← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

အဘွားယန်နှင့်ကျိုးရှန့်ယွီတို့မှာ စိုးရိမ်စိတ်မပြေနိုင်သေးသဖြင့် ခပ်လှမ်းလှမ်းမှသာအကဲခတ်ရင်း လိုက်ပါလာကြသည်။ရွာသူကြီးသည် တောင်ခြေတွင်အချိန်အတော်ကြာသည်ထိ ရပ်စောင့်နေပါသော်လည်း ဝံပုလွေတစ်ကောင်မှပေါ်မလာခဲ့ပေ။တောင်တန်းကြီးမှာတိတ်ဆိတ်ငြိမ်သက်နေပြီး အင်းဆက်ပိုးမွှားများနှင့်ကျေးငှက်တို့၏တွန်ကျူးသံအပြင် လေတိုးသံတို့မှအပ ဘာသံမှမကြားရပါချေ။

ရွာသူကြီးမှာ ကျိုးထောင်ဟွားထံကြည့်၍ မေးလိုက်သည်။

"အဘိုးတို့ရွာအတွက် ဒီတောင်ခြေကတစ်ကယ်ဘေးကင်းသွားပြီလား"

ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြကာ

"ရွာသူကြီးအဘိုး ဝံပုလွေတွေကတောင်ထိပ်မှာပဲ ကျက်စားကြတာပါ၊သမီးတို့က တောင်ခြေမှာ ဆေးပင်လေးတွေတူးရုံပဲဆိုတော့ သူတို့ကိုမထိခိုက်စေပါဘူး၊ပြီးတော့ အရင်နှစ်ပေါင်းတစ်ရာပတ်လုံးမှာလဲ လူတွေတောင်ခြေကိုလာတိုင်း နောက်ပြောင်တတ်တဲ့ နတ်ဆိုးလေးတွေက ဝံပုလွေတွေကိုခေါ်ပြီးခြောက်လှန့်တတ်ပေမယ့် ဝံပုလွေတွေကလူကိုကိုက်တဲ့ဖြစ်ရပ်မျိုး တစ်ခါမှမရှိခဲ့ဖူးဘူးလေ၊ဝံပုလွေတွေရွာထဲဝင်ပြီး လူဆွဲတာမျိုးလည်းမရှိခဲ့ဘူး၊အကြောင်းကတော့ ဒီတောင်ကြီးမှာအစာအရင်းအမြစ်တွေပေါများနေတော့ ဝံပုလွေတွေကဗိုက်မဆာကြလို့ပဲ၊အဲ့တော့သူတို့က ဘာလို့လူကိုစားမှာလဲ"

ရွာသူကြီးပြန်စဉ်းစားကြည့်ရာ သူမပြောသည်မှာ အကျိုးအကြောင်း ဆီလျော်လှကြောင်းသိလိုက်၏။နောက်ပြောင်တတ်သောထိုနတ်ဆိုးလေးများကိုလည်း ကျိုးထောင်ဟွားမှဆုံးမထားပြီးဖြစ်သလို တောင်ခြေ၌ဆေးပင်များလည်း တူးပြီးပိုက်ဆံရှာနိုင်ပြီဆိုမှတော့ အဘယ်ကြောင့်မလုပ်ဘဲနေကြမည်နည်း။

ယခင်ကလူတိုင်းချဉ်းကပ်ရန်ကြောက်ရွံ့ခဲ့ရသောတောင်ခြေသည် ယခုအခါတွင်တော့လူတိုင်းအတွက် ရတနာသိုက်ကြီး ဖြစ်လာခဲ့ပြီပင်။

"ထောင်ဟွား ကျေးဇူးအများကြီးတင်ပါတယ်ကွယ်၊ဆေးဖက်ဝင်အပင်တွေ ဘယ်လိုတူးရမလဲဆိုတာ ရွာသားတွေကိုသင်ပေးဖို့ အဘိုးရှန်းဖျင်နဲ့သွားတိုင်ပင်လိုက်ဦးမယ်၊မြေးရဲ့ကျေးဇူးကြောင့် ရွာသူရွာသားတွေအတွက်အပိုဝင်ငွေရဖို့လမ်းစရသွားပြီ"

ရွာသူကြီးမှ သူမအားအထင်ကြီးလေးစားသောမျက်ဝန်းများဖြင့် ကျေးဇူးတင်စကားဆိုလာသည်။

သူမသည် ကျိုးကျားရွာ၏က‌လေးတစ်ဦးဖြစ်ကာ ရွာ၏အကျိုးကိုအစဉ်အမြဲ ရှေ့တန်းတင်စဉ်းစားပေးတတ်သူလည်းဖြစ်နေသည်။

ကျိုးထောင်ဟွားမှဆက်ပြောလာ၏။

"ဒီနေ့ကစပြီး လူတိုင်းတောင်ခြေမှာထင်းလာခုတ်လို့ရပါပြီ၊ကောက်ရိုးတွေကိုပဲ မီးရှို့နေရတာမီးအားကသိပ်မကောင်းဘူးလေ"

ရွာသူကြီးမှာပြုံး၍သဘောတူလိုက်သည်။ဟုတ်သည်လေ ထမင်းတစ်နပ်ချက်ရန် ကောက်ရိုးအပုံလိုက်လိုအပ်သည်မဟုတ်ပါလား။

ဤအကြိမ်တွင်တော့ ထောင်ဟွားမှာရွာအတွက် အဓိကပြဿနာကြီးနှစ်ခုကို တစ်ပြိုင်တည်းဖြေရှင်းပေးလိုက်ခြင်းပင်။

သူတို့နှစ်ဦးသည် ကျိုးရှန်းဖျင်အိမ်သို့ ချက်ချင်းသွားလိုက်ကြသည်။ဤကိစ္စအားစောစောအတည်ပြုနိုင်လေ ရွာသားများ ငွေစောစောရှာနိုင်လေပင်။ခြင်းတောင်းတစ်ဝက်စာကို ပြား၁၆၀ရခဲ့သည်ဟု ခုနလေးတင် ထောင်ဟွားပြောခဲ့သည်မဟုတ်ပါလား။

အကယ်၍မိသားစုတစ်ခုလုံးသာ တစ်နေကုန်ဝိုင်းလုပ်ကြမည်ဆိုလျှင် အိမ်ထောင်စုတိုင်း မည်မျှဝင်ငွေရမည်ဆိုသည်မှာ မယုံနိုင်စရာပင်။တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ကလည်း ဆောင်းလလယ်ပွဲတော် ဖြစ်သဖြင့် မြို့ထဲမှအလုပ်သမားများလည်း အကုန်ပြန်ရောက်နေကြသည်။တိုင်ပင်ပြီးသည်နှင့် ဤသတင်းကောင်းအား တစ်ရွာလုံးထံကြေညာတော့ပေမည်။

"ဘယ်လို အခုတောင်ခြေကိုသွားလို့ရပြီ ဟုတ်လား"

ကျိုးရှန်းဖျင်သည် သတင်းကိုကြားသည်နှင့် အလွန်အမင်းစိတ်လှုပ်ရှားသွားတော့သည်။တောင်ခြေရှိဆေးပင်များအားမြင်ရရန် သူမည်မျှတောင့်တခဲ့ရသည်ကို ကောင်းကင်ကြီးကသာသိပေလိမ့်မည်။သူသည်ဆေးပင်များကိုခွဲခြားတတ်ပြီး ထိုသည်တို့အားလိုအပ်သော်လည်း ဝံပုလွေများကိုကြောက်သဖြင့် တောင်ခြေသို့မချဉ်းကပ်ရဲခဲ့ပေ။ထို့ကြောင့် သူကိုယ်တိုင်ဆေးဖော်ရန်အတွက် မြို့ထဲထိသွားကာဆေးပင်များ ဝယ်ယူနေခဲ့ရခြင်းဖြစ်သည်။

"ဟုတ်တယ် ရှန်းဖျင်၊ငါတို့ခု‌လေးတင်သွားလာခဲ့တာ၊အဲဒီမှာတော်တော်ကြာတဲ့ထိရပ်နေတာတောင် ဝံပုလွေတွေဆင်းမလာဘူး၊ပြီးတော့ ထောင်ဟွားပြောတာ အရင်ကဝံပုလွေတွေကိုခေါ်နေကျ နောက်ပြောင်တတ်တဲ့နတ်ဆိုးလေးတွေကို သူမကဆုံးမထားပြီးပြီတဲ့၊အခုကစပြီး ဝံပုလွေတွေလွယ်လွယ်နဲ့ဆင်းမလာတော့ဘူး"

ကျိုးရှန်းဖျင်သည် ဝမ်းသာအားရဖြင့် လက်သီးတင်းတင်းဆုပ်လိုက်သည်။တစ်ကယ်ကို သတင်းကောင်းပဲ။သူပြောလိုက်၏။

"အချိန်ဆွဲမနေတော့ဘူး အခုပဲရွာသားတွေဆီအသိပေးလိုက်ကြရအောင်၊ဒီနေ့နေ့လည်ကျရင် ငါ့အိမ်ကိုလာပြီးဆေးပင်တွေ ဘယ်လိုခွဲခြားရမလဲဆိုတာ သင်ခိုင်းလိုက်၊မနက်ဖြန်ကျရင် သူတို့ငွေစရှာနိုင်ကြပြီ"

ဆေးပင်ခွဲခြားနည်းသင်ပေးရန်အတွက် ကျိုးရှန်းဖျင်ပြင်ဆင်စရာအချို့ရှိသေးသည်။တစ်ခါတည်းနှင့်အများကြီးမသင်ပေးနိုင်သဖြင့် တစ်နေ့လျှင်ဆေးပင်နှစ်မျိုးစီသာသင်ပေးရန် စီစဉ်လိုက်၏။

သူတို့သုံးဦးသားဆွေးနွေးပြီးနောက် ရွာသူကြီးနှင့်ကျိုးရှန်းဖျင်တို့သည် လုပ်ဆောင်စရာရှိသည်များကို ခွဲလုပ်လိုက်ကြသည်။

ထိုစဉ် ရုတ်တရက်ရွာထဲမှနေရန်ဖြစ်သံတစ်သံထွက်ပေါ်လာ၏။

ကျိုးထောင်ဟွားမျက်ခုံးများလှုပ်သွားရသည်။ထိုအသံမှာ သူမအိမ်ဘက်မှထွက်ပေါ်လာခြင်းဖြစ်ပုံရ၏။ကျိုးထောင်ဟွား အိမ်သို့အမြန်ပြေးသွားရာ ရွာသူကြီးနှင့်ကျိုးရှန်းဖျင်တို့လည်း နောက်မှလိုက်ပါလာကြသည်။

...........

ယနေ့မနက်မှာပင် ကျိုးအာ့ရှုတစ်ယောက် ကျိယွီ(ငါး)နှစ်ကောင်နှင့်အသားနှစ်ပိုင်းဆွဲကာ အိမ်ပြန်ရောက်လာသည်။ကျိုးထောင်ဟွားမှာ ကျိယွီငါးအားကြိုက်သည်ကို သူသိနေသည်လေ။

ကျိုးအာ့ရှုတစ်ယောက်အသားများသယ်လာသည်ကိုမြင်သောအခါ ချမ်ရှီဆူလိုက်သည်။

"ဘာလို့အသားတွေ ထပ်ဝယ်လာတာလဲ၊မနေ့ကပဲထောင်ဟွားနဲ့ကျွန်မ ဝက်ဗိုက်သားနဲ့ဝက်နံရိုးတွေဝယ်ထားပြီးပြီကို"

"ရပါတယ် အကုန်ချက်စားကြတာပေါ့၊ပွဲတော်ရက်ပဲကို များများစားရလဲကိစ္စမရှိပါဘူး၊ကိုယ်တို့အိမ်မှာစားဖို့တစ်တွဲနဲ့ ကျန်တဲ့အသားတစ်တွဲကိုတော့ ခဏနေရင်အမေတို့ဆီ သွားပေးလိုက်ဦးမယ်"

ကျိုးအာ့ရှုမှာထိုသို့ပြောရင်း အလုပ်ရှင်ဆီမှရလာသော သူ့လုပ်အားခကို ထုတ်ပေးလိုက်သည်။

ကျိုးအာ့ရှုမှာမိဘအပေါ်သိတတ်သူဖြစ်မှန်း ချမ်ရှီသိထားပြီးဖြစ်၍ အဘိုးကျိုးနှင့်အဘွားစွင်းတို့ထံ သွားရောက်ပြုစုသည်ကို သူမ,မတားမြစ်ခဲ့ပေ။သူ့လုပ်အားခများကိုသာ အိမ်သို့ပုံမှန်ပြန်ယူလာပေးလျှင်ပင် သူမအတွက်လုံလောက်လှပြီပင်။

"ဟုတ်ပါပြီ သွားမှာဖြင့်လဲမြန်မြန်သွား မြန်မြန်ပြန်လာခဲ့ချည်၊ရှင်ပြန်လာရင် ပြောစရာတွေအများကြီးရှိသေးတယ်"

မကြာသေးမီမှာပင် အိမ်၌အပြောင်းအလဲများစွာရှိခဲ့သည်။သူတို့အကြွေးများအားဆပ်ပြီးရုံတင်မကဘဲ အိမ်သစ်ဆောက်ရန်အတွက် ခုနစ်တေးကျော်စုမိနေပြီဆိုသည်ကို ကျိုးအာ့ရှုတစ်ယောက်မသိသေးပေ။

ကျိုးအာ့ရှုမှာအသားတစ်တွဲကိုကိုင်၍ ကျိုးအိမ်ဟောင်းသို့သွားရန်ပြင်လိုက်စဉ်မှာပင် ခြံဝင်းတံခါးအပြင်ဘက်မှနေဆူညံသံများထွက်ပေါ်လာတော့သည်။

အဘွားစွင်း၏ယူကျုံးမရဖြစ်နေသည့်ငိုသံကြီးနှင့်အတူအော်ဟစ်သံကိုပါ သူကြားလိုက်ရ၏။

"အာ့ရှု အာရှုရေ နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီလား"

ကျိုးအာ့ရှုအလွန်အံ့ဩသွားရသည်။သူ့မိခင်သည် သူ့အိမ်သို့တစ်ခါမှလာလေ့မရှိပေသိ ယနေ့မှသာအဘယ်ကြောင့်ရောက်လာရပါသနည်း။

သူတံခါးဖွင့်လိုက်သည်နှင့် အဘွားစွင်းသည် သူ့အပေါ်သို့ပစ်လှဲချကာငိုချင်းချတော့သည်။

"အာ့ရှုရေ မင်းသာပြန်မလာသေးရင် ငါတော့မင်းမြေခွေးမ(မိန်းမ)ရဲ့နှိပ်စက်တာခံရလို့သေမှာပဲ"

အဘွားစွင်းသည် ချမ်ရှီအားမြေခွေးမဟု အမြဲခေါ်လေ့ရှိသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်သဖြင့် ကျိုးအာ့ရှုလည်းနားယဉ်နေပြီဖြစ်သည်။သို့သော် ချမ်ရှီမှသူ့မိခင်ကို နှိပ်စက်လိမ့်မည်ဆိုသည်ကိုတော့ သူမယုံကြည်ပေ။

“အမေ......အထင်လွဲတာတစ်ခုခုရှိနေတာဖြစ်ပါလိမ့်မယ်၊သူမကအမေ့ကို နှိပ်စက်မယ့်သူမဟုတ်ပါဘူး”

ကျိုးအာ့ရှုမှပြန်ပြောလိုက်သည်။ထိုအခါ ကျိုးစန်းရှီမှာ ပြန်ချေပလာ၏။

“မဖြစ်နိုင်စရာဘာရှိလဲ၊အမေ့ကိုနှိပ်စက်ရုံတင်မကဘူး ကျွန်တော်တို့ကိုပါနှိပ်စက်နေတာ၊သေးခွက်ကြီးနဲ့ကျွန်တော်တို့ကို ခြံထဲအနှံ့လိုက်ရိုက်တာလေ၊ပြီးတော့ ဟိုခွေးစုတ်မလေးထောင်ဟွားကလဲ ကျွန်တော်တို့ဆီကနေ ၁၂တေးတောင် လိမ်ယူထားသေးတယ်၊ဒုတိယအစ်ကို အခုအစ်ကိုပြန်ရောက်ပြီဆိုတော့ အစ်ကိုကဒီအိမ်ရဲ့အိမ်ထောင်ဦးစီးပဲလေ၊ထောင်ဟွားကို အဲ့ပိုက်ဆံတွေပြန်ပေးခိုင်းပြီးတော့ အစ်ကို့မိန်းမကိုလည်း အမေ့ရှေ့မှာဒူးထောက်တောင်းပန်ခိုင်းလိုက်ပါ”

အစပိုင်းတွင် ကျိုးစန်းရှီစကားများကို ကျိုးအာ့ရှုမှာ အဓိပ္ပာယ်မရှိဟုတွေးထားသော်လည်း ချမ်ရှီအားအဘွားစွင်းရှေ့တွင် ဒူးထောက်တောင်းပန်ခိုင်းရမည်ဟူသော စကားကိုကြားလိုက်ချိန်မှာတော့သူ့မျက်နှာမှာတည်တင်းသွားတော့သည်။

ကျိုးစန်းရှီသည် ဒုတိယအစ်ကို၏မျက်နှာပျက်သွားသည်ကို ချက်ချင်းသတိထားမိလိုက်ပြီး အနည်းငယ်စိုးရိမ်သွား၏။သူ့ဒုတိယအစ်ကိုသည် ပုံမှန်အားဖြင့်ရိုးသားအေးဆေးသူဖြစ်သော်လည်း တစ်ခါတစ်ရံတွင်မူအလွန်ခေါင်းမာလှပြီး မလျှော့ပေးတတ်သူဖြစ်သည်။

သူ့အထင် မှန်ပေ၏။နောက်တစ်ခဏတွင် ကျိုးအာ့ရှုမှသူ့အားပြောလာသည်။

“တတိယညီ မင်းမရီးကဘာအမှားမှမလုပ်ဘဲနဲ့ ဘာလို့အမေ့ကိုဒူးထောက်တောင်းပန်ရမှာလဲ”

ချမ်ရှီသည် ခြံပြင်မှအဘွားစွင်း၏အော်ဟစ်ငိုယိုသံကို ကြားနေရသည်။ပွဲတော်ရက်ဖြစ်သဖြင့် ရန်မဖြစ်ချင်သောကြောင့်သာ အပြင်သို့မထွက်ဘဲ အိမ်ထဲ၌နေ,နေခဲ့ခြင်းဖြစ်၏။သို့သော် ကျိုးအာ့ရှုမှ သူမအားယုံကြည်ပေးသည်ကိုကြားလိုက်ရသည့်အခါ အလွန်ဝမ်းသာသွားရသည်။

ကျိုးအာ့ရှုမှာ အဘွားစွင်းတို့လောက်စကားပြောမတတ်မှန်း သူမသိနေသဖြင့် အင်္ကျီလက်အားလိပ်တင်ကာ အပြင်သို့ထွက်လာခဲ့တော့၏။

ဝမ့်ရှီမှာမူ ဆယ့်နှစ်တေးအတွက်ပူပန်နေသောကြောင့် မျက်ရည်စမ်းတမ်းဖြင့်ပြောလာသည်။

"ဒုတိယအစ်ကို ယောင်းမကဘာမှမမှားဘူးလို့ပြောရဲသေးတယ်နော်၊အမေ့ကို သေးခွက်နဲ့လိုက်ရိုက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေပြောလို့ အမေ့မှာဖျားတောင်ဖျားသွားရတယ်၊ထောင်ဟွားကလဲ ဒါကိုအခွင့်ကောင်းယူပြီး အမေ့ဆီကနေ ဆယ့်နှစ်‌တေးတောင်လိမ်ယူသွားတယ်လေ၊တမြန်နေ့ကယူသွားတဲ့ ၁၀တေးနဲ့ပေါင်းလိုက်ရင် စုစုပေါင်း၁၂တေးတောင်ရှိနေပြီ၊ဒုတိယအစ်ကိုလဲသိတဲ့အတိုင်းပဲ အိမ်ဟောင်းမှာ ရှောင်ဖုန်းနဲ့ရှောင်ယွီတို့က မင်္ဂလာဆောင်တော့မှာဆိုတော့ တင်တောင်းပိုက်ဆံစုနေရတယ်လေ၊ရှောင်လဲ့ကလဲကျောင်းစတက်တော့မှာဆိုတော့ ကျောင်းလခတွေလိုသေးတယ်၊ထောင်ဟွားက၁၂တေးတောင်လိမ်ယူသွားမှတော့ အိမ်ဟောင်းကလူတွေဘယ်လိုလုပ်စားရတော့မှာလဲ"

ချမ်ရှီမှာဝမ့်ရှီထံလက်ညှိုးငေါက်ငေါက်ထိုး၍အော်လိုက်သည်။

"ယောင်းမ နင်ဘာတွေလျှောက်ပြောနေတာလဲ၊ငါတို့ကပဲ လိမ်စားတယ်ပေါ့လေ၊အမေကိုယ်တိုင်ကြည်ကြည်ဖြူဖြူ ပေးခဲ့တာကို လူတွေအများကြီးမြင်ကြတာပဲ၊ပြောရမယ်ဆိုရင် အဲ့ဒီ၁၂တေးတင်မကဘူးနော် အမေကထောင်ဟွားကို နောက်ထပ်၁၈တေးတောင်ပေးဖို့ကျန်သေးတယ်၊စာချုပ်စာတမ်းတွေလဲအကုန်ရှိထားပြီးသားနော်၊အမေကဘာလို့ထောင်ဟွားကို၁၂တေးပေးခဲ့ရတာလဲဆိုတာကို နင်တို့မသိကြဘူးလား၊ဘာလို့အခုမှလာပြီး ဇယားရှုပ်နေကြတာလဲ"

ချမ်ရှီသည် မည်သည့်အခါကမှအနိုင်ကျင့်ခံမည့်သူမျိုးမဟုတ်ပေ။ယောက္ခမဖြစ်သူအဘွားစွင်းအပေါ်တွင် အနည်းငယ်ငဲ့ညှာကောင်းငဲ့ညှာနိုင်သော်လည်း ယောင်းမဖြစ်သူဝမ့်ရှီကိုတော့ အလျှော့ပေးပြီးမျက်နှာသာပေးနေမည်မဟုတ်ချေ။

ချမ်ရှီ၏ပြင်းထန်သောတုံ့ပြန်မှုကြောင့် ဝမ့်ရှီမှာဆွံ့အသွားရသည်။အဘွားစွင်းမှာမူ ဒေါသတကြီးဖြင့်အော်ဟစ်တော့၏။

"ပိုက်ဆံကိုဘယ်လိုပေးရတယ်ပြောပြော ဒီမြေခွေးမကငါ့ခေါင်းကိုသေးခွက်နဲ့စွပ်ဖို့ကြံနေတာအမှန်ပဲလေ၊ပြီးတော့ ငါ့ကိုလဲစော်ကားမော်ကားတွေပြောသေးတယ်၊အာ့ရှု မင်းဒီနေ့မင်းအမေအတွက် လက်စားချေပေးရမယ်နော်၊ဒီမြေခွေးမကို သေအောင်ရိုက်သတ်ပစ်လိုက်စမ်းပါ"

All Chapters