အခန်း (၃၁)
Vol. 4 Ch. 31
ကျိုးထောင်ဟွားမှာ နှာခေါင်းရှုံ့၍
"ကျွန်မကအခြားသူတွေရဲ့ကိစ္စကိုမသိပေမယ့် ဒီဒူးရင်းသီးနတ်ဆိုးလေးကတော့ ဒီနေ့ပဲတောင်ပေါ်ကနေ ကျွန်မကိုယ်တိုင် ဖမ်းလာခဲ့တာ"
"အခုကစပြီး လူတိုင်းတောင်ပေါ်တက်ပြီး ဆေးမြစ်တူးတဲ့အခါကျရင် ဂရုစိုက်ရမယ်နော်၊ဆေးမြစ်ကလွဲလို့အခြားဘာကိုမှ ခူးလဲမခူးသလို စားလဲမစားကြပါနဲ့၊ကျွန်မတို့ရွာရဲ့တောင်က နှစ်ပေါင်းတစ်ရာနီးပါးထိဘယ်သူမှမသွားဖြစ်ကြဘူးဆိုတော့ နတ်ဆိုးမိစ္ဆာတွေအများကြီးခိုအောင်းနေနိုင်တယ်၊လူတိုင်းသတိထားကြဖို့လိုတယ်နော်၊ဒါ့အပြင် မကောင်းတဲ့စိတ်ထားရှိတဲ့သူတွေဆိုရင် ပိုပြီးတော့တောင်သတိထားရမယ်၊ဘာလို့လဲဆိုတော့ မိစ္ဆာလေးတွေကအဲ့လိုလူမျိုးတွေဆီကို တကူးတကကပ်တွယ်တတ်လို့ပဲ"
သူမဆက်ပြောလိုက်၏။
ကျိုးထောင်ဟွားအကြည့်သည် ကျိုးလျန်ဟွားထံသို့ကျရောက်သွားရာ သူမကိုယ်ပေါ်ရှိမကောင်းသောအငြိုးအတေး အငွေ့အသက်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ယခုအချိန်တွင် ထိုအငွေ့အသက်မှာအနည်းငယ်သာရှိသေးသော်လည်း မကောင်းသောစိတ်တို့တိုးပွားလာသည်နှင့်အမျှ ထိုအငွေ့အသက်များလည်း ပိုမိုကြီးထွားလာမည်ဖြစ်၏။ထိုအခါတွင်တော့ နတ်ဆိုးများဝင်လာနိုင်တော့မည်ပင်။
ကျိုးထောင်ဟွား၏ရှင်းပြချက်ကြောင့် ကျိုးရှန့်လင်၏စွပ်စွဲချက်များသည် ကျိုးရှန်းရှန့်အပေါ်လုံးဝသက်ရောက်မှုမရှိတော့ပေ။ကျိုးရှန်းရှန့်သက်ပြင်းတစ်ချက်ချလိုက်ကာ ကျိုးထောင်ဟွားကိုအလွန်ကျေးဇူးတင်နေမိတော့သည်။သူမသည်ကျိုးထောင်ဟွားနှင့် အမှန်တစ်ကယ်ကိုသူငယ်ချင်းများဖြစ်သွားခဲ့ပြီပင်။
ကျိုးထောင်ဟွားစကားများကိုကြားသောအခါ ရွာသားအားလုံးသည်ကျိုးရှန့်လင်ဘက်လှည့်၍ပြောလိုက်ကြသည်။
"ဒူးရင်းသီးနတ်ဆိုးက ရှန်းရှန့်နဲ့ဘာမှမဆိုင်ပါဘူး၊ရှန်းရှန့်ဆိုတာ လိမ္မာတဲ့ကလေးပဲကို ဘယ်လိုလုပ်နတ်ဆိုးကပ်နိုင်မှာလဲ"
"ဟုတ်တယ် ရှန်းရှန့်ဆိုတာငါတို့မျက်စိရှေ့တင်ကြီးပြင်းလာတဲ့ကလေးပဲ"
ကျိုးထောင်ဟွားမှ စတင်လမ်းကြောင်းပေးလိုက်သည်နှင့် အခြားရွာသားများမှာလည်း ကျိုးရှန်းရှန့်ကို ချီးမွမ်းစကားများ ဝိုင်းဝန်းပြောဆိုကြတော့၏။ကျိုးရှန့်လင်အနေဖြင့်အခြေအနေကိုပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။အခြေအနေမဟန်တော့သည်ကိုမြင်သောအခါ ကျိုးလျန်ဟွားမျက်လုံးများတွင် မုန်းတီးရိပ်များထင်ဟပ်လျက် ကျိုးထောင်ဟွားအား စိုက်ကြည့်နေ၏။တိုက်တိုက်ဆိုင်ဆိုင်ပင် ကျိုးထောင်ဟွားမှ မော့ကြည့်လိုက်ရာသူမအကြည့်နှင့် တိုးသွားတော့သည်။ကျိုးထောင်ဟွားသည် ကျိုးလျန်ဟွားထံလျှောက်သွားပြီး ပြုံးလျက်ဖြင့်ပင် သတိပေးလိုက်၏။
"မကောင်းတဲ့အတွေးတွေထားတတ်ရင် မကောင်းတဲ့နတ်ဆိုးတွေကပ်တတ်တယ်နော် ဝမ်းကွဲအစ်မ"
ကျိုးလျန်ဟွားမျက်လုံးများကျုံ့သွားကာ ခပ်သွက်သွက်ပင်ပြန်ချေပလာ၏။
"နင်ဘာတွေပြောနေတာလဲဆိုတာ ငါမသိဘူး"
ကျိုးထောင်ဟွားသည် ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်လာလိုက်၏။ကျိုးလျန်ဟွားမှာ ကျိုးရှန်းရှန့်ကိုယ်မှထွက်သောအနံ့ဆိုးကိုအဘယ်ကြောင့် ဤလောက်ထိပြဿနာရှာချင်နေရသည်ကို သူမ,မသိသော်လည်း ယနေ့ကျိုးရှန်းရှန့်ကိုကူညီခဲ့သည့်အတွက် ကျိုးလျန်ဟွားမှ သူမအပေါ်ရန်ငြိုးထားမည်ကိုတော့သိနေသည်။နောက်တစ်ခါကျိုးလျန်ဟွားနှင့် ထပ်မံတွေ့ဆုံပါက သူမထောင်ချောက်ထဲ မကျစေရန် ဂရုစိုက်ရမည်ဖြစ်၏။
ခုနစ်ရက်ကြာပြီးနောက်တွင် ကျိုးထောင်ဟွားသည် ၂၃တေးနှင့်၃၈၀ပြားစုမိနေပြီပင်။နောက်ပိုင်းရက်များတွင် ရွာသားများမှာ တောင်ခြေ၌ဆေးမြစ်များကိုပိုတူးဖော်လာကြ၍ ဆေးမြစ်များရှားပါးလာကာ ကျိုးထောင်ဟွားတို့မိသားစုနေ့စဉ်ရရှိသည့်ငွေကြေးများပင်လျော့နည်းလာတော့၏။ကံကောင်းထောက်မစွာဖြင့် သူတို့တွင်လှလှပပလေးပန်းထိုးထားသော လက်ကိုင်ပုဝါများ၊ပိုက်ဆံအိတ်များနှင့်အမွှေးနံ့သာအိတ်ငယ်များရှိနေသေးသောကြောင့်သာ ဤမျှလောက်ငွေစုမိခြင်းပင်။
ကျိုးထောင်ဟွားသည်ဆေးမြစ်တူးခြင်းကိုရပ်နားရန်ဆုံးဖြတ်လိုက်ပြီး အိမ်သစ်ဆောက်မည့်ကိစ္စကို ကျိုးအာ့ရှု၊ချမ်ရှီတို့နှင့်တိုင်ပင်လေတော့၏။ကျိုးထောင်ဟွားမှ ၂၃တေးကျော်စုမိထားပြီဟုကြားရသောအခါ လင်မယားနှစ်ယောက်အတိုင်းမသိဝမ်းသာသွားကြသည်။အရင်ကဆိုလျှင် ဤငွေပမာဏအားစုဆောင်းနိုင်ရန် သူတို့အနေဖြင့်မစားမသောက်ဘဲ ဆယ်နှစ်ကျော်ထိအလုပ်ကြိုးစားရမည်ဖြစ်၏။ယခုမူ ထောင်ဟွား၏လမ်းပြမှုကြောင့် ၁၀ရက်ကျော်အတွင်းမှာပင် စုဆောင်းနိုင်ခဲ့ပြီပင်။
"အဖေ အမေ သမီးတို့အိမ်ကို အုတ်အပြာရယ်အုတ်ကြွပ်ပြားရယ်နဲ့ဆောက်လို့ရပြီ"
ကျိုးထောင်ဟွား ပြောလိုက်၏။
အုတ်အပြာများသည်မြေအုတ်များထက် ပိုမိုခိုင်ခံ့ပြီးပုံပျက်လွယ်ခြင်းလည်းမရှိပေ။အုတ်ကြွပ်များသည်လည်း သက်ကယ်မိုးထက်စာလျှင် လေဒဏ်မိုးဒဏ်ကိုပိုမိုခံနိုင်ရည်ရှိ၏။၂၀ စတုရန်းမီတာရှိသောမြေကွက်အားဝယ်ယူရန် လေးတေးဖယ်ထုတ်လိုက်ပြီးနောက်တွင်ပင် သူတို့၌၁၉တေးကျော်ကျန်ရှိနေသေးရာ အပြာရောင်အုတ်အိမ်ကို ကောင်းကောင်းကြီးဆောက်နိုင်လေ၏။
"ကောင်းတယ်"
ကျိုးအာ့ရှုနှင့်ချမ်ရှီတို့မှ ပြိုင်တူအံ့ဩတကြီးပြောလာသည်။
ယိုယွင်းနေပြီဖြစ်သော ဤအိမ်အိုကြီးတွင်နေထိုင်လာခဲ့သည်မှာ ဆယ်နှစ်ရှိပြီပင်။ယိုယွင်းနေပြီဖြစ်သော်လည်း ပြုပြင်ရန်အတွက် ငွေအလုံအလောက်မရှိခဲ့ရာ နွေရာသီတွင်မိုးယိုပြီး ဆောင်းရာသီတွင်အေးစိမ့်လှ၏။
ကျိုးအာ့ရှုသည် အိမ်ဆောက်ဖို့မြေကွက်ဝယ်ယူမည့်ကိစ္စအားဆွေးနွေးရန် ရွာလူကြီးထံသို့ချက်ချင်းသွားလိုက်သည်။မြေကွက်ဝယ်ပြီးပါက အုတ်နှင့်အုတ်ကြွပ်များဝယ်ရန် မြို့ထဲသို့သွားရပေဦးမည်။
ကျိုးထောင်ဟွားသည်လည်း မြို့ထဲတွင် ရောင်းရန်အိတ်ငယ်များနှင့်အမွှေးအိတ်များရှိနေသဖြင့် ကျိုးအာ့ရှုနှင့်အတူရွာလူကြီးအိမ်သို့လိုက်သွားခဲ့လိုက်၏။
ချမ်ရှီသည် အိမ်တွင်နေခဲ့ကာပစ္စည်းများကို သိမ်းဆည်းထုတ်ပိုးပြီးနောက် ခြံဝင်းအနောက်တောင်ဘက်ထောင့်တွင် တဲတစ်လုံးဆောက်၍ပစ္စည်းအားလုံးကို ထိုထဲသို့ရွှေ့ပြောင်းရန်စီစဉ်ထားသည်။
ယနေ့ရွာလူကြီးမှာဆေးမြစ်တူးရန် တောင်ပေါ်သို့မသွားခဲ့ပေ။နောက်ပိုင်းရက်များတွင်ဆေးမြစ်ရှာရသည်မှာ အလွန်ခက်ခဲလာပြီးတစ်နေ့လုံးရှာလျှင်ပင် တောင်းတစ်လုံးပြည့်အောင်မတူးနိုင်တော့သည့်အပြင် ပြီးခဲ့သည့်ဆယ်ရက်အတွင်း မိသားစု၌လည်းဝင်ငွေအတော်အတန်စုမိထားပြီးဖြစ်ရာ သားသမီးများမှာ သူ့နှင့်သူ့ဇနီးအားအိမ်တွင်သာနားနားနေနေ,နေရန် ပြောထားကြ၏။
ကျိုးအာ့ရှုမှအိမ်သစ်ဆောက်ရန် မြေကွက်ဝယ်ချင်သည်ဟုပြောလာသောအခါ ရွာလူကြီးလည်းဝမ်းသာအားရဖြင့် ချက်ချင်းထောက်ခံလေသည်။
"အာ့ရှု မင်းလည်းနောက်ဆုံးတော့အိမ်သစ်ဆောက်နိုင်ပြီပေါ့၊တောင်ခြေက နတ်ဆိုးတွေကို ထောင်ဟွားနှိမ်နင်းပေးလိုက်လို့သာ ရွာသားတွေလဲဆေးမြစ်တူးပြီးပိုက်ဆံရှာကြ ထင်းခုတ်ကြလုပ်နိုင်တော့တာပဲ၊အိမ်ဆောက်တဲ့အချိန်ကျရင်ကူညီပေးဖို့ ငါရွာသားတွေဆီပြောပေးထားမယ်၊လူအင်အားများတော့ အလုပ်တွင်ပြီး မြန်မြန်ပြီးတာပေါ့ကွာ"
ကျိုးထောင်ဟွားမှ ချက်ချင်းငြင်းပယ်၍ပြောလိုက်သည်။
"ရွာလူကြီးအဘိုး အဘိုးရဲ့စေတနာကို ကျေးဇူးတင်ပေမယ့် ဆေးပင်တူးဖို့အကြံပေးခဲ့တာက တစ်ကဏ္ဍပါ ပြီးတော့အားထုတ်မှုနည်းနည်းပဲပေးခဲ့ရတာလေ၊ဘယ်လိုလုပ်ပြီး အဲ့တာအတွက်ပြန်ပေးဆပ်ဖို့တောင်းဆိုရမှာလဲ၊အဘိုးစီစဉ်ပေးဖို့မလိုပါဘူး သမီးတို့မိသားစုက အခန်းလေးခန်းပဲလိုတာပါ၊ရာသီသွေးမိစ္ဆာနဲ့ ဒူးရင်းသီးနတ်ဆိုးတို့က ကူညီပေးမှာဆိုတော့ခဏလေးနဲ့ ပြီးသွားမှာပဲ"
ကျိုးအာ့ရှုလည်း ထိုသို့ပင်တွေးထားခြင်းဖြစ်၏။
ကျိုးထောင်ဟွားစကားကိုကြားသောအခါ ရွာလူကြီးသည်လည်းမူလအစီအစဉ်ကို စွန့်လွှတ်လိုက်ရ၏။ထောင်ဟွားမှလက်မခံသဖြင့် ထိုအတိုင်းပင်ထားလိုက်ရတော့သည်။သားအဖနှစ်ဦးထွက်သွားပြီးနောက်တွင် အဘွားယန်ရောက်လာပြီးပြောလိုက်၏။
"ပြီးခဲ့တဲ့ဆယ်ရက်ကျော်အတွင်းမှာတင် ကျွန်မတို့မိသားစုကထောင်ဟွားကြောင့် ပုံမှန်လေးငါးနှစ်လောက်ရှာရမယ့်ဝင်ငွေမျိုးကိုရခဲ့တာလေ၊ထောင်ဟွားရဲ့အိမ်သစ်အတွက် ကျွန်မတို့တစ်ခုခုကူညီပေးသင့်တယ်မဟုတ်ဘူးလား"
"ဒါပေါ့ ငါတို့ကူညီရမှာပေါ့ကွ၊ကွမ်းမင်က အုတ်စီတဲ့လူဆိုတော့ နောက်ကျရင် သူ့ကိုသွားကူခိုင်းလိုက်မယ်"
ရွာလူကြီးမှပြန်ပြောလိုက်၏။အခြားမိသားစုများမှအခွင့်အရေးရှိတုန်း ကူညီမည်မကူညီမည်ကိုသူဂရုမစိုက်သော်လည်း သူ့မိသားစုသည်တော့ ကျိန်းသေကူညီဖြစ်မည်ပင်။
ရွာလူကြီးစကားကိုကြားသည်နှင့် အဘွားယန်လည်း ချက်ချင်းပင်ပြုံးပျော်သွားတော့၏။
..........
သားအဖနှစ်ဦးမြို့ထဲရောက်သောအခါ လမ်းခွဲလိုက်ကြသည်။ကျိုးအာ့ရှုမှာအုတ်နှင့်အုတ်ကြွပ်များမှာယူရန်ထွက်သွားပြီး ကျိုးထောင်ဟွားမှာမူ သူမပုံမှန်နေရာတွင်ပင်ဆိုင်ခင်းလိုက်၏။
ပြီးခဲ့သည့်ဆယ်ရက်အတွင်း သူမ၏ပန်းထိုးလက်ရာမှာ မြို့ထဲတွင်အတော်လေးနာမည်ကြီးနေပြီဖြစ်ရာ ကြော်ငြာစရာပင်မလိုတော့ဘဲ ခဏချင်းအတွင်းပစ္စည်းကုန်အောင်ရောင်းရတတ်သည်။အမှန်ပင် ယနေ့တွင်လည်းသူမဆိုင်ခင်းပြီးသည်နှင့် ဝယ်သူများရောက်လာပြီး ပါသမျှရောင်းကုန်တိုင်းကိုဝယ်ယူသွားကြ၏။
ကျိုးထောင်ဟွားသည် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိအမျိုးသမီးထံကြည့်ကာ မျက်လုံးများတောက်ပသွားတော့သည်။ထိုအမျိုးသမီးမျက်နှာတွင် မျက်နှာချေပါးပါးလိမ်းထားပြီး အပြုံးဖျော့ဖျော့လေးရှိနေ၏။
ငွေချည်ဖြင့်လက်ရာမြောက်စွာပန်းထိုးထားသည့် ခရမ်းရင့်ရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်းသပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားကာ ငွေဆံထိုးတစ်ချောင်းပန်ထားသည်။
သူမနှင့်အတူအထိန်းတော်တစ်ဦးလည်း ပါလာသဖြင့် အဆင့်အတန်းမြင့်မားသူတစ်ဦးဖြစ်ကြောင်း ထင်ရှားနေ၏။
ထို့ထက်ပိုအရေးကြီးသည်မှာ ကျိုးထောင်ဟွားသည်ထိုအမျိုးသမီးမျက်နှာတွင် မြင့်မြတ်သောအရှိန်အဝါနှင့်အရာရှိကတော်တစ်ဦး၏လက္ခဏာကိုမြင်တွေ့လိုက်ရခြင်းပင်။ဤအမျိုးသမီးသည် ကြွယ်ဝချမ်းသာသူဖြစ်စေ မျိုးရိုးမြင့်တစ်ဦးဦးဖြစ်စေ တစ်ခုခုတော့ဖြစ်ကိုဖြစ်ရမည်ဖြစ်ပြီး လူလတ်တန်းစားသူဌေးမိသားစု သို့မဟုတ် အရာရှိငယ်တစ်ဦး၏ ဇနီးလည်းဖြစ်နိုင်ပေသည်။
ထိုအမျိုးသမီးမှစကားပြောပြီးသည်နှင့် အထိန်းတော်ဖြစ်သူမှချက်ချင်းငွေချေလိုက်၏။ကျိုးထောင်ဟွားသည် အမွှေးအိတ်များနှင့်အိတ်ငယ်လေးများအားလုံးကိုထုတ်ပိုးကာ အထိန်းတော်ထံကမ်းပေးလိုက်သည်။
"မိန်းကလေး မင်းရဲ့ပန်းထိုးလက်ရာက အရမ်းကောင်းတာပဲကို ဘာလို့ပိုကောင်းတဲ့ပိတ်စပေါ်မှာမထိုးရတာလဲ၊အဲ့လိုဆိုရင် မင်းလဲဈေးကောင်းပိုရတာပေါ့"
သခင်မဟယ်မေးလိုက်၏။
သူမလည်း အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။
"ပိုကောင်းတဲ့ပိတ်စကိုသုံးရင် ဈေးပိုရနိုင်တာမှန်ပေမယ့် ဒီမြို့လေးထဲမှာကျရောင်းထွက်မှာမဟုတ်ဘူးလေ၊လူတွေက အမွှေးအိတ်လေးအတွက်နဲ့ အဲ့လောက်ထိငွေကုန်ခံကြမှာမဟုတ်လို့ပါ"
ကျိုးထောင်ဟွားသည် ရာသီသွေးမိစ္ဆာ၏ပန်းထိုးစွမ်းရည်မှာ ပိုမိုကောင်းမွန်သောပိတ်စများနှင့်သာထိုက်တန်ကြောင်းကိုသိထားသော်လည်း ချင်းရွှေမြို့မှာမြို့ငယ်လေးသာဖြစ်ပြီး သုံးစွဲစရိတ်အကန့်အသတ်ရှိကြောင်းကိုလည်း နားလည်ထား၏။ကျိုးထောင်ဟွားအတွက်တော့ တစ်နေ့လျှင်ပြားရာဂဏန်းရနေခြင်းမှာပင် အတော်လေးကျေနပ်စရာကောင်းနေပြီဖြစ်သည်။
သခင်မဟယ်သည် သူမကိုယ်သူမချက်ချင်းမိတ်ဆက်လာ၏။
"ငါ့မျိုးရိုးက ဟယ်ပါ၊ငါ့ခင်ပွန်းက ဒီမြို့ရဲ့အုပ်ချုပ်ရေးမှူးလွီပါ၊ခရိုင်ထဲမှာ ငါ့ရဲ့ဆိုင်တစ်ဆိုင်ရှိတယ်၊အဲ့မှာဆိုဒီမြို့ထက်ပိုချမ်းသာတဲ့သူတွေများတယ်လေ၊အခုငါတို့ဆီမှာ လက်ရာမြောက်တဲ့ပန်းထိုးထည်တွေလိုအပ်နေတာမလို့ မိန်းကလေးနဲ့ပူးပေါင်းဆောင်ရွက်ချင်ပါတယ်"
အမှန်တစ်ကယ်ပင် သူမခန့်မှန်းထားသည့်အတိုင်းဖြစ်သည်။
သခင်မဟယ်သည် ချမ်းသာကြွယ်ဝသောမိသားစုမှလာသူဖြစ်ပြီး မြို့အုပ်ချုပ်ရေးမှူး၏ဇနီး တစ်နည်းအားဖြင့်အရာရှိကတော်တစ်ဦးဖြစ်၏။
"ဒီနိမ့်ကျတဲ့မိန်းကလေးက အုပ်ချုပ်ရေးမှူးကတော်ကိုဂါရဝပြုပါတယ်၊အခုမှပဲသခင်မကအုပ်ချုပ်ရေးမှူးကတော်မှန်း သိရတော့တယ်၊ဒါကြောင့်မလို့အရှိန်အဝါက တစ်ကယ့်ကိုထူးခြားနေတာကိုး၊သခင်မကဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတာကို ပြောပြပေးပါဦး"
ကျိုးထောင်ဟွားချက်ချင်းပင် ဂါရဝပြုနှုတ်ဆက်လိုက်၏။
သူမသည်လောကအလယ်၌ရှင်သန်ရမည့်နည်းလမ်းကို ကောင်းစွာသိထားသည်။အထူးသဖြင့် အာဏာရှိသူများနှင့်ဆက်ဆံရာတွင် ရိုသေကိုင်းရှိုင်းပြီးယဉ်ကျေးပြရုံသာမက တစ်ခါတစ်ရံတွင်မြှောက်ပင့်ပြောဆိုတတ်ရန်လည်း လိုအပ်ပေ၏။
"မိန်းကလေး မင်းလုပ်ရမှာကလတိုင်းမင်းရဲ့ပန်းထိုးထည်တွေကို ငါ့ဆီရောင်းပေးဖို့ပါပဲ၊ဒီနေ့ကရှစ်လပိုင်း၂၆ရက်ဆိုတော့ နောက်လ၂၆ရက်နေ့ကျရင် ဒီနေရာမှာပဲ ပြန်တွေ့ကြမယ်လေ၊ပုံစံကိုတော့ မင်းစိတ်ကြိုက်ရွေးချယ်နိုင်ပေမယ့် ပိုးထည်ဖြစ်ဖြစ် ဖဲသားပေါ်မှာပဲဖြစ်ဖြစ်ပန်းထိုးပေးရမယ်"
သခင်မဟယ်မှပြောလာ၏။
ထိုစကားကိုကြားသောအခါ ကျိုးထောင်ဟွားအနည်းငယ်မျက်မှောင်ကြုံ့သွားရသည်။ပိုးထည်တစ်ပေလျှင် ပြား၅၀ကျသင့်ပြီး ဖဲထည်တစ်ပေလျှင် ပြား၈၀ကျသင့်၏။ထိုသို့ဆိုပါကတစ်လလျှင် ငွေကြေးအတော်ကိုစိုက်ထုတ်ထားရမည်ပင်။အကယ်၍အုပ်ချုပ်ရေးမှူးကတော်သာ နောက်ပိုင်းမှမလိုတော့ဟုဆိုလာပါက သူမပန်းထိုးထည်များမှာ ဝယ်သူမရှိတော့ဘဲ သောင်တင်နေတော့မည်ဖြစ်၏။
ချင်းရွှေမြို့ကဲ့သို့ မြို့ငယ်လေးတွင် လက်ကိုင်ပုဝါတစ်ထည်အတွက် ပြားတစ်ရာ နှစ်ရာအကုန်ခံမည့်သူ မည်သူရှိပါမည်နည်း။ထိုသို့ဖြစ်လာပါက သူမအနေဖြင့် အထည်ဖိုးဆုံးရှုံးရုံသာမကဘဲ တစ်လပတ်လုံးရောင်းရမည့် ပန်းထိုးထည်များမှရမည့် ဝင်ငွေ၁၇တေး ၁၈တေးခန့်ပါဆုံးရှုံးသွားမည်ဖြစ်၏။
သို့သော်လည်း တစ်ဖက်လူမှာအုပ်ချုပ်ရေးမှူးကတော်ဖြစ်နေသဖြင့် တိုက်ရိုက်ငြင်းဆိုလိုက်ပါက စိတ်ဆိုးသွားနိုင်ပေသည်။ထို့ကြောင့် ကျိုးထောင်ဟွားသည် အခက်တွေ့နေသည့်ပုံစံဖမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။
"သခင်မက ကျွန်မလက်ရာကိုအခုလို နှစ်သက်ပေးတာကိုဂုဏ်ယူမိပေမယ့် ပိုးထည်နဲ့ဖဲသားတွေက ဈေးကြီးလွန်းလို့ ကျွန်မလိုဆိုင်သေးသေးလေးက တစ်လစာအတွက်ရင်းနှီးစရာငွေအင်အားမရှိဖြစ်နေပါတယ်"
သခင်မဟယ်သည် သူမပန်းထိုးလက်ရာများကို ယခင်ကတည်းမှသတိထားမိခဲ့သူဖြစ်၏။သူမသည် တစ်နေ့လျှင်ရာနှင့်ချီသောပန်းထိုးထည်များကို အလွယ်တကူပြုလုပ်နိုင်သူဖြစ်၍ ငွေကြေးမတတ်နိုင်ဟုငြီးတွားလာခြင်းမှာ ဆင်ခြေသက်သက်သာဖြစ်ကြောင်း သူမသိလိုက်သည်။ဤမိန်းကလေးမှာ အလွန်ဉာဏ်ပြေးလှပေ၏။
သခင်မဟယ်သည် မိန်းမငယ်တစ်ဦးအပေါ်အမြတ်ထုတ်ရန် ရည်ရွယ်ချက်မရှိပေ။ဤသို့သောပန်းထိုးကျွမ်းကျင်မှုမျိုးနှင့်ဆိုလျှင် ရေရှည်လက်တွဲနိုင်ပါက အလွန်အကျိုးအမြတ်များနိုင်ပေသည်။
"စိတ်မပူပါနဲ့ ငါမင်းကိုစရန်ငွေအဖြစ်တေး၅၀ပေးထားမယ်၊ပြီးရင်တော့ စာချုပ်တစ်ခုချုပ်ကြတာပေါ့၊အကယ်၍ တစ်လပြည့်လို့မှ ငါလာမယူခဲ့ရင် ဒီစရန်ငွေတေး၅၀ကို မင်းဘာသာယူထားလိုက်လို့ရတယ်၊ငါလာယူခဲ့ရင်တော့ ကျန်တဲ့ငွေကိုပစ္စည်းအရေအတွက်အလိုက် ထပ်ပေးမယ်"
သခင်မဟယ်ပြောလိုက်၏။
သခင်မဟယ်သည် ထက်မြက်သွက်လက်သူဖြစ်ရာ ချက်ချင်းပင်စာချုပ်ရေးသားပြီး စရန်ငွေကိုကျိုးထောင်ဟွားထံပေးအပ်ကာ သူမစိတ်ရင်းမှန်ကိုပြသလာသည်။ထိုအခါမှသာ ကျိုးထောင်ဟွားလည်း သခင်မဟယ်သည် သူတစ်ပါးကိုအမြတ်ထုတ်မည့်သူမဟုတ်ကြောင်း သေချာသွားတော့၏။ဤအရောင်းအဝယ်သည် သူမတို့တစ်လအတွင်းရှာဖွေနိုင်သည့်ငွေထက် ဆယ်ဆမကပိုရရှိစေမည်ပင်။
ကျိုးထောင်ဟွားသည် သခင်မဟယ်ထံကျေးဇူးတင်စွာဖြင့်ဂါရဝပြုပြီးပြောလိုက်သည်။
"ကျွန်မရဲ့လုပ်ငန်းကို အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊အကောင်းဆုံးပန်းထိုးလက်ရာတွေကို ချုပ်ပေးနိုင်ဖို့ ကျွန်မအစွမ်းကုန်ကြိုးစားမှာပါ"
သခင်မဟယ်သည် ကျိုးထောင်ဟွားအားကျေနပ်ဟန်ဖြင့်ကြည့်လိုက်၏။ဤမိန်းကလေးမှာ လိမ္မာပါးနပ်ရုံသာမက ပြောဆိုဆက်ဆံရသည်မှာလည်း နှစ်လိုဖွယ်ကောင်းလှပေသည်။
သခင်မဟယ်ထွက်သွားသည်နှင့် ကျိုးထောင်ဟွားသည် ကျိုးအာ့ရှုပြန်လာခြင်း ရှိမရှိသိရန် အုတ်နှင့်အုတ်ကြွပ်ဖိုဘက်သို့ချက်ချင်းလှည့်ကြည့်လိုက်၏။ထင်မထားသည်မှာ မျက်နှာထက်တွင်ဓားဒဏ်ရာအမာရွတ်ကြီးရှိသော ဗလတောင့်တောင့်လူတစ်ယောက်နှင့်အတူ ရုပ်ဆိုးဆိုးလူအချို့သည် သူမထံရန်လိုသော အကြည့်များဖြင့်ကြည့်ကာ ဖြည်းဖြည်းချင်းလျှောက်ကြသည်ကို မြင်လိုက်ရသည်။
သူတို့အဝတ်အစားများမှာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး အကြည့်များမှာလည်းသူမအင်္ကျီရင်ဘတ်ထံစူးစိုက်ကြည့်နေကြ၏။ကျိုးထောင်ဟွားနှလုံးသားမှာ ချက်ချင်းပင်တုန်လှုပ်သွားတော့သည်။
ဒုက္ခပဲ သခင်မဟယ်ကသူမဆီတေး၅၀ပေးလိုက်တာကို ဒီလူတွေမြင်သွားတာပဲဖြစ်ရမယ်။သူတို့က သူမကိုလုယက်ချင်နေကြတာပဲ။
ကျိုးထောင်ဟွားသည် ကြောက်ရွံ့သွားသော်လည်း အရှုံးမပေးလိုပေ။သူမသည်မြေကြီးပေါ်ရှိ အဝတ်ဟောင်းနှင့်တောင်းကိုချန်ထားခဲ့ကာ ဆန့်ကျင်ဘက်အရပ်သို့ ဝရောသောပါးထွက်ပြေးလိုက်တော့၏။