အခန်း (၂၇)
Vol. 3 Ch. 27
ကျန်းရှီအပြင်ထွက်လာသည်နှင့် အဘွားချူး လှမ်းမေးလာသည်။
"ယန့်ချိုး ညည်းဒီမနက်ခြံထဲမှာမြေသြဇာတွေ အများကြီးကျွေးထားတာလား"
ကျန်းရှီမျက်နှာမှာ မကောင်းတော့ပေ။ခြံထဲရှိအနံ့ဆိုးကိုရည်ရွယ်မှန်း သူမသိလိုက်သည်။သူမလည်း ခပ်ပြတ်ပြတ်ပင်ပြောလိုက်၏။
"ဟုတ်တယ်လေ မြေဩဇာများများကျွေးမှ ဟင်းသီးဟင်းရွက်တွေကပိုဖြစ်ထွန်းမှာပေါ့"
ထိုအချိန်တွင် ကျိုးရှန်းဖျင်မှာလည်း ဆေးပင်တူးရန်တောင်ခြေသို့သွားနေပြီ ဖြစ်သည်။ကျန်းရှီသည် သူ့အားအတော်ကြာသည်ထိလိုက်ရှာခဲ့ရပြီးမှ အိမ်သို့ခေါ်လာနိုင်ခဲ့၏။အိမ်ရှေ့ရောက်သောအခါ အောင်သွယ်တော်ယိုတစ်ယောက် တံခါးဝတွင်ရပ်နေသည်အားမြင်လိုက်ရသည်။
ကျန်းရှီ အောင်သွယ်တော်ယိုထံအပြေးအလွှား သွားနှုတ်ဆက်လိုက်၏။
"အစ်မကြီးရေ တောင်းပန်ပါတယ်နော် ကျွန်မအမေနေမကောင်းဖြစ်နေလို့ ရှန်းရှန့်ကသူမအဘွားအိမ်ကိုပြုစုဖို့ သွားနေရတယ်လေ"
ပြောပြောဆိုဆိုဖြင့် သူမသည်အောင်သွယ်တော်ယိုလက်ထဲသို့ ဒင်္ဂါးပြားကြီးတစ်ပြားထည့်ပေးလိုက်သည်။
"အစ်မကြီး ဒါကိုလက်ဖက်ရည်လေးဘာလေးဝယ်သောက်ဖို့သုံးလိုက်ပါ၊ကျွန်မတို့ရှန်းရှန့်ပြန်လာတာနဲ့ အစ်မကြီးဆီချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်"
နောက်မှလိုက်လာသော ကျိုးရှန်းဖျင်သည် ကျန်းရှီစကားကိုကြားသောအခါ မျက်မှောင်အနည်းငယ်ကြုံ့သွားရသည်။ရှန်းရှန့်ကိုကြည့်ပေးဖို့ ခေါ်လာတာမဟုတ်ဘူးလား။
အောင်သွယ်တော်ယိုမှာ အိမ်ထဲဝင်ခွင့်မရသဖြင့် အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း ကျန်းရှီပေးလိုက်သော ငွေပမာဏမှာများသဖြင့် အပြုံးဖြင့်သာသဘောတူလိုက်သည်။
"ညည်းတို့ရှန်းရှန့်လေးက တစ်ကယ်သိတတ်တဲ့ကလေးမလေးပဲ"
သို့သော်လည်းထွက်မသွားခင်တွင် အောင်သွယ်တော်ယိုမှာ ကျန်းရှီနောက်မှကျိုးရှန်းဖျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ဘေးပတ်ဝန်းကျင်ရွာများတွင် ကျိုးရှန်းဖျင်အားလူတိုင်းသိကြ၏။သူသည် ကျိုးကျားရွာ၏သမားတော်ဖြစ်ပြီး ဆေးပညာလည်းအလွန်တော်သူဖြစ်သည်။ကျန်းရှီက သူ့ကိုဘယ်သူ့အတွက်ပင့်လာတာလဲ။ကျိုးရှန်းရှန့်များ နေမကောင်းဖြစ်နေတာလား။
အောင်သွယ်တော်ယိုသည် ဤအချက်ကိုမှတ်ထားလိုက်ပြီး ကျိုးရှန်းရှန့်အားအခြားလူပျိုလေးများနှင့် လောလောဆယ်မိတ်ဆက်မပေးသေးရန် ဆုံးဖြတ်လိုက်သည်။အကယ်၍ ရှန်းရှန့်သာကျန်းမာရေးမကောင်းဘဲ ကလေးမရနိုင်သည့်မိန်းကလေးဖြစ်နေပါက သူမ၏အောင်သွယ်တော်ဂုဏ်သိက္ခာလည်း ထိခိုက်လာလိမ့်မည်မဟုတ်ပါလား။
သို့သော် ရွာသို့ရောက်နေပြီဖြစ်ရာ လက်ဗလာဖြင့်မပြန်ချင်ပေ။ကျိုးကျားရွာတွင် အိမ်ထောင်ပြုရန်အသင့်ဖြစ်နေသည့် နောက်ထပ်မိန်းကလေးတစ်ယောက်ရှိသေးသည်ပင်။ကျိုးအိမ်ဟောင်းမှအကြီးဆုံးသမီးကျိုးလျန်ဟွားသည်လည်း ယခုနှစ်တွင်၁၅ နှစ်ပြည့်ပြီဖြစ်သည်။
ထိုသို့တွေးကာ အောင်သွယ်တော်ယိုသည် ကျိုးအိမ်ဟောင်းသို့ တန်းတန်းမတ်မတ် လာခဲ့တော့၏။
ကျိုးရှီနှင့်ကျိုးလျန်ဟွားတို့မှာ ဆေးပင်တူးရန် တောင်ခြေသို့မသွားရသေးဘဲ အိမ်တွင်ပန်းကန်ဆေးနေကြသည်။ဒုတိယမိသားစုခွဲထွက်သွားချိန်မှစ၍ သူတို့လုပ်ရမည့်အလုပ်မှန်သမျှမှာပထမမိသားစုခေါင်းပေါ် ပုံကျလာတော့၏။အဘွားစွင်းသည် တတိယမိသားစုအပေါ်သိသိသာသာဘက်လိုက်လွန်းသဖြင့် သူမနားကပ်နေတတ်သော လျန်ဟွားပင်လျှင် ပင်ပန်းဆင်းရဲမှုဒဏ်ကိုအတူတူခံနေရရှာသည်။
အောင်သွယ်တော်ယိုရောက်လာသည်နှင့် ကျိုးရှီမှာသူမအား အိမ်ထဲသို့ချက်ချင်းဖိတ်ခေါ်ကာ ကျိုးလျန်ဟွားအားရေခပ်ခိုင်းလိုက်ပြီး အောင်သွယ်တော်ရှေ့တွင် အမှတ်ရအောင်နေရန် တိုက်တွန်းလိုက်၏။ကျိုးလျန်ဟွားအားကြည့်ပြီး အောင်သွယ်တော်ယိုသည် တဖွဖွချီးကျူးနေတော့သည်။
"ညီမရှုဖန်မှာ ဒီလောက်လှပြီးအေးဆေးတည်ငြိမ်တဲ့သမီးလေးရှိတာ တစ်ကယ်ကံကောင်းတာပဲနော်"
ထိုစကားအားကြားလိုက်ရသောအခါ ကျိုးရှီသည်လျန်ဟွားအား သူမ၏ပန်းထိုးထည်များအားယူလာခိုင်းလိုက်သည်။အောင်သွယ်တော်၏ချီးကျူးမှုကိုရမှသာ သမီးဖြစ်သူလည်းကောင်းမွန်သောမိသားစုထဲသို့ ရောက်ရှိနိုင်မည်မဟုတ်ပါလား။
"ပန်းထိုးလက်ရာကတော့ တစ်ကယ်ကိုပြောင်မြောက်လွန်းတယ်၊အခြားမိန်းကလေးတွေ အမှီလိုက်ဖို့တော့ခက်လှချည်ရဲ့"
ကျိုးရှီလည်း မြှောက်ပင့်ပြောဆိုလိုက်သည်။
"နောက်ကျရင် ကျွန်မသမီးလျန်ဟွားရဲ့ အိမ်ထောင်ရေးကို အစ်မကြီးပဲကူညီပေးပါဦး၊ဂုဏ်ပြုတဲ့အနေနဲ့ စာအိတ်နီလဲပြင်ပေးထားမှာပါ"
"စိတ်ချပါ ရှုဖန်ရယ်၊ညည်းတို့ရွာမှာ အခုအိမ်ထောင်ပြုဖို့အသင့်ဖြစ်နေတာဆိုလို့ ညည်းသမီးလျန်ဟွားတစ်ယောက်ပဲရှိတာလေ၊ငါကသူမအတွက် အကောင်းဆုံးမိသားစုကို အရင်ဆုံးရှာပေးမှာပေါ့၊ရန်ရှုရွာကရန်ဖုန်းရှို့ဆိုတဲ့ကောင်လေးက ဒီနှစ်၁၆နှစ်ပြည့်မှာလေ၊အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နဲ့အလုပ်လဲကြိုးစားပြီး အားကိုးရတဲ့သူပါ၊သူကတစ်ဦးတည်းသောသားလေ၊မိဘတွေကလဲ ကျန်းမာကြပါတယ်၊သူတို့မှာမြေရှစ်မူတောင်ရှိတဲ့အပြင် ဝက်အကောင်နှစ်ဆယ်လဲမွေးထားတော့ တစ်နှစ်တစ်နှစ်ဝင်ငွေကအတော်လေးကောင်းတယ်"
ထိုစကားအားကြားသောအခါ ကျိုးလျန်ဟွားမျက်ဝန်းများ တောက်ပသွားရသည်။တစ်ဦးတည်းသောသားဆိုသည်မှာ နောင်တွင်မိသားစုပိုင်ဆိုင်မှုအားလုံးသည် သူ့အပိုင်ဖြစ်လာမည်မဟုတ်ပါလား။ရန်ရှုရွာရှိလယ်ကွင်းများမှာလည်း သူတို့ရွာနှင့်မတူဘဲ အထွက်နှုန်းအလွန်ကောင်းလှသည်။ဝက်တစ်ကောင်လျှင် ကျင်းနှစ်ရာကျော်လောက်အလေးချိန်ရှိပြီး ဝက်သားတစ်ကျင်းလျှင်၁၈ပြားခန့်ရှိ၏။
ချက်ချင်းဆိုသလိုပင် ကျိုးလျန်ဟွားဦးနှောက်မှာ အလုပ်လုပ်သွားတော့သည်။ဤသည်မှာ တစ်ကယ့်ကိုမိသားစုကောင်းတစ်ခုဖြစ်ပေ၏။အောင်သွယ်တော်ယို၏စကားအဆုံးတွင် ကျိုးရှီမှာမရေမရာဟန်ဖြင့် မေးလိုက်သည်။
"ကျွန်မမှတ်မိတာတော့ ကျိုးကွမ်ကျူးသမီးရှန်းရှန့်ကလဲ အရွယ်ရောက်နေပြီမလား"
ကျိုးလျန်ဟွားမှာ သူမမိခင်ထံမျက်မှောင်ကြုံ့၍ကြည့်လိုက်သည်။သူမအမေက ဘာလို့ ဒီလောက်တောင်တုံးရတာလဲ။အောင်သွယ်တော်ယိုက သူမအတွက်အကောင်းဆုံးလူကိုအရင်ရှာပေးမယ်လို့ ပြောပြီးပြီပဲလေ။ဘာဖြစ်လို့ ကျိုးရှန်းရှန့်လည်း အရွယ်ရောက်နေပြီဆိုတာကိုသတိပေးနေရတာလဲ။
"အဲ့ကလေးမလေးကလဲ သိတတ်ပါတယ်၊သူမအဘွားကိုပြုစုဖို့ဆိုပြီး အဘွားအိမ်သွားနေတယ်လေ၊ဒါကြောင့် သူမရုပ်ရည်နဲ့အကျင့်စာရိတ္တကိုကြည့်ဖို့ အခွင့်အရေးမရသေးဘူး၊ဒါပေမယ့်ကျွန်မဒီကိုလာတဲ့လမ်းမှာ ညီမယန်ချိုးကရွာသမားတော်အဘိုးရှန်းဖျင်ကိုအိမ်ခေါ်သွားတာတွေ့လိုက်တယ်၊သူတို့အိမ်မှာ တစ်ယောက်ယောက်များ နေမကောင်းဖြစ်နေတာလားတော့မသိပါဘူး၊သူမအိမ်ရှေ့ရောက်တော့ အနံ့ဆိုးကြီးတောင်ရလိုက်သေးတယ်၊ယန်ချိုးကတော့လေ ခြံထဲမှာဘာလို့မြေသြဇာတွေအများကြီးသွန်ထားရတာလဲဆိုတာ တစ်ကယ်ကိုနားမလည်နိုင်တော့ဘူး"
အောင်သွယ်တော်ယို၏ငြီးတွားသံကိုနားထောင်ရင်း ကျိုးလျန်ဟွားမှာသံသယအချို့ဖြစ်လာတော့သည်။မနေ့ကကျိုးရှန်းရှန့်နှင့်တွေ့စဉ်တွင်လည်း သူမကိုယ်မှနေအနံ့ဆိုးတစ်ခုရလိုက်သလိုလို ခံစားခဲ့ရသည်လေ။ထိုစဉ်က သူမသိပ်အရေးမစိုက်ခဲ့သော်လည်း ယခုအောင်သွယ်တော်ယို၏ပြောပြချက်များနှင့် ကျန်းရှီမှအဘိုးရှန်းဖျင်ကိုခေါ်ထားသည့်ကိစ္စအပြင်အနံ့ဆိုးတို့ကိုပါ ပေါင်းစပ်ကြည့်လိုက်သည့်အခါတွင်တော့ သူမစိတ်ထဲတွင်ခန့်မှန်းချက်တစ်ခုထွက်ပေါ်လာတော့သည်။
ဘာပဲဖြစ်ဖြစ် ရန်ဖုန်းရှို့ဆိုတဲ့လူကတော့ သူမအပိုင်ပဲဖြစ်ရမယ်။
...........
အောင်သွယ်တော်ယို ထွက်သွားသည်နှင့် ကျန်းရှီသည်အဘိုးရှန်းဖျင်ကို ခြံထဲသို့ ဖိတ်ခေါ်ကာတံခါးကိုတိတ်တိတ်လေးပြန်ပိတ်လိုက်သည်။
"ကျန်းရှီ ရှန်းရှန့်ကဘာဖြစ်လို့လဲ၊သူမအိမ်မှာရှိလား"
အဘိုးရှန်းဖျင်စကားပြောနေစဉ်မှာပင် ပြင်းထန်လှသောအနံ့ဆိုးကြီးတစ်ခုကို ရုတ်တရက်ရလိုက်သည်။သို့သော် ခြံထဲတွင်မြေသြဇာသွန်ထားသည့်အစအနပင် မရှိချေ။
"အဘိုးရှန်းဖျင် ရှန်းရှန့်ကိုကယ်ပါဦး၊သူမက....."
ကျန်းရှီစကားမဆုံးမီမှာပင် ကျိုးရှန်းရှန့်တစ်ယောက် အိမ်ခန်းထဲမှနေထွက်လာလေသည်။ချက်ချင်းဆိုသလို ထိုအနံ့ဆိုးကြီးကြောင့် အဘိုးရှန်းဖျင်မှာမူးလဲမတတ်ဖြစ်သွားရ၏။
"ရှန်းရှန့်က မိလ္လာတွင်းထဲကျသွားလို့လား"
ဤအချိန်တွင်တော့ ကျိုးရှန်းရှန့်မှာ မိလ္လာတွင်းထဲကျသွားချင်စိတ်ပင်ပေါက်နေတော့သည်။အနည်းဆုံးတော့ ဆေးကြော၍ရသည်မဟုတ်ပါလား။သူမမျက်ဝန်းများမှာ နီမြန်းနေပြီးငိုယိုလျက်ဖြင့် အဘိုးရှန်းဖျင်အား အကူအညီတောင်းလိုက်တော့သည်။
"အဘိုးရှန်းဖျင် သမီးကိုကယ်ပါဦး၊မနေ့ကဆေးပင်တူးရင်း ဒူးရင်းသီးတစ်လုံးတွေ့လို့ခူးစားမိတာ၊အခုတော့တစ်ကိုယ်လုံး နံစော်နေပြီ၊ဘယ်လိုမှဆေးကြောလို့မရတဲ့အပြင် ပိုတောင်နံလာသေးတယ်"
ထိုစကားအားကြားသောအခါ အဘိုးရှန်းဖျင်စိတ်ထဲအလိုလိုတွေးလိုက်မိသည်။
"တောင်ပေါ်က မသန့်ရှင်းတဲ့အရာတစ်ခုခုနဲ့များ တိုးခဲ့တာလား"
ထိုစကားကိုကြားသည်နှင့် ကျိုးရှန်းရှန့်နှင့်ကျန်းရှီတို့မှာ အရင်ရက်အနည်းငယ်၌ အဘွားစွင်းကိုယ်ထဲမှထွက်လာသော ရာသီသွေးမိစ္ဆာကိုပြေးမြင်မိကာ ထိတ်လန့်သွားကြသည်။ကျိုးရှန့်ရှန့်သည် သူမဗိုက်ကိုငုံ့ကြည့်လိုက်၏။သူမဗိုက်ထဲတွင်လည်း မကောင်းဆိုးဝါးရှိနေသည်များလား။
အဘိုးရှန်းဖျင်သည် ရှန်းရှန့်အားလက်ကောက်ဝတ်ပေးရန်ပြောကာ သွေးခုန်နှုန်းစမ်းကြည့်လိုက်သည်။သူ့ဘဝတွင်မစင်ပုံနှင့် ဤမျှနီးနီးကပ်ကပ်ထိမနေခဲ့ဖူးချေ။သွေးခုန်နှုန်းစမ်းနေချိန်တစ်လျှောက်လုံးတွင်လည်း အနံ့ကြောင့်မူးလဲမတတ်ဖြစ်နေရသည်။အတော်ကြာမှ လက်ကိုပြန်ရုတ်လိုက်ချိန်တွင် ကျန်းရှီမှာ စိုးရိမ်တကြီးဖြင့်မေးလာတော့၏။
"အဘိုးရှန်းဖျင် ဘယ်လိုလဲ ရှန်းရှန့်ကိုယ်ကအနံ့ကိုဖျောက်လို့ရမလား"
အဘိုးရှန်းဖျင် ခေါင်းယမ်းပြလိုက်သည်။
"ရှန်းရှန့်ခန္ဓာကိုယ်မှာ ဘာမှထူးခြားတာမတွေ့ရဘူး၊ဒီလောက်အနံ့ဆိုးထွက်စရာ အကြောင်းလဲမရှိဘူး၊ဖြစ်နိုင်တာတော့ မနေ့ကသူစားခဲ့တဲ့ဒူးရင်းသီးမှာ တစ်ခုခု မှားနေတာဖြစ်လိမ့်မယ်၊ရွာသားတိုင်းကို ငါပြောထားတယ်လေ ကောင်းတာတွေ့တိုင်း အငမ်းမရမဖြစ်ကြနဲ့လို့၊အဘွားစွင်းလဲကောင်းတာတွေ့လို့ဆိုပြီး ဘာဖြစ်သွားလဲ၊သူမကိုယ်တိုင်ရောကျိုးစန်းရှီပါသေလုမျောပါးဖြစ်သွားရတာပဲမလား"
ကျိုးရှန်းရှန့်မှာ ငိုယိုလျက်
"ဒါပေမယ့်သမီးကအပင်ပေါ်မှာသီးနေတာမြင်တော့ သစ်သီးမှတ်လို့စားမိတာပါ၊ဘယ်သူကသိမှာလဲ....."
"ကဲပါ တော်ပြီ တော်ပြီ၊ထောင်ဟွားဆီသာသွားပြီး အကူအညီတောင်းကြည့်လိုက်၊ဒါကတစ်ကယ်ပဲနတ်ဆိုးဝင်တာမျိုးဆိုရင် သူမကတော့နည်းလမ်းရှာပေးနိုင်မှာသေချာတယ်"
အဘိုးရှန်းဖျင်စကားကြောင့် ကျန်းရှီမျက်နှာမှာ မကောင်းတော့ပေ။သူမနှင့်ချမ်ရှီမတည့်သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ရာ ယခုကျိုးထောင်ဟွားထံ အကူအညီတောင်းရမည်ဆိုပါက ချမ်ရှီတစ်ယောက်ငြင်းမည်မှာသေချာလေသည်။
"အမေ သမီးကိုကူညီပါဦး၊ကျိုးထောင်ဟွားကို သွားခေါ်ပေးပါ၊သမီးဗိုက်ထဲမှာ မကောင်းဆိုးဝါးကြီးရှိနေမှာကိုမလိုချင်ဘူး"
ဤအချိန်တွင်တော့ ကျိုးရှန်းရှန့်တစ်ယောက်နောင်တကြီးစွာရနေတော့သည်။ဒူးရင်းသီးတစ်လုံးက ဘယ်လိုလုပ်ဒီလောက်ကြီးပြီးဆယ်မွှာတောင်ပါနိုင်ပါ့မလဲ။ဒါကတစ်ကယ်ကို မကောင်းဆိုးဝါးကြီးဖြစ်နေတာပဲကို။
ကျိုးထောင်ဟွားသည် ရွာမြောက်ဘက်တောင်ခြေတွင် ကျိုးအာ့ရှု၊ချမ်ရှီတို့နှင့်အတူ ဆေးဖက်ဝင်အပင်များကိုတူးနေသည်။
ဆေးပင်အသစ်တစ်မျိုးကိုတွေ့တိုင်း သူမသည်မိဘနှစ်ပါးကိုသေသေချာချာလေးရှင်းပြပြီး ဂရုတစိုက်လေ့လာခိုင်း၏။ယခင်ကအဘိုးရှန်းဖျင်သင်ပေးထားသောဆေးပင်များမှာမူ တောင်ခြေတွင်မတွေ့ရတော့ပေ။ရွာသားများမှာ သူမခန့်မှန်းထားသည်ထက်ပင်ပို၍လျင်မြန်စွာတူးနိုင်ခဲ့ကြသည်။
မူလ၌တောင်ခြေရှိဆေးပင်များကုန်သွားရန် တစ်လခန့်ကြာလိမ့်မည်ဟု သူမခန့်မှန်းခဲ့သော်လည်း ယခုပုံစံအတိုင်းဆိုလျှင်လဝက်ပင်ခံတော့မည်မဟုတ်ပေ။
"ထောင်ဟွားရေ"