အခန်း (၃၀)
Vol. 3 Ch. 30
ကျိုးထောင်ဟွားမှ ဘယ်လိုပင်ငြင်းဆိုနေပါစေ ကျန်းရှီမှာတော့ကြက်ဥများကို လက်မခံမချင်းလွှတ်မပေးခဲ့ပေ။
ကျိုးထောင်ဟွားသည် ကျန်းရှီစရိုက်ကို ကောင်းကောင်းသိထားသည်။အကယ်၍သာ ယခုကြက်ဥများကို လက်ခံထားလိုက်ပါက နောင်တွင်ကျန်းရှီမှသူမအပေါ် မည်ကဲ့သို့အတင်းအဖျင်းမျိုး လျှောက်ပြောလာမည်ကိုမခန့်မှန်းနိုင်ပေ။သို့သော်ထင်မထားသည်မှာ ကျန်းရှီသည်ကြက်ဥခြင်းကိုကိုင်၍ ကျိုးထောင်ဟွားတို့အိမ်ထိလိုက်လာခဲ့ခြင်းပင်။
"ထောင်ဟွား ဒေါ်လေးပေးတဲ့ကြက်ဥတွေကို လက်ခံလိုက်စမ်းပါ၊သမီးကကြက်ဥကြိုက်တယ်မလား၊နောက်ကျရင် ဒေါ်လေးသမီးအတွက်တိမ်လွှာကိတ်လုပ်ပေးဦးမယ်"
ကျန်းရှီအမူအရာမှာ တစ်ကယ်ပင်ရိုးသားနေသည်ကို ထောင်ဟွားမြင်နေရသည်။ထို့အပြင် ကျန်းရှီမှာလက်ဝင်လှသည့်တိမ်လွှာကိတ်ကိုပင် လုပ်ပေးဦးမည်ဟုပြောနေသဖြင့် သူမအားနာသွားမိ၏။ချမ်ရှီလည်း ဝင်ပြောလာသည်။
"ထောင်ဟွား ဒေါ်လေးကျန်းပေးတာပဲဟာ ယူထားလိုက်ပါကွယ်"
ကျန်းရှီ ပြုံးရွှင်သွားပြီး
"ဟုတ်တယ် ဟုတ်တယ် မြန်မြန်ယူလိုက်၊ထောင်ဟွားရေ အရင်ကဒေါ်လေးမှားခဲ့တာတွေရှိရင်လည်း တောင်းပန်ပါတယ်ကွယ် စိတ်ထဲမထားပါနဲ့နော်"
ထို့နောက်သူမသည်ချမ်ရှီဘက်လှည့်ကာ
"ဟုန်ယန် ဒီနေ့ငါ့ရှန်းရှန့်ကိုကယ်ဖို့ထောင်ဟွားကို နင်တားလိမ့်မယ်လို့ထင်ထားတာ၊နင်ကငါထင်တာထက်တောင် သဘောထားပိုကြီးတာပဲ၊အရင်က ငါပဲအမြင်ကျဥ်းပြီး မပြောသင့်တာတွေပြောခဲ့မိတာ၊အဲဒါတွေကိုအပြစ်မယူပါနဲ့နော် ငါတောင်းပန်ပါတယ်၊အခုကစပြီး ငါတို့တွေကညီအစ်မတွေပဲ၊နင့်သမီးထောင်ဟွားကိုလည်း ငါ့သမီးအရင်းလိုပဲသဘောထားမှာပါ၊ထောင်ဟွားကို ဘယ်သူလာအနိုင်ကျင့်ရဲလဲကြည့်ရသေးတာပေါ့၊ငါ ကျန်းယန့်ချိုးကအရင်ဆုံးထွက်ရှင်းပစ်မယ်"
ကျန်းယန့်ချိုးသည်ပွင့်လင်းပြတ်သားသူဖြစ်ပြီး တစ်စုံတစ်ဦးအပေါ်ကောင်းပြီဆိုလျှင်လည်း စိတ်ရင်းနှင့်ကောင်းတတ်သူဖြစ်ရာ ကျိုးထောင်ဟွားရောချမ်ရှီပါ သူမကိုငြင်းဆန်၍မရတော့ပေ။ရွာထဲတွင် ရန်သူတစ်ယောက်လျော့သွားသည့်အတွက် သူတို့နှစ်ဦးလုံးဝမ်းသာမိပါ၏။
မပြန်ခင်တွင်ပင် ကျန်းရှီမှာသားအမိနှစ်ယောက်ကိုကျေးဇူးတင်စကားထပ်ပြောလိုက်ပြီး ကျိုးရှန်းရှန့်ဒူးရင်းသီးနတ်ဆိုးပူးကပ်သည့်ကိစ္စကို လျှို့ဝှက်ပေးထားရန် တောင်းဆိုသွားခဲ့သည်။
သူမထွက်သွားပြီးနောက်မှ ကျိုးထောင်ဟွားသည်သူမလက်ထဲရှိဒူးရင်းသီးနတ်ဆိုးလေးကိုစစ်ဆေးရန် အချိန်ရတော့၏။ဒူးရင်းသီးနတ်ဆိုးလေးမှာ မြေကြီးပေါ်ချထားလိုက်လျှင် ထောင်ဟွားပေါင်လောက်သာရှိပြီး သနားစဖွယ်အမူအရာလေးဖြင့် သူမကိုကြည့်နေရှာသည်။
ရာသီသွေးမိစ္ဆာမှာ ဒူးရင်းသီးနတ်ဆိုးလေးကိုမြင်သည်နှင့် အိမ်ထဲမှထွက်လာပြီး မေးလိုက်၏။
"နောက်တစ်ယောက် ထပ်မိလာပြန်ပြီလား"
ဒူးရင်းသီးနတ်ဆိုးလေးမှာ သေးသေးလေးနှင့်ချစ်စရာအလွန်ကောင်းလှသည်။မျက်လုံးဝိုင်းကြီးများမှာ ညဘက်ကောင်းကင်ယံရှိကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး သနားချင့်စဖွယ်အကြည့်လေးကြောင့် ရာသီသွေးမိစ္ဆာ၏စိတ်ကိုပင်အရည်ပျော်သွားစေ၏။
ဒူးရင်းသီးနတ်ဆိုးလေးမှာ ရာသီသွေးမိစ္ဆာအားမြင်လိုက်ရသည့်အခါ မျက်လုံးလေးများပြူးသွားပြီးစိတ်ထဲတွေးနေမိသည်။
*သူမလဲအဖမ်းခံလိုက်ရတာလား*
ရာသီသွေးမိစ္ဆာသည် ဒူးရင်းသီးနတ်ဆိုးလေး၏ပါးဖောင်းဖောင်းလေးများကိုဆွဲညှစ်၍ ခေါင်းပေါ်ရှိဒူးရင်းသီးဆံထိုးလေးကို ခဏခဏကိုင်ကြည့်နေတော့သည်။
"အား အား"
ဒူးရင်းသီးနတ်ဆိုးလေးမှာ ရာသီသွေးမိစ္ဆာ၏လက်ထဲမှနေ အမြန်ရုန်းထွက်လိုက်သည်။
ကျိုးထောင်ဟွားမှ ဒူးရင်းသီးနတ်ဆိုးလေးကို အကဲခတ်ကြည့်လိုက်ရာ ကလေးမလေးမှာအလွန်ငယ်ရွယ်သေးပြီး ကလေးသာသာပင်ရှိသေးသည်ကိုတွေ့လိုက်ရ၏။အကဲခတ်ကြည့်ပြီးနောက်မှ သူမလည်းအမိန့်ပေးလိုက်သည်။
"အခုကစပြီး နင်ကဒီအိမ်မှာပဲနေပြီး အိမ်စောင့်ရမယ်"
ဒူးရင်းသီးနတ်ဆိုးလေး၏မျက်ဝန်းထဲတွင်မကျေမနပ်ဖြစ်မှုများ ဖြတ်ပြေးသွားသည်။
*သူတို့က ငါ့ကိုခွေးတစ်ကောင်လိုသဘောထားနေတာလား*
ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့အပြင်ခဏသွားစဉ်တွင် တစ်စုံတစ်ဦးမှသူတို့အိမ်အနားတွင်မသင်္ကာဖွယ်အမူအယာဖြင့်ချောင်းမြောင်းနေသည်ကို သူမတစ်ကယ်ပင်သတိထားမိလိုက်သည်။ထိုသူမှာ သူမကိုမြင်သွားသည်နှင့် အပြစ်ရှိဟန်ဖြင့်အမြန်ထွက်ပြေးသွားတော့၏။
ညနေမစောင်းမီကျိုးထောင်ဟွားတို့တောင်ခြေမှ ဆေးပင်များသယ်ပြီးပြန်လာသောအခါ သူမအိမ်ရှေ့တွင် အရူးကျိုးရှန်းတကို ထပ်တွေ့ရပြန်သည်။သူသည်သူမအိမ်တံခါးကိုကြည့်ပြီး အော်နေလေ၏။
"ထောင်ဟွားကရှန်းရှန့်ဆီကအနံ့ဆိုးမြွေကြီးကို ဖမ်းလိုက်ပြီ၊အဲဒါကြောင့်မလို့ ရှန်းရှန့်ကမနံတော့ဘူး"
ကျိုးထောင်ဟွားမျက်မှောင်ကြုံ့လိုက်မိသည်။ဒီအရူးက ဘယ်လိုလုပ်အကုန်လုံးကို သိနေရတာလဲ။သူမထိုအရူးကိုစိုက်ကြည့်ရင်း သူသည်ကျိုးရှန်းရှန့်အိမ်ရှေ့တွင်အရင်ပေါ်လာပြီး ယခုသူမအိမ်ရှေ့သို့ရောက်လာခြင်းမှာ တစ်စုံတစ်ဦးမှရည်ရွယ်ချက်ရှိရှိဖြင့် စေခိုင်းနေခြင်းဖြစ်သည်ဟု ခံစားလိုက်ရ၏။
ထိုအချိန်တွင် ရွာသားအများအပြားမှာလည်း တောင်ခြေမှပြန်လာကြပြီဖြစ်ရာ နေ့ခင်းကထက်ပင်လူဦးရေပိုများနေတော့သည်။အရူး၏စကားကိုကြားသောအခါ လူတိုင်းရပ်သွားကြပြီးနားမလည်ဟန်ဖြင့်မေးလာကြ၏။
"အနံဆိုးမြွေဟုတ်လား၊ရှန်းရှန့်ကိုယ်ပေါ်မှာ ဘယ်ကအနံ့ဆိုးမြွေရှိတာလဲ"
သူတို့စကားပြောနေစဉ်မှာပင် ကျိုးထောင်ဟွားပြန်ရောက်လာသည်ကိုမြင်သွားကြသည်။ကျိုးရှန့်လင်မှာ ကျိုးထောင်ဟွားကိုမြင်သည်နှင့် ချက်ချင်းမေးလာတော့၏။
"ထောင်ဟွား မင်းရှန်းရှန့်ဆီကအနံ့ဆိုးနတ်ဆိုးကိုဖမ်းပေးလိုက်တာလား"
ကျိုးထောင်ဟွားမျက်ဝန်းများမှာ အေးစက်သွားပြီး ကျိုးရှန့်လင်ထံရွံရှာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"အစ်ကိုရှန့်လင် မဖြစ်နိုင်တာတွေလျှောက်ပြောပြီး ရှန်းရှန့်ဂုဏ်သိက္ခာကိုမဖျက်ဆီးပါနဲ့၊ဒေါ်လေးကျန်းနဲ့ဦးလေးကွမ်ကျူးတို့က ဒါကိုလွှတ်ထားမှာမဟုတ်ဘူးနော်၊အစ်ကိုရှန်းတကတော့ အရူးမလို့ထားပါတော့၊အစ်ကိုကတော့ အရူးမဟုတ်ဘူးမလား"
ကျိုးထောင်ဟွားသည်ပြုံးနေသော်လည်း သူမစကားလုံးတိုင်းမှာ သတိပေးချက်များအပြည့်ဖြင့်ပင်။ကျိုးရှန့်လင်သည် ကျိုးထောင်ဟွားကိုအရေးမစိုက်ခဲ့သော်လည်း သူမမှာကျိုးရှန်းရှန်းဘက်မှရပ်တည်ပြီးလိမ်ညာပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။သို့သော် သူသည်လည်းအလွယ်တကူအရှုံးပေးမည့်သူမျိုးမဟုတ်ချေ။
"ထောင်ဟွား မင်းတို့အိမ်မှာရာသီသွေးမိစ္ဆာအပြင် နောက်ထပ်နတ်ဆိုးတစ်ကောင်ရှိနေတာပဲ၊အဲဒီနတ်ဆိုးမလေးက အနံ့ဆိုးနတ်ဆိုးမဟုတ်ရင်ဘာနတ်ဆိုးလဲ"
ကျိုးရှန့်လင်မှာ ခြံထဲတွင်မကျေမနပ်ဟန်ဖြင့်ရပ်နေသော ဒူးရင်းသီးနတ်ဆိုးလေးထံ လက်ညှိုးထိုးပြလိုက်သည်။ဤအချိန်တွင်တော့ ဒူးရင်းသီးနတ်ဆိုးလေးမှာ သူမအားအနံ့ဆိုးနတ်ဆိုးဟုခေါ်နေသော ထိုသကောင့်သားထံအနံ့ဆိုးများလွှတ်ထုတ်ကာ အသေသတ်ပစ်ချင်စိတ်ပင်ပေါက်နေတော့၏။
*နင်ကမှအနံဆိုးနတ်ဆိုး နင်တို့မိသားစုတစ်စုလုံးကမှ အနံ့ဆိုးနတ်ဆိုးတွေ*
ထိုစကားကြောင့် လူတိုင်းသည်ခြံထဲရှိ ဒူးရင်းသီးနတ်ဆိုးလေးထံအကြည့်ရောက်သွားကြသည်။ရွှေရောင်ဒူးရင်းသီးပုံပန်းထိုးထားသောစကတ်အားဝတ်ဆင်ထားပြီး ဒူးရင်းသီးအခွံဖြင့်ပြုလုပ်ထားသောဆံထိုးလေးပန်ထားသည့် ချစ်စရာကောင်းသောကလေးမလေးပင်။
တစ်စုံတစ်ယောက်မှာ ချက်ချင်းမှတ်မိသွားတော့သည်။
"ဒါက ဒူးရင်းသီးနတ်ဆိုးများလား၊ဒူးရင်းသီးကနံတယ်လို့ ကျွန်မကြားဖူးတယ်"
ဒူးရင်းသီးနတ်ဆိုးလေးသည် ထိုစကားကိုကြားသောအခါ သူမသည်မနက်ကတွေ့ခဲ့သောမိန်းကလေးဖြစ်ကြောင်း သတိပြုမိသွားသည်။သူမသည် ကျိုးထောင်ဟွားနားတိုးသွားပြီး သူတို့နှစ်ဦးတည်းကြားနိုင်သောလေသံဖြင့် ပြောလိုက်၏။
"အစ်မကျိုး အစ်မတို့အိမ်ကနေထွက်သွားတော့ ဒီမိန်းကလေးကသမီးတို့အိမ်နားမှာ မသင်္ကာစရာပုံစံနဲ့ချောင်းနေတာတွေ့တယ်"
ထိုစကားကြောင့် ကျိုးထောင်ဟွားသည်ဒူးရင်းသီးနတ်ဆိုးလေးညွှန်ပြရာသို့ကြည့်လိုက်ပြီး သူမမျက်ဝန်းများကျဉ်းမြောင်းသွားရသည်။သူမ၏ဝမ်းကွဲအစ်မကျိုးလျန်ဟွားပင်တည်း။
ကျိုးလျန်ဟွားသည် ကျိုးအိမ်ဟောင်းမှအကြီးဆုံးသား၏သမီးဖြစ်သည်။သူမသည်၁၅ နှစ်ရှိပြီဖြစ်ပြီး ရုပ်ရည်ပြေပြစ်ကာနူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိ၏။သူမမျက်ခုံးလေးများမှာ လှလှပပကွေးညွတ်နေပြီး မျက်ဝန်းများမှာလည်း လောကအကြောင်းဘာမှမသိသော သမင်မလေးတစ်ကောင်ကဲ့သို့အပြစ်ကင်းစင်ပုံပေါ်နေသည်။
သို့သော် ဒူးရင်းသီးနတ်ဆိုးလေး၏စကားကိုကြားပြီးနောက်တွင်တော့ ကျိုးလျန်ဟွားသည်အမှန်တကယ်အပြစ်ကင်းစင်သူဟု ကျိုးထောင်ဟွားမယုံကြည်နိုင်တော့ပေ။အထူးသဖြင့် ကျိုးလျန်ဟွားကိုယ်ပေါ်တွင် ဝိုးတဝါးဖြစ်နေသောမီးခိုးရောင်အငွေအသက်တို့ကို သူမမြင်လိုက်ရ၍ပင်။၎င်းမှာ စိတ်နှလုံးမှအစပြုဖြစ်တည်လာသော မကောင်းမှုအငွေ့အသက်ဖြစ်ပြီး မကောင်းဆိုးဝါးဝိညာဉ်များသည် ထိုသို့အရိပ်အယောင်ရှိသူများနှင့် ပေါင်းစည်းရသည်ကို အလွန်နှစ်သက်ကြသည်။
ဒူးရင်းသီးနတ်ဆိုးလေးနှင့်ကျိုးထောင်ဟွားတို့မှ သူမအားတစ်ပြိုင်နက်တည်း ကြည့်လာသည်ကိုမြင်သောအခါ ကျိုးလျန်ဟွားရင်ထဲတွင်ထိတ်ကနဲဖြစ်သွားရ၏။သူမချောင်းမြောင်းနေသည်ကို သူတို့သိသွားကြပြီလားဟုပင် စိုးရိမ်သွားရသည်။
ကျိုးလျန်ဟွား၏လှုံ့ဆော်မှုကြောင့် ကျိုးရှန့်လင်မှာချက်ချင်းဆိုသလို ကျိုးထောင်ဟွားကို ဆက်ပြီးအကျပ်ကိုင်တော့၏။
"ညီမလေးထောင်ဟွား မင်းကရှန်းရှန့်ကိုယ်ပေါ်က ဒူးရင်းသီးနတ်ဆိုးကိုနှင်ထုတ်ပေးလိုက်တာမလား"
အကယ်၍ ကျိုးထောင်ဟွားသာဝန်ခံလိုက်ပါက ကျိုးရှန်းရှန့်ဂုဏ်သိက္ခာမှာ လုံးဝပျက်စီးသွားပေလိမ့်မည်။
ကျိုးထောင်ဟွားမှ ပြန်ချေပလိုက်သည်။
"အစ်ကိုမြင်လို့လား"
"......"
ကျိုးရှန့်လင်ဆွံ့အသွားရသည်။
သို့သော်လည်း ကျိုးရှန်းရှန့်ထံမှအနံ့ဆိုးများထွက်ခဲ့သည်ကို လူတိုင်းသိစေချင်သဖြင့် ဆက်ပြောလိုက်၏။
"ငါခန့်မှန်းကြည့်တာလေ၊ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် ရှန်းရှန့်တို့အိမ်က အနံ့ဆိုးတွေထွက်လာပြီး မင်းတို့အိမ်မှာလဲ ဒူးရင်းသီးနတ်ဆိုးလေးတစ်ကောင်ထပ်ရောက်လာတယ်လေ မဟုတ်ဘူးလား"
ကျိုးရှန်းရှန့်မှာလူအုပ်ကြီး၏နောက်ဆုံးတွင် ရပ်နေသည်။ကျိုးရှန့်လင်၏ခန့်မှန်းချက်များကိုနားထောင်ရင်း သူမသည်ဘေးပတ်ဝန်းကျင်ရှိလူများကို မော့ပင်မကြည့်ရဲတော့ပေ။