အခန်း (၂၄)
Vol. 3 Ch. 24
သူမကကျိုးထောင်ဟွားရဲ့အဘွားပဲလေ။ဘယ်လိုအဘွားမျိုးက မြေးမကိုတောင်းပန်ရလို့လဲ။ဒီလိုဆိုရင် ကျိုးကျားရွာထဲမှာ သူမဘယ်လိုမျက်နှာပြရတော့မှာတုန်း။
ပွဲကြည့်နေသည့်အဘွားဖုန်းမှဝင်ပြောလာသည်။
"စွင်းကျောက်တိ ညည်းတို့အိမ်ဟောင်းမှာ၁၁ယောက်တောင်ရှိတာပဲ၊ဆေးပင်သာမခွဲခြားတတ်ရင် ညည်းတို့ပဲအကြီးကြီးနစ်နာမှာနော်"
အဘွားဖုန်းစကားအားကြားသော် ဝမ့်ရှီလည်းတိုက်တွန်းလာ၏။
"အမေ မြေးတွေအတွက်ထည့်စဉ်းစားပြီး သည်းခံလိုက်ပါနော်"
အဘွားစွင်းမှာ သူမ၏အကြီးဆုံးမြေးဖြစ်သူ ရှောင်ဖုန်းကိုချက်ချင်းပြေးမြင်မိသွားတော့သည်။သူမအချစ်ဆုံးမြေးလေးမှာ ဤနှစ်တွင်၁၆နှစ်ပြည့်ပြီပင်။သူသည်အရပ်ရှည်ရှည်ဖြင့်ရုပ်ဖြောင့်သူဖြစ်ပြီး ဘေးရွာမှအလှဆုံးမိန်းကလေးကို စိတ်ဝင်စားနေပေသိ တင်တောင်းငွေမှာ၁၀တေးဖြစ်သည်။
အဘွားစွင်းမှာ အခြားနည်းလမ်းမရှိတော့သည်ဖြစ်၍ ရှေ့ကိုတိုးထွက်လာပြီး ကျိုးထောင်ဟွားထံပြောလိုက်၏။
"ထောင်ဟွား အဘွားမြေးကိုတောင်းပန်ပါတယ်၊အိမ်ဟောင်းကလူတွေကိုလဲ ဆေးပင်ခွဲခြားနည်းသင်ပေးဖို့ အဘိုးရှန်းဖျင်ကို ပြောပေးပါဦး"
"ကျိုးမိသားစုရဲ့ဘိုးဘေးစည်းကမ်းချက်တွေထဲမှာ ကျိုးမိသားစုဝင်အမျိုးသမီးတိုင်းမှတ်ထားရမယ့်စည်းကမ်းတစ်ခုရှိတယ်
*မေတ္တာတရားကို မျှမျှတတထားရမယ်၊ချွေးမကိုသမီးအရင်းလို သဘောထားပြီး မနှိပ်စက်ရဘူး၊မြေးမတွေအပေါ်မှာလဲ ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်၊သားနဲ့ချွေးမရဲ့မိသားစုကိစ္စတွေမှာ ဝင်မစွက်ဖက်ရဘူး၊ဒီစည်းကမ်းကို ချိုးဖောက်တဲ့လူက ဘိုးဘေးခန်းမမှာဒူးထောက်ပြီးကြိမ်လုံးနဲ့၁၀ချက်အရိုက်ခံရမယ်*တဲ့၊အဘွားရေ အဘွားလုပ်ခဲ့တဲ့လုပ်ရပ်တွေကို တောင်းပန်ရုံလေးနဲ့ပြီးသွားမယ်လို့များထင်နေတာလား"
တောင်းပန်ခြင်းဆိုသည်မှာ အပေါ်ယံစကားလုံးသက်သက်သာပင်။မည်သည့်အကျိုးကျေးဇူးမှမပေးနိုင်သော တောင်းပန်မှုမှာ တန်ဖိုးမရှိချေ။
"???"
အဘွားစွင်းပြာယာခတ်သွားရသည်။
"ငါတောင်းပန်ပြီးပြီပဲလေ၊နင်ကဘာထပ်လိုချင်သေးတာလဲ"
ရွာသူကြီးမှ ဝင်ပြောလာ၏။
"ထောင်ဟွားပြောတာက ကျိုးကျားရွာရဲ့ ဘိုးဘေးစည်းကမ်းချက်မှာ တစ်ကယ်ရှိပါတယ်၊ဒါဆိုရင်တော့ ငါတို့တွေမသုံးဖြစ်တာကြာပြီဖြစ်တဲ့ ပြစ်ဒဏ်ပေးကြိမ်လုံးကို ထုတ်ရတော့မှာပေါ့၊စွင်းရှီ ငါတို့နဲ့အတူဘိုးဘေးခန်းမကို လိုက်လာခဲ့"
အဘွားစွင်းမှာ ကြောက်လန့်လွန်းရကာခြေထောက်များပင်တုန်ယင်လာပြီး မြေကြီးပေါ် ပုံ့ပုံ့လေးဒူးထောက်ကျသွားတော့သည်။
"ရွာသူကြီး ကျွန်မအသက်ကဖြင့် ငါးဆယ်ကျော်နေပြီလေ၊၁၀ချက်သာ အရိုက်ခံရရင်သေသွားမှာပေါ့"
ကျိုးထောင်ဟွားမှ ရုတ်တရက်ကြီးဘိုးဘေးစည်းကမ်းချက်များအား ထုတ်ပြောလာလိမ့်မည်ဟု မည်သူမှထင်မထားခဲ့သည်ကြောင့် ရွာသားများနည်းတူရွာသူကြီးပင် ဆွံ့အသွားရသည်။
ကျိုးကျားရွာဘိုးဘေးခန်းမတွင်းတွင် အဘွားစွင်းမှာ ဘိုးဘေးများရှေ့ဒူးထောက်နေရပြီး ရွာသူကြီးမှာပြစ်ဒဏ်ပေးရန်ကြိမ်လုံးကိုကိုင်ထားလေ၏။
ကြိမ်ချက်တစ်ချက်ကျလာတိုင်း အဘွားစွင်းမှာနာကျင်လွန်းလှပြီး အော်ဟစ်နေရသည်။အသံများမှာအလွန်ကျယ်လွန်းလှ၍ ဘေးတွင်ရပ်နေသည့်ကျိုးစန်းရှီနှင့်ဝမ့်ရှီပင် မျက်လုံးမှိတ်ထားရ၏။
ကျိုးအာ့ရှုနှင့်ချမ်ရှီမှာတော့ ထောင်ဟွားအတွက်အလွန်ဂုဏ်ယူနေကြသည်။ယောက္ခမဆိုသည့်အရှိန်အဝါဖြင့် ချမ်ရှီအားဆယ်စုနှစ်တစ်ခုကျော်နှိပ်စက်ခဲ့သည့်အဘွားစွင်းအား ယနေ့တော့သင်ခန်းစာကောင်းကောင်းပေးနိုင်ခဲ့ပြီပင်။
ကျိုးအာ့ရှုသည်လည်း ငယ်စဉ်ကတည်းမှအမေဖြစ်သူ၏အပယ်ခံသားဖြစ်ခဲ့ရသည်မို့ နှစ်ပေါင်း၃၀ကျော်ကြာရင်ထဲတွင်သာပိတ်လှောင်ထားခဲ့ရသည့် မကျေနပ်ချက်များမှာ ဤအချိန်တွင်တော့ပေါက်ကွဲထွက်သွားတော့၏။
အဘွားစွင်းအား ထူပေးလိုက်ချိန်တွင် သူမကျောအားပိုပြီးနာသွားစေသည်။
*ဖြန်း*
*ဖြန်း*
အဘွားစွင်းသည် ကျိုးစန်းရှီနှင့်ဝမ့်ရှီအား ပါးတစ်ချက်စီရိုက်လိုက်ပြီး ဆူဆဲတော့သည်။
"နင်တို့နှစ်ယောက် ဒီထက်ပိုပြီးနူးနူးညံ့ညံ့လေးဖြစ်အောင် ထူမပေးနိုင်ကြဘူးလား"
ဝမ့်ရှီမှာပါးရိုက်ခံလိုက်ရပေသိ ဘာသံမှမထွက်ရဲပေ။ကျိုးစန်းရှီမှာတော့ နွမ်းလျဟန်ဖြင့်မေးလာသည်။
"အမေ သားကိုဘာလို့ရိုက်တာလဲ"
သူ့အမေက သူ့ကိုအချစ်ဆုံးပဲမဟုတ်ဘူးလား။
အဘွားစွင်းမှာ သူ့အားဒေါသတကြီးစိုက်ကြည့်လိုက်သည်။သူ့အားချော့ရန်အချိန်မရှိပေ။သူမသားစန်းရှီမှာ အဘယ်ကြောင့်ထောင်ဟွားလောက်မလိမ္မာရသနည်းဆိုသည်ကိုပင် တွေးနေမိတော့သည်။
အဘွားစွင်းမှာ နာကျင်မှုအားအောင့်အီးသည်းခံကာ ထောင်ဟွားဘက်လှည့်ပြောလိုက်၏။
"ထောင်ဟွား အခုအဘွားလဲပြစ်ဒဏ်ခံပြီးပြီဆိုတော့ အိမ်ဟောင်းကလူတွေကို ဆေးပင်ခွဲခြားနည်းသင်ပေးဖို့ သဘောတူပြီမလား"
ကျိုးထောင်ဟွား ဘိုးဘေးခန်းမအတွင်းတစ်ချက်ဝှေ့ကြည့်ပြီး ပြောလိုက်သည်။
"ဘိုးဘေးခန်းမက နှစ်တိုင်းပြုပြင်ထိန်းသိမ်းဖို့ငွေလိုတယ်လေ၊အဘွားရေ အိမ်ဟောင်းကလူတွေဆေးပင်တူးလို့ရတဲ့ ဝင်ငွေရဲ့၁၀ပုံ၁ပုံကို ဘိုးဘေးခန်းမပြုပြင်ဖို့အတွက်လှူပေးလိုက်ပါလား"
ရွာသူကြီးနှင့်ကျိုးရှန်းဖျင်တို့မှာ ဤအကြံပြုချက်အားကြားသော် ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်ကြသည်။အဘွားစွင်းမှာတော့ ဒေါသကြောင့်မျက်နှာတစ်ခုလုံးတုန်ယင်နေပေသိ မတတ်သာသည့်အဆုံး သဘောတူလိုက်ရတော့၏။
"အဘွား သမီးကအဘွားကောင်းဖို့အတွက်လုပ်ပေးနေတာပါနော်"
"ကျိုးကျားရွာရဲ့ဘိုးဘေးစည်းကမ်းတွေကိုချိုးဖောက်ပြီး ဆဲဆိုရိုင်းပြတာကအဘွားအတွက် တစ်ကယ်မကောင်းဘူးနော်၊အဲဒါကမကောင်းဆိုးဝါးတွေကို ဆွဲဆောင်တတ်တယ်၊အခုလိုဘိုးဘေးခန်းမပြင်ဖို့လှူဒါန်းလိုက်တော့ အဘွားရဲ့မကောင်းတဲ့ကံတွေကို ဖယ်ရှားပေးပြီး သရဲတစ္ဆေတွေအနှောက်အယှက်မပေးနိုင်အောင် ကာကွယ်ပေးပြီးသားဖြစ်သွားတာပေါ့၊ဒါကသမီးကိုယ်တိုင်ဆွဲထားတဲ့ နာကျင်မှုပျောက်စေတဲ့အဆောင်ပါ၊ဒါလေးဆောင်ထားရင် အဘွားရဲ့ကျောကနာနေတာတွေ ပျောက်သွားလိမ့်မယ်"
ကျိုးထောင်ဟွားမှာ အဆောင်တစ်ခုကိုကမ်းပေးလိုက်သည်။
ဘေးရှိအဘွားဖုန်းသည်လည်း ချက်ချင်းဆိုသလို မြှောက်ပင့်ပြောလာ၏။
"ထောင်ဟွားက သိပ်သိတတ်တာပဲ၊စွင်းရှီရေ ထောင်ဟွားအဆောင်တွေက တစ်ခုကိုပြားတစ်ရာလောက် တန်တာနော်၊ညည်းကတော့ တွက်ခြေတော်တော်ကိုက်သွားတာပဲ"
အဘွားစွင်းမျက်နှာမှာ ချက်ချင်းဆိုသလိုပျော့ပျောင်းသွားပြီး အဆောင်အားယူလိုက်သည့်အခါ သူမကျောမှနာကျင်မှုများသည် ချက်ချင်းဆိုသလိုပျောက်ကွယ်သွားတော့သည်။
"ထောင်ဟွားရေ ကျေးဇူးပါကွယ်၊မြေးလေးက အဘွားအပေါ်တစ်ကယ်သိတတ်တာပဲ"
အဘွားစွင်းမျက်နှာတစ်ခုလုံးမှာ အပြုံးများဖြင့်ဝေဆာသွားပြီး ကျိုးထောင်ဟွားအားအလွန်တရာနွေးထွေးစွာပင်ဆက်ဆံလာ၏။ကျိုးထောင်ဟွားမှာမူ ခပ်ဖျော့ဖျော့သာပြုံး၍ ပြန်ဖြေလိုက်သည်။
"မလိုပါဘူး အဘွားရယ် ရပါတယ်"
ဤအဆောင်သည် နာကျင်မှုကိုပျောက်ကင်းစေရုံတင်မကဘဲ လူ့ဘောင်တွင်လေလွင့်နေသောသရဲများကိုပါမြင်နိုင်စွမ်းရှိလေသည်။
ကျိုးမိသားစုအိမ်၌.....
အိမ်ပြန်ရောက်သည်နှင့် ကျိုးအာ့ရှုမှာအပြစ်ရှိစိတ်ဖြင့် ပြောလာသည်။
"ထောင်ဟွား သမီးအများကြီးဒုက္ခရောက်ခဲ့ရတာပဲ၊အဖေကသမီးကို မကာကွယ်ပေးနိုင်ခဲ့တာ အဖေ့အပြစ်ပါ"
"အဖေ ဒါကအဖေ့အပြစ်မဟုတ်ပါဘူး၊အဘွားရယ်ဦးလေးနဲ့ဒေါ်လေးတို့ကသာ မကောင်းတာတွေလုပ်ခဲ့ကြတာပါ"
ချမ်ရှီမှာ မကြာသေးခင်၌ဖြစ်ပျက်ခဲ့သမျှကို ကျိုးအာ့ရှုထံပြန်ပြောပြလိုက်သည်။အဘိုးရှန်းဖျင်ကိုယ်တိုင် နာရေးအတွက်ပြင်ခိုင်းထားရသည့် ကျိုးစန်းရှီအားထောင်ဟွားမှအသက်ကယ်ပေးခဲ့၏။ပြောရလျှင် ကျိုးစန်းရှီမှာ တစ်ကယ်လည်းနတ်ဆိုးပူးကပ်ခံထားရခြင်းပင်။
ထို့နောက် ရာသီသွေးမိစ္ဆာပူးကပ်ခံနေရသည့် အဘွားစွင်းကိုလည်း ထောင်ဟွားမှကယ်ပေးခဲ့ရလေသည်။
ချမ်ရှီ့စကားများကိုကြားသောအခါ ကျိုးအာ့ရှုတစ်ယောက်မယုံကြည်နိုင်ဟန်ဖြင့်မျက်လုံးအပြူးသားဖြစ်သွားရ၏။သရဲတစ္ဆေများရှိသည်ကို မယုံနိုင်သလို၊မိမိသမီးဖြစ်သူထံတွင် မကောင်းဆိုးဝါးများအားနှင်ထုတ်နိုင်စွမ်းရှိနေသည်ကိုလည်း အံ့ဩမဆုံးဖြစ်နေရသည်။
အဓိကအိမ်ခန်းသို့သူဝင်လာရာ ခုံတန်းရှည်ပေါ်ထိုင်ပြီး ပိုက်ဆံအိတ်လေးများအား ကြိုးစားပမ်းစားပန်းထိုးနေသည့် ရာသီသွေးမိစ္ဆာကို မြင်လိုက်ရချိန်တွင်တော့ လုံးဝမှင်တက်သွားတော့၏။
ဒါတွေက တစ်ကယ်ကြီးလား။
ကျိုးထောင်ဟွားဘက်သို့ သူလှည့်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလိုက်သည်။
"ဒါ ဒါ ဒါကဘယ်လိုဖြစ်တာလဲ"
"အဖေ သူမလက်ရာကအရမ်းကောင်းတာနော်၊လက်ကိုင်ပုဝါတစ်ထည်ကို ၁၀ပြားနဲ့ရောင်းရတယ်၊မနေ့ကတင်ပြား ၇၂၀ဖိုးရောင်းခဲ့ရတာ"
"ဟမ်"
ကျိုးအာ့ရှုပါးစပ်အဟောင်းသားဖြစ်သွားရသည်။ဆယ်ရက်ဆက်တိုက် သူအပင်ပန်းခံလုပ်မှ ပြားသုံးရာသာရသော်လည်း ဤရာသီသွေးမိစ္ဆာမှာတော့ တစ်ရက်ကျော်လေးအတွင်းမှာပင် ဤမျှရှာနိုင်နေပြီပင်။ချက်ချင်းဆိုသလို ကျိုးအာ့ရှုမှာထိုမကောင်းဆိုးဝါးအား မကြောက်တော့ပေ။
"အဖေ ဒီနေ့အဖေပေးတဲ့ပိုက်ဆံတွေနဲ့ဆိုရင် သမီးတို့မှာ၇တေးနဲ့ ၅ပြားစုမိနေပြီ၊သမီးအိမ်အသစ်ဆောက်ချင်တယ်၊အစကတော့ အခန်း၃ခန်းပဲဆောက်ဖို့လုပ်ထားပေမယ့် အခုတော့၄ခန်းဆောက်ချင်သွားပြီ၊အဖေကလက်သမားနဲ့ပန်းရံဘက်ရတယ်ဆိုတော့ အဖေရယ်၊အမေရယ်၊သမီးရယ်၊ပြီးတော့ ဒီရာသီသွေးမိစ္ဆာရယ် အကုန်ဝိုင်းလုပ်ကြတာပေါ့၊ပိုက်ဆံက ဘယ်လောက်ထပ်လိုဦးမလဲ"
ကျိုးအာ့ရှုခဏလောက်စဉ်းစားပြီး
"၇တေးဆိုရင် အခန်း၄ခန်းပါအိမ်ဆောက်ဖို့လောက်ပါတယ်၊ဒါပေမယ် အဖေတို့မိသားစုမှာအခန်း၃ခန်းစာမြေကွက်ပဲရှိတာလေ၊ရွာမှာဆို ၁၀စတုရန်းမီတာမြေကွက်တစ်ကွက်ကို ၂တေးပေးရတယ်၊အခန်းတစ်ခန်းစာဆို ၂၀စတုရန်းမီတာရှိရမယ်ဆိုတော့ နောက်ထပ်၃တေးနဲ့၅ပြားလောက်ထပ်လိုဦးမယ်"
ကျိုးထောင်ဟွား နားလည်သွားသည်။၃တေးခွဲလောက်ပဲလိုပါတော့၏။
"ထောင်ဟွား တောင်ခြေကအနှောက်အယှက်ပေးနေတဲ့ နတ်ဆိုးလေးတွေကို သမီးနှိမ်နင်းလိုက်ပြီဆိုတာတစ်ကယ်လား၊အခုအဲဒီမှာဆေးပင်သွားတူးလို့ရပြီပေါ့"
ကျိုးအာ့ရှုမေးလာသည်။
"ရပြီလေ အဖေရဲ့၊ပြီးတော့ သမီးကဆေးပင်တွေကိုလဲသိတယ်၊ဆောင်းလလယ်ပွဲတော်ပြီးသွားရင် သမီးတို့မိသားစုလိုက်ဆေးပင်သွားတူးကြမယ်လေ၊မြို့မှာအလုပ်,လုပ်တာထက်တော့ ပိုရမှာပါ"
ထို့နောက်ကျိုးထောင်ဟွားသည် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ကို ဆေးပင်ခွဲခြားနည်း စတင်သင်ပေးတော့သည်။
အခြားရွာသားများမှာလည်း ရွာသူကြီး၏ကြေညာချက်ကိုကြားပြီးနောက် အိမ်တိုင်းစေ့လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ကျိုးရှန်းဖျင်အိမ်သို့ ထိုင်ခုံကိုယ်စီသယ်ကာ ဆေးပင်အကြောင်းလေ့လာရန် ရောက်လာကြ၏။
လူအလွန်များလွန်းသဖြင့် ကျိုးရှန်းဖျင်ခြံဝင်းထဲတွင် မဆန့်တော့ရာ တစ်အိမ်လျှင် တစ်ယောက်စီသာနေခဲ့ကြပြီး ကျန်လူများမှာ အိမ်ပြန်စောင့်ရန်ဆုံးဖြတ်လိုက်ရသည်။သို့သော်လည်း လူပေါင်း၁၀၀ကျော်မှာ ခြံဝင်းအတွင်းရပ်ကျန်နေဆဲပင်။
ကျိုးရှန်းဖျင်သည် လူများကိုငါးယောက်တစ်ဖွဲ့စီခွဲလိုက်ပြီး အဖွဲ့တစ်ခုစီကိုခွဲခြားမှတ်သားရန် ဆေးပင်တစ်မျိုးစီပေးလိုက်သည်။ခြံဝင်းအလယ်တွင် သူရပ်ကာလူအုပ်ကြီးအား အော်ပြောလိုက်၏။
"ဒီနေ့တော့ငါတို့တွေ ဆေးပင်နှစ်မျိုးကို အရင်လေ့လာကြမယ်၊တစ်နေ့ကိုနှစ်မျိုးပဲ ဖြည်းဖြည်းချင်းသင်သွားကြတာပေါ့၊ဒါမှပဲမင်းတို့အားလုံးလဲသေသေချာချာမှတ်မိကြမှာ"
ထိုစကားကိုကြားသည်နှင့် လူတိုင်းမှာကျိုးရှန်းဖျင်၏ရှင်းပြချက်ကို အာရုံစိုက်၍နားထောင်ကြတော့သည်။အချို့မှာမူသင်ယူပြီးသည်နှင့် မိသားစုဝင်များကိုခေါ်ကာ ဆေးပင်တူးရန် တောင်ခြေသို့ချက်ချင်းပင်ထွက်သွားကြလေ၏။
ဆောင်းလလယ်ပွဲတော်ဆိုသည်မှာ မိသားစုပြန်လည်ဆုံစည်းရမည့်အချိန်ဖြစ်ပြီး မိသားစုဝင်များစုံစုံလင်လင်ဖြင့် ဆုံစည်းခြင်းညစာကို အတူတူသုံးဆောင်ရမည့် အချိန်လည်းဖြစ်သည်။ကျိုးမိသားစုမှာလည်း ထူးမခြားနားပင်။
ကျိုးအာ့ရှုသည် တောင်ခြေသို့သွားကာ ထင်းအချို့သွားခုတ်လာခဲ့သည်။အမှန်အတိုင်းပြောရလျှင် ထင်းသည်ကောက်ရိုးများထက် မီးပိုတောက်ကာချက်ပြုတ်ထားသော အသားဟင်းမှာလည်း အလွန်ပင်မွှေးကြိုင်လှ၏။
မှောင်ရီပျိုးစပြုလာပြီဖြစ်သော်လည်း ရှန်းမင်မှာရောက်မလာသေးသဖြင့် ကျိုးထောင်ဟွားသည် သူ့ကိုသွားခေါ်ရန် အပြင်သို့ထွက်လာခဲ့သည်။ရွာလမ်းမပေါ်သို့ရောက်သောအခါကလေးအချို့ စည်းချက်ကျကျသီချင်းဆိုနေကြသည့်အသံကို ရုတ်တရက်သူမကြားလိုက်ရ၏။
"အဒေါ်ထောင်ဟွားကို အနိုင်ကျင့်တဲ့ စိတ်ထားမကောင်းတဲ့ အဘွားစွင်းတော့အရိုက်ခံလိုက်ရပြီဟေ့"