"ဘယ်လို!ငါထင်သားပဲ၊အဘွားစွင်းအသက်အရွယ်နဲ့ ဘယ်လိုလုပ်ပြီးရာသီလာနိုင်မှာလဲ၊မကောင်းဆိုးဝါးဝင်ပူးနေတာပဲဖြစ်ရမယ်"
"ငါ့အမြင်ပြောရရင် ဒါကဝဋ်လည်တာပဲ၊ကြည့်လိုက်လေ စန်းရှီလဲအရင်ကနှစ်ခါတောင်အပူးခံရသေးတာမလား၊ကျိုးအိမ်ဟောင်းမှာ အဘွားစွင်းကပဲအရာရာကို ချုပ်ကိုင်ထားတာလေ၊ထောင်ဟွားကို ကြီးပွားအောင်ဆိုပြီး သခင်ကြီးလီဆီကိုယ်လုပ်တော်အဖြစ်ရောင်းစားဖို့ကလဲ အဘွားစွင်းလက်ချက်ပဲဖြစ်ရမယ်၊ဒီလိုလူမျိုးကိုမှ မကောင်းဆိုးဝါးမပူးရင် ဘယ်သူပူးခံရဦးမှာလဲ"
လူတိုင်းမှာဤအချက်သည်လုံးဝယုတ္တိရှိကြောင်း သဘောတူလိုက်ကြ၏။ဘေးတွင်ရပ်နေသော ဝမ့်ရှီမှာမူကြောက်ရွံ့လွန်းသဖြင့် တုန်လှုပ်နေတော့သည်။ဒါဆို နောက်တစ်ယောက်က ငါဖြစ်တော့မှာလား။
ကျိန့်ရှီမှမေးလာ၏။
"ထောင်ဟွား ဒီတစ်ခါမင်းအဖွားကိုပူးနေတဲ့မကောင်းဆိုးဝါးက မင်းဦးလေးကိုပူးတဲ့ကောင်ထက် ပိုစွမ်းတာလား"
ကျိုးထောင်ဟွား ခေါင်းယမ်းပြလိုက်ပြီး
"ဒေါ်လေးကျိန့် အဖွားကိုပူးနေတာက *ရာသီသွေးမိစ္ဆာ*ပါ၊ဒါပေမယ့် သူကအရင်မကောင်းဆိုးဝါးထက် ပိုပြီးတော့ အစွမ်းထက်တာတော့အမှန်ပဲ"
ဟမ်!
ရာသီသွေးမိစ္ဆာ ဟုတ်လား။
ထိုစကားအားကြားသောအခါ လူတိုင်းထိတ်လန့်သွားကြတော့သည်။
အဘွားအိုဖုန်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရရာ သူမ၏ကျိုးပဲ့နေသော သွားအနည်းငယ်မှာ သိသိသာသာပေါ်လွင်လာတော့သည်။သူမမှာ ခပ်သွက်သွက်ပင် မေးလိုက်၏။
"ထောင်ဟွား အဲဒီရာသီသွေးမိစ္ဆာက ဒီမှာကြည့်နေတဲ့ငါတို့အသက်ကိုရောတိုစေနိုင်လား"
အဘွားအိုဖုန်းသည် အဓိကအိမ်ခန်းထဲရှိ အဘွားစွင်းနှင့်လူသုံးယောက်ထံ အထင်သေးဟန်ဖြင့်ကြည့်လိုက်သည်။
နောက်ဆိုစွင်းကျောက်တိအိမ်ကို ဘယ်တော့မှမလာတော့ဘူး၊ကျက်သရေတုံးလိုက်တာ။
အဘွားစွင်းသည် ကျိုးထောင်ဟွားမှသူမအား သိုးမစင်ရည်များထပ်တိုက်မည်စိုးသဖြင့် လေသံယဲ့ယဲ့ဖြင့်လှမ်းဆဲလိုက်သည်။
"နင့်လိုမျိုးမစစ်မလေးက ဘာတွေလျှောက်ပြောနေတာလဲ”