← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

ကျိုးလျန်ဟွားသည် သူမ၏ပုံမှန်နူးညံ့သိမ်မွေ့ပြီးနာခံတတ်သောပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေကာ စကားအချေအတင်ပြောဆိုတတ်သည့် စရိုက်ဆန်ဆန်မိန်းမကြီးတစ်ဦးအလားဖြစ်နေသဖြင့် အောင်သွယ်တော်ယိုမှာ အတော်လေးနားမလည်နိုင်ဖြစ်သွားရတော့၏။

ကျိုးလျန်ဟွားထံတွင် မျက်နှာနှစ်မျိုးရှိနေသည်ဟု အဘယ်ကြောင့်သူမခံစားနေရပါသနည်း။ပြီးခဲ့သည့်အကြိမ်၌တွေ့စဉ်တွင် ဤမျှလောက်ထိစကားများထက်ရှပြီး ရန်လိုတတ်သူမဟုတ်ပါချေ။ယနေ့ကျမှ အဘယ်ကြောင့်ဤသို့ဖြစ်နေရသနည်း။သူမသည် ရန်မိသားစုထဲသို့ကျိန်း‌သေလက်ထပ်ဝင်ရတော့မည်ဆိုသည့် ယုံကြည်ချက်လွန်ကဲကာ သူမ၏အစစ်အမှန်ပုံစံကို ထုတ်ပြနေခြင်းဖြစ်နိုင်၏။ဤသည်ကမှ သူမ၏ပုံစံအစစ်အမှန်ဖြစ်ပေလိမ့်မည်။

အောင်သွယ်တော်ယို၏စိတ်ထဲတုန်လှုပ်သွားရ၏။သူမသည် ရန်မိသားစုထံမှအကျိုးအမြတ်များစွာ ရရှိထားသူဖြစ်ရာ အကယ်၍ သူမကသာပြဿနာရှာတတ်မည့်သူမျိုးအား မိတ်ဆက်ပေးမိပါလျှင် ဒုက္ခကြီးကြီးရောက်ပေလိမ့်မည်။သူမ၏နာမည်ပျက်ရုံသာမက ရန်မိသားစု၏အပြစ်တင်ခြင်းကိုပါခံရမည်ပင်။

အောင်သွယ်တော်ယိုသည် ကျိုးလျန်ဟွားအားရန်ဖုန်းရှို့မှာ အလုပ်ကြိုးစားပြီး အရည်အချင်းရှိသူဖြစ်ကြောင်း၊လယ်ယာလုပ်ငန်းနှင့်ဝက်မွေးမြူရေးတွင်လည်း ကျွမ်းကျင်ပြီးအားကိုးထိုက်သော အမျိုးသားတစ်ဦးဖြစ်ကြောင်း အရင်ဆုံးရှင်းပြလိုက်၏။ထို့နောက် သူမသည် အဘွားစွင်းနှင့်ကျိုးရှီတို့ထံပြုံးပြကာပြောလိုက်သည်။

"ကျွန်မဦးနှောက်ကတော့ တစ်ကယ်ပါပဲ၊အဒေါ်စွင်းနဲ့ညီမလေးရှုဖန်းရေ ရန်မိသားစုကမှာလိုက်တဲ့ ပစ္စည်းယူလာဖို့ ကျွန်မမေ့ကျန်ခဲ့တယ်‌လေ၊အခုပဲပြန်သွားယူလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် အောင်သွယ်တော်ယိုသည် အဘွားစွင်းနှင့်ကျိုးရှီတို့နောက်မှလှမ်းခေါ်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ကျိုးအိမ်ဟောင်းမှနေ ခပ်သွက်သွက်ထွက်လာခဲ့လိုက်တော့၏။ပစ္စည်းမေ့ကျန်ခဲ့သည်ဆိုသည်မှာ အလိမ်အညာသာဖြစ်ပြီး သူမစိတ်ရင်းအမှန်မှာတော့ ကျိုးလျန်ဟွားအပေါ်မကျေနပ်မှုအားပြသလိုက်ခြင်းပင်။

အဘွားစွင်းသည် ဒေါသတကြီးဖြင့်လှည့်ကြည့်ကာ ခြေဆောင့်ရင်းဆူပူလိုက်သည်။

"အောင်သွယ်တော်ယိုကို ညည်းကဘာလို့ရန်လိုက်ရှာနေရတာလဲ၊ရန်ဖုန်းရှို့က ဘယ်လိုလူဆိုတာကို ငါတို့သိပြီးသားပဲမလား၊ခုနက ညည်းရဲ့စိတ်ကြီးဝင်နေတဲ့ပုံစံကိုလည်း ကြည့်ဦး၊ဒီသတင်းသာအပြင်ထွက်သွားရင် ဘာဖြစ်ကုန်မယ်ထင်လဲ"

ကျိုးရှီလည်းစိုးရိမ်တကြီးဖြင့် မျက်ရည်သုတ်ရင်း ပြောလာ၏။

"အောင်သွယ်တော်ယိုက နင့်ကြောင့်ထွက်သွားတာနော် လျန်ဟွား၊နင်ဘာတွေလုပ်နေတာလဲ၊အိမ်ထောင်ရေးဆိုတာ အရေးကြီးတဲ့ကိစ္စပဲ ပေါ့ပေါ့တန်တန်မလုပ်သင့်ဘူး"

ကျိုးရှီမှာနားမလည်နိုင်အောင်ဖြစ်နေတော့၏။သူတို့အားလုံးကြိုတင်သဘောတူထားကြပြီးဖြစ်သော်လည်း လျန်ဟွားမှာအဘယ်ကြောင့်သူတို့နှင့် ကြိုတင်မတိုင်ပင်ဘဲရုတ်ချည်းစိတ်ပြောင်းသွားရပါသနည်း။ယခုမူလက်ထဲရောက်ခါနီးဘဲမှာ ပျံထွက်သွားချေပြီ။

ကျိုးလျန်ဟွားမှာမူ ထိုကိစ္စအားလုံးဝဂရုမစိုက်ပါဘဲ ခေါင်းမာစွာဖြင့်ပြောလာ၏။

"အိမ်ထောင်ရေးကိစ္စဖြစ်လို့ကို ပိုပြီးတော့တောင် သတိထားရမှာပေါ့၊ကျွန်မရဲ့အခြေအနေကို ကျွန်မသိပါတယ်၊ဒါကြောင့် ကျွန်မကိုထပ်ပြီးနားပူအောင်မလုပ်ကြပါနဲ့တော့"

"???"

အဘွားစွင်းနှင့်ကျိုးရှီတို့သည် တစ်ဦးကိုတစ်ဦးမျက်မှောင်ကြုံ့၍ကြည့်လိုက်ကြသည်။လျန်ဟွားတစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သူတို့ခံစားမိလိုက်၏။ဤကလေးသည် ယခင်ကအလွန်သိတတ်ပြီး နာခံတတ်သူဖြစ်ကာ သူတို့ကိုဘယ်သောအခါမှ ပြန်မပြောခဲ့ဖူးပေ။အထူးသဖြင့် ယခုကဲ့သို့စိတ်မရှည်သည့်လေသံမျိုးဖြင့် ဘယ်တုန်းကမှမပြောဖူးချေ။

နတ်ဆိုးနှင့်ရာသီသွေးမိစ္ဆာကိုနှစ်ကြိမ်တိုင်တိုင်ကြုံတွေ့ဖူးထားသဖြင့် အဘွားစွင်းသည် တစ်စုံတစ်ခုကိုချက်ချင်းသဘောပေါက်သွားတော့၏။သူမ ကျိုးရှီအားမေးလိုက်သည်။

"လျန်ဟွားတစ်ယောက် တောင်ခြေကနေ ပြန်လာတာမကြာသေးဘူးမလား"

"ဟုတ်ပါတယ်"

ကျိုးရှီမှာအဘွားစွင်းမှဘာကြောင့်မေးသည်ကို နားမလည်သော်လည်းပြန်ဖြေလိုက်၏။

အဘွားစွင်းသည် ကျိုးထောင်ဟွား၏သတိပေးချက်ကို ပြန်အမှတ်ရသွားသည်။မကောင်းသောစိတ်ထားရှိသူများသည် နတ်ဆိုးတစ္ဆေများကပ်တွယ်ခြင်းကိုခံရတတ်သည်ဟုဆိုခဲ့သည် မဟုတ်ပါလား။သူမသည် ပေါင်အားတစ်ချက်ပုတ်ကာ အော်ပြောလိုက်သည်။

"ဒုက္ခပါပဲ ထက်မြက်လှချည်ရဲ့ဆိုတဲ့ လျန်ဟွားတော့ ဒီတစ်ခါပြဿနာတက်ပြီ"

"အမေ ဘာတွေပြောနေတာလဲ၊လျန်ဟွားပြဿနာတက်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"

ကျိုးရှီမှာ အလန့်တကြားဖြစ်သွားရကာပြန်မေးလိုက်၏။

အဘွားစွင်းသည် သူမကိုဂရုမစိုက်တော့ဘဲ ကျိုးလျန်ဟွားအခန်းသို့အပြေးသွားကာ နေ့လယ်စာချက်ရန်ခိုင်းလေတော့သည်။အမှန်ပင် ကျိုးလျန်ဟွားသည် ချက်ချင်းသွားမချက်ဘဲသူမနှင့်အချေအတင် ပြန်ပြောလာလေ၏။

"အဘွား ကျွန်မကခုလေးတင် မနက်စာစားထားတာလေ၊နေ့လည်စာမစားလဲဗိုက်ပြည့်နေပြီသား"

ကျိုးရှီတံခါးဝသို့ရောက်ချိန်တွင် ကျိုးလျန်ဟွားစကားကို ကြားလိုက်ရသဖြင့် သူမအားချက်ချင်းလှမ်းဆွဲကာ ဆူလိုက်သည်။

"နင် ဘာတွေလျှောက်ပြောနေတာလဲ ကောင်မစုတ်လေးရဲ့ မနက်စာစားထားရုံနဲ့ နေ့လည်စာကိုဘယ်လိုလုပ်ကျော်သွားလို့ရမှာလဲ၊နင်ကလူငယ်ပဲဟာကို အဘွားက ထမင်းဟင်းချက်ခိုင်းတာဘာမှားလို့လဲ"

ကျိုးလျန်ဟွားမှာ ကျိုးရှီလက်ကိုခါထုတ်လိုက်ပြီး ပြန်ပြောလာ၏။

"ကျွန်မ နေ့လည်စာမစားဘူးဆိုရင်မချက်ဘူးပဲ၊စားချင်ရင် ကိုယ့်ဘာသာကိုယ် ချက်စားကြ၊ကျွန်မကတော့ မချက်ပေးနိုင်ဘူး"

ချက်ချင်းဆိုသလို ကျိုးရှီဒေါသပေါက်ကွဲသွားပြီး သူမလက်မောင်းကိုရိုက်ကာ ဆူငေါက်တော့သည်။

"နင် ဒီနေ့ဘာတွေဖြစ်နေတာလဲ၊ပြီးတော့ဘာလို့ငါ့ကို ကတ်ကတ်လန်ပြန်ပြောနေတာလဲ၊လက်ထပ်ပွဲလဲပျက်သွားပြီကို အခုကျ ထမင်းဟင်းမချက်ချင်လို့ ထမင်းမစားဘူးပြောနေတာလား"

ကျိုးရှီ ဒေါသထွက်လာတော့၏။သို့သော် နောက်တစ်ခဏတွင် စူးရှပြီးအရိုးထဲထိအေးစိမ့်သွားစေမည့်အသံတစ်သံမှာ သူတို့နားထဲသို့ ပဲ့တင်ထပ်သွားတော့၏။ကျိုးလျန်ဟွားမှာ စိတ်မရှည်ဟန်ဖြင့် အော်ပြောလာသည်။

"ကျွန်မ,မစားဘူးလို့ပြောနေတယ်လေ၊စားချင်ရင် ကိုယ့်ဘာသာကိုယ်သွားချက်ကြ"

ကျိုးလျန်ဟွားအသံကြောင့် ကျိုးရှီနှင့်အဘွားစွင်းတို့မှာ နာကျင်မှုဖြင့်မျက်လုံးများပြူးကျယ်သွားကာ နီမြန်းလာတော့၏။

အခြေအနေကိုသဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက်သူတို့သည်ကျိုးလျန်ဟွားနှင့်ဝေးရာသို့ ချက်ချင်းဆုတ်ခွာလိုက်ကြသည်။သူမအသံမှာ သူတို့အား သေလုမတတ်နှိပ်စက်နေသကဲ့သို့ ခံစားရပြီး လူသားတစ်ယောက်ထံမှဤကဲ့သို့သောအသံမျိုးထွက်ပေါ်လာနိုင်သည်ကို မယုံကြည်နိုင်အောင်ဖြစ်နေရ၏။

အဘွားစွင်းသည် အပြင်သို့အမြန်ပြေးထွက်ခဲ့တော့သည်။ကျိုးလျန်ဟွားတွင် နတ်ဆိုးတစ်ကောင်ကပ်တွယ်နေပြီဖြစ်ကြောင်း ယခုတော့သူမကျိန်းသေသိလိုက်ပြီပင်။၎င်းမှာ မိစ္ဆာလား နတ်ဆိုးလားဆိုသည်ကို သူမ,မသိသော်လည်း တတ်နိုင်သမျှအမြန်ဆုံးနှင်ထုတ်ပစ်ချင်နေမိသည်။ထိုအရာများမှာအလွန်ရက်စက်လွန်းလှသည်ဖြစ်၍ ဤကဲ့သို့သောအရာမျိုးကို အိမ်ထဲတွင်နေ့တိုင်းထားရှိရန် မည်သူကမှခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အဘွားစွင်းရောက်လာချိန်တွင် ကျိုးထောင်ဟွားတို့အိမ်၌ အုတ်ကြွပ်များမိုးနေကြပြီဖြစ်၏။ရွာသားများ၏အကူအညီဖြင့် အခန်းလေးခန်းပါသောအိမ်မှာ ငါးရက် ခြောက်ရက်အတွင်းမှာပင်ပြီးစီးသွားခဲ့သည်။ထည်ဝါလှသော အခန်းလေးခန်းပါအိမ်ကြီးအားကြည့်ရင်း အဘွားစွင်းမှာမှင်တက်သွားရ၏။

သူမခြံဝင်းတံခါးမှနေဝင်လာသည်ကို ကျန်းရှီသတိထားမိသွားပြီး ပြောလာသည်။

"အမလေး အဘွားစွင်းရေ ထောင်ဟွားတို့အိမ်ပြီးခါနီးမှ ရောက်လာတာလား၊နည်းနည်းစောနေသေးတယ်နော်"

ထောင်ဟွားတို့အိမ်သစ်ဆောက်စဉ်တွင် ကျိုးအိမ်ဟောင်းဘက်မှ လျန်ဟွားတစ်ယောက်သာ နေ့လည်စာကူချက်ရန်လာခဲ့ပြီး အခြားသူတစ်ဦးတစ်ယောက်မှ လာရောက်ကူညီခြင်းမရှိသည်ကို လူတိုင်းသိထားကြသည်။

ကျန်းရှီစကားကြောင့် လူတိုင်းရယ်မောလိုက်ကြ၏။အဘွားစွင်းမှာ သူမထံအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီးပြန်ပြောလာသည်။

"ငါက အိမ်မှာအလုပ်ရှုပ်နေလို့အချိန်မရတာပါ၊မဟုတ်ရင် ထောင်ဟွားရဲ့အိမ်သစ်အတွက် ငါကကျိန်းသေလာကူရမှာပေါ့"

ထို့နောက် သူမသည်လူအုပ်ကြားထဲရှိ ကျိုးထောင်ဟွားပုံရိပ်ကို စိုးရိမ်တကြီး ရှာဖွေလေတော့၏။

အမှန်တော့ သူမဝင်လာကတည်းမှ ကျိုးထောင်ဟွားသည်သူမအားမြင်လိုက်ပြီးဖြစ်ကာ သူမကိုယ်ပေါ်ရှိထူးထူးဆန်းဆန်းအငွေ့အသက်ဆိုးကိုလည်း သတိပြုမိလိုက်သည်။၎င်းမှာ ကျိုးလျန်ဟွားထံမှကူးလာခြင်းဖြစ်ပေလိမ့်မည်။ယခုအဘွားစွင်းရောက်လာခြင်းမှာ သူမထံမှနေ တစ်စုံတစ်ခုလိုလားနေ၍သာဖြစ်မည်ပင်။

ဒူးရင်းသီးနတ်ဆိုးနှင့်ရာသီသွေးမိစ္ဆာတို့သည်လည်း ထိုအငွေ့အသက်ကိုတစ်ချိန်တည်းမှာပင် ခံစားလိုက်ရ၏။

"လုပ်ဖော်ကိုင်ဖက် အသစ်တစ်ယောက်ရောက်လာတော့မှာလား"

သူတို့တွေးနေကြ၏။

"ထောင်ဟွားရေ အဘွားသမီးကိုနောက်ဆုံးတော့တွေ့ပြီ"

အဘွားစွင်းမှာ ကျိုးထောင်ဟွားထံသို့ပြေးလာ၏။

သူမသည် ကျိုးထောင်ဟွားထံတိုးတိုးတိတ်တိတ်ပြောရန်ပြင်လိုက်စဉ်မှာပင် ဘေးနားတွင်ရပ်နေသောကျိုးရှန်းရှန့်အားသတိပြုမိသွားသည်။သူမမျက်နှာမှာ ချက်ချင်းပင်တည်ကြည်သွားပြီး ပြောလိုက်၏။

"ရှန်းရှန့် ခဏလောက်ဖယ်ပေးပါဦး၊ထောင်ဟွားနဲ့ငါပြောစရာရှိလို့"

ကျိုးထောင်ဟွားနှုတ်ခမ်းတွင် အပြုံး‌ဖျော့‌ဖျော့လေးပေါ်လာလေ၏။ကျိုးလျန်ဟွား၏မကောင်းသောစိတ်မှ နတ်ဆိုးတစ်ကောင်ကိုဆွဲဆောင်လိုက်မိသည်အားသူမ,မသိထားဘူးဟုများထင်နေသည်လား။ယခုကျိုးလျန်ဟွားမှာ ရန်မိသားစု၏သဘောကျမှုကိုရရှိထားသဖြင့် အဘွားစွင်းသည်ကျိုးလျန်ဟွား၏လက်ထပ်ပွဲအတွက် သူမဂုဏ်သိက္ခာကိုကာကွယ်ပေးရန်လုပ်နေခြင်းပင်။သို့သော် ကျိုးလျန်ဟွားသည် သူမနှင့်ကျိုးရှန်းရှန့်အပေါ် မည်ကဲ့သို့ဆက်ဆံခဲ့ပါသနည်း။ထိုသို့သောသူမျိုးမှာ ဤကဲ့သို့ကာကွယ်ပေးမှုမျိုးနှင့်မထိုက်တန်ပါပေ။

လက်ရှိတွင်ကျိုးမိသားစုဝင်အများအပြားရှိနေကြပြီး အချို့မှာအမိုးပေါ်တွင် အုတ်ကြွပ်စီနေကြကာ အချို့မှာတော့ မြေကြီးထက်တွင်အလုပ်ရှုပ်နေကြ၏။အဘွားစွင်းရောက်လာသည်ကိုမြင်သောအခါ လူတိုင်းမှလှည့်ကြည့်လာကြသည်။ကျိုးရှန်းရှန့်မှ ထွက်သွားရန်ပြင်လိုက်သော်လည်း ကျိုးထောင်ဟွားမှာချက်ချင်းတားလိုက်၏။

"အစ်မရှန်းရှန့် ဖယ်ပေးစရာမလိုပါဘူး၊အဘွား ပြောစရာရှိတာကိုဒီမှာပဲပွင့်ပွင့်လင်းလင်းပြောလိုက်ပါ"

လူပုံအလည်တွင်မပြောရဲစရာဘာအကြောင်းမှမရှိပေ။သူမအနေဖြင့်လည်း ရှက်စရာကောင်းသောအလုပ်ကို လုပ်နေသည်မဟုတ်ချေ။

All Chapters