← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

သူအံ့ဩတကြီးဖြင့် ချမ်ရှီ့ထံကြည့်လိုက်ကာ လည်ချောင်းထဲတွင်လည်းတစ်ဆို့နေသလို ခံစားလိုက်ရသည်။

ဒေါ်လေးချမ်က ကျိုးထောင်ဟွားကိုသူ့နားကနေဆွဲထုတ်သွားသင့်တာမဟုတ်ဘူးလား။ဘာလို့ဆောင်းလလယ်ပွဲတော်လာကျင်းပဖို့ သူတို့အိမ်ကိုဖိတ်ရတာလဲ။

မသိစိတ်မှနေအလိုလိုသူငြင်းလိုက်မိသည်။

"ဒေါ်လေးချမ် အလုပ်ရှုပ်မခံပါနဲ့၊ကျွန်တော့်ဘာသာအိမ်မှာပဲပွဲတော်လုပ်လိုက်ပါ့မယ်"

"ငြင်းလို့မရဘူးနော် ဒါကလူကြီးတစ်ယောက်အနေနဲ့ ဒေါ်လေးပြောနေတာ"

ချမ်ရှီ ပြတ်ပြတ်သားသားပြောလိုက်သည်။

ရှန်းမင်တစ်ယောက်တည်း အိမ်တွင်ဆောင်းလလယ်ပွဲတော်ဖြတ်သန်းရလျှင်မည်သည့်အဓိပ္ပာယ်ရှိပါမည်နည်း။တစ်ယောက်တည်းဖြင့် မိသားစုပြန်လည်ဆုံစည်းခြင်းမှာ မည်သို့မှမဖြစ်နိုင်ပေ။အခြားမိသားစုများမှပျော်ပျော်ပါးပါးဆင်နွှဲနေကြသည်ကိုမြင်နေရလျှင် သူလည်းစိတ်ကောင်းနိုင်မည်မဟုတ်ချေ။

ထို့ပြင်ရှန်းမင်မှာလူပျိုကြီးဖြစ်သလို လူကြီးများမှာလည်း စောစောစီးစီးဆုံးပါးသွားကြခြင်းဖြစ်၍ ထမင်းဟင်းကောင်းကောင်းချက်တတ်မည်ဟုလည်း သူမ,မယုံပေ။လမုန့်အခြောက်များကိုသာ စားနေမည်မှာသေချာလှ၏။

ရှန်းမင် : "......"

ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့တွင် တူညီသောအချက်တစ်ခုရှိနေသည်ကို သူ ရုတ်တရက်သတိပြုမိလိုက်သည်။သူတို့နှစ်ယောက်လုံးမှာ အလွန်အာဏာပြတတ်ပြီး သူတို့ဆုံးဖြတ်ချက်အားငြင်းပယ်ခွင့် မပေးကြပေ။သို့သော် သူသည်ဤခံစားချက်ကိုမမုန်းတီးမိပါချေ။

ရှန်းမင်တစ်ယောက် ကြောင်တောင်တောင်ရပ်နေသည်ကို

မြင်သောအခါ ကျိုးထောင်ဟွားသည် အခွင့်အရေးကိုအရယူ၍ သူ့လက်ဖမိုးကို သူမလက်ညှိုးလေးဖြင့် ခိုးတို့လိုက်ပြီး

"အစ်ကိုရှန်းမင် ဒါဆိုအတည်ဖြစ်သွားပြီနော်၊မနက်ဖြန်ညကျရင် စောစောလာဖို့ မမေ့နဲ့ဦး၊မလာဘဲ‌နေလို့ကတော့ ညီမကိုယ်တိုင်အစ်ကို့အိမ်အထိလာခေါ်မှာမလို့ စောစောလာခဲ့ရမယ်"

ကျိုးထောင်ဟွားစကားအဆုံးတွင် သူမမျက်ဝန်းထဲ၌လှည့်ကွက်ကလေးတစ်ခု ဖြတ်ပြေးသွားသည်။ရှန်းမင်မှာမူ ကျိုးထောင်ဟွားလက်ခုပ်ထဲရှိရေအလား ရုန်းမထွက်နိုင်တော့သလိုခံစားလိုက်ရတော့၏။

ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့ပစ္စည်းများ သိမ်းဆည်းပြီးသော် ဆောင်းလလယ်ပွဲတော်အတွက်စားစရာများသွားဝယ်ကြသည်။ပွဲတော်ရက်ဖြစ်သဖြင့် ကောင်းကောင်းမွန်မွန်စားချင်ကြသည်မှာ သဘာဝပင်။

ပုံမှန်ဆိုလျှင်ဈေးကြီးလွန်းသဖြင့်မဝယ်စားနိုင်သော ဆန်အဟောင်းများအပြင် ဂျင်းနှင့်နာနတ်ပွင့်ကဲ့သို့ ဈေးကြီးဟင်းခတ်အမွှေးအကြိုင်များကိုပင် ဝယ်ယူခဲ့ကြသည်။

(ဆန်အသစ်က‌ ဈေးချိုတယ်။ဆန်အဟောင်းကျချက်လို့လည်းကောင်း ကိုယ်တို့ဘက်ကတော့ အိုးတက်တယ်ပြောတာ ပွားသလိုပေါ့ အဲ့တာကြောင့် ဈေးကြီးတယ်)

"မင်းအဖေအတွက် အရက်နှစ်အောင်စလောက် ဝယ်ရအောင်၊သူက အရက်သောက်ရတာအရမ်းကြိုက်တယ်"

ထို့နောက်သားအမိနှစ်ယောက်သည် ဝက်ဗိုက်သားတစ်ပေါင်နှင့်ဝက်နံရိုးနှစ်ပေါင်ကို ချိန်တွယ်ဝယ်ယူလိုက်ကြသည်။အရင်အချိန်တွင်ဆိုလျှင် ဟင်းချက်ရာ၌ဆီသုံးရန်အတွက် အဆီများအသားကိုသာဝယ်လေ့ရှိသော်လည်း တစ်ကယ်တော့ကျိုးမိသားစုရှိ မည်သူမှအဆီကိုမကြိုက်ကြပေ။

ယခုပွဲတော်အတွက်မူ ဝက်ဗိုက်သားနှင့်ဝက်နံရိုးများကိုဝယ်ခဲ့ကြ၏။နောက်ဆုံးတွင် ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့သည် အစေ့အဆန်ငါးမျိုးလမုန့်များနှင့်ဂဏန်းများကိုလည်း အိမ်အပြန်၌ဝယ်သွားကြသည်။ဤအရာနှစ်ခုမှာ ဆောင်းလလယ်ပွဲတော်အတွက်မရှိမဖြစ်ပင်။

အိမ်ပြန်ရောက်သောအခါ*ရာသီသွေးမိစ္ဆာ*သည် အဓိကအိမ်ခန်းထဲတွင်လက်ကိုင်ပုဝါများထိုးနေဆဲဖြစ်ပြီး နေ့ဝက်အတွင်းမှာပင် ဆယ်ထည်ကျော်ထိပြီးစီးနေပြီဖြစ်သည်။

ကျိုးထောင်ဟွားအကြံပြုလိုက်၏။

"အခုလောလောဆယ်တော့ လက်ကိုင်ပုဝါတွေမထိုးနဲ့ဦး"

ရာသီသွေးမိစ္ဆာမှာ ကျိုးထောင်ဟွားစိတ်ပြောင်းသွားပြီး သူမကိုအနားပေးတော့မည်ဟုထင်မှတ်နေစဉ်မှာပင် ထောင်ဟွားမှဆက်ပြောလာသည်။

"နင်ပိုက်ဆံအိတ်လေးတွေပဲ ထိုးရမယ်"

ရာသီသွေးမိစ္ဆာ : "....."

ညွှန်ကြားချက်များပေးပြီးနောက် ကျိုးထောင်ဟွားသည် သူမအခန်းထဲသို့ပြန်ဝင်ကာစာရင်းတွက်ရန် စာရွက်နှင့်စုတ်တံအားထုတ်လိုက်၏။ယခုအခါသူမတွင် ၇‌တေးနှင့်ပြား၁၀၀စုမိနေပြီဖြစ်ပြီး၊ရာသီသွေးမိစ္ဆာနှင့်ချမ်ရှီတို့မှ ကူညီပေးနေကြသဖြင့် လုပ်အားခများစွာသက်သာစေမည်ပင်။ပန်းရံဆရာတစ်ဦး၏လုပ်အားခမှာ တစ်နေ့လျှင်ပြား ၃၀ဖြစ်သည်။ရုတ်တရက် ကျိုးထောင်ဟွားမှာအိမ်ကို ပိုကြီးကြီးဆောက်နိုင်မည်ဟုခံစားလိုက်ရ၏။

ကျိုးမိသားစုတွင်မီးဖိုချောင်အပါအဝင် အခန်း၃ခန်းသာ ရှိသည်။သူမသည် ယခုအရွယ်ရောက်နေပြီဖြစ်သော်လည်း ချမ်ရှီ၊ကျိုးအာ့ရှုတို့နှင့်တစ်ခန်းတည်းအတူနေ,နေရဆဲဖြစ်၏။သူမအတွက် ကိုယ်ပိုင်အခန်းတစ်ခန်းလိုအပ်နေပြီပင်။

သို့သော်လည်း အခန်း၄ခန်းဆောက်လိုလျှင်မြေပိုဝယ်ရမည်ဖြစ်သည်။ကျေးရွာများတွင် ခြံဝင်းကိုကျယ်ကျယ်ထားနိုင်သော်လည်း အိမ်ဆောက်မည့်မြေကိုတော့ရွာသူကြီးထံတွင်သာ စာရင်းသွင်းရမည်ပင်။ခွင့်ပြုချက်မရှိဘဲ မြေ‌နေရာယူဆောက်ခဲ့ပါက အကျဉ်းကျနိုင်သည်။တွက်ချက်ကြည့်ပြီးနောက် ကျိုးထောင်ဟွားသည် မူလ၌ပိုလျှံသည်ဟုထင်ရသော ၇တေးမှာ မလုံလောက်တော့ကြောင်းတွေ့လိုက်ရ၏။

မည်သို့ပင်ဆိုစေကာမူ နည်းလမ်းရှိစမြဲပင်။သူမသည် အမွှေးအိတ်များဆက်ထိုးနေဆဲဖြစ်ပြီး တောင်ခြေရှိဆေးပင်များကိုလည်းရောင်းနိုင်သည်။

မနက်ဖြန်ကျိုးအာ့ရှုပြန်လာသည်နှင့် အခန်း၄ခန်းဆောက်မည့်အကြောင်း ဆွေးနွေးရမည်။ထို့အပြင် ရွာသူကြီးနှင့်အဘိုးရှန်းဖျင်တို့ထံလည်း ဆေးပင်များတူးရန်ကိစ္စကိုသွားပြောရဦးမည်ပင်။သူမကိုယ်တိုင်သာ ချမ်းသာရုံတင်မကဘဲ အခြားသူများကိုပါ ချမ်းသာစေချင်သည်။

ပိုက်ဆံရှိမှသာလူတိုင်းအိမ်ဆောက်နိုင်ပြီး ဆောင်းတွင်းကိုဘေးကင်းကင်းဖြင့်ကျော်ဖြတ်နိုင်ကြမည်မဟုတ်ပါလား။

နောက်တစ်နေ့ဆောင်းလလယ်ပွဲတော်နေ့တွင် ဆင်းရဲနွမ်းပါးလှသောကျိုးကျားရွာလေးမှာ ပုံမှန်ထက်ပို၍စည်ကားသက်ဝင်နေတော့သည်။

အိမ်မှာပင်အမြဲနေလေ့ရှိသော ရွာသူရွာသားများအပြင် မြို့ထဲ၌အလုပ်သွားလုပ်ကြသည့် ရွာသားအချို့လည်း ပွဲတော်ဆင်နွှဲရန်အပြေးအလွှားပြန်ရောက်လာကြသည်လေ။

မနက်စာစားပြီးသည်နှင့် ကျိုးထောင်ဟွားသည် ရွာသူကြီးအိမ်ဘက်သို့ထွက်လာခဲ့သည်။လမ်းတစ်လျှောက်တွင် ရွာသားများမှာ သူမထံပြုံးပြုံးရွှင်ရွှင်ဖြင့်နှုတ်ဆက်လာကြ၏။

"ထောင်ဟွားပါလား မနက်စာစားပြီးပြီလား"

အဘွားယန်တံခါးဖွင့်လိုက်သည်နှင့် ကျိုးထောင်ဟွားအားမြင်လိုက်ရရာ ချိုချိုသာသာဖြင့်မေးလာ၏။

အရင်နှစ်ရက်၌ အဘွားစွင်း၏ရာသီသွေးမိစ္ဆာကို ထောင်ဟွားမှဖမ်းဆီးလိုက်သည့်မြင်ကွင်းကို သူမလည်းမျက်မြင်တွေ့ခဲ့ရသည်လေ။ထောင်ဟွားမှာငယ်ငယ်ရွယ်ရွယ်ဖြင့် ဤမျှစွမ်းဆောင်ရည်ရှိသည်ကို သူမဖြင့်မယုံနိုင်အောင်ဖြစ်နေရသည်။

"အဘွားယန် သမီးစားပြီးပါပြီ၊ရွာသူကြီးအဘိုးအိမ်မှာရှိလား သမီးပြောစရာလေးရှိလို့ပါ"

"ရှိတယ်လေ သူမီးဖိုချောင်ထဲမှာပန်းကန်ဆေးနေတယ်"

အဘွားယန်မှာပြောပြောဆိုဆိုဖြင့် ကျိုးထောင်ဟွားကိုမီးဖိုချောင်ထဲသို့ခေါ်သွားသည်။

ရွာသူကြီးမိသားစုသည်ရွာထဲတွင် အခန်းရှစ်ခန်းပါသောအိမ်ကြီးဖြင့် နေထိုင်နိုင်သည့် မိသားစုအနည်းငယ်ထဲမှတစ်ခုဖြစ်၏။သူ့မိသားစုမှာ လူဦးရေများသော်လည်း အားလုံးသည်စည်းစည်းလုံးလုံးဖြင့်ရည်မှန်းချက်တစ်ခုတည်းအတွက် လက်တွဲလုပ်ကိုင်ကြသူများသာဖြစ်ကြသည်။

အဘွားယန်တွင် သားသုံးယောက်ရှိပြီး သားများနှင့်ချွေးမတို့မှာ မြို့ထဲတွင်အလုပ်လုပ်ကြ၏။

မြေးယောက်ျားလေးများမှာလည်း အရွယ်ရောက်ကုန်ကြပြီဖြစ်ရာ မြို့ထဲတွင်အလုပ်သင်များအဖြစ်ဝင်ရောက်လုပ်ကိုင်နေကြသည်။အချို့မှာ ဝက်သတ်နည်းသင်ကြပြီး၊အချို့ကတော့ လက်သမားတို့ပန်းပဲပညာတို့သင်ယူရင်း မိသားစုအတွက်ငွေရှာပေးကြ၏။သူတို့မြေးမလေးတစ်ယောက်သာလျှင် အဖိုးအဖွားနှစ်ဦးကိုပြုစုရန် အိမ်၌ကျန်ရစ်လေသည်။

ဤမြေးမလေးမှာမျိုးဆက်နှစ်ဆက်အတွင်း သူတို့ရရှိသောတစ်ဦးတည်းသောမိန်းကလေးဖြစ်သဖြင့် မိသားစု၏အသည်းကျော်လေးပင်ဖြစ်၏။

"အဖိုးကြီး ထောင်ဟွားကရှင့်ကိုလာရှာနေတယ်"

အဘွားယန်မှပြောလိုက်ရာ ရွာသူကြီးအဘိုးသည် ကျိုးထောင်ဟွားထံတအံ့တသြဖြင့်ကြည့်လာသည်။

"ထောင်ဟွားစားပြီးပြီလား၊ကြက်ဥတစ်လုံးလောက်စားလိုက်ဦးလေ"

ရွာသူကြီးအဘိုးစကားအဆုံးတွင် ကျိုးရှန့်ယွီသည် စားပွဲပေါ်ရှိပန်းကန်လုံးကြီးထဲမှ ကြက်ဥသုံးလုံးကိုကောက်ယူကာ ကျိုးထောင်ဟွားထံပေးလာသည်။

ကြက်ဥတစ်လုံးမှာ တန်ဖိုးအလွန်ရှိလှ၏။

ကျိုးရှန့်ယွီကဲ့သို့ဖြူစင်သောမိန်းကလေးမျိုးသာလျှင် တစ်စုံတစ်ယောက်ကိုကြက်ဥသုံးလုံးတစ်ခါတည်းပေးရဲပေလိမ့်မည်။

ကျိုးထောင်ဟွား ထိုကြက်ဥများကိုပြန်တွန်းပေးလိုက်သည်။

"အစ်မယွီအာ ညီမနောက်မှစားပါ့မယ်"

"ညီမလေးထောင်ဟွား စားလိုက်နော်"

ကျိုးရှန့်ယွီမှာ ထောင်ဟွားလက်ထဲသို့ ကြက်ဥများအတင်းထည့်ပေးလာ၏။

"ထောင်ဟွား ယူထားလိုက်ပါ၊ကြက်ဥက ကျန်းမာရေးအတွက်ကောင်းတယ်"

ရွာသူကြီးအဘိုးသည်လည်း ဝင်ပြောလာသည်။

ကျိုးထောင်ဟွားလည်းမတတ်သာသည့်အဆုံး ကြက်ဥတစ်လုံးကိုသာလက်ခံလိုက်ရတော့၏။

ရွာသူကြီးမိသားစုသည် သူမအပေါ် အလွန်ကြင်နာလေသည်။ချမ်ရှီအကြွေးသွားဆပ်စဉ်တုန်း၌လည်း သူတို့သည်ကြက်ဥဆယ်လုံးပေးလိုက်သေး၏။

ဤကဲ့သို့စိတ်ကောင်းရှိသော ရွာသားများရှိနေသဖြင့် သူမသည်လည်းဆေးဖက်ဝင်အပင်များတူးမည့်အကြောင်းကို ရွာသူကြီးထံပြောပြချင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူမသည်ခြင်းတောင်းကိုချကာပြောလိုက်၏။

"ရွာသူကြီးအဘိုး တောင်ခြေမှာဝံပုလွေတွေရှိနေရတဲ့အကြောင်းရင်းကို သမီးသိခဲ့ရပြီ၊အဲဒီမှာနောက်ပြောင်တတ်တဲ့နတ်ဆိုးလေးတွေရှိနေလို့ပဲ၊သူတို့က ဝံပုလွေအူသံကိုအတုခိုးမယ်၊ပြီးရင်ဝံပုလွေတွေကိုခေါ်ပြီး လူတွေကိုခြောက်ရတာ သဘောကျနေကြတာ၊မနေ့က သမီးသူတို့ကိုဆုံးမပေးလိုက်ပြီ၊အခုဆို သူတို့ဝံပုလွေတွေကို တောင်ပေါ်ကနေဆင်းလာအောင် ထပ်မခေါ်ရဲကြတော့ဘူး၊ဒါဆိုသမီးတို့လည်း ဆေးဖက်ဝင်အပင်တွေသွားတူးပြီး ပိုက်ဆံရှာလို့ရပြီနော်"

ပြောနေရင်းနှင့်ပင် ကျိုးထောင်ဟွားမှာသူမခြင်းတောင်းထဲမှ ကျောင်းကုလန်ကဲ့သို့သောဆေးပင်များကို ထုတ်ပြလိုက်သည်။

"ရွာသူကြီးအဘိုး ဒါတွေကိုမနေ့ကသမီးတူးပြီး မြို့ထဲကဆေးဆိုင်မှာသွားရောင်းခဲ့တယ်၊အဲဒီမှာဆေးပင်အစိုတွေကိုဝယ်ကြတယ်လေ၊ဈေးနှုန်းကတော့ အမျိုးအစားပေါ်မူတည်ပြီးကွဲသွားတာပေါ့၊နှစ်ပေါင်းတစ်ရာနီးပါးလောက်ထိရွာသားတွေက တောင်ပေါ်မှာဆေးပင်မတူးခဲ့ကြတော့ အခုဆိုအများကြီးရှိနေပြီနော်၊တူးနိုင်ရင်တူးနိုင်သလောက် ပိုက်ဆံရမှာပဲ၊မနေ့ကဆို သမီးခြင်းတစ်ဝက်စာလောက်တူးရုံနဲ့ ပြားတစ်ရာကျော်ရခဲ့တယ်"

ရွာသူကြီးမှာမှင်တက်သွားရသည်။သူသည် ဆေးပင်အားကိုင်ကြည့်ကာ မေးလာ၏။

"ဒါက တစ်ကယ်ဆေးပင်လား"

ကျိုးထောင်ဟွားခေါင်းငြိမ့်ပြလိုက်သည်။ရွာသူကြီးမှ ဆက်မေးလာ၏။

"ဒါတွေကို အဘိုးတို့ရွာရဲ့တောင်ခြေကနေတူးလာတာလား၊ဝံပုလွေတွေကိုလှမ်းခေါ်နေကျအဲဒီအကောင်တွေက တစ်ကယ်ထပ်မခေါ်နိုင်တော့ဘူးပေါ့"

ကျိုးထောင်ဟွားခေါင်းထပ်ငြိမ့်ပြလိုက်သည်။

ရွာသူကြီးသည် အနည်းငယ်စိုးရိမ်နေဆဲ ဖြစ်သော်လည်း ခြင်းတစ်ဝက်စာကိုပြားတစ်ရာကျော်ရသည်ဟူသောအချက်မှာမူ အလွန်ပင်စိတ်လှုပ်ရှားဖွယ်ကောင်းလှ၏။

သူသည်ကျိုးကျားရွာ၏ရွာသူကြီးဖြစ်ရာ ဤရွာကြီးမည်မျှဆင်းရဲသည်ကိုသူ့ထက်ပိုသိသူမရှိပေ။

အကယ်၍ဝံပုလွေများသာတောင်ပေါ်မှ တစ်ကယ်ဆင်းမလာတော့သလို တူးစရာဆေးပင်များလည်းရှိလာမည်ဆိုလျှင် ရွာသားများ၏ဘဝမှာ တိုးတက်လာမည်ဟု သေချာပေါက်သူပြောနိုင်သည်။

ထို့ကြောင့် ရွာသူကြီးသည်မိမိကိုယ်ကို ကာကွယ်ရန် ဓားတစ်လက်ကိုင်၍ ကျိုးထောင်ဟွားနှင့်အတူ တောင်ခြေသို့ လိုက်ပါသွားလေတော့၏။

All Chapters