← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

ကျိုးအာ့ရှုမှာ တစ်ဖက်တွင်သူ့မိခင်၊အခြားတစ်ဖက်တွင် သူ့ဇနီးဖြစ်နေသဖြင့် အတော်လေးအခက်တွေ့သွားရရာ အကြောင်သားရပ်နေမိတော့သည်။

"အာ့ရှု မင်းကငါ့ဗိုက်ထဲကနေထွက်လာတာနော်၊ငါ့ခြေငါ့လက်နဲ့ မင်းကိုပြုစုပျိုးထောင်ခဲ့ရတာ၊မင်းကငါ့သွေးကို သောက်ပြီး ကြီးပြင်းလာခဲ့တဲ့သူပဲ၊ဒီမြေခွေးမကြောင့်နဲ့ မိသားစုခွဲထွက်သွားတာကို ငါအပြစ်မတင်တော့ပါဘူး၊အခုကိစ္စကလဲ မင်းကိုဒီမြေခွေးမနဲ့ကွာရှင်းဖို့ ပြောနေတာမဟုတ်ဘူး‌လေ၊မင်းလုပ်ရမှာက သူမပါးစပ်ပိတ်သွားအောင် ပါးကိုဆယ်ချက်လောက်ရိုက်ပေးလိုက်ရုံပဲ"

အဘွားစွင်းမှာမျက်ဝန်းများထဲတွင် အောင်နိုင်သူအသွင်အငွေ့အသက်များဖြင့်ပြောလိုက်သည်။

ဒီနေ့တော့ဤမြေခွေးမအား သင်ခန်းစာပေးကိုပေးရမည်ပင်။သူမဗိုက်ထဲမှထွက်လာသည့် ကျိုးအာ့ရှုမှာ ဤမျှလောက်ကိစ္စလေးအတွက်နှင့် သူမစကားကိုနားမထောင်ဘဲနေမည်မဟုတ်ပေ။

ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့သည်လည်း ချမ်ရှီပါးရိုက်ခံရမည့်မြင်ကွင်းကို အသက်အောင့်ပြီးစောင့်ကြည့်နေကြသည်။သို့သော်ထင်မထားသည်မှာ ကျိုးအာ့ရှုသည် မလှုပ်မယှက်ရပ်နေရာမှ ချမ်ရှီအားမေးလိုက်၏။

"ထောင်ဟွားအမေ မင်းမှာဒီလိုလုပ်ရတဲ့ အကြောင်းရင်းတစ်ခုခု ရှိလိမ့်မယ်လို့ကိုယ်ယုံကြည်တယ်"

သူ့စကားအားကြားလိုက်ရသည့်အခါ ချမ်ရှီတစ်ယောက်နှာစေးသွားရပြီး မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာတော့သည်။သူမသည် ကျိုးအာ့ရှုရင်ခွင်ထဲသို့ပစ်ဝင်ကာ ရှိုက်ကြီးတငင်ငိုကြွေးရင်း နီမြန်းနေသောမျက်ဝန်းအစုံဖြင့်မေးလာ၏။

"ကျွန်မတို့တွေအဝေးရောက်နေတုန်းမှာ သူတို့ကထောင်ဟွားကို လီယွမ်ဝေဆီကံကောင်းခြင်းအဆောင်အနေနဲ့ ကိုးယောက်မြောက်ကိုယ်လုပ်တော်လုပ်ဖို့ဆိုပြီး ရောင်းစားဖို့လုပ်‌နေကြတာလေ၊ထောင်ဟွားကငြင်းတော့ သူမကိုသုံးရက်တောင်အငတ်ထားခဲ့ကြတယ်တဲ့၊တစ်ကယ်လို့ထောင်ဟွားသာ ပါးနပ်မှုမရှိဘဲအပြင်ထွက်ပြီးအကူအညီမတောင်းနိုင်ခဲ့ဘူးဆိုရင် အခုဆိုသူမက.......ဒီလိုအဖွား၊ဒီလိုဦးလေးနဲ့အဒေါ်တွေကို မိခင်တစ်ယောက်အနေနဲ့ကျွန်မသမီးအတွက် ကျွန်မကမရပ်တည်ပေးနိုင်ရတော့ဘူးလား"

သူမသာတတ်နိုင်ပါလျှင် သူတို့ကိုအဝီစိထိပို့ပစ်ချင်မိသည်။

"အမေ တတိယညီ ခယ်မလေး၊ထောင်ဟွားအမေပြောတာတွေက တစ်ကယ်ပဲလား"

ကျိုးအာ့ရှုမှာ လေသံမာမာဖြင့်ဒေါသတကြီးမေးလိုက်သည်။

အဘွားစွင်းရင်ထဲတုန်ယင်သွားရပြီး အမြန်ဆင်ခြေပေးတော့၏။

"တစ်ကယ်ပါပဲ ဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ၊အဲ့လိုကိစ္စမျိုးတွေ ဘာမှမဖြစ်ခဲ့ဖူးပါဘူး"

ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့သည်လည်း ကျိုးအာ့ရှု၏မှုန်မှိုင်းနေသောမျက်နှာအားမြင်သောအခါ အနည်းငယ်ကြောက်လန့်သွားကြသည်။သူတို့လည်းပြိုင်တူပင် ငြင်းဆန်လိုက်ကြ၏။

"ဟုတ်တယ် ကျွန်တော်တို့တွေဘာမှမလုပ်ခဲ့ဘူး၊ဒုတိယအစ်ကို သူမရဲ့‌အဓိပ္ပာယ်မရှိတဲ့စကားတွေကိုနားမယောင်ပါနဲ့"

"စွင်းရှီ ကျိုးစန်းရှီ ဝမ်ရှီ မင်းတို့ကိုယ်တိုင်လုပ်ခဲ့တာကို အခုမှဖင်ပိတ်ငြင်းနေကြတာလား"

ရွာသူကြီးအသံသည် သူတို့နောက်မှနေရုတ်ချည်းထွက်လာသဖြင့် သုံးယောက်လုံးထိတ်လန့်သွားကြသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွာသူကြီးသည်သူတို့ရှေ့သို့ရောက်လာ၏။သူသည်ဖြစ်ပျက်သမျှ အားလုံးကိုသိထားပြီးဖြစ်သဖြင့် ထိုသုံးယောက်မှာ ချက်ချင်းပင်အပြစ်ရှိသလို ခံစားလိုက်ရသည်။

ဤသည်အားမြင်လိုက်ရသည့်အခါ ကျိုးအာ့ရှုသည်ချမ်ရှီပြောသမျှမှာအမှန်ဖြစ်ကြောင်း သိသွားတော့၏။အိမ်ဟောင်းသို့ပို့ရန် သူယူလာခဲ့သောအသားတွဲကိုတင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည်။

"အမေ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ၊ထောင်ဟွားကိုနောက်တစ်ခါ အနိုင်ထပ်ကျင့်ဦးမယ်ဆိုရင်တော့ သားတစ်ယောက်အနေနဲ့မရိုသေဘူးဆိုပြီး အပြစ်မတင်ပါနဲ့တော့၊ပြီးတော့ ဟုန်ယန့်ကိုလဲ မြေခွေးမလို့ခေါ်နေတာရပ်လိုက်ပါ၊သူမက ကျွန်တော့်ရဲ့ဇနီး သူမမှာနာမည်ရှိတယ်၊ကျွန်တော်တို့ဒုတိယမိသားစု အိမ်ဟောင်းကနေခွဲထွက်တုန်းကလဲ တစ်ဦးနဲ့တစ်ဦးမနှောက်ယှက်ဖို့သဘောတူထားပြီးသားပဲလေ၊မိသားစုခွဲဝေမှုစာချုပ်ပါ အချက်အလက်တွေကို လိုက်နာပေးကြပါဦး၊ကျွန်တော်တို့ကိစ္စတွေမှာ ဝင်မပါကြပါနဲ့တော့၊ပွဲတော်ရက်တွေမှာလဲ ကျွန်တော်နောက်ထပ်လာတွေ့မှာမဟုတ်တော့ဘူး၊အမေ ထောင်ဟွားနဲ့ရှင်းရမယ့်အကြွေးစာချုပ်အတိုင်း ၁၈တေးကိုလဲအမြန်ဆုံးပြန်ပေးလိုက်ပါ"

အဘွားစွင်းသည် ဒေါသကြောင့်တုန်ယင်နေတော့သည်။ကျိုးအာ့ရှုမှာသူမအား ဤသို့ပြောရဲနေသည်ပေါ့။

ထိုစကားပြောပြီးနောက် ကျိုးအာ့ရှုသည် အသားတွဲကို ချမ်ရှီထံကမ်းပေးကာ မီးဖိုချောင်တွင်ပြန်ချိတ်ထားရန်ပြောလိုက်သည်။သူ့မိခင်မှ သူ့သမီးနှင့်ဇနီးကို ဤမျှဆိုးရွားစွာဆက်ဆံထားမှတော့ အဘယ်ကြောင့်အသားများထပ်ပို့နေရဦးမည်နည်း။ဤအသားများရရန် သူ့ခမျာနှစ်ရက်တိုင်တိုင်ပင်ပင်ပန်းပန်းအလုပ်,လုပ်ခဲ့ရသည်မဟုတ်ပါလား။

"ဒုတိယအစ်ကို အစ်ကိုဘာလုပ်နေတာလဲ၊အမေ့အတွက် ဆောင်းလလယ်ပွဲတော်ကျ လက်ဆောင်ပေးမယ်ပြောမထားဘူးလား"

ကျိုးစန်းရှီသည် ကျိုးအာ့ရှုမှအသားတွဲအား ပြန်ယူသွားသည်ကိုမြင်သောအခါ အတင်းလှမ်းလုလိုက်သော်လည်း ကျိုးအာ့ရှုမှာသူ့ကိုယ်လုံးဖြင့် ကာထားလိုက်သည်။

ကျိုးအာ့ရှုသည် တစ်နှစ်ပတ်လုံးပင်ပင်ပန်းပန်းလုပ်ကိုင်လာသူဖြစ်သဖြင့် ကြွက်သားများဖြင့်သန်မာလှ၏။အဘွားစွင်း၏အလိုလိုက်ခြင်းကိုခံလာရပြီး အပင်ပန်းမခံဖူးသောကျိုးစန်းရှီနှင့်လုံးဝမတူပေ။သူသည် ကျိုးအာ့ရှုကိုမည်သို့ယှဉ်နိုင်ပါမည်နည်း။

"လက်ဆောင်တွေကိုနောက်ဘယ်တော့မှမပေးတော့ဘူး၊အခုကစပြီး ငါ့သမီးကိုဖြစ်ဖြစ် ငါ့မိန်းမကိုဖြစ်ဖြစ် အနိုင်ကျင့်ဖို့ကြံစည်တဲ့သူမှန်သမျှကို ငါကျိုးအာ့ရှုက ထိုက်တန်တဲ့အဖိုးအခပြန်ပေးခိုင်းမယ်၊အဲ့လူက ငါ့အမေဖြစ်နေရင်တောင်မှပဲ"

ကျိုးအာ့ရှုမှာ ပြတ်ပြတ်သားသားပြောလိုက်သည်။

"ကောင်းတယ် ကောင်းတယ် မင်းကကြီးလာပြီဆိုတော့ အမေကိုတောင်မလိုတော့ဘူးပေါ့လေ၊မင်းလိုမသိတတ်တဲ့သားမျိုးကို ငါပြုစုပျိုးထောင်ခဲ့ရတာအလကားပဲ"

"မင်းသာဒီလိုဖြစ်လာမယ်မှန်းကြိုသိခဲ့ရင် မွေးလာကတည်းက သေးခွက်ထဲနှစ်သတ်လိုက်ပါတယ်၊အဲ့လိုဆိုရင် ငါ့ကိုဒုက္ခပေးဖို့ အရွယ်ရောက်လာမှာမဟုတ်တော့ဘူး"

အဘွားစွင်းသည် ကျိုးအာ့ရှုသဘောထားမှာ ဤမျှထိပြတ်သားမာကြောလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။သူသည်သူမနှင့်အဆက်အသွယ်လုံးဝဖြတ်တောက်ချင်နေရုံတင်မကဘဲ ပွဲတော်ရက် လက်ဆောင်ပစ္စည်းများပင် ထပ်မပေးတော့ဟုပြောလာ၏။အဘွားစွင်းမှာ အမျက်ချောင်းချောင်းထွက်သွားတော့သည်။

မူလ၌သူမသည်ဆောင်းလလယ်ပွဲတော်ကိုအကြောင်းပြပြီး ကျိုးအာ့ရှုဆီမှပိုက်ဆံထပ်တောင်းရန် ကြံစည်ထားခြင်းပင်။

ရွာသူကြီးသည် အဘွားစွင်းထံကြည့်ကာ မျက်မှောင်ကြုံ့လျက် ဆူပူလိုက်သည်။

"စွင်းရှီ ပြဿနာရှာနေတာတွေကိုရပ်လိုက်စမ်း၊မင်းနဲ့စန်းရှီတို့က ထောင်ဟွားအပေါ် အဲ့လောက်ဒုက္ခပေးခဲ့တာတောင် ထောင်ဟွားကအငြိုးမထားဘဲ ကယ်တင်ပေးခဲ့သေးတာပဲမလား၊ဒီလိုမြေးလိမ္မာမျိုးကိုတန်ဖိုးမထားဘဲ နေ့တိုင်းလာပြီးပြဿနာရှာနေသေးတယ်ပေါ့လေ၊အခုလဲထောင်ဟွားကရွာတောင်ခြေက အနှောက်အယှက်ပေးနေတဲ့ နတ်ဆိုးလေးတွေကိုဆုံးမလိုက်လို့ လူတိုင်းတောင်ခြေသွားရင် ဝံပုလွေတွေနဲ့မကြုံရတော့ဘူး၊ဒါတင်မကသေးဘူး‌နော်၊သူမက ဆေးဖက်ဝင်အပင်တွေတူးရောင်းပြီး လူတိုင်းချမ်းသာနိုင်မယ့်လမ်းစကိုပါ ရှာဖွေပေးခဲ့သေးတယ်၊တစ်ကယ်တော့ဒီနေ့နေ့လယ်မှာ ရှန်းဖျင်အိမ်ကိုသွားပြီး ဆေးပင်ခွဲခြားနည်းသင်ကြဖို့ လူတိုင်းကိုတစ်အိမ်တက်ဆင်း အသိပေးမလို့ပဲ၊မနက်ဖြန်ကျရင် အားလုံးအတူတူဆေးပင်တူးပြီး ငွေရှာနိုင်ကြတော့မှာလေ၊အခုတော့ ကျိုးအိမ်ဟောင်းကလူတွေကို အဲ့အဖွဲ့ထဲကနေဖယ်ထုတ်လိုက်ပြီ၊ဆေးပင်ခွဲခြားနည်းသင်ခွင့်မရှိတော့ဘူး"

ရွာသူကြီးစကားအဆုံးတွင် ကျိုးရှန်းဖျင်လည်း ဝင်ရောက်ထောက်ခံလာသည်။

"ဟုတ်တယ် ရွာသူကြီးပြောတာအမှန်ပဲ၊မင်းတို့ကျိုးအိမ်ဟောင်းကလူတွေကို ငါ လုံးဝသင်မပေးနိုင်ဘူး"

ရန်ပွဲကိုလာကြည့်နေသော ရွာသားများသည်ရွာသူကြီး၏အသိပေးချက်ကို ချက်ချင်းသိလိုက်ရသူများဖြစ်သွားကြသည်။ရွာသားများမှာ ချီးကျူးလာကြ၏။

"ထောင်ဟွားက သိပ်လိမ္မာတာပဲ၊အမြဲတမ်းလူတိုင်းအတွက်လဲ စဉ်းစားပေးတယ်"

"ငါတို့ရွာရဲ့စိုက်ပျိုးရေးကသိပ်မကောင်းတော့ အခုလိုဆေးပင်ရောင်းရမယ်ဆိုရင် လူတိုင်းအတွက်လဲအပိုဝင်ငွေရတာပေါ့"

"ငါတို့ရွာနားကတောင်ခြေကို လူမရောက်တာနှစ်တစ်ရာနီးပါးရှိပြီဆိုတော့ ဆေးပင်တွေအများကြီးရှိနေမှာသေချာတယ်"

သူတို့မှာပြောလေလေ ပိုပြီးစိတ်လှုပ်ရှားလာလေလေဖြစ်ကာ ပိုက်ဆံများရလာသကဲ့သို့ပင်ခံစားနေရသည်။

အဘွားစွင်းသည် ကျိုးမိသားစုကိုဆေးပင်ခွဲခြားနည်းမသင်ပေးတော့ဘူးဟု ပြောသည်ကိုကြားလိုက်ရသည့်အခါ ပျာယာခတ်သွားတော့၏။ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

တောင်ပေါ်ကဆေးပင်တွေဆိုတာ တူးလေကုန်လေဖြစ်သွားမှာပဲ။လူတိုင်းကဘာအပင်တွေတူးကြမှာလဲ။

သူတို့က ဆေးပင်တွေကိုတောင်မခွဲခြားတတ်မှတော့ ဘာတူးလို့တူးရမှန်းသိမှာမဟုတ်ဘူးလေ။

သူမအမြန်ပင်တောင်းပန်စကားပြောလိုက်တော့သည်။

"အဘိုးရှန်းဖျင် ကျွန်မမှားသွားပါတယ်၊ကျွန်မတို့ကိုပါ ဆေးပင်ခွဲခြားနည်းသင်ပေးပါဦး၊ကျွန်မတို့မိသားစုကပိုက်ဆံလိုနေတာကို အဘိုးလဲအသိပဲလေ၊ရှောင်ဖုန်းနဲ့ရှောင်ယွီတို့ကလဲ အိမ်ထောင်ပြုရမယ့်အရွယ်တွေရောက်နေကြပြီ၊သူတို့တွေ လူပျိုကြီးဖြစ်သွားမှာကို အဘိုးမကြည့်ရက်ဘူးမလား"

ကျိုးရှန်းဖျင်နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူမ၏တောင်းပန်မှုကိုလုံးဝလျစ်လျူရှုထားလိုက်သည်။

"တောင်ခြေက အနှောက်အယှက်ပေးနေတဲ့ နတ်ဆိုးလေးတွေကိုနှိမ်နင်းခဲ့တာက ထောင်ဟွားပဲ၊လူတိုင်းကိုဆေးပင်ခွဲခြားနည်းသင်ပေးဖို့ အကြံပေးခဲ့တာကလဲ ထောင်ဟွားပဲ၊မင်းမေးချင်ရင် ထောင်ဟွားကိုပဲ သွားမေး၊သူမသဘောတူရင် ငါသင်ပေးမယ်၊သူမသဘောမတူရင်တော့ ဟမ့်"

အဘွားစွင်းသည် နားထောင်ရင်းပင်ရင်ထဲနာကျင်သွားရသည်။သူမအနေဖြင့် ကောင်မစုတ်လေးကျိုးထောင်ဟွားကို တစ်ကယ်ကြီးတောင်းပန်စကားပြောရမည်လား။

All Chapters