အခန်း (၃၂)
Vol. 4 Ch. 32
"လိုက်ကြ"
အမာရွတ်နှင့်လူသည် ကျိုးထောင်ဟွား ထွက်ပြေးသွားသည့်ဘက်ကိုကြည့်ကာ သူ့လူများကိုလူစုခွဲ၍လိုက်ဖမ်းရန် အမိန့်ပေးလိုက်၏။ခဏချင်းမှာပင် ထိုလူများသည် ကျိုးထောင်ဟွားကိုစက်ဝိုင်းခြမ်းပုံစံဖြင့်ဝိုင်းပိတ်လိုက်ကြရာ သူမအနေဖြင့် ဘယ်ဘက်ကိုမှပြေးစရာလမ်းမရှိတော့ပေ။အခြေအနေမဟန်သည်ကိုမြင်သောအခါ အနားရှိလမ်းသွားလမ်းလာများသည်လည်း ပြဿနာထဲ ပါဝင်ပတ်သက်ရမည်ကိုကြောက်သဖြင့် ခပ်သုတ်သုတ်ထွက်သွားကြလေ၏။
မျောက်ကဲ့သို့ပိန်လှီလှသောလူမိုက်တစ်ယောက်မှာ သူမရင်ဘတ်ထဲဖွက်ထားသောငွေထုတ်ကိုလုရန် လက်လှမ်းရင်း ခြိမ်းခြောက်လိုက်သည်။
"ကောင်မလေး ငါတို့ကိုပိုက်ဆံပေးလိုက်စမ်း မဟုတ်ရင်တော့......"
ကျိုးထောင်ဟွားသည် မိမိကိုယ်ကိုယ်တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး သူမလက်ဖဝါးများတွင်လည်း ချွေးများဖြင့်စိုရွှဲနေပြီပင်။သူမသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
"အစ်ကိုတို့ ခုနကအုပ်ချုပ်ရေးမှူးကတော် ကျွန်မဆီပိုက်ဆံပေးတာကိုမြင်လိုက်ကြတယ်မလား၊သခင်မက အဲ့ငွေနဲ့ပန်းထိုးဖို့ ပိတ်စတွေဝယ်ဖို့ ကျွန်မကိုခိုင်းထားတာနော်၊တစ်ကယ်လို့ အစ်ကိုတို့သာဒီငွေကိုလုသွားခဲ့ရင် သခင်မရဲ့အစီအစဉ်တွေဖျက်ဆီးသလိုဖြစ်သွားလိမ့်မယ်၊သခင်မက ဒါကိုမသိချင်ယောင်ဆောင်လွှတ်ထားမှာမဟုတ်ဘူးနော်၊အဲ့ကျရင်တော့ အစ်ကိုတို့လဲပြေးလို့လွတ်မှာမဟုတ်ဘူး"
ထိုစကားပြောနေစဉ်မှာပင် ကျိုးထောင်ဟွားသည် သူတို့မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေ၏။သူတို့ခဏတာတုံ့ဆိုင်းသွားသည်ကိုမြင်သည်နှင့် သူမသည် မျောက်ကဲ့သို့ပိန်လှီသောလူမိုက်ထံ ချက်ချင်းပစ်မှတ်ထားလိုက်သည်။ထိုလူမှာ ပိန်ပြီးအင်အားနည်းပုံရသဖြင့် သူမသည်အားကုန်သုံးကာ သူ့အားတွန်းထုတ်လိုက်၏။ထင်သည့်အတိုင်းပင် ဝိုင်းရံခံထားရသည့်ကြားမှ သူမအောင်အောင်မြင်မြင်ဖြင့်ဖောက်ထွက်နိုင်ခဲ့ပြီး မျှော်လင့်ချက်အလင်းတန်းလေးရလာတော့သည်။
"တောက် ကောင်မစုတ်လေးပြေးသွားပြီ လိုက်ကြစမ်း၊ဖမ်းမိတာနဲ့ သူ့ကိုပြည့်တန်ဆာတန်းမှာရောင်းစားပစ်မယ်"
အမာရွတ်နှင့်လူမှ ကျိန်ဆဲလိုက်၏။
လူကြီးတန်မဲ့ဖြင့် မိန်းမငယ်တစ်ဦးကိုသူတို့ကြောက်နေကြသည်လား။အုပ်ချုပ်ရေးမှူးကတော်၏ငွေဖြစ်နေလျှင်ပင် ဂရုမစိုက်ပါပေ။သူတို့သာတေး၅၀ကိုယူပြီး ချင်းရွှေမြို့မှထွက်ပြေး၍ အဝေးတစ်နေရာတွင်သွားပုန်းနေလိုက်ပါက အုပ်ချုပ်ရေးမှူးလွီလည်းလိုက်ရှာနိုင်တော့မည်မဟုတ်ချေ။ထို့အပြင် ဤမိန်းကလေးသာ ပြည့်တန်ဆာအိမ်သို့ရောက်သွားပါက အပြင်ထွက်ပြီးတိုင်တန်းနိုင်ပါဦးမည်လား။အမာရွတ်နှင့်လူ၏အော်ဟစ်သံမှ ကျိုးထောင်ဟွားနားထဲသို့ရောက်လာရာ အလန့်တကြားထွက်ပြေးပါတော့၏။သူမစိတ်မှာတော့ရုံးတော်ရှိရာသို့သာ ဦးတည်နေတော့သည်။ထိုနေရာသို့ရောက်မှသာ သူမကိုယ်သူမနှင့်အင်္ကျီထဲရှိတေး၅၀ကို ကယ်တင်နိုင်မည်ပင်။
*ဘုန်း*
ကျိုးထောင်ဟွားထိတ်လန့်တကြား ထွက်ပြေးနေစဉ်မှာပင် ခြေမနှင့်ကျောက်တုံးတိုက်မိကာ ရှေ့သို့မှောက်လျက်လဲကျသွားတော့၏။သို့သော် သူမမြေကြီးပေါ်သို့ကျမသွားခဲ့ပေ။
တစ်စုံတစ်ယောက်မှာ သူမအင်္ကျီကော်လာအားလှမ်းဆွဲထား၍ပင်။သူမအား အမာရွတ်နှင့်လူတို့ဖမ်းမိသွားပြီထင်ကာ ကျိုးထောင်ဟွားသည် ထိုလက်ကိုအသည်းအသန်ပြန်ဆွဲကုတ်နေစဉ်မှာပင် ရင်းနှီးနေသောအသံတစ်သံအားကြားလိုက်ရ၏။
"ကျိုးထောင်ဟွား ကိုယ့်ကိုဘာလို့လာဆွဲလိမ်နေတာလဲ"
ရှန်းမင်မှာနာကျင်မှုကြောင့် ငြီးလိုက်မိသည်။ကျိုးထောင်ဟွား၏လက်ဆမှာ အားကုန်သုံးထားခြင်းဖြစ်ပေ၏။ကျိုးထောင်ဟွားသည် ခဏတာမျှကြောင်အသွားပြီးနောက် အံ့ဩတကြီးဖြင့်လှည့်ကြည့်လိုက်သည်။
"အစ်ကိုရှန်းမင်လား"
ကျိုးထောင်ဟွား နှာခေါင်းထဲတွင်ရုတ်တရက်စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး မျက်ရည်များမှာဆည်ကျိုးသလိုစီးကျလာတော့၏။ရှန်းမင်ကြောင်အမ်းသွားရသည်။ဆွဲလိမ်ခံရသူမှာ သူဖြစ်ပါလျက်နှင့် သူမမှာအဘယ်ကြောင့်ငိုနေရပါသနည်း။သူမျက်မှောင်ကြုံ့လျက် သူမမျက်ရည်များကို လက်ဖြင့်သုတ်ပေးကာ ပြောလိုက်၏။
"မငိုပါနဲ့ ကိုယ်ကမင်းကိုဘာမှမလုပ်ပါဘူး၊ကြည့်ဦးမင်းဆွဲလိမ်လိုက်လို့ ကိုယ့်လက်ဖမိုးမှာ အညိုအမည်းတောင်စွဲနေပြီ"
မလှမ်းမကမ်းရှိကျိုးလျန်ဟွားသည် ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ခြေလှမ်းများရပ်တန့်သွားရ၏။သူတို့နှစ်ယောက်က လမ်းလယ်ခေါင်ကြီးမှာတောင် ကလူနေကြတာလား။နောက်တစ်ခဏတွင်တော့ လူတစ်စုမှသူတို့နှစ်ဦးအားပိတ်ဆို့လိုက်သည်ကို တွေ့လိုက်ရ၏။ထိုလူများမှာ လူကောင်းများဖြစ်မည့်ပုံမပေါ်ပေ။ကျိုးလျန်ဟွားသည်အလွန်ကြောက်လန့်သွားသဖြင့် နံရံထောင့်တစ်ခုတွင် အမြန်ပုန်းလိုက်ပြီး ခေါင်းထုတ်ကာချောင်းကြည့်နေလိုက်သည်။
"ဒီမှာဟေ့"
"ကောင်မစုတ်လေး ဒီတစ်ခါရောမင်းဘယ်ကိုပြေးဦးမလဲ ကြည့်ရသေးတာပေါ့၊ငါတို့ကမင်းရဲ့လှည့်ကွက်တွေထဲ ထပ်မဝင်တော့ဘူး"
အမာရွတ်နှင့်လူသည် တေး၅၀မှာသူ့အိတ်ထဲရောက်နေပြီဟုထင်မှတ်ကာ သွားဝါဝါကြီးများပေါ်သည်ထိပြုံးပြလာသည်။ဤမိန်းမငယ်မှာ အတော်လေးချောမောလှရာ ငွေအနည်းငယ်နှင့်ရောင်းစား၍ရနိုင်ပေ၏။
အမာရွတ်နှင့်လူ၏အမိန့်ပေးသံနှင့်အတူ လူမိုက်အားလုံးမှာ ကျိုးထောင်ဟွားထံသို့အလုံးအရင်းပြေးဝင်လာကြသည်။ဤသည်အားမြင်သောအခါ ကျိုးလျန်ဟွားတွေးလိုက်မိ၏။
"အမလေး ထောင်ဟွားကဒီလိုလူတွေနဲ့ ဘယ်လိုလုပ်ပြီးပတ်သက်သွားရတာလဲ၊အဖမ်းခံရရင်တော့ သူမဘဝဘယ်လိုဖြစ်သွားမလဲမသိဘူး"
ရုတ်တရက် ကျိုးလျန်ဟွားသည်တစ်စုံတစ်ခုကိုတွေးမိသွားပြီး သူမနှုတ်ခမ်းထက်တွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာတော့၏။
"ဝဋ်လည်တာပဲမလား၊ဒီကောင်မစုတ်လေးထောင်ဟွား အရင်ရက်ကကျိုးရှန်းရှန့်ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်မယ့် ငါ့အစီအစဉ်ကိုဖျက်ဆီးခဲ့တာလေ၊အခုရန်ဖုန်းရှို့မိသားစုက ငါနဲ့ကျိုးရှန်းရှန့်ကြားရွေးချယ်နေကြတာဆိုတော့ နောက်ဆုံးကျရင် သူတို့ဘယ်သူ့ကိုရွေးမလဲဆိုတာကြည့်ကြသေးတာပေါ့"
ကျိုးလျန်ဟွားမျက်လုံးများတွင်် ရက်စက်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။သူမသည်ကျိုးထောင်ဟွားတစ်ယောက် ထိုလူများလက်ထဲသို့ ကျရောက်သွားပါစေဟုပင် အဝေးမှနေ၍ ဆုတောင်းနေခဲ့သည်။
ရှန်းမင်မျက်လုံးများသည် အေးစက်တင်းမာနေပြီး အရှေ့ဆုံးမှလူမိုက်ထံသို့ အရှိန်ဖြင့်လျှောက်သွား၏။တစ်ဖက်လူမှမတုံ့ပြန်နိုင်သေးခင်မှာပင် အားအပြည့်ဖြင့်လက်သီးတစ်ချက်သည် ထိုလူ့မျက်နှာတည့်တည့်သို့ကျရောက်သွားရာ နာနာကျင်ကျင်ဖြင့်အော်ဟစ်ရင်း နောက်သို့လဲကျသွားတော့သည်။ဤသည်ကိုမြင်သောအခါ အခြားလူမိုက်တစ်ဦးသည် ခါးကြားမှဓားမြှောင်ကိုဆွဲထုတ်ကာ ရှန်းမင်ထံလှမ်းထိုးလိုက်၏။
ရှန်းမင်လှစ်ကနဲရှောင်တိမ်းလိုက်ပြီး ဘေးသို့ခြေတစ်လှမ်းရွှေ့ကာ ထိုလူမိုက်၏လက်ကောက်ဝတ်ကိုဖမ်း၍လိမ်ချလိုက်ရာ ဓားမှာမြေကြီးပေါ်သို့ပြုတ်ကျသွားတော့သည်။သူသည်ထိုဓားကိုကျိုးထောင်ဟွားခြေထောက်ဘက်သို့ကန်ပေးလိုက်ပြီး သူမကိုယ်သူမကာကွယ်ရန်ကောက်ခိုင်းလိုက်၏။ထို့နောက် အရှေ့ရှိလူမိုက်ကိုကန်ထုတ်လိုက်ရာ ထိုလူမှာလေထဲသို့ လွင့်သွားပြီး မြေကြီးပေါ်သို့ဖားတစ်ကောင်လိုပြုတ်ကျသွားတော့သည်။
အမာရွတ်နှင့်လူသည် ဤကဲ့သို့သူရဲကောင်းဆန်ဆန်လာရောက်ကယ်တင်မည့်သူရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ထိုသူမှာ အရပ်ရှည်ရှည်ဖြင့်ဖြတ်လတ်ကာ ထူးထူးဆန်းဆန်းငွေရောင်ဆံပင်များလည်းရှိနေ၏။သို့သော် ထိုသူမှာမည်သူဖြစ်နေပါစေ အမာရွတ်နှင့်လူသည် ယနေ့တော့တေးငါးဆယ်နှင့်ဤမိန်းကလေးကိုရအောင်ယူမည်ဟု ဆုံးဖြတ်ထားသည်။ထို့ကြောင့် အမာရွတ်နှင့်လူနှင့်ကျန်လူမိုက်များသည် အလုံးအရင်းဝိုင်းအုံဝင်ရောက်လာကြ၏။
ရှန်းမင်သည် ကြောက်ရွံ့ခြင်းမရှိဘဲလူအုပ်ကြားတွင် သွက်လက်စွာလှုပ်ရှားရင်း သူ့လက်သီးများကိုတိတိကျကျပစ်သွင်းလိုက်သည်။အချို့လက်သီးများမှာ မေးရိုးကိုထိမှန်ပြီး အချို့မှာနံရိုးများကို ထိမှန်သွား၏။ခဏချင်းမှာပင်ငြီးတွားသံများ လေထဲတွင်ပျံ့လွင့်သွားပြီး လူမိုက်အားလုံးမှာသူတို့မာနများ ပျောက်ဆုံးကုန်ကာမြေကြီးထက်လူးလှိမ့်နေကြတော့သည်။
"ဟမ်"
ကျိုးလျန်ဟွားသည် ဤမြင်ကွင်းအားကြည့်ကာ စိတ်ပျက်သွားမိ၏။ရှန်းမင်သည် ဤမျှလောက်အရည်အချင်းရှိမည်ဟု သူမထင်မထားခဲ့ပေ။ရွာထဲတွင် တောင်ပေါ်သို့တက်ပြီး အမဲလိုက်ဝံ့သည့် တစ်ဦးတည်းသောမုဆိုးဖြစ်နေခြင်းမှာမဆန်းပါချေ။သူသည် ရုပ်ရည်ချောမောပြီး အရပ်ရှည်သလိုသန်မာ၍အမဲလိုက်ရာတွင်လည်း လက်ဗလာဖြင့်ဘယ်သောအခါမှပြန်မလာတတ်သူဖြစ်ရာ တစ်နှစ်လျှင်ငွေအတော်လေးရှာနိုင်သူဖြစ်၏။
သို့သော်လည်း သူသည်တာအိုဆရာကြီး၏ ဟောကိန်းအရကပ်ဆိုးကြယ်လက္ခဏာရှိသူဖြစ်နေသည်။သူနှင့်နီးကပ်သူတိုင်းသည် အနည်းဆုံးမှာကံဆိုးတတ်ပြီး အဆိုးဆုံးဆိုလျှင်သေဆုံးနိုင်သည်ဟုဆိုကြ၏။ထိုသို့သာမဟုတ်လျှင် သူမကိုယ်တိုင်ပင်သူ့ကိုစဉ်းစားမိနိုင်ပေသည်။သို့သော် ထောင်ဟွားမှာမူသူနှင့်အနီးကပ်ဆက်ဆံဝံ့နေပေရာ ကံဆိုးမည့်ရက်ကိုသာစောင့်နေပေတော့ဟု သူမတွေးလိုက်မိ၏။
ကျိုးထောင်ဟွားသည် ရှန်းမင်မှ အမာရွတ်နှင့်လူအုပ်စုထံ ငုံ့ကြည့်ကာမေးနေသည်ကိုတွေ့လိုက်ရသည်။
"မင်းတို့ကထောင်ဟွားကို ငိုအောင်လုပ်တာလား"
ကျိုးထောင်ဟွား၏ကြောက်စိတ်များမှာပြေလျော့သွားပြီး ရှန်းမင်မေးခွန်းကြောင့် သူမမျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးပေါ်လာလေ၏။
"ကျွန်တော် ကျွန်တော်တို့က......"
ဤအချိန်တွင် အမာရွတ်နှင့်လူမှာမဝန်ခံဝံ့တော့ပေ။သို့သော်လည်းငြင်းပယ်ရန်မှာ မဖြစ်နိုင်တော့ချေ။ကျိုးထောင်ဟွားမှာမျက်ရည်များကိုသုတ်လိုက်ပြီး ရှန်းမင်နားသို့တိုးသွားကာ ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ဒီလူတွေကကျွန်မဆီကနေ ပိုက်ဆံလုဖို့လုပ်နေကြတာ၊ကျွန်မလွတ်အောင်ပြေးလာနိုင်ခဲ့လို့သာပဲ၊သူတို့က ပိုက်ဆံကိုလိုချင်ရုံတင်မကဘူး ကျွန်မကိုပါဖမ်းပြီး ပြည့်တန်ဆာအိမ်ကိုရောင်းစားပစ်မယ်တဲ့"
ရှန်းမင်မျက်လုံးများသည် ချောက်နက်ကြီးထဲမှတဟုန်ထိုး,ထိုးတက်လာသော ရေစီးကြောင်းကဲ့သို့ ချက်ချင်းပင်မှုန်မှိုင်းသွားတော့၏။
"လွန်လွန်းသွားပြီ ညီမလေးထောင်ဟွား ဒီလူတွေအားလုံးကို ကိုယ်ရုံးတော်ဆီပို့ပစ်မယ်"
အမာရွတ်နှင့်လူဦးဆောင်သော လူမိုက်များသည် အလွန်ထိတ်လန့်သွားကြ၏။သို့သော်သူတို့မည်မျှပင် အသနားခံပါစေ အချည်းနှီးသာဖြစ်ပြီး ရှန်းမင်၏စောင့်ကြည့်မှုအောက်မှထွက်ပြေးရန် မဖြစ်နိုင်ပေ။နောက်ဆုံးတွင် သူတို့အားလုံးကိုရုံးတော်သို့တစ်ဦးချင်းခေါ်ဆောင်သွားတော့၏။အမှုစစ်ဆေးနေစဉ်အတွင်းတွင် အမာရွတ်နှင့်လူအုပ်စုသည် သခင်မဟယ်ပေးထားသောစရန်ငွေကိုခိုးယူရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းသိရှိသွားသည်နှင့်အရာရှိများမှာကျိုးထောင်ဟွားထံပြောလိုက်သည်။
"စိတ်မပူပါနဲ့ မိန်းကလေး၊ဒီလူတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ပါ့မယ်"
ရှန်းမင်လည်း ထပ်မံသတိပေးလိုက်သည်။
"အရာရှိကြီးတို့ သေချာစုံစမ်းစစ်ဆေးပေးပါ၊သူတို့က မိန်းမကောင်းလေးတွေကို ပြည့်တန်ဆာအိမ်ဆီရောင်းစားခဲ့တာတွေရှိနိုင်ပါတယ်"
အကယ်၍ ယနေ့ကျိုးထောင်ဟွားသာသူနှင့်မတွေ့ခဲ့ပါလျှင် အကျိုးဆက်မှာတွေးဝံ့စရာပင်မရှိပေ။ရှန်းမင်သည်ကျိုးထောင်ဟွားမျက်နှာအား ငုံ့ကြည့်လိုက်သည်။သူမသည် တစ်ရွာလုံးအားငွေရှာနိုင်ရန်ကူညီပေးခဲ့ပြီး သူ့ကိုလည်းတောကောင်များရောင်းရအောင် မကြာမကြာကူညီပေးခဲ့သူပင်။ဤကဲ့သို့သောမိန်းကလေးသည် ကျိုးကျားရွာတွင်သာပျော်ပျော်ရွှင်ရွှင်ဖြင့်နေထိုင်သွားသင့်ပေသည်။
"ဪ ဟုတ်သားပဲ ကျွန်မခုနကဒီနားမှာထားခဲ့တဲ့ တောင်းနဲ့အဝတ်ဟောင်းတွေရော"
ကျိုးထောင်ဟွားသည် ရုတ်တရက်သတိရသွား၏။သူမသည် ထိုပစ္စည်းများကိုရှာရန်အမြန်ပြန်သွားသော်လည်း ထိုပစ္စည်းများမှာယူသွားခံလိုက်ရပြီပင်။ထိုစဉ် ဝေ့ကျန့်ဖုန်းသည်ကျိုးထောင်ဟွားရှေ့၌ ဝမ်းသာအားရရပ်လာပြီးပြောလိုက်သည်။
"မိန်းကလေးကျိုး တစ်ကယ်အဆင်သင့်တာပဲ၊ဒီနေ့ မင်းကိုတွေ့ရလိမ့်မယ်လို့ထင်မထားဘူး၊မင်းဆီကနေ ဘေးရန်ကင်းအဆောင်နှစ်ခုလောက် ထပ်ဝယ်ချင်လို့ပါ"