အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
Chapter 73
ချန်ယွမ်ကတော့ အခြေခံအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီသား။
သူက သူမရဲ့ ပိုက်ဆံတွေကိုတောင် သုံးဖို့မလိုဘူးလေ။
နှိုင်းယှဉ်ကြည့်လိုက်မှ ဘယ်သူက အကောင်းဆုံးလဲဆိုတာ သူ သိသွားတော့တယ်။
သူက ပုံမှန်ဆိုရင် ဘာမှမစားဘူး၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူရုံနဲ့တင် လုံလောက်နေ သလိုပဲ။
“နင်တစ်ယောက်ပဲ ဝိညာဉ်ကျောက်တုံးတွေကိုသုံးတာ အသက်သာဆုံး”
“နင်က တကယ့်လူတော်လေးပဲ၊ ချန်ယွမ်...”
စုကျို သူဖက်ထားသည့် ခန္ဓာကိုယ်ကြီး တောင့်တင်းသွားသည်ကိုခံစားလိုက်ရပြီး နောက်ပြောင်သည့်သဘောဖြင့် တဟားဟား ရယ်မောလိုက်သည်။
သူမ စိတ်အခြေအနေ ပြန်ကောင်းလာလေပြီ။
စုကျို သူ့သိုလှောင်အိတ်ထဲမှာ မွှေနှောက်ရှာဖွေပြီး ကျင်းကန်းပေါင်၏ဦးခေါင်းခွံ နောက်ထပ်နှစ်ခုအား သူ့ထံ ပေးလိုက်သည်။
“စိတ်မပူနဲ့၊ ငါ့နှလုံးသားထဲမှာတော့ နင်က သေချာပေါက် နံပါတ်တစ်ပဲ”
ချန်ယွမ်ရဲ့တောင့်တင်းမှုတွေက ချက်ချင်းဆိုသလို ပျော့ပြောင်းသွားခဲ့သည်။
စုကျို သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီးမှ ပြန်ထွက်သွားဖို့အလုပ်မှာ ခေတ္တရပ်တန့်သွားသည်။
သူမ သူ့မျက်နှာပေါ်ရှိ အစွယ်တွေပါသည့် ကြေးညိုမျက်နှာဖုံးအားလှမ်းကြည့်လိုက်ပြီး၊ ပြန်ရောက်ကတည်းက လေဝင် လေထွက်ကောင်းအောင် ပတ်တီးတွေဖြည်ထားတဲ့ သူ့လက်ညှိုးလေးနှင့် မနေနိုင်ဘဲ တို့ထိကြည့်မိသည်။
[ တတိယအဆင့် ဝိညာဉ်လက်နက် မျက်နှာဖုံးသော့အဖြစ် ခွဲခြားသိရှိရသည် — မိစ္ဆာကျွန်ဂေဟာ၏ မှော်လက်နက် ဖြစ်သည် ]
[ တတိယအဆင့် မျက်နှာဖုံးသော့- လှည့်စားဖြားယောင်းနိုင်စွမ်းရှိတဲ့ မိစ္ဆာတွေကို သီးသန့်ခွဲထုတ်ထားနိုင်ပြီး သခင်ရဲ့စိတ်ကို ပြုစားခြင်းမှ ကာကွယ်ပေးသည် ]
“!”
စုကျို သူ ခဏတာလောက်ထပ်ပြီး မဟုတ်တာ ကြံစည်မိသွားတယ်ဆိုတာ ဝန်ခံလိုက်ရသည်။
ပြုစားခံရတော့ ဘာဖြစ်လဲ?
သူ့မှာ ပြုစားစရာ စိတ်ဆိုတာတောင် မရှိဘူး၊ ယင်လီတို့နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိဖို့ရာ သူမ ယခုမှ ကျင့်သားရ ကာစရှိသေးသည့်အပြင် သူ့ကိုယ် သူ အဆင်သင့်ဖြစ်အောင် စိတ်ထဲကနေ သုံးအထိတောင် ရေတွက်ပြင်ဆင်ရသေး သည်ပင်။
ဒါကြောင့် ဘယ်လို ဖြားယောင်းမှုကို သူ ကြောက်နေရမှာလဲ?
ရွှေဝါးမျိုတဲ့ ပိုးကောင်တွေကိုကျွေးဖို့ သူမရဲ့ ကိုယ်ပိုင်မှော်လက်နက်တွေကိုသုံးရမယ့်အစား မိစ္ဆာကျွန်ဂေဟာက အလကားရတဲ့ မျက်နှာဖုံးတွေကိုကျွေးဖို့ စိတ်ကူးက တကယ့်ကိုဆွဲဆောင်မှုရှိလွန်းနေသည်ပင်။
စုကျို၏အကြည့်များ သွေးရောင်လွှမ်းသည့် မိစ္ဆာကောင်လေးပေါ်မှ သံကြိုးများနှင့် မျက်နှာဖုံးဆီကို ကြောက်စရာ ကောင်းလောက်အောင် လျင်မြန်စွာကျရောက်သွားခဲ့တယ်။
သူ မကြောက်ဘူး။
သူ့ကို ဖြားယောင်းခိုင်းလိုက်စမ်းပါ!
“ဒါကြီး ဝတ်ထားရတာ နင် နေလို့မကောင်းဘူး မဟုတ်လား၊ ချန်ယွမ်...”
စုကျို မနေနိုင်တော့ဘဲ သူ့ လက်ညှိုးဖြင့် အေးစက်နေရုံတင်မက အနားသတ်မှာချွန်ထကသည့် ဆူးများပါသော ၎င်း၏ ကြေးညိုမျက်နှာဖုံးပေါ်ကိုဖိကပ်လိုက်သည်။
“ငါ နင့်ကို ဒါ ချွတ်ပေးမယ်လေ၊ ဟုတ်ပြီလား?”
[ သတိပေးချက်! ]
[ ငါးပွင့်ဆိုင် မိစ္ဆာချန်ယွမ်မှာ မွေးရာပါ မြွေဝိညာဉ်ညှို့ယူခြင်း ပါရမီရှိသည်၊ မျက်နှာဖုံးကို ဖယ်ရှားပါက အကျိုးဆက် များရှိလာနိုင်သည်! ]
[ အကယ်၍ မျက်နှာဖုံး ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးသွားပါက သုံးလအတွင်း မိစ္ဆာကျွန်ဂေဟာတွင် တိုက်ရိုက် အစားထိုးလဲလှယ်နိုင်သည် ]
[ ငါးပွင့်ဆိုင် မိစ္ဆာချန်ယွမ်ကို မျက်နှာဖုံးမပါဘဲ လွတ်လပ်စွာ မနေပါစေနှင့်! ]
ဘာ? အကယ်၍ ဒီတတိယအဆင့် ဝိညာဉ်လက်နက်မျက်နှာဖုံးက သုံးလအတွင်းပျောက်သွားရင် မိစ္ဆာကျွန်ဂေဟာကို သွားပြီး အသစ်တောင်းလို့ရတယ် ဟုတ်လား?
စုကျို မျက်လုံးပြူးသွားသည်။
ဒါကို သူ ဘာလို့ အခုမှ သိရတာလဲ?
ဖတ် ဆသည့်အသံနှင့်အတူ သူမ လက်ချောင်းတွေ အလိုလိုလှုပ်ရှားသွားပြီး ကောင်လေး၏နုနယ်သည့် မျက်နှာအား ထိုးဖောက်ထားသော သော့ချိတ်ကိုချိုးဖျက်ပစ်လိုက်သည်။
“အား”
စုကျို လျှာသပ်လိုက်ရင်း ချန်ယွမ်၏အံ့ဩမှင်သက်နေတဲ့ မျက်လုံးတွေကိုစိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ချန်ယွမ်... ဒါကြီးက အရည်အသွေး တော်တော်ညံ့တာပဲ၊ ငါ တို့လိုက်တာနဲ့ ကျိုးသွားရော...”
ကောင်လေး နောက်ဆုတ်ဖို့ကြိုးစားပေမဲ့ စုကျို သူ့လက်မောင်းအားလှမ်းဖမ်းထားလိုက်သည်။
ကြေးညိုသလင်းခဲပုံကြီးက အပြာရင့်ရောင်အလင်းအား ပြန်ဟပ်နေပြီး အနက်ရောင်သံကြိုးများနှင့် ချည်နှောင်ထားသည့် သူ့လက်ကောက်ဝတ်အား အေးစက်သည့်ကျောက်စိမ်းသဖွယ် ဖြူစင်ဝင်းပနေစေသည်။
အစွယ်ပါသည့်မျက်နှာဖုံးမှာ ကြေမွသွားသည့် ရေခဲပြင်လိုမျိုး မြေပြင်ပေါ်ကို ‘ဂလောက်’ ဆိုသည့် အသံနှင့်အတူ ပြုတ်ကျသွားခဲ့သည်။
ကောင်လေး နောက်ကိုယိုင်နဲ့ဆုတ်သွားပြီး သူ့ကျောပြင်မှာ ချွန်ထက်သည့် သလင်းခဲပုံများနှင့် ကပ်သွားခဲ့သည်။
သူ့ဖရိုဖရဲဖြစ်နေသော ဆံပင်အနက်ရောင်များသည် မျက်နှာတစ်ဝက်အားဖုံးကွယ်ထားပြီး သူသည် သူ့ရှည်လျားပြီး အရိုးငေါငေါလက်ချောင်းများဖြင့် မျက်လုံးနှင့် မျက်ခုံးများကို အားကိုးရာမဲ့စွာ ဖုံးကွယ်ဖို့ ကြိုးစားနေသည်။ သို့တိုင် လက်ချောင်းများကြားမှ တောက်ပြောင်စိုပြည်သော အရောင်အသွေးတစ်ခုက ထွက်ပေါ်လာသည်။
ထိုသည်မှာ သူ့မျက်လုံးထောင့်မှ နားထင်ဆီစောင်းတိုက်တက်သွားသော အနီရောင် ကင်းမြီးကောက်အမြီးပုံစံ အမှတ် အသားဖြစ်ပြီး၊ သူ့အသက်ရှူနှုန်း မြန်လာသည်နှင့်အမျှ ဆီးနှင်းပြင်ပေါ်လောင်ကျွမ်းနေသော အဆိပ်ရှိသည့် သန္တာကျောက်တန်းတစ်ခုလို မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
သူ့လက်ကောက်ဝတ်မှ အနက်ရောင်သံကြိုးများပင် တချွင်ချွင်မြည်ပြီး တုန်ရင်နေသည်။
“မ... မကြည့်ပါနဲ့...”
မိစ္ဆာလူငယ်လေးရဲ့လည်စိမှာ လှုပ်ရှားသွားပြီး၊ ကျောက်ဆောင်ကို ရိုက်ခတ်တဲ့ စမ်းရေလို ကြည်လင်နူးညံ့နေကျ သူ့အသံကမူ အခု အက်ရှရှဖြစ်နေလေသည်။ ဒီအသံက ဒီလောက်အထိ နားဝင်ချိုလိမ့်မယ်လို့ စုကျို ထင်မထားခဲ့ဘူး။
ဒါပေမဲ့ သူ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။ ပြတ်တောင်းပြတ်တောင်း ထွက်လာတဲ့ အသက်ရှူသံတိုင်းမှာ တံဆိပ်ခတ်နှိပ်မှု ပျက်ပြားသွားတဲ့အတွက် ပူလောင်တဲ့ အရှက်တရားတွေပါဝင်နေသည်။
“ရုပ်ဆိုးတယ်...”
“ကျေးဇူးပြုပြီး... မ... ကြည့်ပါနဲ့”
အာ?
စုကျို ၎င်း၏ ထူးထူးခြားခြားချောမောလွန်းသည့် မျက်နှာကိုကြည့်ပြီး အံ့ဩမှုကိုမဖုံးကွယ်နိုင်တော့ချေ။
“ချန်ယွမ်၊ နင် တကယ် စကားပြောတတ်တာပဲ”
“နင်သာ အလိုရှိမယ်ဆိုရင် ဒီမျက်နှာဖုံးသော့ကို နောက်ထပ် ဝတ်ထားဖို့မလိုတော့ဘူး”
“နင် ဘယ်လိုမှ ရုပ်မဆိုးပါဘူး”
သူ့အတွက်တော့ သူက ကြည့်ကောင်းနေဆဲပင်။
မိစ္ဆာလူငယ်လေး၏ရှည်လျားသော မျက်တောင်များမှာ ညအလင်းရောင်အား ရောင်ပြန်ဟပ်နေပြီး၊ သူ့ ဘယ်ဘက် မျက်လုံးထောင့်ရှိ အနီရောင်ကင်းမြီးကောက်အမြီးပုံစံ အမှတ်အသားအောက်တွင် အေးစက်သော အပြာရောင်အသွေး ရှိသည့် ငွေရောင်အကြေးခွံနှစ်ခု၊ သုံးခုခန့် ရှိနေသည်ကို စုကျို နောက်ဆုံးမြင်လိုက်ရသည်။
သူ မျက်လုံးမှိတ်လိုက်သောအခါ ထိုငွေရောင်အကြေးခွံလေးများမှာ အနည်းငယ် တုန်ယင်သွားကြသည်။
“စုကျို!”
“ကျင်းကန်းပေါင် ရောက်နေပြီ!”
ဝတ်စုံနက်ဝတ်ထားသော ယင်လီသည် အခန်းထဲသို့ခုန်ဝင်လာသည် - “နင် သူ့ကို တွေ့ချင်လား? မတွေ့ချင်ရင် ငါပဲ မောင်းထုတ်ပေးလိုက်ရမလား”
စကားမဆုံးခင်မှာတင် သူမ ရပ်တန့်သွားတော့သည်။
“ဒီ... ဒီလောက်လှတဲ့ အမျိုးသားက ဘယ်ကရောက်လာတာလဲ ?”
စုကျို ဖက်ထားသော နှင်းကဲ့သို့ ဖြူစင်သည့်အသားအရေ၊ နီမြန်းသောမျက်ဝန်းများနှင့် အလွန်အမင်း ချောမောလှပ သော လူငယ်လေးထံကြည့်ပြီး ယင်လီ အသံမှာ ပျော့ပြောင်းသွားတော့သည်။
“အာ... ငါက...”
စုကျို လှည့်ကြည့်လိုက်သောအခါ ယင်လီသည် ဖုန်မှုန့်ဖြစ်သွားသကဲ့သို့ တံခါးဝတွင် တစ်ဝက်ခန့်နိမ့်ဆင်းသွားကာ ကြေးညိုသလင်းခဲပုံကြီးထဲသို့ ‘အရည်ပျော်’ ကျသွားသည်ကို တွေ့လိုက်ရသည်။
စုကျို: “?”
“စုကျို၊ ငါ့ကို ကယ်ပါဦး! ငါ သေတော့မယ်! အလှအပကို မတိုက်ခိုက်နိုင်တဲ့ ငါ့ ပါရမီရဲ့ ဘေးထွက်ဆိုးကျိုးက အရမ်းပြင်းတာပဲ...”
ယင်လီ ခြေထောက်များမှာ မတ်တပ်ရပ်ရန်ပင် အင်အားမရှိတော့ချေ။
“ငါ့မှာ ခွန်အားတွေ မကျန်တော့ဘူး...”
စုကျို: “...”
ဒါက ဟိုလူအိုကြီးရဲ့လုပ်ရပ်တွေကြောင့် ဖြစ်ရတဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ သေချာနေတာပဲ မဟုတ်လား?
စုကျိုသည် သူ့ နဖူးကိုဖိလိုက်ပြီး မြေပြင်ပေါ်မှ ကြေးညိုအစွယ်မျက်နှာဖုံးကိုကောက်ယူကာ ဘာမှမစဉ်းစားဘဲ ချန်ယွမ် လက်ထဲသို့ထည့်ပေးလိုက်သည်။ သူမ မိစ္ဆာလူငယ်လေးကိုပြုံးပြရင်း
“ချန်ယွမ်၊ ဒါကို ပြန်ဝတ်မလား၊ မဝတ်ဘူးလားဆိုတာ နင့်ရဲ့ ဆုံးဖြတ်ချက်ပဲ”
ချန်ယွမ် မျက်လုံးထောင့်ရှိ အနီရောင်ကင်းမြီးကောက်အမြီးများမှာ လင်းလက်လာသလို ခံစားရပြီး၊ သူ့ စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံမှာ နောက်ဆုံးတွင် ပွင့်လာကာ သူမကိုစိုက်ကြည့်လာသည်။
“ကျွန်တော်...”
သူ မဝတ်ဘဲ နေလို့ရတာလား?
သူ ရုပ်ဆိုးမနေဘူးလား?
အတိတ်တုန်းက လူသားကျင့်ကြံသူများသည် မျက်နှာဖုံး သူ့မျက်နှာပေါ် တင်းတင်းကျပ်ကျပ်ရှိနေရဲ့လားဆိုသည်အား နေ့တိုင်း စစ်ဆေးခဲ့ကြသည်။
သော့ချိတ် ပွင့်နေသလားဆိုတာကိုပေါ့။
အိပ်ပျော်ခါနီးမှာတောင် သူတို့က စိုးရိမ်တကြီးနှင့် အထပ်ထပ်အခါခါ စစ်ဆေးခဲ့ကြသည်ပင်။
၎င်းတို့အားလုံး သူ့အား လူအမြင်ခံလို့မရဘူးဟု ထင်ခဲ့ကြခြင်းသာ။
သူမကကော သူ့ကို ကြောက်စရာကောင်းတယ်လို့ မထင်ဘူးလား?
“နင် ရုပ်ဆိုးတယ်လို့လည်း ငါ မထင်ဘူး၊ ကြောက်စရာကောင်းတယ်လို့လည်း မထင်ဘူး၊ ယင်လီကို ကြည့်ဦး၊ သူဆို နင့်ကြောင့် မတ်တပ်တောင် မရပ်နိုင်တော့ဘူး”
ချန်ယွမ် မှင်သက်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ၊ တံခါးဝတွင် ‘လဲလျောင်း’ နေပြီဖြစ်သော ယင်လီကို သေချာပေါက် မြင်လိုက်ရသည်။
ထို့နောက် သူ သူ့ကိုသာ အာရုံစိုက်နေသော စုကျိုအားပြန်ကြည့်သည်။
သူမ မျက်ဝန်းထဲတွင် ရွံရှာမှု သို့မဟုတ် မုန်းတီးမှုများမရှိဘဲ၊ အတုမရှိသော တောက်ပမှုများသာရှိနေသည်။
“အနည်းဆုံးတော့ ငါ့ရှေ့မှာ နင် မျက်နှာဖုံးဝတ်ထားဖို့ မလိုပါဘူး”
စုကျို အတည်ပြုပေးလိုက်သည်။
“အကယ်၍ တစ်နေ့မှာ မင်း ကျွန်တော့်ကို မလိုအပ်တော့ရင်တောင်...”
မိစ္ဆာလူငယ်လေး ခေတ္တတွန့်ဆုတ်သွားပြီးမှ မျက်နှာဖုံးကို သူမထံပြန်ပေးလိုက်သည်။
“ကျွန်တော်က အစကတည်းက မင်းရဲ့အပိုင်ပဲလေ”
စုကျို ပြုံးလိုက်ပြီး သူ့မျက်လုံးဘေးမှ ငွေရောင်အကြေးခွံလေးတွေကို တို့ထိလိုက်ရာ၊ သူ မျက်လုံးထောင့်လေးသည် ပန်းရောင်သန်းကာ အနည်းငယ်တုန်ယင်သွားသည်။
“လိမ္မာလိုက်တာ”
“နင် ယင်လီကိုလည်း လေ့ကျင့်ပေးလို့ရတယ်၊ သူ့ရဲ့ အလှအပကို မြင်တာနဲ့ ဒူးညွတ်သွားတတ်တဲ့ အားနည်းချက်ကို အမြန်ဆုံး ကျော်လွှားနိုင်အောင်ပေါ့”
ချန်ယွမ် ယင်လီထံ တကယ် ထပ်ကြည့်လိုက်ပြန်သည်။
ယင်လီသည် အားမရှိသော သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် တုန်တုန်ရင်ရင် ထူမလိုက်ကာရှိသေး၊ ချက်ချင်းဆိုသလို ပြန်ပြီး ပျော့ခွေသွားပြန်သည်။
“ဒါ ချန်ယွမ်လား... ငါတော့ သေရချည်ရဲ့”
“ဘာလို့လဲ? မနှစ်က မစ်ရှင်တုန်းက ငါ့ကိုပေးတာက မကြီးထွားသေးတဲ့ မိစ္ဆာပေါက်စလေးလေ ?”
ဘယ်လောက်တောင် ကွာခြားလိုက်သလဲ !
စုကျို မျက်ခုံးပင့်လိုက်သည်။
“နင်က ကျောက်ကပ်အားနည်းနေတာပါ၊ ငါ နင့်ကို ချောမောပြီး ရင့်ကျက်တဲ့ မိစ္ဆာကြီးတစ်ကောင် ပေးရင်တောင် နင် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
“...”
ယင်လီက အရမ်းဒေါသထွက်သွားပြီး သူ့ သိုလှောင်အိတ်ထဲမှ ကျင်းကန်းပေါင်၏ ဦးခေါင်းကို လွှတ်ခနဲ ထုတ်လိုက် သည်။
သူမ ၎င်းကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်သည်။
ထိုရုပ်ဆိုးမှုကြောင့်မှသာ သူမ ပြန်ထနိုင်ဖို့ ခွန်အားတွေရလာတော့သည်။
“ကံကောင်းလို့ ကျင်းကန်းပေါင်က ရုပ်ဆိုးလွန်းနေတာပဲ၊ သူ ငါ့ကို ကယ်တင်လိုက်တာပဲ၊ ဟဲဟဲ”
အပြင်မှာရပ်နေသော ကျင်းကန်းပေါင်မှာ ဆွံ့အသွားရသည်။ သူ ရှေ့သို့လှမ်းတက်တော့မည့်အချိန်မှာပင် သူ့ ခါးရှိ ဆက်သွယ်ရေးကျောက်တုံးက ထပ်မံလင်းလက်လာပြန်သည်။
“ကျင်းကန်းပေါင်၊ ငါ့ ကျင်းမိသားစုဆီကနေ တပည့်ဝတ်စုံနဲ့ မှော်လက်နက် ဆယ်စုံကို လိမ်လည်တောင်းယူသွားတဲ့ သူက မင်းတို့ရဲ့ အဆင့် ၃၀ မှာ ရှိနေတယ်ဆိုတာ ငါ သိလိုက်ရပြီ”
ကျင်းချန်၏ မကျေမနပ်ဖြစ်နေသော အသံထွက်ပေါ်လာသည်။
“ဟူကျဲကျင့်က မနေ့ကတင် ဒါကို ဖြေရှင်းလိုက်ပြီလေ! အဲဒါ ပထမထပ်က တက်လာတဲ့ စုကျိုပဲ! အစ်ကိုက ကျွန်တော့်လောက်တောင် မမြန်ဘူးလား?”
ကျင်းကန်းပေါင် အော်ပြောလိုက်သည်။
တကယ်တော့ သူ မေ့နေခဲ့တာက ‘ထုံကျဉ်ဆေး’ တင်မကဘဲ၊ သူ့အစ်ကိုကျင်းချန်ဆီကနေ ပစ္စည်းတွေ လိမ်လည် တောင်းယူခဲ့တဲ့ ကိစ္စလည်းပါဝင်နေသည်။ သို့သော် သူ မော့ကြည့်လိုက်သောအခါတွင်မူ သူ ကျင်းကန်းပေါင် ကိုယ်တိုင် ပြုလုပ်ထားသော ရုပ်သေးရုပ်များနှင့်တူလှသည့် ညီအစ်ကိုသုံးယောက်ပါဝင်သော အတန်းသုံးတန်းကို တွေ့လိုက်ရ သလို အောက်ခြေအသင်းရှိရာ ခြံဝင်းအတွင်းရှိ ယင်လီအခန်းတံခါးဝတွင် ကျင်းကန်းပေါင်၏ ‘ရုပ်သေးညီအစ်ကို ၉ ယောက်’ မှာ တန်းစီရပ်နေကြသည်။ ထို့ပြင် စုကျိုအခန်းဟု ယူဆရသော ထိုကျင့်ကြံသူမလေး၏အခန်းတံခါးဝတွင် ကျင်းကန်းပေါင်၏ကျစ်ဆံမြီးကျစ်ထားသော ‘ဦးခေါင်းခွံ’ ခြောက်ခုမှာ တံခါးလိုက်ကာမှ လေတိုက်ရင်မြည်သော ခေါင်းလောင်းလေးများသဏ္ဌာန် ချိတ်ဆွဲခြင်းခံထားရသည်!
တစ်စုံတစ်ယောက်အခန်းထဲသို့ ဝင်လိုက်တိုင်း သူ့ ဦးခေါင်းခွံများမှာ တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိပြီး ‘ဂလောက် ဂလောက်’ မြည်ကာ ဧည့်သည်ရောက်လာကြောင်း အသိပေးနေသယောင်ရှိသည်။
“ကျင်းကန်းပေါင်၊ ငါ မင်းကို ပြောနေတာလေ! ကြားရဲ့လား?”
“ကြား... ကြားပါတယ်...”
ကျင်းကန်းပေါင်မှာ ငိုချင်စိတ်ကို အောင့်ထားရင်းလိုက်ကာမှ သူ့ ‘နောက်စေ့’ များကို ကြည့်နေရသည်။
“အစ်ကို ကျင်းချန်... အစ်ကို့ဆီက ပစ္စည်းတွေ ယူသွားတဲ့ စုကျိုနဲ့ ကျွန်တော်တွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ သူပြောတာက အစ်ကိုက သူ့ကို အကြွေးတင်နေတာတဲ့...”
“လျှောက်မပြောနဲ့!” ကျင်းချန် အော်ဟစ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူက နည်းနည်းတော့အစွမ်းထက်တယ်၊ ကျွန်တော် သူ့ကို မနိုင်ဘူး...”
ယင်လီသည် စုကျိုအခန်းတံခါးဝတွင် မတ်တပ်ရပ်လိုက်ပြီး သူ့ ‘နောက်စေ့’ လိုက်ကာကို မလိုက်ရာ၊ သူ့ဦးခေါင်း ခွံများမှာ လိုက်ကာနှင့် ရိုက်မိသွားသဖြင့် ကျင်းကန်းပေါင်မှာ ရှိုက်ကြီးတငင် သုံးချက်ခန့်ငိုလိုက်မိပြန်သည်။
မိမိ၏ခန္ဓာကိုယ်ကို ကျင့်ကြံသောသူများအတွက် အမာဆုံးအပိုင်းဖြစ်သည့် ဦးခေါင်းခွံမှာအလွန်အရေးကြီးသည်။ ထိုသို့ ရိုက်ခတ်မိခြင်းမှာ ဓားချင်းခုတ်မိသလိုပင်၊ မိမိ လှံဖြင့် မိမိဒိုင်းကို ပြန်ထိုးနေသကဲ့သို့ ဖြစ်နေတော့သည်! ကျင်းကန်း ပေါင်မှာ ထိုနေရာတင် ဒူးထောက်ကျမတတ် ဖြစ်သွားပြီး အော်ဟစ်ညည်းတွားလိုက်သည်။
“အစ်ကိုကျင်းချန်... အစ်ကို့ အားလပ်ရက်ကျရင် ဂေဟာအပြင်ကိုထွက်လာပြီး ဘာဖြစ်ခဲ့သလဲဆိုတာ သူ့ကို ကိုယ်တိုင်ပဲ မေးကြည့်ပါလား? ကျွန်တော်တော့ သူ့ကို မကိုင်တွယ်နိုင်ဘူး၊ သူ့ရဲ့ ပါရမီက တကယ်ကြောက်စရာ ကောင်းတယ်”
“ဒါမှမဟုတ် အစ်ကို့မှာ ကျွန်တော့်အတွက် ‘ခန္ဓာကိုယ်ထုံကျဉ်ဆေး’ ရှိလား? သူက အသက်တစ်ချောင်းတည်းနဲ့ ကိုးယောက်ပွားပြီး... မွေးထုတ်လိုက်တာ...”
“အသုံးမကျလိုက်တာ!”
ကျင်းချန် ဆဲဆိုလိုက်သည်။
“ဒီပါရမီက ဝိညာဉ်ပိုးတစ်ကောင်ရဲ့ ပိုးချည်ထွက်နှုန်းကိုပဲ တိုးပေးတာလေ၊ ဘာမှ ခြိမ်းခြောက်မှု မရှိဘူး၊ အဲ့ဒါကိုတောင် မင်းက ကြောက်နေတာလား?”
“မင်းတို့ အသင်းမှာလည်း ရှစ်ဆအထွက်နှုန်းရှိတဲ့သူ ပါတာပဲ၊ ဘာကို ကြောက်နေတာလဲ!”
ကျင်းကန်းပေါင်မှာ ဒူးထောက်ထိုင်ချလိုက်သည်။
“အဲဒါ ပိုးချည်မဟုတ်ဘူး အစ်ကိုရ... အမလေး၊ ကျွန်တော့် ခေါင်းကြီးဗျ!”
“ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိတယ်၊ မင်းရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့ အချိန်မရှိဘူး၊ စောင့်နေလိုက်”
ကျင်းချန်က ဆက်သွယ်မှုကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။ ထိုအချိန်မှာပင် အဆင့် ၃၀ ရှိ ကောင်းကင်ယံ တစ်ခုလုံးတွင် အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။
[ တပည့်တို့... သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ‘ဆယ်ပါးသော ဝိညာဉ်လမ်းစဉ် အခြေခံအဆင့်ကျင့်ကြံသူများ ပြိုင်ပွဲ’ စတင်တော့မည် ]
ကျင်းကန်းပေါင်မှာ ကောင်းကင်ပေါ်ရှိစာတန်းများကို ကြည့်ပြီး လန့်သွားသည်။ အိမ်ထဲတွင် စုကျိုသည်လည်း ကြေညာချက်ကို ကြားသဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ သူ မော့ကြည့်လိုက်သောအခါ အခြားသူများနှင့်အတူ ကောင်းကင်ယံ၌ ဝင့်ကြွားသောအမူအရာ၊ တောက်ပသောဝတ်စုံများဖြင့် ပေါ်လာသော အမျိုးသားတပည့် ငါးဦးကို တွေ့လိုက်ရသည်။
ထိုအထဲတွင် သူမ၏ နံပါတ် ၅ ဖြစ်သော ကျင်းချန်သည် လူငယ်ပီပီတက်ကြွစွာဖြင့် အဖွဲ့ရှိထိပ်ဆုံးတွင် ရပ်နေသည်!
[ နောက်သုံးလအကြာတွင် ဝိညာဉ်ပိုးဖလံဂေဟာသည် အခြေခံအဆင့် အထွတ်အထိပ်ရောက် အသင်းတစ်သင်းကို စေလွှတ်မည် - အဆင့် ၃၅ ၏ အဓိကတပည့် ‘ကျင်းချန်’၊ အဆင့် ၄၀ ၏ ဆဋ္ဌမမြောက်နေရာ ‘လေ့ကျဲ’၊ အဆင့် ၃၈ ၏ ဒုတိယနေရာ ‘လျန်ဟော့ကျီ’၊ အဆင့် ၃၂ ၏ အဓိကတပည့် ‘မူချင်းချူး’ နှင့် အဆင့် ၃၁ ၏ အဓိကတပည့် ‘တောက်ဟယ်’ တို့ဖြစ်ပြီး၊ ၎င်းတို့သည် ဆယ်ပါးသော ဝိညာဉ်လမ်းစဉ်မှ တပည့်များနှင့်ယှဉ်ပြိုင်ကြလိမ့်မည်! ]
[ ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာ၏ဂုဏ်သိက္ခာကို ဤထူးချွန်တပည့် ငါးဦးက ကိုယ်စားပြုကာ သုံးလောကလုံးသို့ ပျံ့နှံ့စေလိမ့်မည်! ]
ကောင်းကင်ယံတွင် ကျင်းချန်သည် အခြားလေးဦးနှင့်အတူ ယုံကြည်ချက်အပြည့်ဖြင့် အောက်ကတပည့်များကို ငုံ့ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာပြုံးပြလိုက်သည်။
“ကျွန်တော်တို့ ဆရာသခင်ရဲ့အမိန့်ကို နာခံပါမယ်”
“ဒီအခြေခံအဆင့် အထွတ်အထိပ်အသင်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ တပည့်အား လုံးကို ကိုယ်စားပြုပြီး ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ဖို့တာဝန်ယူပါ့မယ်!”
စုကျို မျက်ခုံးပင့်လိုက်သည်။
“ဒီတိရစ္ဆာန်ကောင်က သူ့ကို ကိုယ်စားပြုဖို့ ထိုက်တန်လို့လား?”
သို့သော် သူ ထိုသို့တွေးလိုက်ရုံရှိသေး၊ ကောင်းကင်ယံမှ ခန့်ညားထည်ဝါသော အသံကြီးဟိန်းထွက်လာသည်။
【 သန်မာသူက... 】
【 အစားထိုးစေ】
စုကျို: “?”
တပည့်အားလုံး: “?”
ဒေါင်းတစ်ကောင်ဟု ယုံကြည်ချက်တွေဝေနေသည့် ကျင်းချန်နှင့် ကျန်လေးဦးစလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
ထို့နောက် ဟူကျဲကျင့်၏ရင်းနှီးသောအသံမှာ လေထုထဲတွင် လျင်မြန်စွာပဲ့တင်ထပ်လာသည် -
【 ကျင်းချန် ဦးဆောင်တဲ့ အခြေခံအဆင့် အထွတ်အထိပ် အသင်းဝင်ငါးဦးဟာ လောလောဆယ် ဝိညာဉ်ပိုးဖလံဂေဟာ မှာ အသန်မာဆုံး အခြေခံအဆင့် တပည့်တွေဖြစ်ကြပြီး၊ ငါးဦးစလုံးဟာ တိုက်ခိုက်ရေးနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုမှာ အားသာတဲ့ ‘စံပြအဆင့်’ ပါရမီတွေကို ပိုင်ဆိုင်ထားကြတယ်။ 】
【 ဒါပေမဲ့... ပြိုင်ပွဲကျင်းပဖို့ သုံးလတောင်လိုပါသေးတယ်】
【 အကယ်၍ အဆင့် ၃၀ မှ အဆင့် ၄၀ အတွင်း ထိပ်တန်းဆယ်နေရာ၌ ရှိနေသော မည်သည့် အခြေခံအဆင့် တပည့် အသင်းမဆို ၎င်းတို့ကို အစားထိုးနိုင်စွမ်းရှိသည်ဟု ယုံကြည်ချက်ရှိပါက၊ အခြေခံအဆင့်အထွတ်အထိပ်ရောက် အဆိုပါ ငါးဦးအဖွဲ့ကို စိန်ခေါ်နိုင်ပါသည်။ 】
【 အကယ်၍ အနိုင်ရရှိပါက ၎င်းတို့၏နေရာတွင် အစားဝင်၍ ‘ဝိညာဉ်လမ်းစဉ်အားလုံးဆိုင်ရာ အခြေခံအဆင့်ပြိုင်ပွဲ’ တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ 】
စုကျို ရုတ်တရက် သဘောပေါက်သွားသည်၊ ‘အစားထိုးခြင်း’ နှင့် ‘သန်မာသူ’ ဆိုသည်မှာ ဒီလိုကိုး။
ကောင်းကင်ယံရှိ ကျင်းချန်၏ ငါးဦးအဖွဲ့ဝင်များမှာ မကျေမနပ်ဖြစ်နေသော အမူအရာများ အသီးသီးပေါ်လာကြသည်။
“စုကျို... ငါတို့လည်း ထိပ်တန်းဆယ်နေရာထဲရောက်အောင် ကြိုးစားပြီး၊ ဒီယုံကြည်ချက်လွန်ကဲနေတဲ့ အမျိုးသား ငါးယောက်ကို သွားစိန်ခေါ်ကြည့်ရမလား?”
ယင်လီ ကောင်းကင်ယံကို မော့ကြည့်ရင်းမေးလိုက်သည်။ ထိုနေရာတွင် ဝင့်ကြွားလှသော ရွှေရောင်ပုံရိပ်မှာ မောက်မာစွာလက်ဝှေ့ယမ်းပြနေပြီး အဆင့် ၃၀ ရှိ ကျင့်ကြံသူများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ရယူနေသည်။
“နင့်ရဲ့ နံပါတ် ၅ က တကယ်ပဲ ဒီလောက်အထိ ရမ်းကားနိုင်တာလား?”
စုကျို မျက်ခုံးပင့်လိုက်ပြီး ကောင်းကင်ယံမှ ပုံရိပ်ယောင်ဆီသို့ ဆန့်တန်းထားသော သူ့ ညာဘက်လက်ကို ပြန်ရုပ်သိမ်း လိုက်သည်။
[ ဝိညာဉ်ပိုးဖလံဂေဟာ အထက်တွင် ရွှေရောင်ပုံရိပ်ယောင်ကို ရှာဖွေတွေ့ရှိသည် ]
[ ရွှေရောင်ပုံရိပ်၏ တစ်ကိုယ်လုံးစာ လှုပ်ရှားပုံရိပ်ယောင်ကို ၁၂ စက္ကန့်စာ * ၉ ကြိမ် ကူးယူပြီးဖြစ်သည် ]
[ တစ်ချက်ကြည့်လိုက်လျှင် လူစစ်စစ်နှင့် တူညီနေပြီး အခြေခံအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ ခန့်ညားထည်ဝါမှုကို ပိုင်ဆိုင်ထားသည် ]
စုကျို ပြုံးလိုက်ပြီး သိမ်းဆည်းထားသော အချက်အလက်များကိုတစ်ချက်ကြည့်လိုက်သည်။
“ဒါပေါ့... လုံးဝ မဖြစ်နိုင်ဘူး”
“သူတို့ကို နေရာကနေ ဆွဲချပစ်မယ်”
Chapter 74
စုကျို ကောင်းကင်ယံထက်တွင် တဖြည်းဖြည်းပျောက်ကွယ်သွားသော ကျင်းချန်တို့ငါးဦးကို မော့ကြည့်လိုက်သည်။
သူမ မနေ့က ၃၉၉ ရှိရာမှ ယနေ့ ၃၇၉ သို့ ပြောင်းလဲသွားသော ယင်လီမျက်ခုံးပေါ်မှ အဆင့်ကို ကြည့်လိုက်သည်။
“မဆိုးပါဘူး၊ မောင်လေးကျင်းကန်းပေါင်နဲ့ လေ့ကျင့်ခန်းဆင်းရတာ တကယ်အသုံးဝင်သားပဲ”
စုကျို ကျေနပ်သွားသည်။
သူတို့ အဆင့်တက်လာခဲ့ပြီ။
“ကျင်းချန်ကို စိန်ခေါ်ဖို့ဆိုရင် အရင်ဆုံးထိပ်တန်းဆယ်နေရာထဲကို ဝင်ရမယ်”
ယင်လီတင်မကဘဲ မကြာမီမှာပင် ဘုန်းကြီးဝတ်ရုံဝတ်ထားသော လျို့ကျား၊ ကျူးပိုင်ယွီနှင့် ကလေးနှစ်ယောက်တို့ ထွက်လာကြသည်။
“ဒါနဲ့ အသင်းခေါင်းဆောင်တို့ရေ... ရှင်တို့ ဘာပြောချင်လဲ?”
စုကျို ၎င်းတို့ကို ကျိုးကြောင်းဆီလျော်စွာ မေးလိုက်သည်။
“...”
ကျူးပိုင်ယွီ၏ ကျောက်စိမ်းခါးပတ်ရှစ်ခုမှာ လွင့်ပျံနေပြီး လျင်မြန်စွာပြန်ကျလာသည်။ သူ ပြုံးလိုက်ပြီး
“ငါကတော့ တိုက်ခိုက်ရေးလေ့ကျင့်ပွဲတွေကို အကြောက်ဆုံးပဲ”
“ဘယ်သူမှ ငါ့ကို မစိန်ခေါ်ရဲမှာကိုပဲ ကြောက်တာ”
သူပထမထပ်တွင် လူများကို အဖန်ဖန်အထပ်ထပ် လိုက်လံစိန်ခေါ်ခဲ့ခြင်းမှာ ပိုမိုသန်မာလာစေရန်နှင့် သူ့ စိတ်ခံစား ချက် အတက်အကျများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းကိုရှာဖွေရန်ဖြစ်သည်။
“ပြိုင်ဘက်တွေက အရမ်းအားနည်းနေပြီး ငါ့ရဲ့ ဘယ်လိုစိတ်ခံစားချက်ကိုမှ မလှုပ်ခတ်နိုင်မှာကိုပဲ စိုးရိမ်မိတယ်”
စုကျို ခေါင်းငြိမ့်လိုက်ပြီး ဘယ်ကရလာမှန်းမသိသော ပန်းကန်လုံးအစုတ်တစ်ခုကိုကိုင်ကာ ဆွမ်းခံထွက်ရန် ပြင်နေသော လျို့ကျားကိုကြည့်လိုက်သည်။
လျို့ကျားသည် မျက်လုံးများကိုမှိတ်ထားပြီး မျက်နှာတွင် သန့်ရှင်းသော အလင်းတန်းများဖြာထွက်လျက် ပြောသည်။
“လူတိုင်း ငြိမ်းချမ်းမှုရရှိအောင်ကူညီပေးဖို့ ကျွန်တော် ကြိုးစားချင်ပါတယ်”
ကလေးနှစ်ယောက်မှာမူ အာမေဍိတ်သံများပြုလုပ်ကြပြီး စုကျိုကို ခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်တော်တို့က အရံအဖြစ်နေပြီး အစွမ်းကုန်ကြိုးစားပါ့မယ်”
စုကျို ခေါင်းငြိမ့်လိုက်သည်၊ ဒါဆိုရင်တော့ ပြဿနာမရှိတော့ပါ။
လူတိုင်း သဘောတူညီခဲ့ကြသည်။
“ဒါနဲ့... စီနီယာအစ်မယို့လုကော...” စုကျို သတိရသွားသည်။
ယင်လီ သူ့လက်ကို ဝှေ့ယမ်းပြသည် - “ရပါတယ်၊ စီနီယာအစ်မက စိတ်ဓာတ်ခိုင်မာတယ်၊ လောင်းကြေးက ဘယ်လောက်ကြီးကြီး သူကတော့ ကံတရားအပေါ်မှာပဲ လုံးလုံးလျားလျားမူတည်ပြီးလုပ်တာ၊ သူ ပါချင်ရင် ပါလိမ့်မယ်၊ မပါချင်ရင်လည်း မပါဘူး”
“ကျင်းချန်ကိုပဲ စိန်ခေါ်စိန်ခေါ်၊ ဟွမ်ချန်းကိုပဲ တိုက်တိုက်၊ အဖြူ၊ အမည်း ဒါမှမဟုတ် အငွေရောင် ဘယ်သူနဲ့ပဲ တိုက်တိုက် စီနီယာအစ်မယို့လုအတွက်တော့ ဘာမှ မထူးခြားဘူး”
စုကျို အင်းဟု ထောက်ခံလိုက်သည်၊ ၎င်းမှာလည်း အခြားသော အစွမ်းတစ်မျိုးမဟုတ်ပါလား?
သူမကမူ ထိုသို့ မလုပ်နိုင်ချေ။
သူမသည် အကြွေးကိုပြန်တောင်းရန် ဆုံးဖြတ်ချက်ခိုင်မာနေသည်။ သူ ကျင်းချန်ကို တိုက်ခိုက်မည်!
စုကျိုသည် နောက်သို့လက်ပစ်ကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။
“ကောင်းပြီ၊ ဒီအဆင့်ရဲ့ ထိပ်တန်းဆယ်နေရာကို ဘယ်လိုဝင်မလဲ၊ ကျင်းချန်ကို စိန်ခေါ်နိုင်ဖို့ ဘယ်လို အရည်အချင်း ပြည့်မီအောင်လုပ်မလဲဆိုတာ အသင်းခေါင်းဆောင်ခြောက်ယောက်ပဲ စဉ်းစားလိုက်ကြတော့”
“...”
စုကျို အေးအေးလူလူပင် အိမ်ထဲသို့ဝင်သွားတော့သည်။ ကျန်ရှိနေသောသူများမှာ ယနေ့ သူတို့၏ အသင်းခေါင်းဆောင် ရာထူးကို ပြန်တွေးမိပြီး အစောတည်းကငြင်းရန် ရှက်နေကြသဖြင့် တံခါးဝမှာပင် အစီအစဉ်များတကယ် စတင်ရေးဆွဲ ကြတော့သည်။
လျို့ကျား မျက်လုံးမှိတ်လျက်ပြောသည်။
“အမြန်ဆုံးနည်းလမ်းကတော့ အဆင့်အမြင့်ဆုံးလူတွေကို တိုက်ရိုက်စိန်ခေါ်ပြီး၊ လောင်းကြေးကနေ ဝိညာဉ်ကျောက် တုံးတွေကို အနိုင်ယူကာ ထိပ်တန်းဆယ်နေရာထဲကို အလျှင်အမြန်ဝင်လိုက်ဖို့ပါပဲ”
ကျူးပိုင်ယွီ ခေါင်းခါလိုက်သည် - “ဒါပေမဲ့ သုံးလတောင် လိုသေးတာပဲ၊ ဘာလို့ အလျင်စလို လုပ်မှာလဲ ? အဆင့် ၃၀ တစ်ခုလုံးကို တိုက်ခိုက်သွားပြီး လူတိုင်းက ငါတို့ကို အရှုံးပေးလာအောင်လုပ်ပြီးမှ ဘုရင်ဖြစ်လာတာက ပိုပြီးကျေနပ် စရာကောင်းမှာပဲ”
ယင်လီက “ဟန်ဆောင်နေတာပဲ၊” ဟု ဆိုကာ တံတွေးထွေးလိုက်သည်။
“ဒါပေမဲ့ ဒါလည်း ကျိုးကြောင်းဆီလျော်ပါတယ်၊” သူ အနည်းငယ် စိတ်ဝင်စားသွားသည်။
“အဲဒီလိုဆိုရင် ငါ့ရဲ့ သူရဲကောင်းဆန်တဲ့ ပုံရိပ်တွေကို အဆင့် ၃၀ ရဲ့ ကောင်းကင်ယံမှာ နေ့တိုင်း ပြန်ပြနေလိမ့်မယ်၊ အောက်ထပ်က လူတွေတောင် မြင်ရနိုင်တယ်”
သူတို့ တစ်ယောက်တစ်မျိုး ပြောဆိုနေကြပြီးနောက်၊ ဘေးတွင်ရှိသော စုကျီကျီထံ အလိုအလျောက် လှည့်ကြည့်လိုက် ကြသည်။
စုကျီကျီ: “...”
“အစ်ကိုလျို့ကျားရဲ့ အိမ်မက်ကကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပန်းတိုင်က ထိပ်တန်းဆယ်နေရာထဲ ဝင်ဖို့တင် မဟုတ်ဘဲ ကျင်းချန်နဲ့ကျန်တဲ့ လေးယောက်ကို စိန်ခေါ်ဖို့ပါ”
“သူတို့အားလုံးက အခြေခံအဆင့် အထွတ်အထိပ်မှာရှိနေကြတာ၊ အစ်မယို့လုရဲ့ကျင့်ကြံမှုကပဲ သူတို့နဲ့ ရင်ဘောင် တန်းနိုင်ရုံရှိပြီး ချန်ယွမ်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း လုံလောက်ပါတယ်”
“ကျွန်တော်တို့ ကျန်တဲ့သူတွေကတော့ အခြေခံအဆင့် အထွတ်အထိပ်အောက်မှာပဲ ရှိပါသေးတယ်”
“ကျွန်တော်တို့ရဲ့ အဓိကအချက်က ထိပ်တန်းဆယ်နေရာထဲဝင်ဖို့တင် မဟုတ်ဘဲ ကိုယ်ပိုင်ကျင့်ကြံမှုကို မြှင့်တင်ဖို့ လည်းပါတယ်”
ကျန်သူများ၏မျက်လုံးများ တောက်ပသွားသည်၊ ၎င်းမှာ ကျိုးကြောင်းဆီလျော်လှသည်။
စုရှင်းချန်လည်း ရင့်ကျက်သောအမူအရာဖြင့် ဖြည့်စွက်ပြောသည်။
“ကျွန်တော်တို့ အသင်းက တကယ့်ကို တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ စီနီယာအစ်ကို လျို့ကျားနဲ့ စီနီယာအစ်မယို့လုတို့က အစွမ်းထက်ပြီး ရင့်ကျက်ကြတယ်၊ ကျဲမှာက ထူးခြားတဲ့ ပါရမီရှိပေမဲ့ ကျင့်ကြံမှု အားနည်းနေသေးတယ်၊ ကျန်တဲ့ ကျွန်တော်တို့မှာလည်း ကိုယ်စီအားနည်းချက်တွေ ကိုယ်စီရှိနေကြတယ်”
“ဒီအဆင့်သတ်မှတ်ချက်က ဝိညာဉ်ကျောက်တုံးပေါ်မှာ အခြေခံတာဆိုတော့...”
“စစ်ဗျူဟာအရ ကျွန်တော်တို့ အုပ်စုနှစ်စုခွဲသင့်တယ်”
“တိုက်ခိုက်ရေးစွမ်းရည်ကို အချိန်တိုအတွင်း မမြှင့်တင်နိုင်တဲ့သူတွေက ဝိညာဉ်ကျောက်တုံးရှာပြီး အဆင့်တက် အောင်တာဝန်ယူရမယ်၊ သိသာတဲ့ အားနည်းချက်ရှိတဲ့သူတွေကတော့ ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ရမယ်”
လျို့ကျားသည် အခြေခံအဆင့် နှောင်းပိုင်းမှာ ရှိနေခြင်းဖြစ်သည်။
ယင်လီနှင့် ကျူးပိုင်ယွီတို့ကမူ အခြေခံအဆင့် အလယ်အလတ်မှာသာရှိသေး၏။
စုကျိုကမူ ဝိညာဉ်သန့်သန့်စင်ခြင်း၏နှောင်းပိုင်းအဆင့်မှာရှိနေလေသည်။
စုကျီကျီနှင့် စုရှင်းချန်တို့သည် အလိုအလျောက် အရံလူများဖြစ်သွားပြီး ကျင့်ကြံမှုကို ပိုအားစိုက်ဖို့လိုအပ်နေသည်။
၎င်းတို့၏အခြေအနေများသည် တစ်ဦးနဲ့တစ်ဦး မတူညီကြချေ၊ အတူတူ လှုပ်ရှားမည်ဆိုပါက တစ်ယောက်၏ တိုးတက်မှုကို တစ်ယောက်က နှောင့်နှေးစေတာမျိုးသာဖြစ်လိမ့်မည်။
လူတိုင်း၏မျက်လုံးတွေက ထပ်ပြီးတောက်ပလာကြပြန်သည်။
စုကျိုသာမရှိပါကဒီအသင်းရဲ့ဦးနှောက်က တကယ်တော့ ကလေးနှစ်ယောက်ပဲဖြစ်နေမည်ဟု သူတို့ ထင်မထား ခဲ့ကြပေ။
“အရမ်းနှေးလွန်းတယ်၊”
စုကျို အိမ်ထဲကနေ ခေါင်းလေးပြူပြီးပြောလိုက်သည်။
“ငါတော့ ကျင့်ကြံနေရင်းနဲ့ပဲ အဆင့်တွေကိုတက်လှမ်းနိုင်တယ်”
ကမ္ဘာပျက်ကပ်လွန်ကာလရဲ့မူဝါဒကတော့ - အရင်းအမြစ်တွေကို အမိအရဆုပ်ကိုင်ထားဖို့ပဲ၊ မြန်ဆန်မှုက အရာအားလုံးပဲ။
သူသာ တံခါးပိတ်ကျင့်ကြံပြီး အခြေခံအဆင့် အထွတ်အထိပ်ရောက်အောင်စောင့်နေမယ်ဆိုရင်၊ သားရဲကြီးတွေက တခြားသူတွေရဲ့ အစားခံလိုက်ရလောက်ပြီ။
အဲဒီအချိန်ကျရင် သူ ဘာလုပ်မလဲ ?
ငတ်ပြီး သေရုံပဲ ရှိတော့မှာပေါ့။
စုကျို သူ့လက်ထဲက တတိယအဆင့် မျက်နှာဖုံးကိုနှစ်ပိုင်းချိုးဖို့ ကြိုးစားရင်း၊ လူတိုင်းထံအေးစက်သည့် အမူအရာနှင့် ကြည့်လိုက်သည်။
“အဆင့်တက်ဖို့ ဝိညာဉ်ကျောက်တုံး လိုတယ်၊ ပိုးမွေးဖို့ ဝိညာဉ်ကျောက်တုံး လိုတယ်၊ ကျင့်ကြံမှု မြှင့်တင်ဖို့လည်း ဝိညာဉ်ကျောက်တုံး လိုတာပဲ”
“!”
“...”
“အားလုံး... မစ်ရှင်တွေကို လက်ခံပြီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကြရအောင်!”
ယင်လီ သူ့ ပေါင်ကိုဖြန်းခနဲပုတ်ပြီး အားတက်သရောပြောလိုက်သည်။
စုကျို ခေါင်းငြိမ့်လိုက်သည်။ သူ့လက်ထဲရှိ ကြေးညိုမျက်နှာဖုံးအား သူမ ချိုးလို့မရဘူးဆိုတာ သဘောပေါက်သွား သည်။ တတိယအဆင့်မှော်လက်နက်တစ်ခုရဲ့ မာကျောမှုက သူမရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆိုရင် တစ်ဝက်ချိုးဖို့တောင် မဖြစ်နိုင်ဘူးမဟြတ်ပါလား ?
ချက်ချင်းဆိုသလိုပဲ သံကြိုးတွေပတ်ထားတဲ့ လက်ကြီးတစ်ဖက်က ထိုသည်ကို လှမ်းယူလိုက်ပြီး၊ ၁၈ ပိုင်း၊ ၁၉ ပိုင်းလောက်ဖြစ်အောင် ခေါက်ချိုးလိုက်ပြီးမှ သူမဆီ ပြန်ပေးလာခဲ့သည်။
စုကျို အလွန်ချောမောသည့် မိစ္ဆာလူငယ်လေးထံပြုံးပြလိုက်ပြီး၊ မျက်နှာဖုံးအပိုင်းအစတစ်ခုကို သူ့ ပိုးအိမ်ထဲ ချက်ချင်း ထည့်ပေးလိုက်သည်။ ပိုးကောင်လေးက ထိုအပိုင်းအစအား အကုန်မြိုချလိုက်သည်ကိုကြည့်ပြီးမှ သူ အပြင်ထွက်လာ သည်။
“အခုလောလောဆယ် ဝိညာဉ်ကျောက်တုံးအများဆုံးရမယ့် အလုပ်တွေက ဘာတွေလဲ? ကျင့်ကြံမှုရော တိုက်ခိုက်ရေး စွမ်းရည်ရော မြှင့်တင်ပေးနိုင်မယ့် အလုပ်မျိုးကိုရှာပြီး အတူတူလုပ်ကြရအောင်”
ယင်လီ သူ့ဘေးရှိ လျို့ကျား၏ဝါးတောင်ဝှေးကို ချက်ချင်းဖိထားလိုက်တယ်။
“ငါ စစ်ကြည့်လိုက်ဦးမယ်”
လျို့ကျား: “...”
“ညီမလေးရယ်... အစ်ကို့ကို တိုက်ရိုက်မေးရင် ရပါတယ်လေ”
သူ့ကို ပြောပြမှာ မဟုတ်ဘူးလို့ တကယ် ထင်နေတာလား?!
ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ယင်လီ တောင်ဝှေးပေါ်မှ အချက်အလကများအား တိုက်ရိုက်ဖတ်ပြီးနောက်မှာ သိနားလည်သွားသည့် အမူအရာပေါ်လာသည်။
“ဒီအဆင့်မှာ ဝိညာဉ်ကျောက်တုံး အများဆုံးရတဲ့ အလုပ် သုံးမျိုးရှိတယ်”
“ပထမတစ်ခုကတော့ ပိုးကောင်ချင်း တိုက်ခိုက်တဲ့ ကွင်းပြင်ပဲ၊ အဲဒီမှာ ပိုးကောင်နှစ်ကောင်ရဲ့ အရွယ်အစား၊ အရောင်အသွေး၊ ပိုးချည်ထွက်နှုန်းနဲ့ ပိုးချည်အရည်အသွေးတွေကို ယှဉ်ပြိုင်ကြတာ၊ အနိုင်ရတဲ့သူက လောင်းကြေး အဖြစ် ဝိညာဉ်ကျောက်တုံးတွေရမယ်”
“...”
“နောက်တစ်ခုကတော့ တပည့်ချင်း တိုက်ခိုက်တဲ့ ကွင်းပြင်ပဲ၊ အဲဒီမှာတော့ လောင်းကြေးကို နှစ်ဖက်သဘောတူ သတ်မှတ်ရတယ်”
“ပြီးတော့ နေ့စဉ် ပိုးမွေးမြူရေး မစ်ရှင်တွေ ရှိသေးတယ်၊ အရည်အသွေးမြင့် ပိုးချည်တွေ ထုတ်နိုင်အောင် တပည့်တွေကို အားပေးတဲ့အနေနဲ့ ကောင်းမှုဆိုးမှုခန်းမက ဆုကြေးတွေ ပေးတာ”
ယင်လီ တစ်ဆက်တည်း ပြောချလိုက်ပြီး နောက်ထပ်စာကြောင်းတစ်ကြောင်း ထပ်ဖြည့်လိုက်သည်။
“စီနီယာအစ်ကို လျို့ကျားကတော့ မနေ့ညက တစ်ညလုံး မအိပ်ဘဲနဲ့ ဝိညာဉ်ကျောက်တုံး အများဆုံးရမယ့် ပိုးမွေးမြူ ရေး မစ်ရှင်တစ်ခုကို ရှာထားပြီးပြီ၊ အဲဒါက အရမ်းရိုးရှင်းပြီး ချက်ချင်းပြီးသွားမယ့်ဟာမျိုးပဲ”
လျို့ကျား: “...”
“ညီမလေး... ဒီလမှာ အစ်ကိုက မျက်လုံးပဲအနားပေးထားတာပါ၊ အသံကို အနားပေးထားတာ မဟုတ်ဘူး”
“အာ... ဆောရီး” ယင်လီ ဆက်ပြောရန် လက်ဟန်ပြလိုက်တယ်။
စုကျို သူ့ နှာခေါင်းကို တို့ထိလိုက်သည်။
လျို့ကျား စုကျိုနှင့် တခြားသူတွေဘက် လှည့်လိုက်ပြီး - “ငါတို့အသင်းက မနေ့က လူအင်အား နှစ်ဆတိုးလာတဲ့အ တွက် ဒီလမှာ ‘အသင်းသစ် မစ်ရှင်’ တွေ အများကြီးရှိတယ်၊ပထမဆုံးတစ်ခုကတော့ ပိုးကောင်မွေးမြူပြီး အစာကျွေး ရမှာ၊ ဆုကြေးက ဝိညာဉ်ကျောက်တုံး ၁ သိန်းဖြစ်ပြီး အလွယ်ဆုံးပဲ၊ အသင်းသား တစ်ယောက်ချင်းစီက ကိုယ့်ဝိညာဉ် ပိုးကောင်ကို ကိုယ်တိုင်အစာကျွေးရုံပဲ၊ ဒုတိယအဆင့် ဝိညာဉ်လက်နက်တစ်ခုရှိရင် လုံလောက်ပြီ”
စုကျို: “...”
စုကျီကျီ၊ စုရှင်းချန်: “...”
ယင်လီ နာကျင်စွာနှင့် ခေါင်းငြိမ့်ပြသည်။
“ဒါပဲလေ။ အဆင့် ၃၀ နဲ့ အထက်ကို ရောက်တဲ့ တပည့်သစ်တိုင်းဟာ ပထမဆုံး ပိုးမွေးမြူရေးလမ်းညွှန်မစ်ရှင်ကို ရကြတာပဲ၊ အဲ့ဒါ တန်ဖိုးအရှိဆုံးပဲ”
“ဟုတ်တယ်၊” လျို့ကျား ခေါင်းငြိမ့်ပြလာသည်။
- “ဒုတိယအဆင့် ကျောက်စိမ်းကတ်ကြေး တစ်ခုက ဝိညာဉ်ကျောက်တုံး ၅ ထောင်လောက်ပဲ ကျသင့်တာ၊ ငါတို့ ခုနစ်ယောက်လုံး တစ်ကောင်စီ ကျွေးမယ်ဆိုရင် စုစုပေါင်း ကုန်ကျစရိတ်က ၄ သောင်းပဲ ရှိမှာ”
ဒါပေမဲ့ မစ်ရှင်ဆုကြေးက ၁ သိန်းတောင်လေ။
ဒါကတော့ လမ်းညွှန်မစ်ရှင်တွေရဲ့ ပျော်ရွှင်စရာအပိုင်းပေါ့။
“ငါတို့ ဝိညာဉ်ကျောက်တုံး ဆုကြေးတွေ ရခဲ့မယ်ဆိုရင် အဆင့်တွေ တက်လာရုံတင်မကဘူး၊ ခြံထဲမှာ ထားဖို့ ‘ဝိညာဉ်စုစည်းမှု အစီရင်စု’ တွေလည်း ဝယ်နိုင်မယ်၊ အဲ့ဒါ ကျင့်ကြံမှုအရှိန်ကိုမြှင့်တင်ပေးလိမ့်မယ်၊ ငါတို့ရဲ့ ကျင့်ကြံမှုကို မြန်ဆန်စေမယ့် ဆေးလုံးတွေကိုလည်းဝယ်လို့ရမယ်လေ”
“ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် ‘ဆူးတစ်ထောင်ကုလားထိုင်’ နဲ့ ‘မီးတောက်ကုလားထိုင်’ တွေလည်း ရှိတယ်... အဲဒီပေါ်မှာ ထိုင်နေရင်း ဒါမှမဟုတ် လဲလျောင်းနေရင်းနဲ့တင် ကိုယ့်ရဲ့ခန္ဓာကိုယ် ခွန်အားကို တိုးတက်စေတာ”
လျို့ကျား မျက်လုံးမှိတ်လျက် ပြုံးကာပြောသည်။
“ဒီနည်းနဲ့ဆိုရင် ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာ ရှိတဲ့သူတိုင်း တစ်လအတွင်းမှာ နှစ်ဆင့်၊ သုံးဆင့်လောက် အေးဆေး တက်လှမ်းနိုင်လိမ့်မယ်”
“ကံကောင်းရင်တော့ အခြေခံအဆင့်ရဲ့ အစောပိုင်းအဆင့်ကို တိုက်ရိုက်ရောက်သွားနိုင်တာပေါ့”
ဒီလိုကိုး~
စုကျီကျီနှင့် စုရှင်းချန်တို့ နှစ်ဦးစလုံး စိတ်လှုပ်ရှားသွားကြသည်။
စုကျိုလည်း ဝိညာဉ်ပိုးဖလံဂေဟာ၏နွေးထွေးမှုကို အနည်းငယ်ခံစားလိုက်ရသည်။ အစပြုသူ မစ်ရှင်တွေက တကယ်ပဲ ကြင်နာမှုရှိလှသည်။
အခု သူ့မှာ မေးစရာ တစ်ခုသာရှိတော့သည်။
“သွားပြီ... ခုနက ငါကျွေးလိုက်တဲ့ တတိယအဆင့် ဝိညာဉ်လက်နက်က ဘယ်လိုလုပ်မလဲ?”
“???”
“…………?”
စုကျိုသည် ဝိညာဉ်စစ်ဆေးရေးလက်ပတ်ကို ချက်ချင်းကြည့်လိုက်ရာ၊ လျို့ကျားသည် အဖွဲ့သစ်အတွက် ‘အစာကျွေးခြင်း မစ်ရှင်’ ကို လက်ခံလိုက်ပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
[ အဆင့် ၃၀ အစပြုအသင်း မက်လုံးပေးမစ်ရှင်: ]
[ ဒုတိယအဆင့် မှော်လက်နက် ကျွေးမွေးခြင်းမစ်ရှင်- တစ်ရက်အတွင်း အသင်းရှိ ဝိညာဉ်ပိုးအားလုံးကို တစ်ကောင် လျှင် ဒုတိယအဆင့် မှော်လက်နက် တစ်ခုစီကျွေးမွေးပါ၊ ပိုးကောင်များ အန်ခြင်း၊ အစာမကြေခြင်း၊ မှိုင်တွေခြင်း သို့မဟုတ် အခြားဖျားနာသည့် လက္ခဏာများမပြရပါ ]
[ မစ်ရှင်ဆုကြေး- ဝိညာဉ်ကျောက်တုံး ၁ သိန်း ]
စုကျိုသည် တိုးတက်မှုပြတန်းကို တစ်ချက်ကြည့်ပြီး သက်ပြင်းချနိုင်သွားသည်။ အသင်း၏တိုးတက်မှု အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။
[ အသင်းခေါင်းဆောင် စုကျို: တတိယအဆင့် မှော်လက်နက် ကျွေးမွေးမှု ၃% ]
...
[ အသင်းဝင် ပိုင်ယို့လု: အစာကျွေးမှု တိုးတက်မှု ၀ ]
တော်သေးတာပေါ့~
တတိယအဆင့် မှော်လက်နက်မှာ ဒုတိယအဆင့်ထက် မြင့်နေသဖြင့် အောင်မြင်သည်ဟု သတ်မှတ်ခံရပုံရရာ စုကျို စိတ်အေးသွားသည်။
သို့သော် တစ်ခဏအတွင်းမှာပင် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါ ဘယ်တုန်းက အသင်းခေါင်းဆောင် ဖြစ်သွားတာလဲ?”
ရုတ်တရက် ဝင်းခြံထဲရပ်နေသော လူတိုင်းပျောက်ကွယ်သွားကြသည်။
“ကျဲ... အသင်းခေါင်းဆောင် ခြောက်နေရာကို မှတ်ပုံတင်လို့ မရဘူးလေ၊ ဒါကြောင့် အသင်းဝင်မဟုတ်တဲ့ တစ်ဦးတည်းသောသူကိုပဲ ရွေးပြီးမှတ်ပုံတင်လိုက်ရတာပေါ့”
“ရပါတယ် ရှောင်ကျိုရယ်၊ နောက်မှ ငါတို့ ပြန်ပြီးမဲနှိုက်ကြတာပေါ့”
စုကျို: “...”
အာဏာဆိုတာ ဒီလိုမျိုးကိုး~
သရဖူကို ဆောင်းထားရင်တော့ အလေးချိန်ကို ခံနိုင်ရည် ရှိရမှာပေါ့။
စုကျိုလက်နှစ်ဖက်ကို နောက်ပစ်ကာ သက်ပြင်းချလိုက်သည်။
သို့သော် သူ အိမ်ထဲသို့ ဝင်တော့မည့်အချိန်မှာပင် သူ့နောက်ဘက်မှ အားနည်းပြီး ပြတ်တောင်းပြတ်တောင်းထွက်လာ သော အသံတစ်ခုပေါ်လာခဲ့သည်။
“စု... ကျို”
ကျင်းကန်းပေါင်သည် ဝင်းခြံထဲတွင် အားနည်းစွာရပ်နေပြီး၊ သူမဘက်သို့ အကူအညီမဲ့စွာလက်လှမ်းနေသည်။
သူ အဲဒီမှာ ရှိနေတာ ကြာလှပြီ။
ဒါပေမဲ့ ဒီလူတွေက ဗျူဟာတွေဆွေးနွေးပြီး ဝိညာဉ်ကျောက်တုံး ဘယ်လိုရှာရမလဲဆိုတာကိုသာ အာရုံရောက်နေကြ သဖြင့်၊ သူ့ရှေ့မှာရှိနေသည်ကိုပင် ဘယ်သူမှ ဂရုမစိုက်ကြချေ။
သူတို့က သူ့ကို ဒီလောက်တောင် အထင်သေးကြတာလား ?
သို့သော် ကျင်းကန်းပေါင်သည် စုကျို၏ခေါင်းနောက်ဘက်မှ လိုက်ကာကိုလှမ်းကြည့်လိုက်ပြီး ဘာမှ မကန့်ကွက်ရဲ တော့ပေ။
“...ငါတို့ သီးသန့် စကားပြောလို့ ရမလား?”
ကျင်းကန်းပေါင်သည် လက်ဝါးချင်းပွတ်ကာ ရှေ့သို့ လှမ်းလာစဉ်မှာပင် ရုတ်တရက်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ သည်။
လက်မောင်းတစ်ဖက်စာ အချင်းရှိသော ဝိညာဉ်စွမ်းအင်ဝဲဂယက်တစ်ခုသည် လေထုကိုယ်တိုင် ဆုတ်ဖြဲခံလိုက်ရ သကဲ့သို့ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုဝဲဂယက်အတွင်းမှ မီးတောက်မြားတစ်စင်းသည် လျင်မြန်စွာထွက်ပေါ်လာသည်!
စုကျိုသည် ကျင်းကန်းပေါင်အားလျစ်လျူရှုထားခဲ့သော်လည်း ယခမူ သူ့ ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။
ဒိုင်း ဆိုသည့် အသံနှင့်အတူ ထိုမီးတောက်မြားသည် ကျင်းကန်းပေါင်၏ဘယ်ဘက်ပုခုံးကို ထိုးဖောက်သွားခဲ့သည်!
“ဝေါ့!”
ကျင်းကန်းပေါင် မျက်လုံးပြူးသွားပြီး သွေးတစ်လုတ်ထွေးထုတ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားတော့သည်။ အခုမှပေါ်လာသော ပိုင်ယို့လုသည် ဝင်းခြံထဲတွင် ရုတ်တရက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင် ဝဲဂယက်နှင့် ကျင်းကန်းပေါင် ၏ အခြေအနေကို သတိထား၍ကြည့်လိုက်သည်။
“အထက်လူကြီးတွေက ဖွင့်လိုက်တဲ့ တယ်လီပို့အာကာသလား ? ဘယ်လောက်တောင် အားပါတဲ့ မြားလဲ! ဒီလူက ရွှေအမြုတေဖြစ်တည်ဖို့ အဆင့်ရောက်နေပြီပဲ”
ဒါကိုပြောပြီးနောက် လျို့ကျား၊ ယင်လီနှင့် ကျူးပိုင်ယွီတို့သည်လည်း သူတို့အခန်းထဲမှ အသီးသီး ထွက်လာကြပြီး သူတို့ မျက်ဝန်းများထဲ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။
စုကျိုနှင့် ကလေးနှစ်ယောက်မှာ ကောင်းကင်ယံက ဝဲဂယက်ကိုမော့ကြည့်လိုက်ကြသည်။
သူမသည် သူ့ ခါးပတ်အိတ်ထဲမှ အကြွေးစာရင်းကိုအလျှင်အမြန် ထုတ်ယူကာ စစ်ဆေးလိုက်သည်။
[ ငါး အမှတ် ၅ ၊ ကျင်းချန်... ‘မွေးရာပါ မီးမျိုးစေ့’ ပါရမီရှိပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်... ပိုးစာပင် များကို မစိုက်ပျိုးနိုင်သောကြောင့် ပထမထပ်တွင် ရှိစဉ်က စုမိသားစု သုံးဦးထံမှလည်းကောင်း၊ အခြားသော ကျင့်ကြံသူမ ရာပေါင်းများစွာထံမှလည်းကောင်း ပိုးစာရွက်များကိုဈေးနှိမ်၍ မကြာခဏဝယ်ယူခဲ့ပြီး ဝိညာဉ်ပိုးဖလံ ဂေဟာ၏ ၁၀ ထပ်သို့တက်လှမ်းသွားခဲ့သည် ]