← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ရုတ်တရက်ဆိုသလို ရွာထဲရှိနာမည်ကြီးတစ်ရာ့ကိုးတစ်ရာတစ်ဆယ်ကျိုးရှန့်လင်မှာ တံခါးကိုတဒုန်းဒုန်းမြည်အောင်ထုပြီး အော်ဟစ်လာတော့သည်။

"ရှန်းရှန့်အဆင်ပြေရဲ့လား၊ကိုယ်ကူညီစရာလိုသေးလား"

ကျိုးရှန့်လင်မှာ ၁၉နှစ်ရှိပြီဖြစ်သော်လည်း အခုထိအိမ်ထောင်မရှိသေးပေ။သူ့မိခင်အဒေါ်ရွှီမှာလည်း ကျန်းမာရေးမကောင်းရှာပေ။ကျိုးရှန့်လင်မှာ ဆိုဆုံးမမည့်အဖေမရှိဘဲကြီးပြင်းလာရသလို အမေဖြစ်သူသည်လည်းသူ့အားမထိန်းနိုင်ချေ။ထို့ကြောင့် သူသည်အလုပ်မလုပ်၊ပိုက်ဆံမရှာဘဲ လယ်ကွင်းမှထွက်သော မစို့မပို့ပမာဏလေးဖြင့်သာအချိန်ဖြုန်းနေတော့သည်။မိသားစုမှာဆင်းရဲသည့်အပြင် အလုပ်လည်းမကြိုးစား၍ ရွာထဲရှိမည်သည့်မိန်းကလေးကမှ သူ့ကိုအဖက်မလုပ်ကြပေ။

သို့သော် ယနေ့တော့လျှို့ဝှက်ချက်တစ်ခုကို သူကြားခဲ့ရသည်။ကျိုးရှန်းရှန်းဆီမှအနံ့ဆိုးများထွက်နေ၍ ဘယ်တော့မှအိမ်ထောင်ပြုနိုင်မည်မဟုတ်ဆိုသောသတင်းပင်။အကယ်၍ သူသာဤလျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်ပါလျှင် ကျိုးရှန်းရှန့်အား အလကားနေရင်းမိန်းမအဖြစ်ရနိုင်သည်ဟု တွက်ဆလိုက်မိသည်။

ကျိုးရှန့်လင်မှတံခါးကိုအတင်းထုနေသည်အားမြင်သော် တံခါးပေါက်ပွင့်ထွက်သွားမည်စိုး၍ ကျိုးရှန်းရှန့်မှာရင်တထိတ်ထိတ်ဖြင့်အိမ်ထဲပြေးပုန်းနေရ၏။

"ထောင်ဟွား အစ်မကိုကယ်ပါဦး"

ဤသည်အားမြင်လိုက်ရသော် ကျိုးထောင်ဟွားသည်သူမစုတ်တံကိုပြန်သိမ်းလိုက်ပြီး ကျိုးရှန်းရှန့်ဗိုက်ကို မုဒြာလက်ဟန်ဖြင့်တစ်ချက်ရိုက်ချလိုက်သည်။နောက်တစ်ခဏမှာပင် ဝိုင်းစက်နေသောဒူးရင်းသီးတစ်လုံးမှာ ဗိုက်ထဲမှနေဝုန်းကနဲထွက်ကျလာတော့၏။ထိုဒူးရင်းသီးမှာ ထွက်ပြေးရန်ကြံရွယ်လိုက်ပေသိ ကျိုးထောင်ဟွားမှာလက်မြန်ခြေမြန်နှင့် သူ့အညှာကိုဖမ်းဆုပ်ပြီး လက်ထဲတွင်မြဲမြဲကိုင်ထားလိုက်သည်။

ကျိုးရှန်းရှန့်မှာတော့ ထိုဒူးရင်းသီးနတ်ဆိုးကြီး သူမဗိုက်ထဲပြန်ဝင်လာမည်စိုး၍ ကျိုးထောင်ဟွားနောက်တွင် ပုန်းနေလိုက်၏။ကျိုးထောင်ဟွားလက်ထဲတွင် အစွမ်းပြရန်ကြိုးစားလိုက်ပေသိ ရုန်းမထွက်နိုင်သည့်အဆုံးမှာတော့ ထိုဒူးရင်းသီးမှာငါးနှစ်အရွယ်မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

သူမသည်ရွှေရောင်ပိုးထည်ဝတ်စုံလေးကို ဝတ်ထားပြီး အင်္ကျီအနားများတွင် ဒူးရင်းသီးပုံစံများပန်းထိုးထား၏။ဆံပင်မှာလည်း ရွှေရောင်ဒူးရင်းသီးအခွံနှင့်ပြုလုပ်ထားသောဆံထိုးလေးဖြင့် ထုံးဖွဲ့ထားသေးသည်။နက်မှောင်သောဆံနွယ်ရှည်ကြီးများအားကျောပြင်ထက်ဖြန့်ချထားပြီး ဆံပင်ကြားတွင်ညှပ်ထားသည့် ဒူးရင်းပန်းလေးမှာလည်း လေထဲတွင်ယိမ်းနွဲ့ရင်းအနံ့ဆိုးများကို ထုတ်လွှတ်နေလေ၏။

ဒူးရင်းသီးနတ်ဆိုးလေးမှာ ကျိုးထောင်ဟွားလက်ထဲမှနေ လျှောထွက်ဖို့လုပ်လိုက်သော်လည်း ထောင်ဟွားမှာသူမအင်္ကျီကော်လာမှနေ ဆွဲမထားလိုက်သည်။

"ဟမ့် လူဆိုးမကြီး"

ဒူးရင်းသီးနတ်ဆိုးလေးမှာ မျက်လုံးအဝိုင်းသားနှင့်ကျိုးထောင်ဟွားထံ ရန်တွေ့လာပေသိ သူမအသံလေးမှာနူးညံ့၍အန္တရာယ်မရှိသည့်ပုံပေါ်နေသည်။

ကျိုးထောင်ဟွားမှာ သူမခေါင်းထက်ရှိဒူးရင်းသီးအခွံကို ဖတ်ကနဲရိုက်လိုက်ပါမှ နတ်ဆိုးလေးမှာခေါင်းလေးပုဝင်သွားပြီး ပါးစပ်ပိတ်သွားတော့၏။သို့တိုင်အောင် မကျေမနပ်ဖြင့်ပွစိပွစိတော့လုပ်နေသေးသည်။

"ပါးစပ်ပိတ်ထားစမ်း"

ကျိုးထောင်ဟွားအော်လိုက်၏။

"......"

ဒူးရင်းသီးနတ်ဆိုးလေးမှာကြောက်လွန်း၍အသံပင်မထွက်ရဲတော့ပေ။

"အနံ့တွေထပ်မထွက်လာစေနဲ့၊မဟုတ်လို့ကတော့ နင့်ကိုအမှုန့်ကြိတ်ပစ်မယ်"

"......."

သူမကအရမ်းရက်စက်တာပဲ။

ဒူးရင်းသီးနတ်ဆိုးလေး၏ဆံပင်ကြားတွင် ပွင့်နေသောဒူးရင်းပန်းလေးမှာ ချက်ချင်းဆိုသလိုငုံသွားတော့၏။ထိုအခါမှ လေထဲရှိအနံ့ဆိုးများလည်း ချက်ချင်းပျောက်သွားတော့သည်။

ကျိုးရှန်းရှန့်မှာ အံ့ဩတကြီးဖြင့်အော်ပြောလိုက်၏။

"အနံ့မနံတော့ဘူး"

လေထဲရှိအနံ့များပျောက်သွားရုံတင်မကဘဲ သူမလက်မောင်းကိုပြန်နမ်းကြည့်လိုက်တော့လည်း ဘာအနံ့မှမရှိတော့ပေ။

ကျန်းရှီလည်း အခုမှအသက်ဝဝရှူနိုင်တော့သည်။မနေ့ညအိမ်ပြန်ရောက်ကတည်းမှ အနံ့ဆိုးများကြားနေခဲ့ရသည်ဖြစ်၍ သေမလိုခံစားနေရသော်လည်း ကိုယ့်သမီးကိုယ်မှထွက်နေသည့်အနံ့ဖြစ်ရာ မည်မျှပင်ရွံရှာမိပါစေသည်းခံခဲ့ရလေ၏။

ထိုအချိန်မှာပင် ကျိုးရှန့်လင်လည်းအပြင်တံခါးကိုဖျက်ပြီး ဝင်ချလာတော့သည်။အိမ်ပြင်တွင် လာကြည့်နေကြသည့်ရွာသားများလည်း ခြံထဲသို့အလုအယက် ချောင်းကြည့်လိုက်ကြ၏။

"ဟမ် မြေသြဇာကဘာလို့အနံ့မထွက်တော့တာလဲ"

ရွာသားတစ်ယောက်မှာ သံသယဖြင့်မေးလိုက်သည်။

ကျိုးလျန်ဟွား တိုးတိုးလေးပြောလိုက်၏။

"ဒီအနံ့ကြီးကဟိုအရူးပြောသလို ရှန်းရှန့်ကိုယ်ကနေတစ်ကယ်ထွက်နေတာတော့ မဟုတ်ပါဘူးနော်"

ထိုစကားအားကြားလိုက်ရသော ကျိုးရှန့်လင်မှာ ယုံကြည်ချက်ပိုရှိသွားပြီး အိမ်ထဲဝင်ဖို့လုပ်ကာပြောလာ၏။

"ရှန်းရှန့် အဆင်ပြေရဲ့လား"

သူအိမ်ထဲဝင်ခါနီးမှာပင် ကျန်းရှီမှာအိမ်ထဲမှနေ ရုတ်ချည်းထွက်ချလာပြီး သူ့ထံလက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုတော့သည်။

"ဟဲ့ ကျိုးရှန့်လင် နင်ကဆေးပင်မတူးဘဲ ငါ့အိမ်တံခါးကိုဘာလို့လာဖျက်တာလဲ"

ကျန်းရှီမှာ မျက်လုံးပြူးကြည့်၍သူ့မျက်နှာကိုတံတွေးဖြင့်လှမ်းထွေးလိုက်သည်။ကျန်းရှီဆိုသည်မှာ ရွာထဲတွင်အာဏာပြတတ်သည့်ကြွက်စုတ်ဟု နာမည်ကြီးသလို သူမယောက်ျားကျိုးကွမ်ကျူးပင် တစ်သက်လုံးကြောက်နေရရှာ၏။ကျိုးရှန့်လင်လည်း ကျန်းရှီအားမြင်သည်နှင့် ချက်ချင်းတွန့်သွားတော့သည်။

သို့သော်မိန်းမရဖို့မျှော်လင့်ချက်နှင့်အတူ သတ္တိမွေးပြီးသူပြောလိုက်၏။

"ဒေါ်လေးကျန်း ကျွန်တော်ကရှန်းရှန့်ကိုစိုးရိမ်လို့လာကြည့်တာပါ"

ကျိုးရှန့်လင်စကားမဆုံးမီမှာပင် ကျန်းရှီဖြတ်ပြောလိုက်၏။

"ငါတို့ရှန်းရှန့်လေးက ကျန်းကျန်းမာမာနဲ့ ဘာမှမဖြစ်ဘူး၊နင်ကဘာကိုစိုးရိမ်နေတာလဲ"

"ဒေါ်လေးကျန်း ကျွန်တော်ကြားတာတော့ ရှန်းရှန့်ကိုယ်ကနေ အနံ့ဆိုးတွေထွက်နေတာဆို၊ကျွန်တော်ကူညီနိုင်မလားလို့ လာကြည့်တာပါ"

ကျိုးရှန့်လင်စကားပြောနေစဥ်မှာပင် နောက်တစ်ကြိမ်နှောင့်ယှက်ခံလိုက်ရပြန်သည်။ကျိုးရှန်းရှန့်မှာ အိမ်ထဲမှနေထွက်လာပြီး သူ့အားတံတွေးနှင့်လှမ်းထွေးကာ

"နင် ဘယ်ကအဓိပ္ပာယ်မရှိတာ‌တွေလျှောက်ပြောနေတာလဲ၊ငါ့ကိုယ်ကဘာအနံ့မှမထွက်ဘူး"

ထို့နောက် သူမသည်အခြားရွာသားများရှိရာထံ တန်းတန်းမတ်မတ်သွားကာ အဘွားချူးကိုသူမကိုယ်အားအနံ့ခံကြည့်ရန် ပြောလိုက်သည်။

"အဘွားချူး သမီးကိုယ်ကအနံ့နံနေလို့လား"

"မနံပါဘူး လုံးဝကိုမနံတာပါ"

အဘွားချူးသာမက အခြားရွာသားများမှာလည်း ထောက်ခံလာကြသည်။ကျိုးရှန့်လင်မှာ လေထဲရှိအနံ့ဆိုးများမည်သို့ပျောက်သွားရသည်ကို ဝေခွဲမရဖြစ်နေတော့၏။

သူချက်ချင်းတွေးမိသည်မှာ ခုနကကျန်းရှီသည် ကျိုးထောင်ဟွားကိုအိမ်ထဲခေါ်သွားသည်မဟုတ်ပါလား။ကျိုးထောင်ဟွားမှာ ရှန်းရှန့်ကိုယ်ထဲရှိမကောင်းဆိုးဝါးကို နှင်ထုတ်ပေးလိုက်သည်လည်းဖြစ်နိုင်၏။ကျိုးရှန်းရှန့်ထံမှ အနံ့ဆိုးများပျောက်သွားပြီဖြစ်ကာ အလကားရမည့်မိန်းမလည်းဆုံးရှုံးသွားပြီဖြစ်သော်လည်း သူမဂုဏ်သိက္ခာကိုတော့ ဖျက်ဆီးပစ်ချင်နေသေးသည်။

ထိုသို့လုပ်မှသာ ရှန်းရှန့်တစ်ယောက်နောင်တွင်အိမ်ထောင်ပြုရန်ခက်ခဲသွားပြီး သူလည်းအခွင့်ကောင်းယူနိုင်မည်မဟုတ်ပါလား။ထိုသို့တွေးကာ သူသည်အိမ်ခန်းထဲသို့ဝင်ပြီး ကျိုးထောင်ဟွားအားလိုက်ရှာရန်လုပ်တော့သည်။ရွာသားများသာ ကျိုးထောင်ဟွားကို အိမ်ထဲ၌တွေ့သွားပါက ရှန်းရှန့်အားနတ်ဆိုးပူးကပ်ခဲ့သည်ဟုဆိုကာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်နိုင်ပြီပင်။

ကျိုးရှန့်လင်မှာ ဤမျှအထိသတ္တိကောင်းကောင်းနှင့်အိမ်ထဲဝင်ရန်ကြိုးစားလာလိမ့်မည်ဟု ကျိုးရှန်းရှန့်ထင်ထားခဲ့ပေ။သူဝင်ခါနီးမှာပင် ကံကောင်းထောက်မစွာဖြင့် ကျန်းရှီမှအမြန်တားလိုက်နိုင်သည်။

"ငါ့ရဲ့တစ်ကိုယ်‌ရေပစ္စည်းတွေကို အိမ်ထဲမှာသိမ်းထားတာလေ၊နင်ကအထဲဝင်ပြီး ဘာလုပ်မလို့လဲ၊နင်က တဏှာရူးလား"

ပြောပြောဆိုဆိုဖြင့် ကျန်းရှီသည်တံခါးဘေးမှတံမြက်စည်းကိုဆွဲကာ ကျိုးရှန့်လင်ကိုရိုက်နှက်ပြီး ခြံထဲမှမောင်းထုတ်တော့သည်။

"ဒီကောင်စုတ်လေး ငါ့ကိုတောင်လက်ဖျားနဲ့ထိချင်သေးတယ်ပေါ့လေ၊နင့်ကို သေအောင်ရိုက်ပစ်မယ်"

ကျန်းရှီမှာအလွန်ကြောက်စရာကောင်းလှသဖြင့် ကျိုးရှန့်လင်လည်းတံမြက်စည်းစာအတော်ခံလိုက်ရသည်။သို့သော် သူ့အားတစ်ကယ်စိတ်ပျက်သွားစေသည်မှာ ကျန်းရှီစကားပင်ဖြစ်၏။သူမကဖြင့် အသက်ကြီးလှပြီကို သူကဘာလို့စိတ်ဝင်စားရမှာလဲ။

ဤသည်အားမြင်သောအခါ အဘွားချူးမှ ဦးဆောင်ပြော၍လူစုခွဲလိုက်သည်။

"အားလုံးလူစုခွဲကြတော့၊ဟဲ့ အရူး နင်လဲသွားတော့၊ရှန်းရှန့်က ဘာမှမဖြစ်ဘူး"

သို့သော်ရွာသားအချို့မှာတော့ ခုနက ကျိုးကွမ်ကျူးတို့အိမ်မှထွက်လာသည့် အနံ့ဆိုးကြီးမှာမည်သည့်နေရာမှထွက်လာခဲ့သည်ကို ဇဝေဇဝါဖြစ်နေကြဆဲပင်။

အပြင်ရှိလူများအကုန်ထွက်သွားပါမှ ကျန်းရှီလည်းအခန်းထဲသို့ တိုးတိုးတိတ်တိတ်ပြန်ဝင်လာကာ ကျိုးထောင်ဟွားအားတိုးတိုးလေးပြောလိုက်သည်။

"ထောင်ဟွား ဒီမှာပုန်းနေပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်"

ကျိုးထောင်ဟွားသည် ဒူးရင်းသီးနတ်ဆိုးလေးကို လက်တစ်ဖက်ဖြင့်ဆွဲကိုင်ထားရင်း ဘာမှမဟုတ်သလိုလက်ယမ်းပြလိုက်သည်။ကျန်းရှီသည် ရှန်းရှန့်ဂုဏ်သိက္ခာကို ကာကွယ်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်း သူမနားလည်၏။သူမ,မပြန်မီ ကျိုးရှန်းရှန့်ကိုသတိပေးခဲ့သေးသည်။

"အစ်မရှန်းရှန့် တောင်ပေါ်ကိုလူမတက်တာနှစ်ပေါင်းတစ်ရာနီးပါးရှိပြီဆိုတော့ အဲဒီမှာနတ်ဆိုးတွေ၊တစ္ဆေသရဲတွေရှိနေနိုင်တယ်၊နောက်ဆိုအပင်ပေါ်ကတွေ့သမျှ အသီးတွေကို လျှောက်မစားနဲ့ဦးနော်"

ကျိုးရှန့်ရှန့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ဒီတစ်ခါတော့ သူမသင်ခန်းစာကောင်းကောင်းရသွားပြီဖြစ်၍ နောက်ဘယ်တော့မှမလုပ်ရဲတော့ပေ။သူမ ကျေးဇူးတင်စွာဖြင့်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ညီမလေးထောင်ဟွားရယ် ညီမလေးသာမရှိရင် အစ်မဘဝတော့ပျက်ပါပြီ"

ဒီနေ့သူမအမေမှဆင်ခြေပေးကာ အောင်သွယ်တော်အား ပြန်လွှတ်လိုက်ရသဖြင့် အောင်သွယ်တော်မှာသံသယဝင်နေလောက်ပြီပင်။ရွာထဲတွင်လည်း အရူးမှလျှောက်ပြောနေသေးသလို အိမ်ထဲမှအနံ့ဆိုးကိုလည်း အချို့ကရလိုက်ကြသေးသည်။သို့သော် အထောက်အထား ခိုင်ခိုင်လုံလုံမရှိကြ၍သာ တော်သေး၏။ထိုကိစ္စများမှာ ရှန်းရှန့်အားစိတ်မသက်မသာဖြစ်စေသည်။

ကျန်းရှီလည်း ကျေးဇူးတင်စကားဆိုလာ၏။

"ဒေါ်လေးတို့ကို ကူညီပေးလို့ထောင်ဟွားကိုတစ်ကယ်ကျေးဇူးတင်ပါတယ်၊ဒီကြက်ဥခြင်းကို အိမ်ယူသွားပြီးစားလိုက်နော်"

ကျိုးထောင်ဟွားကြည့်လိုက်ရာ ကြက်ဥအလုံး၂၀ခန့်ရှိပြီး ပြား၂၀ကျော်တန်ဖိုးရှိ‌လေသည်။သူမချက်ချင်းငြင်းဆိုလိုက်၏။

"အဒေါ်ကျန်း မလိုပါဘူး၊သမီးကအခကြေးငွေလဲလက်ခံပြီးပြီကို ကြက်ဥတွေထပ်မပေးပါနဲ့တော့"

"ဒေါ်လေးကပေးတာပဲကို ယူသွားလိုက်ပါ၊ဒီကြက်ဥတွေကို သမီးအိမ်အရောက်သယ်သွားရမယ်"

All Chapters