← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

ဟမ့် သူမကတော့အိပ်မက်,မက်နေပြန်ပါပြီ။

နေ့လည်ပိုင်းတွင်မြို့ထဲမှအုတ်နှင့် အုတ်ကြွပ်များစတင်ရောက်ရှိလာတော့၏။ထိုအခါမှသာ ရွာသားများသည် ကျိုးထောင်ဟွားတို့မိသားစုမှာ အုတ်ကြွပ်မိုးအုတ်အိမ်အသစ်ဆောက်ရန်ပြင်နေကြသည်ကို သိရှိသွားကြသည်။

"အိုး ဒီအုတ်တွေကတစ်ကယ်လှတာပဲ"

"ဟုတ်တယ်နော် ဒီအုတ်ကြွပ်တွေကလည်း တစ်ကယ်ကိုခိုင်ခံ့နေတာပဲ"

"ငါ့အိမ်လဲ အရမ်းယိုယွင်းနေပြီဆိုတော့ ပိုက်ဆံလေးဘာလေးစုပြီးအုတ်အိမ်လေး ဆောက်ဦးမယ်"

မကြာခင်မှာပင် ကျိုးထောင်ဟွားတို့အိမ်ရှေ့တွင် လူအုပ်ကြီးစုဝေးလာပြီး အုတ်နှင့်အုတ်ကြွပ်များကိုလာရောက်ကြည့်ရှုကြ၏။ပထမဆုံးအုတ်တင်လှည်းရောက်လာသော်ရွာလူကြီးသားအကြီးဆုံး ကျိုးကွမ်းမင်ရောက်လာသည်။သူ့အင်္ကျီလက်ကိုလိပ်တင်လိုက်ပြီး ကျိုးအာ့ရှုနှင့်အတူခြံဝင်းအနောက်တောင်ဘက်ထောင့်တွင်ယာယီတဲတစ်လုံးကိုအမြန်ဆောက်ကာ မိသားစုပစ္စည်းအားလုံးကိုထိုတဲထဲရွှေ့ပြောင်းပေးလိုက်၏။

ဒေါက်တိုင်မစုံတော့သောစားပွဲများ၊ကုလားထိုင်များနှင့်ဗီရိုများကိုကြည့်ကာ ကျိုးကွမ်းမင်ပြောလိုက်သည်။

"အာ့ရှု နောက်ကျရင်အသစ်တွေပဲဝယ်လိုက်ပါလား၊ဒီအဟောင်းတွေကိုတော့ ထင်းအဖြစ်ပဲသုံးလိုက်တော့"

ကျိုးကွမ်းမင်အပြင်ကျိုးကွမ်ကျူးလည်းကူညီရန်ရောက်လာ၏။ကျိုးကွမ်ကျူးသည် လက်သမားနှင့်အုတ်စီရာတွင် ကျွမ်းကျင်သူဖြစ်သည်။တစ်ဖြည်းဖြည်းနှင့် ရွာသားများစွာသည်လည်း အလိုလိုလာရောက်ဝိုင်းဝန်းကူညီကြလေ၏။

မူလကလုပ်သားအဖြစ်ပါဝင်ရမည့် ကျိုးထောင်ဟွား၊ချမ်ရှီနှင့်ဒူးရင်းသီးနတ်ဆိုးတို့မှာဟင်းချက်သည့်ဘက်သို့ရောက်သွားကြသည်။သူတို့သုံးဦးပေါင်းလျှင်ပင် လူအုပ်ကြီးအတွက်ဟင်းချက်ပေးရန်မနိုင်တော့သည်ထိပင်။လူတိုင်းမှာစိတ်အားထက်သန်စွာဖြင့်လုပ်အားခမယူဘဲကူညီနေကြသဖြင့် ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့မှာလည်း လူတိုင်းကိုဝဝလင်လင်ကျွေးမွေးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ချမ်ရှီသည်ဟင်းချက်စွမ်းရည်ကိုအစွမ်းကုန်ထုတ်သုံးပြီး ကျိုးထောင်ဟွားသည်လည်းဟင်းလျာများတွင် အသားနှင့်ဟင်းသီးဟင်းရွက်မျှတစေရန် နေ့တိုင်းအသားဝယ်ပေး၏။

ထိုနေ့တွင်ကျိုးရှန်းရှန့်တစ်ယောက်ပုံမှန်အတိုင်းပင် ဟင်းချက်ကူရန်ရောက်လာသည်။သူမမှာသက်ပြင်းချရင်း

"ထောင်ဟွားရေ ရန်ရှုရွာကရန်ဖုန်းရှို့နဲ့ငါ့ကိစ္စကတော့ အဆင်မပြေတော့ပါဘူးဟယ်၊သူကငါ့ကိုသဘောမကျဘဲ နင့်ဝမ်းကွဲအစ်မကို သဘောကျသွားတယ်တဲ့"

"ကျိုးလျန်ဟွားကိုလား"

ကျိုးထောင်ဟွားပဲလွမ်းများခြွေနေရင်း မေးလိုက်၏။

"ဟုတ်တယ် ရန်ဖုန်းရှို့မိသားစုကအတော်လေးချမ်းသာတယ်လေ၊သူနဲ့လက်ထပ်နိုင်မယ့်သူကတော့ ကံကောင်းတာပဲ၊နင့်ဝမ်းကွဲက တစ်ကယ်ကံကောင်းတာပါဟယ်"

ကျိုးရှန်းရှန့် မနာလိုဟန်ဖြင့်ပြောလိုက်၏။

ရန်ဖုန်းရှို့မိသားစုတွင် အထွက်နှုန်းကောင်းသောလယ်မြေရှစ်မူနှင့်ဝက်အကောင်၂၀ရှိသည်။ဝက်မကြီးများမှာလည်းသားပေါက်နေပြီဖြစ်သဖြင့် ဝင်ငွေမှာအဆက်မပြတ်စီးဝင်နေလေ၏။အရေးကြီးဆုံးမှာ ရန်ဖုန်းရှို့သည်ချမ်းသာရုံတင်မကဘဲ ရုပ်ရည်လည်းချောမောသူဖြစ်သည်။

ကျိုးထောင်ဟွားသည် ကျိုးလျန်ဟွားရည်ရွယ်ချက်ကို နောက်ဆုံးတော့နားလည်သွားတော့၏။သူမမှာရန်ဖုန်းရှို့ကို အပိုင်ချိုင်နေခြင်းပင်ဖြစ်သည်။ကျိုးရှန်းရှန့်ဆီမှအနံ့ဆိုးများထွက်သည်ဟု အရူးကိုကောလာဟလလွှင့်ခိုင်းခဲ့ခြင်းမှာလည်း သူမပြိုင်ဘက်ကျိုးရှန်းရှန့်ကိုဖယ်ရှားရန်အတွက်သာဖြစ်ပေမည်။ဤအိမ်ထောင်ရေးအားအရယူရန်အတွက် သူမသည်ကျိုးရှန်းရှန့်ဂုဏ်သိက္ခာကိုလုံးဝ ထည့်မတွက်ခဲ့ပေ။

ထို့အပြင် သူမသည်အရူးကိုခိုင်း၍ရှန်းမင်မှသူမမျက်ရည်များကို သုတ်ပေးခဲ့သည်ဟု ရွာထဲတွင်လည်းကောလာဟလလွှင့်ခဲ့သေး၏။ယခုဆိုလျှင် ရှန်းမင်သည်သူမနှင့်အတူရှိနေချိန်တိုင်း တစ်မီတာခန့်အမြဲခွာနေတတ်တော့သည်။သူတို့နှစ်ဦးမှာတွန်းကန်နေသော သံလိုက်တုံးနှစ်ခုကဲ့သို့ ဘယ်တော့မှနီးကပ်၍မရတော့ပေ။ထိုသို့ဆိုလျှင် သူမအနေဖြင့်ဝိညာဉ်စွမ်းအင်များကိုမည်သို့ရရှိနိုင်ပါတော့မည်နည်း။

ကျိုးရှန်းရှန့်နှုတ်ခမ်းလေးမှရေနွေးအိုးနှုတ်သီးကဲ့သို့စူထွက်နေသည်ကို မြင်သောအခါ ကျိုးထောင်ဟွားမေးလိုက်၏။

"အစ်မက ရန်ဖုန်းရှို့ကိုသဘောကျနေတာလား"

ကျိုးရှန်းရှန့်မျက်နှာမှာ ချက်ချင်းပင်နီရဲသွားပြီးရှက်ကိုးရှက်ကန်းဖြင့်ခေါင်းငုံ့သွားတော့၏။

"အရင်တစ်ခေါက်မြို့ထဲကိုအသားသွားဝယ်တုန်းက အဝေးကနေမြင်ခဲ့တာပါ။သူကလုံးဝငါ့စိတ်ကြိုက်ဆိုပေမယ့် ရန်မိသားစုကနင့်ဝမ်းကွဲကိုပဲ ရွေးလိုက်ကြတာကံဆိုးတာပဲ"

ကျိုးထောင်ဟွား မေးလိုက်၏။

"လာစေ့စပ်ပြီးသွားပြီလား"

"မပြီးသေးပါဘူး ဒါပေမယ့်အောင်သွယ်တော်ယိုဆီကနေ အမေကြားတာတော့ အဲ့လိုအစီအစဉ်ရှိတယ်လို့ပြောတာပဲ"

စေ့စပ်ထားခြင်းမရှိသေးသဖြင့်ဆွေးနွေးစရာရှိသေးသည်ဟု ဆိုရမည်ပင်။ကျိုးလျန်ဟွားသည် အခြားသူများ၏ဂုဏ်သိက္ခာကို အတင့်ရဲစွာဖြင့်ဖျက်ဆီးခဲ့ရာ ယခုသူမမှရန်မိသားစုထဲသို့ဝင်ချင်ပါသည်ဆိုလျှင်တော့ သူမခွင့်ပြုချက်ကိုအရင်တောင်းရပေလိမ့်မည်။

ထိုစဉ်မှာပင်ကျိုးလျန်ဟွားတစ်ယောက် တောင်းတစ်လုံးကိုပခုံးထက်လွယ်လျက် ရွှင်ရွှင်မြူးမြူးဖြင့်လျှောက်လာလေ၏။သူမသည်ခြံထဲတွင် ဝိုင်းကူလုပ်ကိုင်နေကြသော ရွာသားများကိုပြုံးပြကာနှုတ်ဆက်နေသည်။

ရက်အတော်ကြာဝိုင်းဝန်းလုပ်ကိုင်ခဲ့ကြသဖြင့် ကျိုးမိသားစု၏အခန်းလေးခန်းပါအိမ်အကြမ်းထည်မှာပြီးစီးပြီဖြစ်ကာ မနက်ဖြန်တွင်အိမ်ခေါင်မိုးတင်တော့မည်ဖြစ်၏။

ကျိုးလျန်ဟွားသည် အပြာရောင်အုတ်များဖြင့်ဆောက်ထားသောအိမ်ကြီးအားကြည့်ကာ မနာလိုစိတ်အနည်းငယ်ဖြစ်သွားခဲ့သည်။သို့သော် သူမသည်မကြာမီတွင် ရန်မိသားစုသို့လက်ထပ်ဝင်ရောက်ပြီး အုတ်အိမ်နှင့်နေရတော့မည်ဟုတွေးလိုက်သောအခါမှ သူမစိတ်မှာပြန်တည်ငြိမ်သွားတော့၏။

အောင်သွယ်တော်ယို၏အဆိုအရ ရန်မိသားစုသည် သူမကိုပိုသဘောကျနေကြပြီး လက်ထပ်ပွဲအတည်မပြုမီ တရားဝင် စေ့စပ်ကြောင်းလမ်းသည့်အစီအစဉ်များ ပြီးမြောက်ရန်သာ စောင့်ဆိုင်းနေကြခြင်းပင်။ယခုအချိန်တွင် သူမအနေဖြင့်ရန်မိသားစုနှင့်စေ့စပ်ပွဲကို အရှိန်မြှင့်နိုင်ရန် သူမဂုဏ်သတင်းကိုပိုမိုကောင်းမွန်စေမည့်အလုပ်များလုပ်ရန်လိုအပ်နေပေသည်။

"ဒုတိယအဒေါ် ကျွန်မခရမ်းသီးနည်းနည်းယူလာခဲ့တယ် ဟင်းကူချက်ပေးမယ်နော်"

ကျိုးလျန်ဟွားသည် တောင်းထဲမှခရမ်းသီးများကိုထုတ်လိုက်ပြီး အင်္ကျီလက်ကိုလိပ်တင်ကာ အလုပ်လုပ်ရန်ပြင်လိုက်၏။ကျိုးထောင်ဟွားသေသေချာချာကြည့်လိုက်သောအခါ ထိုတောင်းမှာ သူမမြို့ထဲတွင်ပျောက်သွားခဲ့သောတောင်းဖြစ်နေသည်ကိုသိလိုက်ရသည်။

"လျန်ဟွား ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ၊အခုကဆေးမြစ်တူးရမယ့် အချိန်လေ၊ဒုတိယအဒေါ်အိမ်မှာ အချိန်မဖြုန်းပါနဲ့ ပိုက်ဆံအများကြီးဆုံးရှုံးသွားလိမ့်မယ်"

ချမ်ရှီသည် ကျိုးလျန်ဟွားအားမြင်လိုက်ရသဖြင့် ဝမ်းသာသွားသည်ဟုဆိုရမည်ပင်။ကျိုးလျန်ဟွား၏အကူအညီကို အမှန်တစ်ကယ်လိုအပ်နေ၍မဟုတ်သော်လည်း သူမစေတနာကိုမြင်ရသဖြင့် ချမ်ရှီပျော်ရွှင်နေခြင်းဖြစ်၏။အိမ်အသစ်စဆောက်ကတည်းမှ အိမ်ဟောင်းဘက်ရှိလူတစ်ယောက် ရောက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။

"ဒုတိယအဒေါ်ကလဲ ကြည့်ပါဦး၊ကျွန်မကကူညီချင်လို့လာတာကို ပိုက်ဆံအကြောင်းတွက်နေသေးတယ်၊ကျွန်မတို့က မိသားစုတွေပဲဟာကို အားနာစရာမလိုပါဘူး"

ကျိုးထောင်ဟွားသည် ကျိုးလျန်ဟွားအားအဝေးမှနေ၍ပြုံးပြလိုက်၏။သူမအားကြည့်ရသည်မှာ အလွန်ပင်လိမ္မာယဉ်ကျေးပြီးအပြစ်ကင်းစင်သည့်ပုံစံ ပေါက်နေသည်။သို့သော်လည်း ကျိုးလျန်ဟွားထံမှယခင်ကထက်ပိုမိုပြင်းထန်သော မကောင်းသောအငြိုးအတေးအငွေ့အသက်များကို သူမမြင်နေရ၏။ထိုမီးခိုးရောင်အငွေ့အသက်တို့မှာ သူမတစ်ကိုယ်လုံးကိုဖုံးလွှမ်းလုနီးပါးဖြစ်နေချေပြီ။

ကျိုးထောင်ဟွားမျက်လုံးများတွင် ကလိမ်ကကျစ်အကြံတစ်ခုဖြတ်ပြေးသွားပြီးနောက် ကျိုးလျန်ဟွားထံသို့လျှို့ဝှက်လက်ဟန်ဖြင့်မန္တန်တစ်ခုပစ်လိုက်၏။သူမကအနားရှိနေမှတော့ သူမဆန္ဒကိုဖြည့်ဆည်းပေးရတော့မှာပေါ့ မဟုတ်ဘူးလား။ဤသည်ကိုမြင်သောအခါမှ ကျိုးထောင်ဟွားသည်ကျေနပ်စွာဖြင့် အကြည့်လွှဲလိုက်တော့၏။

"ဟမ့် ကြောင်သူတော်မကတော့ အိမ်ခေါင်မိုးတင်ခါနီးမှလာပြီးကူညီနေတယ်၊မိသားစုတွေဆိုတော့ အားနာစရာမလိုပါဘူးတဲ့ ဟာသပဲ"

ကျိုးရှန်းရှန့်မှာထွက်သွားသော ကျိုးလျန်ဟွားကျောပြင်အားကြည့်ကာ မကျေမနပ်ဖြင့်ပြောလိုက်၏။

ယနေ့မနက်တွင် အောင်သွယ်တော်ယိုထံမှ ရန်မိသားစုသည်ကျိုးလျန်ဟွားကိုပိုသဘောကျနေသည်ဟူသောသတင်းအား သူမအမေကြားခဲ့ရခြင်းဖြစ်ရာ ကျိုးလျန်ဟွားတစ်ယောက် ထောင်ဟွားတို့အိမ်သို့လာကူခြင်းသည် သူတစ်ပါးအထင်ကြီးစေရန် တမင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူမသံသယဝင်မိသည်။

ကျိုးအိမ်ဟောင်းဘက်မှလူများမှာတော့ ကျိုးလျန်ဟွားကိုရွေးချယ်လိုက်သည့်အတွက် အလွန်ဝမ်းသာနေကြ၏။လျန်ဟွားအနေဖြင့် ဤမျှကောင်းမွန်သောမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ရခြင်းမှာ ရှားပါးသောအခွင့်အရေးဖြစ်သည်။အဘွားစွင်းတွေးလိုက်၏။

"အခြားမိသားစုတွေမှာ သမီးမိန်းကလေးတွေအိမ်ထောင်ပြုရင် တင်တောင်းငွေ၅တေးပေးရပေမယ့် ငါတို့လျန်ဟွားကတော့ ရန်မိသားစုထဲဝင်မှာဆိုတော့ အနည်းဆုံး၁၀တေးတော့ရ,ရမယ်"

ကျိုးလျန်ဟွားမိခင်ဖြစ်သူ ကျိုးရှီလည်း ထပ်တလဲလဲခေါင်းငြိမ့်ထောက်ခံနေ၏။လျန်ဟွားကိုအိမ်ထောင်ချပေးနိုင်မှ ရှောင်ဖုန်းလက်ထပ်ပွဲကို စီစဉ်နိုင်မည်ပင်။ရှောင်ဖုန်းမှာ၁၆နှစ်ရှိနေပြီဖြစ်ရာ မကြာမီအိမ်ထောင်မပြုနိုင်ပါက ကဲ့ရဲ့ဖွယ်ရာဖြစ်ပေတော့မည်။ကံမကောင်းစွာဖြင့် ရှောင်ဖုန်းမှာအခြားမိန်းကလေးများကိုစိတ်မဝင်စားဘဲ ဘေးရွာမှရွာပန်းလေးကိုသာ မျက်စိကျနေခြင်းဖြစ်ပြီး ထိုမိန်းကလေး၏တင်တောင်းငွေမှာ ၁၀တေးဖြစ်သည်။ထိုသို့ဆိုလျှင် ရှောင်ဖုန်းရောလျန်ဟွားပါ အခြေတကျဖြစ်သွားကြလိမ့်မည်။

ကျိုးအိမ်ဟောင်းရှိလူများမှာ သူတို့၏အတွက်အချက်များဖြင့် အလုပ်ရှုပ်နေကြ၏။သို့သော်လည်း ရန်မိသားစုမှအောင်သွယ်တော်ယိုကိုစေလွှတ်၍ လက်ထပ်ခွင့် တောင်းလာသောအခါတွင်မူ ပုံမှန်အားဖြင့်နူးညံ့သိမ်မွေ့ပြီးနာခံတတ်သောကျိုးလျန်ဟွားမှာ ရုတ်တရက်ကြီး အခြားလူလိုဖြစ်သွားတော့သည်။

ထိုနေ့တွင် အောင်သွယ်တော်ယိုသည် မျက်နှာထက်အပြုံးများ ဝေဆာလျက် အိမ်ထဲသို့ဝင်လာ၏။အဘွားစွင်းနှင့်ကျိုးရှီတို့လည်း ဘာဖြစ်တော့မည်ကိုသိသဖြင့် ယဉ်ယဥ်ကျေးကျေးပင်နှုတ်ဆက်လိုက်ကြသည်။

အောင်သွယ်တော်ယိုမှ ချီးကျူးမြှောက်ပင့်လာ၏။

"ဒီကလေးနှစ်ယောက်က ကောင်းကင်ကနေဖန်တီးပေးလိုက်တဲ့ အဖော်တွေလိုပါပဲ၊သူတို့လက်ထပ်ပြီးရင်တော့ သူတို့ဘဝတွေက သာယာဝပြောနေမှာအသေအချာပဲ"

ကျိုးရှီမျက်နှာမှာ ပြုံးရလွန်း၍ပါးစပ်ပင် မစေ့နိုင်အောင်ဖြစ်နေ၏။သူမသမီးကောင်းစားပါက မိခင်ဖြစ်သောသူမသည်လည်း ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်ရမည်မဟုတ်ပါလား။

"ဒါတွေအားလုံးက အောင်သွယ်တော်ရဲ့ ကျေးဇူးတွေပါပဲ"

ကျိုးရှီကျေးဇူးတင်စကားပြောလိုက်၏။

ရုတ်တရက်ဘေးတွင်ငြိမ်သက်စွာထိုင်နားထောင်နေသော ကျိုးလျန်ဟွားမှာမေးစေ့ကို အနည်းငယ်ပင့်လိုက်ပြီးပြောလာသည်။

"ရန်ဖုန်းရှို့က ရိုးသားပြီးကြင်နာတတ်တယ်လို့ အဒေါ်ကပြောနေပေမယ့် အဲဒီရိုးသားမှုကအတိုင်းထက်အလွန်ဖြစ်သွားရင်တော့ လူအတစ်ယောက်ဖြစ်သွားတာပဲမလား၊ဒါဆိုရင်တော့ ကျွန်မကပဲအိမ်ထောင်မှုကိစ္စအဝဝကို ခေါင်းခြောက်ခံပြီးလုပ်နေရတော့မှာပဲ"

အောင်သွယ်တော်ယိုမှာကြောင်အသွားရ၏။ကျိုးလျန်ဟွားထံမှ ဤကဲ့သို့သောတုံ့ပြန်မှုမျိုးကို သူမလုံးဝမမျှော်လင့်ထားခဲ့ပေ။သူမသည်ပြုံးလျက်ပင်ချက်ချင်းရှင်းပြလိုက်၏။

"ရန်ဖုန်းရှို့က ဉာဏ်ကောင်းပါတယ်ကွယ်၊စကားနည်းတာလေးတစ်ခုပဲရှိတာပါ"

အဘွားစွင်းနှင့်ကျိုးရှီတို့သည်လည်းး ကျိုးလျန်ဟွား၏ရုတ်တရက်ထွက်ပေါ်လာသောမေးခွန်းများကြောင့် မှင်တက်သွားကြပြီး သူမဘာကိုဆိုလိုမှန်း နားမလည်နိုင်အောင်ဖြစ်သွားရ၏။သူမသည် ခင်ပွန်းလောင်း၏စိတ်ရင်းမှန်ကို စမ်းသပ်နေခြင်းလား တင်တောင်းငွေပိုရရန်ကြိုးစားနေခြင်းလားပင်မသိတော့ပေ။

ကျိုးလျန်ဟွားမှာမျက်ခုံးတစ်ချက်ပင့်၍ဆက်ပြောလိုက်သည်။

"သူ့မိသားစုမှာမောင်နှမမရှိဘူး လူနည်းပြီးအေးချမ်းတဲ့အိမ်ထောင်စုလို့ အ‌ဒေါ်ပြောခဲ့တယ်လေ၊ဒါပေမယ့်သူ့အမေက တော်တော်လေးစည်းကမ်းကြီးတယ်လို့ ကျွန်မကြားထားတယ်၊တစ်ကယ်လို့ ကျွန်မသာလက်ထပ်ဝင်သွားလို့ ယောက္ခမနဲ့ချွေးမကြားအဆင်မပြေတာတွေဖြစ်လာရင် သူကကျွန်မဘက်က ရပ်တည်မှာလား ဒါမှမဟုတ် သူ့အမေဘက်ကလား"

အောင်သွယ်တော်ယိုမှာ ချွေးစေးများပင် ထွက်လာတော့၏။သူမသည် ရန်ဖုန်းရှို့၏မျှတတတ်ပုံကို အကြိမ်ကြိမ် ချီးမွမ်းကာစိတ်မပူရန် ကျိုးလျန်ဟွားထံသာပြောနေရတော့၏။အောင်သွယ်တော်ယိုမှာ ဇဝေဇဝါဖြစ်နေရတော့သည်။ယခင်အခေါက်၌ ကျိုးလျန်ဟွားမှာရန်ဖုန်းရှို့အပေါ်တွင်အတော်လေးကျေနပ်နေခဲ့သည်မဟုတ်ပါလား။ယခုမှဤသို့ပြောနေခြင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။

ကျိုးလျန်ဟွားမှ ဆက်ပြောချလာ၏။

"သူ့မိသားစုမှာ လယ်တွေ၊ဝက်တွေရှိတယ်လို့ အဒေါ်ပြောပေမယ့် သူကိုယ်တိုင်ကရောလယ်လုပ်တာနဲ့ဝက်မွေးတာမှာ ကျွမ်းကျင်ရဲ့လား ဒါမှမဟုတ် သူကဘာမှမလုပ်တတ်ဘဲပျင်းရိပြီး သူ့မိဘတွေကိုပဲ အကုန်မှီခိုနေတာလား၊တစ်ကယ်လို့သူသာဘာမှမလုပ်တတ်မကိုင်တတ်ဆိုရင် ဒီမိသားစုကနောက်ဆုံးဆင်းရဲသွားလိမ့်မယ်၊ကျွန်မကတော့ ကျွန်မရဲ့ဘဝတစ်လျှောက်လုံးဒုက္ခမခံချင်ဘူး"

"အဟမ်း"

အဘွားစွင်းသည် သူမစိတ်ရင်းအမှန်များကို ဘွင်းဘွင်းကြီးပြောချလိုက်သော ကျိုးလျန်ဟွားအားတားဆီးရန်အတွက် အလောသုံးဆယ်ချောင်းဟန့်လိုက်ရ၏။သူမသည် ကျိုးလျန်ဟွားထံမယုံကြည်နိုင်ဟန်ဖြင့်စိုက်ကြည့်နေမိသည်။ဤကလေးသည် ယခင်အချိန်များတွင်ဤမျှထိ မတုံးအခဲ့ပါချေ။အရေးကြီးဆုံးအချိန်ကျမှ မည်သည်ကြောင့်ဤအခြေအနေထိဖြစ်သွားရပါသနည်း။

All Chapters