အခန်း (၂၈)
Vol. 3 Ch. 28
ကျိုးထောင်ဟွားနောက်မှနေ အော်ခေါ်သံတစ်သံရုတ်တရက်ထွက်ပေါ်လာသည်။သူမလှည့်ကြည့်လိုက်သည့်အခါ ထိုသူမှာ ကျန်းရှီဖြစ်နေသည်ပင်။
ကျန်းရှီသည် တောင်ခြေတစ်လျှောက် လိုက်ရှာပြီးနောက်ဆုံးတွင်မှ ကျိုးထောင်ဟွားကိုတွေ့သွားခြင်းဖြစ်သည်။ရှန်းရှန့်ကိုယ်မှထွက်နေသည့် အနံ့ဆိုးကြီးအကြောင်းကိုတော့ သူမအော်မပြောရဲပေ။လာသည့်လမ်းတွင် ဆေးပင်တူးနေသောရွာသားအချို့နှင့်တွေ့ခဲ့ရသည်မဟုတ်ပါလား။ထို့ကြောင့်သူမသည် ကျိုးထောင်ဟွားနားတိုးသွားပြီး တိုးတိုးတိတ်တိတ်ပြောရန်ကြံစည်လိုက်သည်။
ကျန်းရှီ၏အမူအရာကိုမြင်သောအခါ ချမ်ရှီသည်သားငယ်လေးကိုကာကွယ်သည့် မိခင်ကြက်မကြီးကဲ့သို့ ချက်ချင်းဆိုသလိုမျက်မှောင်ကြုံ့သွားကာ သတိထားလိုက်၏။သူမသည် ကျိုးထောင်ဟွားရှေ့မှပိတ်ရပ်လိုက်ပြီး ကျန်းရှီအားသတိပေးလိုက်သည်။
"ကျန်းယန့်ချိုး နင်ကဆေးပင်မတူးဘဲ ငါ့ထောင်ဟွားလေးဆီ ဘာဒုက္ခလာပေးမလို့လဲ"
ဤမိန်းမသည်ခွေးရူးတစ်ကောင်အလားပင်။အရင်နှစ်များမှတစ်ရက်တွင် ချမ်ရှီခြေကျင်းဝတ်လွဲသွား၍ ကျိုးကွမ်ကျူးသယ်လာပေးသည်ကိုမြင်ခဲ့ချိန်မှစ၍ ကျန်းယန့်ချိုးမှာ သူမသည်ကျိုးကွမ်ကျူးကိုမြူဆွယ်သည်ဟုထင်မှတ်ကာ နှစ်ပေါင်းများစွာနှိမ်ချဆက်ဆံခဲ့သည်။
ထောင်ဟွားသည် မကြာသေးမီ၌ကျိုးရှန့်ချိုင်နှင့်စကားပြောခဲ့ဖူးသည်ကို ချမ်ရှီစိုးရိမ်နေမိ၏။ထို့အကြောင်းကြောင့်များ ဤမိန်းမမှာထောင်ဟွားမှ သူမသားရှန့်ချိုင်ကိုမြူဆွယ်နေသည်ဟု သံသယဝင်နေသည်လား။သူမသမီးထောင်ဟွားမှာ အိမ်ထောင်ပြုရမည့်အရွယ်ပင်မရောက်သေးချေ။အကယ်၍ကျန်းရှီသာ ထောင်ဟွားဂုဏ်သိက္ခာအား ဖျက်ဆီးရန် ကြိုးစားပါက သူမသည်လည်းအသေအလဲပြန်တိုက်ရမည်ပင်။
"ထောင်ဟွားအမေ ငါကထောင်ဟွားကိုပြောစရာရှိလို့ပါ ငါ့ကိုပေးသွားပါဦး"
လမ်းပိတ်ထားသောချမ်ရှီအား ကျန်းရှီမှတောင်းပန်လိုက်သည်။
ချမ်ရှီမှာတော့ အခွင့်အရေးမပေးနိုင်ပေ။အဘွားစွင်းလဲကျသွားစဉ်တွင် သူမကြောင့်ဖြစ်သည်ဟု အဘွားစွင်းမှမဟုတ်မမှန်စွပ်စွဲချိန်တွင်လည်း ကျန်းရှီသည် သူမဘက်မှမရပ်တည်ဘဲ ရွာသူကြီးအားသူမကိုရွာမှနှင်ထုတ်ခိုင်းရန် ဝိုင်းပြောခဲ့ဖူးသည်လေ။ထို့ကြောင့် ဤမိန်းမ၏ရန်ငြိုးများ ထောင်ဟွားအပေါ်သို့ ကူးစက်သွားမည်ကို ချမ်ရှီအလွန်စိုးရိမ်နေမိခြင်းဖြစ်သည်။
"ပြောစရာရှိတာကို အဲဒီမှာတင်ရပ်ပြော၊ငါ့ထောင်ဟွား ကြားရပါတယ်"
ချမ်ရှီမှာ အနားကပ်ခွင့်မပေးဘဲငြင်းဆိုလိုက်သည်။
ကျန်းရှီမှာ အလွန်ပျာယာခတ်သွားရ၏။ဤကိစ္စသည် ရှန်းရှန့်၏ဂုဏ်သိက္ခာနှင့် ဆိုင်နေသည်ဖြစ်ရာ အကယ်၍အခြားသူများသာကြားသွားပါက ရှန်းရှန့်တစ်ယောက်အိမ်ထောင်ပြုနိုင်တော့မည် မဟုတ်ပေ။သူမသည်ချမ်ရှီ့လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေးတောင်းပန်လိုက်သည်။
"ထောင်ဟွားအမေ အရင်ကငါအမြင်ကျဥ်းပြီး မှားခဲ့တာပါဟယ်၊ဒါပေမယ့် ဒီနေ့တော့ထောင်ဟွားနဲ့တစ်ကယ်ပြောစရာရှိလို့ပါ၊သူမကိုစကားနည်းနည်းပြောခွင့်ပေးပါနော် ဟုတ်ပြီလား၊မကျေနပ်သေးရင် ငါဒူးထောက်လိုက်ပါ့မယ်"
စကားပြောနေရင်းပင် ကျန်းရှီသည်ချမ်ရှီရှေ့တွင် ဒူးထောက်ရန်ပြင်လိုက်သည်။ဤသည်မှာမသင့်တော်သဖြင့် ချမ်ရှီမှာချက်ချင်းပင် သူမအားဆွဲထူလိုက်၏။
"ကျန်းယန့်ချိုး ဒီတစ်ခါတော့ငါနင့်ကိုယုံလိုက်မယ်၊ငါ့ထောင်ဟွားကို ဒုက္ခပေးဖို့ကြံရဲရင်ကြံကြည့်စမ်း၊ငါနင့်ကိုဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"
မိခင်တစ်ယောက်ဖြစ်သော ကျန်းယန့်ချိုးသည် သူမသမီးအပေါ်ထားရှိသော ချမ်ရှီ၏ကာကွယ်လိုစိတ်ကို ကောင်းကောင်းနားလည်သွားပြီဖြစ်ရာ ယခင်ကချမ်ရှီအခက်အခဲတွေ့စဉ်တွင် ဝိုင်းဝန်းနှိပ်စက်ခဲ့မိသည်ကိုနောင်တရသွားမိသည်။
အကယ်၍သာ ရှန်းရှန့်အဘွားသက်ရှိထင်ရှားရှိနေသေးပြီး သူမအဝေးရောက်နေစဉ် ရှန်းရှန့်ကိုလီယွမ်ဝေဆီကိုယ်လုပ်တော်အဖြစ်ရောင်းရန် ကြံစည်ရဲပါက သူမသည်သေးခွက်နှင့်လိုက်ရုံတင်မကဘဲ အဘွားကြီးခေါင်းပေါ်သို့မှောက်ချလိုက်ဦးမည်ပင်။
ကျန်းရှီသည်နောက်ဆုံးတွင်တော့ကျိုးထောင်ဟွားနားကပ်နိုင်သွားပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။
"ထောင်ဟွားရေ ရှန်းရှန့်ကိုကယ်ပါဦး၊သူမက နတ်ဆိုးပူးခံထားရပုံပဲ၊မနေ့ညနေကတည်းက သူမကိုယ်ကနေအနံ့ဆိုးကြီးတွေ ဆိုးဆိုးဝါးဝါးကိုထွက်နေတာ၊ဒီနေ့ဆို ပိုတောင်ဆိုးလာသေးတယ်၊မြေဩဇာပုံးဆယ်ပုံးစာအနံ့မျိုးနံနေသလိုပဲ"
ကျိုးထောင်ဟွားမှာထိတ်လန့်သွားရသည်။ထိုမျှလောက်တောင် နံနေသည်လား။
သူမသည်ကျန်းရှီနှင့်အတူသွားကြည့်ရန် ဆုံးဖြတ်လိုက်ပြီး စိုးရိမ်နေသောချမ်ရှီလည်း နောက်မှလိုက်လာခဲ့သည်။သူတို့ သုံးယောက်သည် ရွာသားများမသိအောင် တိတ်တိတ်လေးထွက်လာခဲ့ကြ၏။သို့သော် ကျန်းရှီအိမ်ရှေ့သို့ရောက်သောအခါ ရွာထဲမှအရူးကျိုးရှန်းတမှာ တံခါးဝ၌အော်ဟစ်နေသည်ကိုတွေ့လိုက်ရသည်။
"ရှန်းရှန့်ကနံစော်မပဲ အရမ်းနံတယ်"
ကျန်းရှီမျက်နှာမှာပျက်သွားပြီး သူ့ကိုအမြန်မောင်းထုတ်လိုက်သည်။
"ထွက်သွားစမ်း ငါတို့ကမြေသြဇာထည့်ထားလို့ နံနေတာ၊နင်မသွားရင် ငါနင့်ကို ရိုက်မှာနော်"
ကျန်းရှီမှလက်ရွယ်ပြလိုက်သဖြင့် ကျိုးရှန်းတမှာကြောက်လန့်တကြားထွက်ပြေးသွားတော့သည်။သို့သော် ရှန်းရှန့်မှာနံစော်နေကြောင်းကိုတော့ အော်ဟစ်နေဆဲပင်။ကျန်းရှီမျက်နှာမှာဒေါသကြောင့်ရှုံ့မဲ့သွားရသည်။ဒီအရူးက ဘာတွေအော်နေတာလဲ။ပိုဆိုးသည်မှာ သူအော်နေသည်ကအမှန်တရားဖြစ်နေခြင်းပင်။
ယခုအချိန်သည် ထိုအရူးကျိုးရှန်းတနှင့်ရန်ဖြစ်နေရမည့်အချိန်မဟုတ်ပေ။အရေးကြီးဆုံးမှာ ထောင်ဟွားအားရှန်းရှန့်ဗိုက်ထဲတွင်နတ်ဆိုးရှိမရှိစစ်ဆေးခိုင်းရန်သာဖြစ်သည်။ကျိုးထောင်ဟွားခြံဝင်းတံခါးသို့ရောက်လာသည်နှင့် ပြင်းထန်သောအနံ့ဆိုးကြီးကို ချက်ချင်းရလိုက်ရာမနက်စာများပင်ပြန်အန်ထွက်မတတ်ဖြစ်သွားရ၏။ကျန်းရှီပြောစကားမှာ အပိုမပါဘဲအမှန်ပင်ဖြစ်နေတော့သည်။
ကျိုးထောင်ဟွား အိမ်ထဲသို့ဝင်လိုက်သော်လည်း ကျိုးရှန်းရှန့်နားသို့တိုးမသွားနိုင်ပါပေ။
ကျိုးထောင်ဟွားမှသူမအနားတိုးသွားလေလေ အနံ့ဆိုးမှာပိုပြင်းလာလေလေဖြစ်ပြီး သူမခေါင်းကိုပင်မူးနောက်သွားစေသည်။
ကျန်းရှီပြန်လာသည်ကိုမြင်သောအခါ ကျိုးရှန်းရှန့်သည် သူမရင်ခွင်ထဲသို့ အပြေးအလွှားတိုးဝင်ကာငိုယိုတော့၏။
"အမေ ဟိုအရူးကအပြင်မှာအော်နေတုန်းပဲ။သမီးဖြင့်ကြောက်လွန်းလို့သေတော့မယ်"
"ကိစ္စမရှိဘူး စိတ်အေးအေးထား၊ရွာသားတွေအကုန်လုံးက ဆေးပင်တူးဖို့တောင်ခြေသွားကုန်ကြပြီ၊ဘယ်သူမှလာမှာမဟုတ်ဘူး"
ကျန်းရှီအမြန်နှစ်သိမ့်ပေးလိုက်သည်။
ထို့နောက် ကျန်းရှီမှာကျိုးထောင်ဟွားအားကြည့်ကာ
"ထောင်ဟွား အဒေါ်တို့ရှန်းရှန့်က......"
ကျိုးထောင်ဟွားသည် အိမ်ခန်းထဲမှချက်ချင်းပြန်ထွက်ကာ ကျန်းရှီထံခေါင်းငြိမ့်ပြလိုက်၏။
"အဒေါ်ကျန်း ရှန်းရှန့်ကိုယ်ထဲမှာတစ်ကယ်နတ်ဆိုးဝင်နေတာပါ၊ဒါပေမယ့်တစ်ခုတော့ ကြိုပြောထားမယ်နော်၊သမီးက မကောင်းဆိုးဝါးနှင်ပေးရင် အခကြေးငွေနှစ်တေးယူတယ်၊သမီးစည်းကမ်းကို ဒေါ်လေးသိမှာပါ၊ဦးလေးတို့အဘွားတို့တုန်းက မကောင်းဆိုးဝါးနှင်ပေးတာ ဆယ်တေးတောင်ယူခဲ့တာနော်၊အခုဒါက ဒေါ်လေးအတွက်အများကြီးလျှော့ပေးထားတာ"
"ရတယ် ရတယ် ရော့ ဒီမှာ"
ကျန်းရှီ ချက်ချင်းပင်သဘောတူလိုက်ပြီး သူမအင်္ကျီထဲမှ ၂တေးကိုထုတ်ပေးလိုက်သည်။နှစ်တေးဆိုသည်မှာ များပြားသော ပမာဏဖြစ်သော်လည်း ရှန်းရှန့်အတွက်ဆိုလျှင်ပိုက်ဆံမှာဘာမှမဟုတ်ပေ။
ပိုက်ဆံကိုလက်ခံရရှိပြီးနောက် ကျိုးထောင်ဟွားနှုတ်ခမ်းအစုံမှာအနည်းငယ် ကွေးညွတ်သွားရသည်။ပိုက်ဆံရပြီဖြစ်၍ သူမဝိညာဉ်စွမ်းအင်ကိုအသုံးပြုကာ အကာအကွယ်တစ်ခု ဖန်တီးနိုင်ပြီပင်။မဟုတ်လျှင်တော့ သူမလှည့်ပြန်သွားရလိမ့်မည်။ကျိုးရှန်းရှန့်ကိုယ်မှထွက်နေသောအနံ့ဆိုးမှာ အလွန်ပြင်းထန်လှသည်။ထိုအနံ့ကိုသာဆက်ရှူနေရပါက သူမအသက်ရှူကြပ်ပြီးသေသွားနိုင်သည်ဟုခံစားနေရ၏။
ချမ်ရှီနှင့်ကျန်းရှီတို့သည် ထောင်ဟွားနားသို့တိုးကပ်လာပြီး အကာအကွယ်တွင်းဝင်လိုက်ချိန်မှသာ အသက်ပြန်ရှူနိုင်တော့သည်။ကျိုးထောင်ဟွား၏အကာအကွယ်မှာ အလွန်မကြီးသဖြင့် ချမ်ရှီနှင့်ကျန်းရှီတို့သည်တစ်ဦးနှင့်တစ်ဦးထိကပ်နေသည့် အကွာအဝေးတွင်ရပ်နေကြရ၏။သူတို့နှစ်ဦးရန်မဖြစ်ဘဲ ဤမျှနီးနီးကပ်ကပ်ရှိနေသည်မှာ ရှားပါးလှရာ လေထုသည်အနည်းငယ်အနေရခက်လာတော့သည်။
ချမ်ရှီမှာကျန်းရှီအားတစ်ချက်ကြည့်၍မျက်နှာလွှဲလိုက်၏။သမီးဖြစ်သူအတွက်စိုးရိမ်နေသော ကျန်းရှီမှာကျိုးထောင်ဟွားဘက်လှည့်မေးလိုက်သည်။
"ထောင်ဟွား အဒေါ်တို့ရှန်းရှန့်ကိုဘယ်လိုနတ်ဆိုးက ပူးကပ်နေတာလဲ၊ဘာလို့ဒီလောက်တောင်နံနေရတာတုန်း"
"သူမကနှစ်တစ်ရာသက်တမ်းရှိတဲ့ ဒူးရင်းသီးနတ်ဆိုးကိုစားမိသွားတာမလို့ အခုလိုနံနေတာပါ၊ဒူးရင်းသီးနတ်ဆိုးက အခုလက်စားချေနေတာလေ၊ရှန်းရှန့်ကို တစ်သက်လုံးအနံ့ဆိုးစွဲပြီးအရှက်ကွဲအောင်လုပ်ချင်နေတာ၊သမီးအထင်မမှားဘူးဆိုရင် အချိန်ကြာလာလေလေ ရှန်းရှန့်ကိုယ်နံ့က ပိုဆိုးလာလေလေဖြစ်လိမ့်မယ်၊အဲ့အချိန်ကျရင်တော့ ဒေါ်လေးတို့မိသားစုတင်မကဘူး တစ်ရွာလုံးပါနံစော်ကုန်လိမ့်မယ်"
ထိုစကားအားကြားလိုက်ရသောအခါ ကျိုးရှန်းရှန့်မျက်နှာသည် ဖြူလျော်သွားတော့၏။သူမသည်အနံ့ဆိုးစွဲရုံတင်မကဘဲ တစ်သက်လုံးအရှက်ကွဲရမည့်ဘဝကို မလိုချင်ပေ။ကျန်းရှီမှာလည်း အဘိုးရှန်းဖျင်စကားကိုနားထောင်ပြီး ကျိုးထောင်ဟွားကိုချက်ချင်းလာရှာခဲ့မိသည်မှာမှန်သွားသည်ဟုတွေးကာ ကျေးဇူးတင်မိတော့၏။ထိုသို့မဟုတ်ဘဲ တစ်ရွာလုံးသိသွားပါက ရှန်းရှန့်ကိစ္စမှာဖုံးဖုံးဖိဖိလုပ်၍ရတော့မည်မဟုတ်ပေ။
ကျိုးရှန်းရှန်းအမူအရာကိုမြင်သောအခါ ကျိုးထောင်ဟွား နှစ်သိမ့်လိုက်သည်။
"အစ်မရှန်းရှန့် မကြောက်နဲ့နော် ညီမရှိပါတယ်၊ပိုက်ဆံလဲလက်ခံပြီးပြီဆိုတော့ ဒီဒူးရင်းသီးနတ်ဆိုးကို နှင်ထုတ်ပေးဖို့တာဝန်ယူပါတယ်"
ကျိုးထောင်ဟွားမှာ စုတ်တံကိုထုတ်၍ ရှန်းရှန့်အတွက်အဆောင်ဆွဲရန်ပြင်လိုက်စဉ်မှာပင် ခြံဝင်းတံခါးအပြင်ဘက်မှ အရူးကျိုးရှန်းတအသံကြီး ထပ်ထွက်လာပြန်သည်။
"ရှန်းရှန့်က နံစော်မကြီး အရမ်းနံတယ်"
ထို့နောက်အခြားရွာသားများ၏ဝေဖန်သံများ ချက်ချင်းလိုက်လာတော့သည်။
"ဟဲ့ အရူး နင်ဘာတွေအော်နေတာလဲ၊ကျန်းရှီတို့အိမ်က မြေသြဇာသုံးထားတာမလား"
"ဘယ်သူကဟင်းသီးဟင်းရွက်စိုက်ရင် မြေသြဇာမသုံးဘဲနေမှာလဲ၊ဒါပေမယ့်အပင်မလောင်အောင်(မြေဩဇာကအပူမလို့)ရေနဲ့ရောရတယ်လေ၊အခုအနံ့ကတော့ အရမ်းလွန်လွန်းတယ်၊မြေသြဇာအစစ်တောင်ဒီလောက်မနံဘူး"
ဘေးအိမ်မှအဘွားအိုချူးလည်း ဝင်ပြောလာသည်။
"ဟုတ်တယ်၊ငါဆိုမနေ့ညကတည်းက ရနေတာ၊ဒီအနံ့ကြောင့် ငါ့မြေးဆိုအိပ်လို့တောင်မပျော်ဘူး"
ထိုအချိန်တွင်ကျိုးလျန်ဟွားမှာ ကျိုးရှန်းတထံဝေခွဲရခက်သည့်အမူအရာဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ဒီအရူးပြောနေတာ အမှန်များလား၊ဒီအနံ့ကြီးက ရှန်းရှန့်ကိုယ်ကနေတစ်ကယ်ထွက်နေတဲ့အနံ့လား၊ခုနကတင် ဒေါ်လေးကျန်းကအဘိုးရှန်းဖျင်ကို အိမ်ခေါ်သွားတာတွေ့လိုက်သေးတယ်၊ပြီးတော့ထောင်ဟွားကိုပါ ထပ်ခေါ်သွားတာလေ"
အဘိုးရှန်းဖျင်ကိုခေါ်သွားသည်မှာ ဆေးကုရန်ဖြစ်နိုင်သော်လည်း ကျိုးထောင်ဟွားကိုပါ တန်းခေါ်သွားသည်ဆိုလျှင်တော့.....ဤသည်မှာမကောင်းဆိုးဝါး နှင်ထုတ်သည်သာဖြစ်ရပေမည်။
အကဲခတ်မြန်သော ရွာသားတစ်ယောက်မှာ နှာခေါင်းနားလက်ဖြင့်ယမ်းကာပြောလိုက်သည်။
"ကျိုးရှန်းရှန့်ဆီတစ်ခုခုပူးကပ်ခံထားရလို့ ခြံအပြင်ထိတောင်ဒီလောက်နံနေတာလား မသိဘူးနော်"
ယခုအချိန်တွင်ခြံဝင်းအတွင်းရှိ ကျိုးရှန်းရှန့်နှင့်ကျန်းရှီတို့မှာ အလွန်တရာထိတ်လန့်တုန်လှုပ်နေကြပြီး အပြင်မှလူများပြောသမျှကို အတိုင်းသားကြားနေရတော့သည်။