← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

"သေစမ်း"

ကျိုးထောင်ဟွားသည်ဒေါသတကြီးဖြင့် သူမလက်ထဲမှ မည်းနက်နေသောတုတ်ချောင်းကို မြေကြီးပေါ်သို့အားဖြင့် ရိုက်ချလိုက်၏။နာနာကျင်ကျင်အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာပြီးနောက် ထိုတုတ်ချောင်းမှာငြိမ်သက်သွားတော့သည်။ထိုအခါမှသာ ချမ်ရှီနှင့်အခြားသူများသည်လည်း သတိပြန်ဝင်လာကြတော့၏။

ထပ်ကြည့်လိုက်ကြသောအခါ ကျိုးထောင်ဟွားလက်ထဲမှ ထိုတုတ်ချောင်းသည်တောင်တစ်လုံးပမာ ခန္ဓာကိုယ်ထွားကြိုင်းပြီးကြွက်သားအဖုအထစ်များဖြင့် အမျိုးသားတစ်ဦးအဖြစ်ရုတ်တရက် ပြောင်းလဲသွားလေသည်ကို တွေ့လိုက်ရသည်။သူ့ဦးခေါင်းပေါ်တွင် မှင်ရည်ကဲ့သို့မည်းနက်ပြောင်လက်ကာကွေးညွတ်နေသည့် ဦးချိုတစ်စုံရှိနေပြီး ဦးချိုထိပ်ဖျားများသည် ဓားသွားနှစ်ခုကဲ့သို့ အေးစက်သော အလင်းတန်းများဖြာထွက်နေ၏။

သူ့မျက်နှာမှာပြားချပ်နေပြီး ထူထဲသောမှင်နက်ရောင်မျက်ခုံးတန်းများရှိကာ သူ့မျက်လုံးများမှာလည်း မီးသွေးခဲနှစ်ခဲအလားရဲရဲတောက်ကာစူးရှနေပြီး ကလိမ်ကကျစ်ဟန်နှင့်ထက်မြက်မှုများကိုပြသနေသည်။သူ့မုတ်ဆိတ်မွှေးများမှာ ထူထဲရှည်လျားပြီး အပ်များအလားထောင်မတ်နေ၏။ခါးအထက်ပိုင်းတွင် အဝတ်ဗလာဖြစ်နေသဖြင့် အလွန်သန်မာသောကြွက်သားများကိုမြင်နေရပြီး အောက်ပိုင်းတွင်မူပွပွချောင်ချောင်ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားသည်။

"ဘုရားရေ ဘယ်လိုဖြစ်ပြီးယောကျ်ားတစ်ယောက်ဖြစ်နေရတာလဲ"

အဘွားစွင်း ထိတ်လန့်တကြီးရေရွတ်လိုက်၏။

ထိုစဉ်မှာပင် ကျိုးရှီသည်ခြံဝင်းထဲမှ တစ်စုံတစ်ယောက်၏မေးသံကို ကြားလိုက်ရသည်။

"ရှုဖန်းရေ လျန်ဟွားအခြေအနေဘယ်လိုရှိလဲ"

ချက်ချင်းပင် ကျိုးရှီရင်ထဲထိတ်လန့်သွားရ၏။ဒီလူတွေက ဘယ်လိုလုပ်အထဲဝင်လာကြတာလဲ။သူမသည် အပြင်သို့အပြေးထွက်ကာ အခန်းတံခါးအားပိတ်လိုက်ပြီး မည်သူမှအနားမကပ်နိုင်ရန် တံခါးခုံရှေ့တွင်ရပ်၍ပိတ်ဆို့ထားလိုက်၏။လျန်ဟွားအခန်းထဲ၌ အမျိုးသားတစ်ဦးရှိနေသည်ကို မည်သူ့ကိုမှအမြင်မခံနိုင်ပေ။

"လျန်ဟွားအမေ ငါတို့ကလျန်ဟွားကို ဘယ်လိုနတ်ဆိုးမျိုးကပ်နေတာလဲဆိုတာ စိတ်ပူလို့ပါ"

"ကျိုးရှီ ခုနကဘာဖြစ်သွားတာလဲ၊တစ်ခုခုက ငါတို့ကိုထိန်းချုပ်ထားသလိုကြီးခံစားလိုက်ရတယ်"

"ဟုတ်တယ် အဲဒါကလျန်ဟွားကိုယ်ထဲဝင်ပူးနေတဲ့နတ်ဆိုးကြောင့်များလား"

ခြံထဲမှပြောဆိုသံများကိုကြားရသောအခါ အဘွားစွင်းသည်အလွန်စိုးရိမ်သွားသဖြင့် နတ်ဆိုးကိုပင်ကြောက်ရန်မေ့သွားတော့၏။သူမသည် ကျိုးထောင်ဟွားလက်ကိုဆွဲကာ အသနားခံလိုက်လေသည်။

"ထောင်ဟွားရေ ဒီလူကိုလူတွေရှေ့ပေါ်မလာအောင် လုပ်ပေးပါဦး"

ကျိုးလျန်ဟွားသည်လည်း ထိုအသံနတ်ဆိုး၏ လူသားပုံစံကိုကြေးခေါင်းလောင်းကဲ့သို့ပြူးကျယ်နေသော မျက်လုံးအစုံဖြင့်စိုက်ကြည့်နေရင်းမှမေးလိုက်သည်။

"ညီမလေးထောင်ဟွား သူကဘာကြီးလဲ"

ကျိုးထောင်ဟွားပြန်ဖြေလိုက်သည်။

"အသံနတ်ဆိုးပဲ"

ထို့နောက် သူမလက်ဖဝါးကိုဆုပ်လိုက်ရာ လူနှစ်ရပ်စာခန့် မြင့်ပြီး တောင်ငယ်တစ်ခုပမာထွားကြိုင်းသောထိုပုံရိပ်မှာ မည်းနက်သောတုတ်ချောင်းရှည်ကြီးအဖြစ်ပြန်လည်ပြောင်းလဲသွားတော့၏။အခန်းထဲရှိ လူသုံးဦးစလုံးမှာမျက်လုံးပြူးများဖြင့် ငေးကြည့်နေကြသည်။

"အသံနတ်ဆိုးတဲ့လား"

ရုတ်ချည်းအဘွားစွင်းသည် အောင်သွယ်တော်ယိုရောက်လာချိန်မှစ၍ လျန်ဟွားတစ်ယောက်အဘယ်ကြောင့်ဘုနှင့်ဘောက်လုပ်နေခဲ့ရသည်ကို သဘောပေါက်သွားတော့၏။အားလုံးမှာ ဤအသံနတ်ဆိုးကြောင့်ပင်ဖြစ်ပေသည်။ယခုထောင်ဟွားမှာ ၎င်းကိုနှင်လိုက်ပြီဖြစ်ရာ နောက်တစ်ကြိမ်အောင်သွယ်တော်နှင့်တွေ့လျှင် လျန်ဟွားမှာအဆင်ပြေသွားတော့မည်ဟုတွေးကာ အဘွားစွင်း စိတ်သက်သာရာရသွားတော့၏။

အဘွားစွင်းမှာစိတ်အေးသွားသော်လည်း ချမ်ရှီမှာမူမျက်မှောင်ကြုံ့နေမိသည်။ဒီလိုဟာကြီးကို ဘယ်လိုလုပ်စားမိနိုင်ပါ့မလဲ။ထိုတုတ်ချောင်းမှာ သံဖြင့်လုပ်ထားသည့်ပုံပင်ပေါက်နေသည်မဟုတ်ပါလား။

"အဘွား၊အစ်မလျန်ဟွား ကျွန်မနတ်ဆိုးနှင်ပြီးပြီဆိုတော့ ပြန်တော့မယ်နော်"

ခြံဝင်းထဲမှရွာသားများမှာ ကျိုးလျန်ဟွားတစ်ယောက် တောင်ပေါ်ရှိမည်သည့်သစ်သီးရိုင်းကိုစားခဲ့၍ နတ်ဆိုးဝင်ရသနည်းဟုသိချင်နေကြစဉ်မှာပင် အခန်းတံခါးပွင့်လာပြီး ကျိုးထောင်ဟွားသည်လက်ထဲ၌တုတ်ချောင်းရှည်ကြီးကို ကိုင်လျက်ထွက်လာသည်ကိုတွေ့လိုက်ကြသည်။ကျိုးထောင်ဟွားနှုတ်ခမ်းဖျားတွင် အပြုံးဖျော့ဖျော့တစ်ခုရှိနေ၏။သူမဘာမှမပြောခဲ့သော်လည်း မျက်စိရှိသူတိုင်းမြင်နိုင်ပေသည်။

အခန်းထဲရှိကျိုးလျန်ဟွားသည်လည်း ထိုအချိန်တွင်မှသတိပြန်ဝင်လာကာ အပြင်ဘက်သို့လှမ်းအော်လိုက်၏။

"အဘွား သူမကိုအဲ့ပုံအတိုင်းအပြင်ပေးမထွက်ခိုင်းနဲ့ဦး"

ထိုအချိန်တွင်မှ အဘွားစွင်းသည်လည်း တစ်စုံတစ်ခုကိုသတိရသွားကာ သူမနောက်သို့အပြေးလိုက်တော့၏။သို့သော် နောက်ကျသွားချေပြီ။ကျိုးထောင်ဟွား လက်ထဲမှတုတ်ချောင်းရှည်ကြီးကို လူတိုင်းမြင်သွားကြပြီဖြစ်၏။

လူအုပ်ထဲတွင်ရှိနေသော ကျိုးရှန့်လင်သည်ငါးညှီနံ့ရသောကြောင်တစ်ကောင်ကဲ့သို့ ချက်ချင်းပင်လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။သူလှမ်းအော်မေးလိုက်၏။

"ထောင်ဟွား လျန်ဟွားကဘယ်လိုသစ်သီးရိုင်းစားခဲ့တာလဲ၊ဒါကြီးကသစ်ပင်ပေါ်မှာသီးတဲ့အသီးပုံလဲမပေါက်ပါဘူး"

ချက်ချင်းဆိုသလို အခြားတစ်ယောက်ကလည်း ထောက်ခံလာ၏။

"သစ်သီးရိုင်း ဟုတ်ပါ့မလား ကြည့်ရတာတော့ တုတ်ချောင်းကြီးနဲ့ပဲပိုတူတာပါ"

"လျန်ဟွားက သစ်သီးရိုင်းစားမိလို့ နတ်ဆိုးကပ်တာလို့ပြောခဲ့တာမဟုတ်ဘူးလား၊အခုကြည့်ရတာတော့ လျန်ဟွားမှာတစ်ကယ်ပဲ မကောင်းတဲ့စိတ်တွေရှိနေလို့ ဒီတုတ်ချောင်းနတ်ဆိုးကြီးကပ်နေတာပဲဖြစ်ရမယ်"

ကျိုးရှန့်လင်မှာ စပ်ဖြီးဖြီးပြုံးကာပြောလာ၏။

ကျိုးလျန်ဟွားတွင်မကောင်းသောစိတ်များရှိနေခဲ့သည်။သူမသည် အပြင်ပိုင်းပုံပန်းသဏ္ဌာန်ကဲ့သို့ အပြစ်ကင်းစင်သူ မဟုတ်ပေ။သူမပုံရိပ်မှာ ပျက်စီးသွားပြီဖြစ်သလို ဂုဏ်သိက္ခာလည်းညှိုးနွမ်းသွားချေပြီ။ဤသို့ဆိုလျှင် သူအနေဖြင့်သူမကို ဇနီးအဖြစ်အလကားနီးပါးရနိုင်တော့မည်မဟုတ်ပါလား။

ထိုအချိန်တွင် အရူးကျိုးရှန့်တ၏ညီမဖြစ်သူကျိုးရှန့်ကျင်းသည်လည်းဝင်ပြောလာ၏။

"ကျွန်မအကိုပြောတာတော့ အစ်မလျန်ဟွားက သူ့ကိုသကြားလုံးတစ်လုံးပေးပြီးတော့ အစ်မရှန်းရှန့်ဆီကနေ အနံ့ဆိုးတွေထွက်နေတယ်ဆိုတဲ့အကြောင်းနဲ့ အစ်ကိုရှန်းမင်က မြို့ထဲမှာအစ်မထောင်ဟွားရဲ့မျက်ရည်တွေကိုသုတ်ပေးပြီး ထန်ဟူလူဝယ်ကျွေးနေတယ်ဆိုတဲ့အကြောင်း ရွာထဲမှာလိုက်ပြောခိုင်းတာတဲ့"

"ဘာရယ်"

"လျန်ဟွားက အရူးကိုအဲ့လိုတွေတစ်ကယ်ခိုင်းခဲ့တာလား"

ခဏချင်းမှာပင်ခြံဝင်းထဲရှိလူတိုင်း ဆွံ့အသွားကြ၏။အချို့မှာတော့ မယုံနိုင်အောင်ဖြစ်နေကြဆဲဖြစ်ပြီး အချို့မှာမူ ဒေါသတကြီးဖြင့်ကျိုးလျန်ဟွားအားရင်ဆိုင်ရန် အိမ်ထဲသို့ပြေးဝင်သွားကြတော့သည်။

"ကျိုးလျန်ဟွား ညည်းကငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင်ယုတ်ညံ့ရသလားဟဲ့"

ကျန်းရှီသည်ဒေါသတကြီးဖြင့် ကျိုးလျန်ဟွားအခန်းဆီသို့ အရှိန်ဖြင့်ပြေးဝင်လာ၏။သူမရှန်းရှန့်၏ဂုဏ်သိက္ခာမှာ ဤမိန်းကလေးကြောင့် ပျက်စီးခဲ့ရပြီမဟုတ်ပါလား။

ကျိုးလျန်ဟွားသည် အပြင်ဘက်မှ‌ဖြစ်ပျက်သမျှကို အကုန်ကြားနေရသဖြင့်အခြေအနေမှာ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။သူမခြေလက်များအားတုပ်‌နှောင်ထားသည်မှဖြည်ပြီးကာစဖြစ်ရာ ပုန်းအောင်းရန်ပင်အချိန်မရလိုက်ဘဲ ကျန်းရှီမှလေပြင်းတစ်ချက်ကဲ့သို့သူမရှေ့ရောက်လာကာ လက်မြှောက်၍ ပါးကိုအားကုန်ရိုက်ချလိုက်သည်ကိုခံလိုက်ရတော့၏။

ကျိုးလျန်ဟွားမှာ ထိတ်လန့်သွားပြီးမျက်နှာတစ်ခုလုံး သွေးမရှိတော့သလိုဖြူဖျော့သွားရသည်။သူမသည် ပုံမှန်အားဖြင့် လှည့်ကွက်များသုံးတတ်သော်လည်း ဒေါသကြီးပြီးပွင့်လင်းလှသောကျန်းရှီကဲ့သို့အမျိုးသမီးမျိုးနှင့်တွေ့သောအခါတွင်တော့ သူမနည်းလမ်းများမှာ အသုံးမဝင်တော့ပေ။ထို့အပြင် အရူးကိုအသုံးချ၍ ကောလာဟလလွှင့်ခိုင်းသည့် သူမအကြံအစည်များမှာလည်း ပေါ်သွားခဲ့ပြီမဟုတ်ပါလား။

ကျန်းရှီ၏လက်ဝါးချက်ကျရောက်ခါနီးမှာပင် ကျိုးရှီမှလှမ်းတားလိုက်သည်။

"ကျန်းယန့်ချိုး နင်ကကျိုးရှန့်ကျင်းလို ကလေးမလေးပြောသမျှကိုယုံနေတာလား"

"ဟုတ်ပါတယ် အဒေါ်ကျန်းရယ် ကျင်းကျင်းကအဲ့အရူးဆီကနေ ကြားလာတာပါတဲ့ဆိုနေ ဘယ်လိုလုပ်ယုံလို့ရမှာလဲ၊ကျွန်မကဖြင့် ရှန်းရှန့်အပေါ်မှာဘာရန်ငြိုးမှမရှိတာကို ဘာလို့သူမဂုဏ်သိက္ခာကို ဖျက်ဆီးရမှာလဲ"

ကျိုးလျန်ဟွား ရှင်းပြလိုက်၏။

ကျိုးလျန်ဟွား၏ရှင်းပြချက်ကြောင့် ကျန်းရှီအနည်းငယ်တွေဝေသွားမိသည်။သူတို့ကြားတွင် အမှန်တစ်ကယ်ရန်ငြိုးမရှိပေ။ရှိခဲ့လျှင်ပင် ရန်မိသားစုမှာရှန်းရှန့်အားသဘောကျနေခြင်းကြောင့်သာ ဖြစ်နိုင်၏။သူမသည် ကျိုးလျန်ဟွားအားကြည့်လိုက်သည်။ဤမိန်းကလေးသည် လက်ထပ်ပွဲအားလုယူရန်အတွက် တစ်ပါးသူ၏ဂုဏ်သိက္ခာကို ဖျက်ဆီးဝံ့ပါသလား။

ကျိုးရှန့်လင်သည် ကျန်းရှီ၏ဒေါသကြောင့် ကျိုးလျန်ဟွားဒဏ်ရာရသွားမည်ကိုစိုးရိမ်သဖြင့် အိမ်ထဲသို့ပြေးဝင်လာ၏။သို့သော် သူမြင်လိုက်ရသည့် မြင်ကွင်းမှာထင်ထားသည်နှင့် ကွဲပြားနေသည်။

"တစ်ကယ်လို့ ညီမလျန်ဟွားမှာသာမကောင်းတဲ့စိတ်မရှိရင် ဘယ်လိုလုပ်

ဒီတုတ်ချောင်းနတ်ဆိုးနဲ့ ပတ်သက်မိမှာလဲ၊အရူးကလဲ လိမ်ညာလှည့်ဖြားတတ်တဲ့လူမှမဟုတ်တာကို"

ကျိုးရှန့်လင်မှမီးလောင်ရာလေပင့်သည့်အလား သတိပေးလာ၏။

ကျိုးလျန်ဟွားမှာ ထိုစကားအားကြားလိုက်ရသည်နှင့် သူ့ထံမျက်မှောင်ကြုံ့ကာကြည့်လိုက်သည်။‌သောက်ဖြစ်မရှိသောဤလူသည် သူမအစီအစဉ်များအား လာရောက်ဖျက်ဆီး‌နေပြီပင်။

အမှန်ပင် ထိုစကားကိုကြားသည်နှင့် ကျန်းရှီမှာတစ်စုံတစ်ခုကိုသဘောပေါက်သွားတော့၏။ရွာထဲ၌လူအများကြီးရှိနေသည်ကိုပင် အဘယ်ကြောင့်ထိုအရူးမှာ သူမတို့ကိုပဲလက်ညှိုးထိုးနေရပါသနည်း။ရန်ဖုန်းရှို့က ချမ်းသာနေမှတော့ လက်ထပ်ပွဲကိုရဖို့အတွက် တစ်ပါးသူရဲ့ဂုဏ်သိက္ခာကို ဒီလောက်ထိဖျက်ဆီးဝံ့တာပဲ။

ကျန်းရှီသည် နောက်လက်တစ်ဖက်ကိုမြှောက်ကာ ကျိုးလျန်ဟွားပါးကို အားရပါးရရိုက်ချလိုက်တော့၏။

"ညည်းက ဘယ်လိုတောင်ယုတ်မာရတာလဲ၊ဒီလိုယုတ်ညံ့တဲ့နည်းလမ်းတွေသုံးပြီး ငါ့ရှန်းရှန့်ဂုဏ်သိက္ခာကို ဖျက်ဆီးရတယ်လို့အေ"

ခဏချင်းမှာပင် ကျိုးလျန်ဟွားမှာဆံပင်များဖရိုဖရဲဖြစ်သွားပြီး ပါးနှစ်ဖက်လုံးနီရဲဖူးရောင်သွားတော့၏။သူမသည် အလွန်ပင်သနားစဖွယ်ပုံစံပေါက်နေသော်လည်း ခေါင်းကိုခါယမ်းကာ ငြင်းဆန်နေဆဲပင်။

"အဒေါ်ကျန်း ကျွန်မ,မလုပ်ပါဘူး"

သူမစကားမဆုံးမီမှာပင် ချမ်ရှီမှသူမထံစိုက်ကြည့်လာပြီး မေးလာ၏။

"လျန်ဟွား ထောင်ဟွားကနင့်ညီမဝမ်းကွဲလေ၊သူမကအိမ်ထောင်ပြုရမယ့်အရွယ်တောင်မရောက်သေးဘူးကို နင်ကအရူးကိုသုံးပြီး သူမနာမည်ကိုဖျက်ဆီးဖို့ထိ လုပ်ရက်ရသလား၊ငါ့ထောင်ဟွားက နင့်အပေါ်ဘာတွေများလုပ်ခဲ့လို့ နင်ကကောလာဟလတွေလိုက်လွှင့်ပြီး သူမနာမည်ကို ဖျက်ဆီးချင်ရတာလဲ"

All Chapters