← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

"ဒီလောက်ကြီးတဲ့ ဒူးရင်းသီးမျိုးဆိုရင် အနည်းဆုံးပြား၅၀၀တော့တန်မှာပဲ"

ကျိုးရှန်းရှန့်သည်စိတ်လှုပ်ရှားစွာဖြင့် သစ်ပင်ပေါ်တက်ကာဒူးရင်းသီးကြီးကိုခူးပြီး အားပါးတရခွဲလိုက်တော့သည်။ချက်ချင်းဆိုသလို သူမမျက်မှောင်ကြုံ့လိုက်မိ၏။ဤဒူးရင်းသီးမှာ တစ်ကယ်ကိုအနံ့ဆိုးလှသည်။

သို့သော်လည်းဒူးရင်းသီးတစ်လုံးအလကားရလိုက်သည့်စိတ်လှုပ်ရှားမှုကြောင့် ထိုအနံ့ဆိုးကိုဂရုမစိုက်တော့ပေ။အမွှာကြီးတစ်မွှာကိုကိုက်စားလိုက်ရာ အသားမှာမယုံနိုင်လောက်အောင်နူးညံ့အိစက်လှ၏။

"အင်း...."

ကျိုးရှန်းရှန့်မှာ စိတ်ကျေနပ်မှုဖြင့်သက်ပြင်းလေးချလိုက်မိသည်။သူမလျှာဖျားထက်၌ နူးညံ့ချောမွေ့လှသော အထိအတွေ့ကို ဦးဆုံးခံစားလိုက်ရပြီးနောက် ချိုမြိန်လှသောအရသာမှာပါးစပ်ထဲ၌ပေါက်ကွဲထွက်သွားတော့၏။အလွန်ချိုသော်လည်းအီမသွားဘဲ နို့နံ့သင်းသင်းနှင့်ဝိုင်ရနံ့သဲ့သဲ့တို့ရောယှက်နေသကဲ့သို့ပင်။

သူမမျိုချလိုက်သည့်အခါတွင်လည်း နူးညံ့လှသောအသားတို့မှာ လည်ချောင်းထဲသို့ချောချောမွေ့မွေ့ပင်ကျဆင်းသွားပြီး ရနံ့တို့မှာနှာခေါင်းနှင့်ပါးစပ်တွင်းစွဲကျန်နေရစ်သည်။အရမ်းအရသာရှိတာပဲဟ။သူမ,မစောင့်နိုင်တော့ဘဲ တစ်မွှာကိုသုံးကိုက်တည်းဖြင့်အပြတ်ရှင်းလိုက်၏။ထို့နောက်ဒုတိယအမွှာကို ထပ်ခွဲပြန်သည်။စားလေစွဲလေဖြစ်ကာ ရပ်လို့မရတော့ပေ။

မသိလိုက်ခင်မှာပင် ဒူးရင်းသီးတစ်လုံး,လုံးကုန်သွားတော့သည်။ကျိုးရှန်းရှန့်သည် ဝိုင်းစက်သွားသောဗိုက်ကလေးကိုပုတ်ကာ မြေပြင်ထက်ရှိအခွံများကို နှမြောတသဖြစ်ဟန်ဖြင့်ကြည့်လိုက်၏။သူမသစ်ပင်ပေါ်သို့ မော့ကြည့်ရင်း တွေးလိုက်သည်။

"ဒီအပင်က ဘာလို့တစ်လုံးတည်းသီးတာပါလိမ့်"

ထိုသို့မဟုတ်ပါက သူမလည်းနောက်ထပ်စားနိုင်ပေဦးမည်။

သူမနှုတ်ခမ်းကို လျှာဖြင့်သပ်ကာ အရသာခံနေမိသည်။အနံ့ကနည်းနည်းဆိုးပေမယ့် ဒီဒူးရင်းသီးကတစ်ကယ်အရသာရှိတာပဲ ဈေးကြီးတာလည်းမဆန်းပါဘူး။သူမနှာခေါင်းကိုရှုံ့၍အနံ့ခံကြည့်လိုက်ရာ သူမကိုယ်ပေါ်တွင်အနံ့နည်းနည်းစွဲနေသည်ကို သိလိုက်ရသည်။သို့သော်သူမမှာဂရုစိုက်မနေဘဲ ဆေးပင်များသာဆက်တူးနေလိုက်၏။

နေ့လည်ပိုင်းမိသားစုပြန်ဆုံကြချိန်တွင် ကျိုးရှန်းရှန့်နားသို့ ချဉ်းကပ်လိုက်သည်နှင့် ကျန်းရှီနှင့်အခြားသူတို့မှာ မျက်မှောင်ကြုံ့လိုက်ကြပြီး နှာခေါင်းနှင့်ပါးစပ်ကိုပိတ်လိုက်ကြသည်။

ကျန်းရှီမှ အရင်ဆုံးမေးလာ၏။

"ရှန်းရှန့် ဘောင်းဘီထဲအီးပါချလာတာလား"

ကျိုးကွမ်ကျူးလည်း သူမပုခုံးပေါ်မှခြင်းတောင်းကို ချက်ချင်းဆွဲယူကာ တိုက်တွန်းလိုက်သည်။

"အိမ်မြန်မြန်ပြန်ပြီး အဝတ်အစားလဲစမ်း၊အရွယ်ရောက်နေတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘောင်းဘီထဲအီးပါချရတယ်လို့ ရှက်စရာကောင်းလိုက်တာ"

ကျိုးရှန်းရှန့်မှာ၁၅ နှစ်ရှိနေပြီမဟုတ်ပါလား။အောင်သွယ်တော်မှာ မနက်ဖြန်တွင် ရှန်းရှန့်ရုပ်ရည်နှင့်အကျင့်စာရိတ္တအားလာကြည့်မည်ဖြစ်ပြီး ဘေးရွာများမှအိမ်ထောင်ဖက်ကိုရှာပေးတော့မည်ပင်။အကယ်၍သာ အောင်သွယ်တော်မှ ဤအကြောင်းကိုသိသွားခဲ့ပါလျှင် ရှန်းရှန့်အိမ်ထောင်ရေးမှာအခက်တွေ့နိုင်သည်မလား။

သူမမိဘများ၏ စိုးရိမ်တကြီးအမူအရာကိုမြင်သောအခါ ကျိုးရှန်းရှန့်မှာရယ်မောလျက် ပြန်ဖြေလိုက်သည်။

"အဖေ အမေ သမီးအီးပါမချပါဘူး၊တောင်ပေါ်ကနေ ဒူးရင်းသီးစားခဲ့လို့ပါ၊ဒူးရင်းသီးက အနံ့နံတယ်လေ အဲဒါကြောင့် သမီးကိုယ်ကနံနေတာ၊အိမ်ရောက်လို့ရေချိုးလိုက်ရင် ပျောက်သွားမှာပါ"

ဒူးရင်းသီးအကြောင်းပြောလိုက်သည်နှင့် သူမလျှာလေးသပ်ကာ အရသာပြန်ခံနေမိသေးသည်။

"ဒူးရင်းသီးလား"

ကျိုးရှန့်ချိုင်မှာ ရုတ်ချည်းဆိုသလိုစိတ်လှုပ်ရှားသွားတော့သည်။ဒူးရင်းသီးကိုတစ်ခါမှသူမစားဖူးသော်လည်း မြို့သို့‌ရောက်စဉ်၌မြင်ဖူးခဲ့ပြီး အလွန်ဈေးကြီးလှ၏။

"နင်တစ်လုံး,လုံးကိုအကုန်စားပစ်လိုက်တာလား"

မြို့ထဲတွင်အခြားသူများခွဲနေသည်ကို သူ မြင်ဖူးသည်။အထဲတွင်သုံးလေးမွှာပါဝင်ပြီး သူတို့မိသားစုငါးယောက်လုံး တစ်ယောက်တစ်လုတ်စီစားရန် လုံလောက်လေ၏။အစ်ကိုဖြစ်သူ၏မေးခွန်းကြောင့် ကျိုးရှန်းရှန့်အနည်းငယ်မျက်နှာပူသွားရသည်။

အလျင်စလိုဖြင့်ဆင်ခြေတစ်ခုကို သူမပေးလိုက်၏။

"တောင်ပေါ်ကတောဒူးရင်းလေ အစ်ကိုရဲ့ ဘယ်မှာဒီလောက်အသားများပါ့မလဲ၊အလုံးသေးသေးလေးပါ အထဲမှာလဲအမွှာသေးသေးလေးတစ်ခုပဲပါတာ၊အသားကလဲ ဆီးသီးတစ်လုံးလောက်တောင်မရှိပါဘူး၊ညီမဖြင့်အရသာတောင်ကောင်းကောင်းမသိရသေးဘူးကုန်သွားရော"

ထိုအခါမှ ကျိုးရှန့်ချိုင်မျက်နှာမှာ အနည်းငယ်ပြေလျော့သွားတော့သည်။ကျန်းရှီမှာ သူမသမီးကိုအလိုလိုက်တတ်သူဖြစ်ရာ ကျိုးရှန့်ချိုင်အားဆူပူလိုက်၏။

"နင်ကဘာရပ်လုပ်နေတာလဲ၊နင့်အဖေနဲ့အတူ မြို့ထဲမြန်မြန်သွားပြီးဆေးပင်တွေ သွားရောင်းလိုက်လေ၊ရှန်းရှန့်လဲ အိမ်မြန်မြန်ပြန်ပြီး ရေချိုးလိုက်၊ပြီးရင်အဘိုးရှန်းဖျင်အိမ်ကို ဆေးပင်ကြည့်နည်းသွားသင်တော့"

ဆေးပင်အမျိုးအစားများပိုသိရလေ မနက်ဖြန်ပိုက်ဆံပိုရလေမဟုတ်ပါလား။

ကျူးရှီမှာတော့ ယောက္ခမနှင့်ယောင်းမဖြစ်သူတို့နောက်မှလိုက်လာရင်း ရင်ထဲတွင်ဝမ်းနည်းမှုအနည်းငယ်ခံစားလိုက်ရသည်။သူမအိမ်ထောင်ကျသည်မှာ တစ်နှစ်ရှိပြီဖြစ်သော်လည်း ယောက္ခမဖြစ်သူမှာ သူမအားသူစိမ်းတစ်ယောက်လို ဆက်ဆံနေဆဲဖြစ်ကာ အကောင်းဆုံးအရာမှန်သမျှကို သူမယောင်းမထံသာ ပေးလေ့ရှိ၏။ယောင်းမဖြစ်သူမှာ မကြာခင်တွင်အိမ်ထောင်ပြုပြီးထွက်သွားတော့မည်ဖြစ်သော်လည်း ယောက္ခမမှာသူမကိုသာ ဆေးပင်ကြည့်နည်းသင်ရန်အခွင့်အရေးပေးနေဆဲပင်။

သို့သော်ကျိုးရှန်းရှန့်အိမ်ပြန်ရောက်၍ ရေချိုးအဝတ်အစားလဲပြီးသည့်တိုင်အောင် သူမကိုယ်မှဒူးရင်းနံ့မှာလုံးဝမပြယ်သေးပေ။

သူမနေသည့်အခန်းတစ်ခန်းလုံးလည်း နံစော်နေသဖြင့် ကျန်းရှီသည်သမီးဖြစ်သူကိုအလိုလိုက်သော်လည်း ဤအနံ့ဆိုးကိုမူသည်းမခံနိုင်တော့ချေ။စိုးရိမ်တကြီးဖြင့် သူမဆူပူလိုက်တော့သည်။

"နင့်ကိုယ်ပေါ်မှာ ဒူးရင်းသီးတစ်လုံးများခိုးဖွက်ထားသေးလို့လား၊ဘာလို့ဒီလောက်တောင် နံနေရတာလဲ"

"မရှိပါဘူး"

ကျိုးရှန်းရှန့်ထိတ်လန့်တကြားအော်လိုက်မိသည်။ရေချိုးစဉ်တွင် အမွှေးခဲကိုတောင်သုံးခဲ့သေးသည်ဖြစ်ရာ သူမကိုယ်သည် မွှေးနေရမည်ဖြစ်သော်လည်း အခုထိဘာကြောင့်နံနေရပါသနည်း။ကျိုးရှန်းရှန့်မှာ ငိုချင်စိတ်ပေါက်လာတော့သည်။ဤအနံ့ဆိုးကြီးမှာ ဘယ်တော့မှပျောက်သွားပါမည်နည်း။သူမထံ ဤအနံ့ဆိုးကြီးမှာတစ်သက်လုံးစွဲသွားပြီး လူတကာရှောင်ဖယ်ကြမည့် လှောင်ပြောင်စရာလူတစ်ယောက်ဖြစ်သွားမည်ကို အလွန်ကြောက်ရွံ့နေမိသည်။

ရှန်းရှန့်တစ်ယောက်အပြင်မထွက်နိုင်တော့သလို ကျိုးရှန့်ချိုင်လည်းပြန်မရောက်သေးသဖြင့် ကျန်းရှီမှာချွေးမဖြစ်သူကျူးရှီအားပြောလိုက်၏။

"ညည်းပဲအဘိုးရှန်းဖျင်အိမ်ကိုသွားပြီး ဆေးပင်ခွဲခြားနည်းသွားသင်တော့၊သေသေချာချာမသင်နိုင်ခဲ့ဘူးဆိုရင်တော့ နောက်ဘယ်တော့မှသွားခွင့်မပေးတော့ဘူး"

"ဟုတ်ကဲ့ပါအမေ စိတ်ချပါ"

ကျူးရှီသည် သူမယောက်မ၏အနံ့ဆိုးကြောင့် ဤဆေးပင်ခွဲခြားနည်းသင်ယူရမည့်အခွင့်အရေးကိုရလိုက်ခြင်းဖြစ်ရာ အပိုင်ဆုပ်ကိုင်ထားရန်ဆုံးဖြတ်လိုက်သည်။ရွာသူကြီးမှာ တစ်အိမ်လျှင်တစ်ယောက်သာသင်ရမည်ဟု ကန့်သတ်ထားသဖြင့် အိမ်တိုင်းမှာသူတို့အလေးထားဆုံးလူကိုသာလွှတ်ကြ၏။ကျူးရှီဇဝေဇဝါဖြစ်မိသည်မှာ ကျိုးရှန့်ချိုင်မှာကျိုးမိသားစု၏သားဖြစ်သော်လည်း ယောက္ခမဖြစ်သူမှာသူမယောက်မကိုသာ သိသိသာသာဘက်လိုက်နေခြင်းပင်။

တစ်နေ့တာကုန်ဆုံးချိန်တွင် ရွာရှိအိမ်ထောင်စုတိုင်းမှာလည်း အတော်အတန်ဝင်ငွေကောင်းခဲ့ကြသည်။သို့သော်လည်း အရင်နှစ်ရက်တွင်းဆေးပင်များကိုလူတိုင်းတူးပြီးသွားပြီဖြစ်၍ ယနေ့တွင်မည်သူ့ဝင်ငွေမှတိုးမလာတော့ပေ။ကျိုးရှန်းဖျင်နှင့်ကျိုးထောင်ဟွား မိသားစုတို့သာလျှင် ဝင်ငွေတိုးလာခဲ့သည်။

ကျိုးမိသားစုသည် ဆေးပင်များနှင့်ရာသီသွေးမိစ္ဆာ၏ ပန်းထိုးပစ္စည်းများမှနေစုစုပေါင်း၂၁၈၀ပြားရရှိခဲ့ရာ မူလမြေကွက်ဝယ်ရန်ရည်မှန်းထားသော သုံးတေးခွဲထက် ၅၈၀ပြားပိုနေပြီပင်။

အခန်းလေးခန်းဆောက်ရန်လုံလောက်နေပြီဖြစ်သော်လည်း ကျိုးထောင်ဟွားသည် ချက်ချင်းမဆောက်သေးရန်ဆုံးဖြတ်လိုက်သည်။တောင်ပေါ်ရှိ ဆေးပင်များသည် အကန့်အသတ်ရှိ၏။ရွာသားများ ယခုတူးနေသည့်အရှိန်နှင့်ဆိုလျှင် တစ်လမပြည့်မီပင်ကုန်သွားလိမ့်မည်ဟု သူမယုံကြည်သည်။ဆေးပင်တူးခြင်းသည် ရေရှည်စီမံကိန်းမဟုတ်ကြောင်း ရွာသူကြီး၊အဘိုးရှန်းဖျင်တို့နှင့်လည်း ဆွေးနွေးထားပြီးသားဖြစ်သည်။

ထို့ကြောင့်လူတိုင်းနှင့်အတူ ဆေးပင်များကိုသာဆက်တူးပြီး ရသလောက်ငွေရှာထားခြင်းမှာ ပိုကောင်းပေလိမ့်မည်။ဆေးပင်များအကုန်တူးပြီးသွားချိန်တွင်တော့ သူတို့မိသားစုသည်အခန်း၄ခန်းပါသည့် အုတ်ကြွပ်မိုးအုတ်အိမ်ကြီးပင် ဆောက်နိုင်ကောင်းဆောက်နိုင်ပေလိမ့်မည်။

ညစာစားပွဲတွင်ကျိုးထောင်ဟွားသည် အိမ်ဆောက်မည့်ကိစ္စကိုခဏဆိုင်းငံ့ထားရန် ကျိုးအာ့ရှု၊ချမ်ရှီတို့နှင့်အတူ တိုင်ပင်လိုက်သည်။နှစ်ဦးသားမှာလည်း ထိုသည်မှာအကြံကောင်းဟုထင်ကြပြီး မျှော်လင့်ချက်လေးများဖြစ်ပေါ်လာတော့၏။သူတို့ရွာတွင်အုတ်အိမ်တစ်လုံးမှမရှိသေးပေ။သူတို့လည်း တစ်နေ့တွင် အုတ်အိမ်နှင့်နေရပါ့မလားဟု တွေးတောခဲ့ကြဖူးသည်။

တတိယမြောက်နေ့တွင် ကျိုးကျားရွာသားများသည် တောင်ခြေသို့ဆေးပင်တူးရန် စောစောထခဲ့ကြပြန်၏။မနေ့ညနေတွင် ဆေးပင်အသစ်နှစ်မျိုးကိုထပ်သင်ထားရသဖြင့် ယနေ့တွင်အားတက်သရော ရှိနေကြသည်။ကျိုးရှန်းရှန့်တစ်ယောက်သာလျှင် အပြင်မထွက်ရဲဘဲ အိမ်မှာတင်ကျန်ရစ်ခဲ့၏။

ထင်မထားသည်မှာသူမကိုယ်ပေါ်ရှိ အနံ့ဆိုးကြီးသည် တစ်ညအတွင်းပျောက်ကွယ်မသွားသည့်အပြင် ပို၍ပင်ပြင်းထန်လာကာ သူမထံနတ်ဆိုးတစ်ကောင်လို ကပ်တွယ်နေတော့သည်။သူမမျက်ဝန်းများထဲတွင်လည်း မျက်ရည်များဝဲတက်လာတော့၏။

"အမေ သမီးဘယ်လိုလုပ်ရမလဲ၊ဒီလိုပုံစံကြီးသာဖြစ်‌နေရင် အပြင်လဲမထွက်ရဲတော့ဘူး၊ဒီနေ့အောင်သွယ်တော်ယိုလဲ အိမ်ကိုလာတော့မှာလေ"

ကျန်းရှီလည်း အလွန်စိုးရိမ်နေမိသည်။ဤသည်မှာ ရှန်းရှန့်တစ်သက်တာပျော်ရွှင်ရေးနှင့် သက်ဆိုင်နေသည်မဟုတ်ပါလား။သူမရှန်းရှန့်လေးမှာ အိမ်ထောင်ဖက်ရှာရန်အရေးကြီးဆုံးအချိန်ဖြစ်ရာ အမှားအယွင်းတစ်စုံတစ်ရာမရှိစေချင်ပေ။

"အောင်သွယ်တော်ယိုကို သမီးအဘွားနေမကောင်းလို့သွားပြုစုပေးနေရတယ်လို့ အမေပြောထားလိုက်မယ်၊သမီးပြန်ရောက်မှပဲ နောက်တစ်ခါပြန်လာခဲ့ဖို့ပြောလိုက်မယ်လေ"

ထိုစကားကြားပါမှ ရှန်းရှန့်သက်ပြင်းချနိုင်တော့သည်။လောလောဆယ်ပြဿနာကိုတော့ ဖြေရှင်းလိုက်နိုင်ပြီပင်။

"ဒါပေမယ့်အမေ ဒီအနံ့ဆိုးကြီးပျောက်သွားအောင် သမီးဘယ်လိုလုပ်ရမလဲ"

ကျိုးရှန်းရှန့်အသံမှာ တုန်ယင်နေတော့သည်။ဤအနံ့ဆိုးကြီးမှာ သူမတစ်သက်တာလုံးခြောက်လှန့်နေမည်ကို အလွန်ပင်ထိတ်လန့်နေမိ၏။

ဤအကြောင်းပြောလာသည်နှင့် ကျန်းရှီမှာဒေါသထွက်သွားပြီးဆူပူတော့သည်။

"နင်ဆိုတာကလဲလေ တောထဲတောင်ထဲကဒူးရင်းသီးကိုမှ ဘာလို့သွားစားရတာလဲ၊နေဦး အမေအဘိုးရှန်းဖျင်ကို သွားရှာပြီး လာကြည့်ခိုင်းလိုက်မယ်"

ထိုသို့ပြောနေရင်းပင် ကျန်းရှီမှာသူမနှာခေါင်းကိုအုပ်ထားရသည်။ရှန်းရှန့်ကိုယ်မှထွက်နေသောအနံ့‌ဆိုးမှာ မနေ့ကထက်ပင် ပို၍ပြင်းထန်နေသောကြောင့်အသက်ရှူပင်ကြပ်လာရ၏။

All Chapters