← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

ချမ်ရှီနှင့်အခြားသူများမှ သူမအားကြည့်နေသည့်အကြည့်များကိုမြင်သောအခါ ကျိုးလျန်ဟွား ထိတ်လန့်သွားတော့၏။သူမသည် ခေါင်းကိုအသည်းအသန်ယမ်းရင်း ငိုယိုကာ

"ဒုတိယအဒေါ် ကျွန်မပြောတာနားထောင်ပါဦး၊ကျွန်မ တစ်ကယ်မလုပ်ခဲ့ပါဘူး ဒီအတိုင်းလျှောက်ပြောမိရုံပါပဲ"

သူမစကားအဆုံးတွင် မျက်ရည်များမှာ ပုလဲကုံးကြိုးပြတ်ကျသကဲ့သို့ တသွင်သွင်စီးကျလာရာ ကြည့်ရသည်မှာ သနားစဖွယ်ဖြစ်နေတော့၏။

"ငါ့သမီးကိုရိုက်လိုက်တယ်ပေါ့လေ နင်နဲ့ ငါနဲ့တွေ့ပြီပဲ"

ကျိုးရှီမှာအော်ဟစ်ကာ ကျန်းရှီဆံပင်ကိုလှမ်းဆွဲလိုက်ပြီး နှစ်ဦးသားလုံးထွေးသတ်ပုတ်ကုန်ကြ၏။

ကျန်းရှီမှာ အရပ်ရှည်ရှည်ဖြင့်သန်မာသူဖြစ်ရာ အစ၌ကျိုးရှီ၏အလစ်ဝင်တိုက်ခိုက်မှုကြောင့်သာ ဆံပင်တစ်စု ကျွတ်ထွက်သွားရသော်လည်း နောက်ဆုံးတွင်တော့ ကျိုးရှီကို မြေကြီးပေါ်တွင်ဖိထားနိုင်ခဲ့သည်။သူမသည် ကျိုးရှီပုခုံးပေါ်ခွထိုင်ကာ လှုပ်မရအောင်ချုပ်ထားလိုက်၏။

"ကျိုးရှီ နင့်သမီးကငယ်ငယ်လေးရှိသေးတာတောင် တစ်ကယ်ယုတ်ညံ့တဲ့ဟာမလေးပဲ"

ကျန်းရှီ ကျိန်ဆဲလေတော့၏။

ကျိုးရှန်းရှန့်သည်လည်း ကျိုးလျန်ဟွားထံ ရွံရှာစက်ဆုပ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။သူမသည် ရန်ဖုန်းရှို့အားလုယူရန်အတွက် သူမဂုဏ်သိက္ခာကို အမှန်တစ်ကယ်ပင် ဖျက်ဆီးပစ်ခဲ့သည်။သူမတင်မကဘဲ ညီမလေးထောင်ဟွားကိုပါ ထိခိုက်အောင်လုပ်ခဲ့ခြင်းဖြစ်၏။ဒူးရင်းသီးနတ်ဆိုးကိစ္စတွင် ထောင်ဟွားမှသူမအားကူညီဖြေရှင်းပေးခဲ့သည့်အတွက် ကျိုးလျန်ဟွားတစ်ယောက် အငြိုးအတေးထားနေခြင်းပင်။

ချမ်ရှီလည်း ဝင်ဆဲလာ၏။

"မျိုးမစစ်တဲ့အဖေကနေ မျိုးမစစ်တဲ့ သားသမီးပဲထွက်လာမှာပေါ့"

အခြားရွာသားများမှာလည်း အမူအရာမျိုးစုံဖြစ်သွားကြတော့၏။လူအုပ်ကြီးမှာ ကျိုးလျန်ဟွားအားစပ်စုသောမျက်လုံးများဖြင့်ကြည့်နေကြပြီး အချို့မှာမူ နှာခေါင်းရှုံ့နေကြသည်။သို့သော် ကျိုးရှန့်လင်မှာတော့ ကျေနပ်အားရသောအမူအရာရှိနေ၏။ဤမိန်းကလေးမှာ သူ့မိန်းမဖြစ်တော့မည်မဟုတ်ပါလား။

ထောင်ဟွားအတွက်ဝမ်းသာစရာမှာ ကျိုးရှန့်ကျင်းစကားများကြောင့် ကျိုးလျန်ဟွား၏မကောင်းသောစိတ်ထားပေါ်သွားရုံသာမက ထိုအရူး၏နောက်ကွယ်တွင် ကျိုးလျန်ဟွားရှိနေသည်ကိုပါ လူတိုင်း သိသွားကြခြင်းပင်။

"ငါတို့လျန်ဟွားက မိန်းမကောင်းလေးပါ"

အဘွားစွင်းမှာ လူအုပ်ကြီးအားအမြန် ရှင်းပြလိုက်၏။သူမသည် လျန်ဟွားအတွက် ခုလေးတင်၁၀တေးအကုန်ခံထားရသည်မဟုတ်ပါလား။အကယ်၍ လျန်ဟွားနာမည်သာပျက်သွားပါက အိမ်ထောင်ဖက်ရှာရန်ခက်ခဲသွားပေလိမ့်မည်။

ကျိုးရှန့်လင်မှာ ပြုံးစိစိဖြင့်ပြောလာ၏။

"လျန်ဟွား စိတ်မပူနဲ့နော်၊မင်းက မိန်းမကောင်းမဟုတ်ရင်တောင် ငါကတော့မင်းကိုအထင်သေးမှာမဟုတ်ဘူး"

ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးလျန်ဟွားမှာကျောချမ်းသွားရတော့၏။ကျန်းရှီ၏ငြိမ်သက်ကာစဒေါသအား ပြန်ဆွပေးလိုက်သည်မှာ သူ့စကားကြောင့်ပင် ဖြစ်၏။

ကျိုးရှန့်လင်အသံကိုကြားလိုက်ရသောအခါ အဘွားစွင်းနှင့်ကျိုးရှီတို့မှ အော်ဟစ်မောင်းထုတ်လိုက်ကြသည်။

"ဒီကနေ အမြန်ထွက်သွားစမ်းပါ"

သူတို့လျန်ဟွားမှာ ချမ်းသာသော မိသားစုထဲသို့ ဝင်ရမည့်သူဖြစ်ရာ မွဲတေနေသည့်ကျိုးရှန့်လင်ကဲ့သို့ ‌အဖြစ်မရှိသည့်လူမျိုးနှင့်မည်ကဲ့သို့ပတ်သက်ခိုင်းရပါမည်နည်း။

နောက်ဆုံးတွင်တော့ ကျိုးရှန့်လင်သာမက ပွဲလာကြည့်ကြသောအခြားရွာသားများပါ အပြင်သို့ထွက်သွားကြတော့၏။ကျိုးရှန့်လင်သည်မောင်းထုတ်ခံလိုက်ရသော်လည်း မျက်နှာထက်တွင်အပြုံးတစ်ခုရှိနေဆဲပင်။ကျိုးလျန်ဟွားနာမည်မှာ ပုပ်ပွပြီဖြစ်၍ နောက်ရက်အနည်းငယ်လောက်သာ သတင်းထပ်ဖြန့်ပေးလိုက်ပါလျှင် သူမမှာလုံးဝနာမည်ပျက်သွားပြီး သူ့လက်ထဲသို့ရောက်လာမည်မှာသေချာသလောက်ရှိနေချေပြီ။ ထိုအကြောင်းကို တွေးမိရုံနှင့်ပင် သူပျော်နေမိ၏။

ရွာသားများမှာ ထွက်သွားကြစဉ်၌ပင် သူတို့အချင်းချင်းပြောဆိုနေကြသည်။

"ဟိုအရူးက တစ်ကယ်ကြီးလိမ်ပြောနေတာလား၊လျန်ဟွားက ရှန်းရှန့်ရယ်ထောင်ဟွားနဲ့ရှန်းမင်တို့အကြောင်းရယ်ကို ကောလာဟလလွှင့်ခိုင်းတာ တစ်ကယ်ပဲလားဟ"

"ဘယ်သူသိမှာလဲ အရူးဆိုတာအရူးပဲလေ"

ကျိုးရှန့်ကျင်းမှာတော့ မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ ပြောလာ၏။

"ကျွန်မအစ်ကိုပြောတာ တစ်ကယ်အမှန်ပါဆို အစ်မလျန်ဟွားက တစ်ကယ်စိတ်ထားမကောင်းဘူး"

အခြားသူများယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူမကတော့ သူမအစ်ကိုကို ယုံကြည်၏။ထို့အပြင် စိတ်ထားမကောင်းသည့်သူများသာ နတ်ဆိုးပူးကပ်တတ်သည်ဟု အစ်မထောင်ဟွားပြောခဲ့သည်မဟုတ်ပါလား။

"ခုနကတုတ်ချောင်းလိုဟာကြီးကလေ လျန်ဟွားရဲ့မကောင်းတဲ့စိတ်ကြောင့် ကပ်တာလား ဒါမှမဟုတ် အခြားအကြောင်းကြောင့်ပဲလားမသိဘူး"

မည်သို့ပင်ဖြစ်စေ ကျိုးလျန်ဟွားပုံရိပ်မှာ ယနေ့မှစ၍ရွာထဲတွင် ထိုးဆင်းသွားခဲ့ပြီ ဖြစ်၏။ကျိုးလျန်ဟွားသည် အသံနတ်ဆိုး၏လှည့်စားမှုကိုခံရကာ အောင်သွယ်တော်အားမောင်းထုတ်မိခဲ့သည့်အတွက် နောင်တရနေသဖြင့် သူမမိခင်ဖြစ်သူကို အောင်သွယ်တော်အား ပြန်ခေါ်လာပေးရန် အတင်းတိုက်တွန်းနေတော့သည်။

သို့သော် ကျိုးရှီမှသုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့သော်လည်း အောင်သွယ်တော်ကိုခေါ်မလာနိုင်ခဲ့ပေ။ထို့အပြင် အောင်သွယ်တော်၏သဘောထားမှာလည်း တစ်ခါထက်တစ်ခါပိုဆိုးရွားလာခဲ့၏။

"ရှုဖန်း နင့်လျန်ဟွားက ဘယ်လိုလူလဲဆိုတာ ငါပြောဖို့မလိုတော့ဘူးနော်၊ရန်မိသားစုကလဲ အကုန်သိပြီးသွားပြီ၊ရန်မိသားစုတင်မကဘူး ပတ်ဝန်းကျင်ကရွာတွေအကုန်လုံးလဲ သိသွားကြပြီ၊အိမ်ထောင်မပြုရသေးတဲ့မိန်းကလေးတစ်ယောက်က အရူးကိုခိုင်းပြီး သူတစ်ပါးဂုဏ်သိက္ခာကို ဖျက်ဆီးတယ်ဆိုတာမျိုးကိုတော့ ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူး၊ဒီလိုမိန်းကလေးမျိုးကို ဘယ်သူကမှလဲ လက်ထပ်ယူချင်ကြမှာမဟုတ်ဘူးအေ"

အောင်သွယ်တော်၏စကားအဆုံးတွင် ကျိုးရှီမှာကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ခံစားလိုက်ရ၏။

သူမလျန်ဟွားလေး အိမ်ထောင်မပြုနိုင်တော့ဘူးလား။

အောင်သွယ်တော်မှဆက်ပြောလာသည်။

"ဒါတင်မကသေးဘူး လျန်ဟွားရဲ့ကိစ္စကြောင့် ကျန်းမိသားစုကလဲပြောလာတယ်၊နင့်ရဲ့ရှောင်ဖုန်းသာ ဒီလက်ထပ်ပွဲကိုဆက်လုပ်ချင်တယ်ဆိုရင် တင်တောင်းငွေကိုနောက်ထပ်၂တေးထပ်တိုးပေးရမယ်တဲ့၊မဟုတ်ရင်တော့ ဒီကိစ္စကိုမေ့လိုက်တော့လို့ပြောတယ်"

ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ ကျိုးရှီမှာမတ်မတ်ထိုင်နေပါသော်လည်း တစ်ကိုယ်လုံးအားအင်ကုန်ခမ်းကာ လဲကျတော့မတတ်ဖြစ်သွားရ၏။နောက်ထပ်၂တေးထပ်တိုးပေးရမယ်‌ပေါ့လေ။ထိုသို့ဆိုလျှင် တင်တောင်းငွေမှာ စုစုပေါင်း၁၂တေးဖြစ်သွားချေပြီ။

ကျန်းချိုက်ရှသည် ရွှေနှင့်လုပ်ထားသဖြင့် ဤမျှဈေးကြီးနေရသည်လား။သူမသည် ဟေးနျိုရွာရဲ့ရွာပန်း‌လေးဖြစ်နေစေဦးတော့ ဤမျှလောက်ထိတော့မလွန်ကဲသင့်ပေ။

...........

ကျိုးထောင်ဟွား တုတ်ချောင်းရှည်ကြီးကိုင်ကာ အိမ်ပြန်ရောက်လာချိန်တွင် ခေါင်မိုးအုတ်ကြွပ်များမှာမိုးပြီးနေပြီဖြစ်၍ လူတိုင်းမှာခြံစည်းရိုးဝိုင်းဆောက်နေကြ၏။

"ထောင်ဟွားရေ လျန်ဟွားကဘာသစ်သီးရိုင်းစားမိလို့ နတ်ဆိုးကပ်သွားတာလဲ"

ရွာသားတစ်ယောက်မှ စပ်စပ်စုစုဖြင့်မေးလာ၏။

ကျိုးထောင်ဟွားပြန်မဖြေမီမှာပင် ချမ်ရှီမှဝင်ပြောလာသည်။

"သူမကဘာသစ်သီးရိုင်းမှမစားခဲ့ဘူး၊စိတ်ထားမကောင်းလို့သာ အသံနတ်ဆိုးပူးကပ်ခံရတာ"

ထိုစဉ်မှာပင် ကျိုးထောင်ဟွားလက်ထဲမှ မည်းနက်သောတုတ်ချောင်းရှည်ကြီးမှာ လူနှစ်ရပ်စာခန့်မြင့်မားပြီး ဦးခေါင်းထက်တွင်ဦးချိုတစ်စုံပါသော ထွားထွားကြိုင်းကြိုင်းအမျိုးသားတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲသွားသည်ကို လူတိုင်းမြင်လိုက်ကြရ၏။

လူတိုင်းမှာထိတ်လန့်သွားကြပြီးမေးလာသည်။

"ဒါကအသံနတ်ဆိုးလား"

ထိုနတ်ဆိုး၏ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်အားကြည့်ကာ ရွာသားတစ်ယောက်မှ နောက်ပြောင်လိုက်သည်။

"သူသာစောစောရောက်လာရင် အုတ်ကြွပ်တွေသယ်ပေးဖို့ အတော်အသုံးတည့်မှာပဲ"

ကျိုးထောင်ဟွား ရယ်မောရင်းပြန်ဖြေလိုက်သည်။

"ဦးလေးကွမ်းမင် အခုလဲနောက်မကျသေးပါဘူး၊သူ့ကိုအုတ်တွေသယ်ခိုင်းလိုက်ရအောင်"

ထိုနတ်ဆိုး၏ဖုထစ်ထွက်နေသောသန်မာသည့် ကြွက်သားများအားကြည့်ကာ နောက်ပိုင်းတွင် အိမ်ရှိထင်းခုတ်သည့်အလုပ်အားလုံးကို သူ့အားခိုင်းစေရမည်ဟု ကျိုးထောင်ဟွားတွေးလိုက်၏။အကယ်၍ နောင်တွင်သူတို့၌လယ်မြေများရှိလာပါက လယ်ထွန်ရန်အတွက်နွားပင်မလိုတော့ဘဲ သူ့ကိုသာအသုံးချနိုင်တော့မည်မဟုတ်ပါလား။

ထိုနတ်ဆိုးသည် တောင်ပေါ်၌လွတ်လွတ်လပ်လပ်ဖြင့်နေထိုင်ခဲ့သူဖြစ်သော်လည်း မကောင်းသောစိတ်ထားရှိသူတစ်ဦးထံဝင်ပူးမိကာမှ ယခုကဲ့သို့အဖမ်းခံလိုက်ရခြင်းပင်။

"လူသန်ကြီးရေ အုတ်တွေသွားသယ်လိုက်ပါဦး"

ကျိုးထောင်ဟွား၏အမိန့်ပေးသံကို အသံနတ်ဆိုးမှာမလိုက်နာဘဲငြိမ်နေ၏။သူ့ကဲ့သို့ နှစ်ပေါင်းရာချီကျင့်ကြံထားသော နတ်ဆိုးတစ်ကောင်မှာဤမိန်းမငယ်လေး၏စကားကို အဘယ်ကြောင့်နားထောင်ရမည်နည်း။သူမမှာ ဆရာသခင်တစ်ဦးဖြစ်နေစေဦးတော့ သူလုံးဝ မကျေနပ်နိုင်ပါပေ။

အသံနတ်ဆိုးမှမကျေမနပ်ဖြစ်နေစဉ်မှာပင် ခြံဝင်း၏အနောက်တောင်ဘက်ရှိ ယာယီတဲထဲမှနေ ပုံရိပ်နှစ်ခုထွက်လာလေ၏။ရာသီ‌သွေးမိစ္ဆာမှာ အပ်နှင့်အပ်ချည်ကိုကိုင်ထားပြီး ဒူးရင်းသီးနတ်ဆိုးမှာတော့ ပဲစေ့များကိုကိုင်ထားလေသည်။သူတို့သည် အလုပ်လုပ်ရင်းသခွားသီးများကိုလည်းမြိန်ရှက်စွာစားနေကြသေး၏။

အသံနတ်ဆိုးမှာ သူတို့နှစ်ဦးအားမြင်လိုက်ရသည့် ခဏတွင်ပင်ထိတ်လန့်လွန်း၍ မျက်လုံးများပြူးထွက်သွားရသည်။သူတို့နှစ်ဦးစလုံးသည်လည်း ဤဆရာသခင်၏အဖမ်းခံထားရခြင်းပင်လား။အစောပိုင်း၌ သူတို့အငွေ့အသက်အားမခံစားမိခဲ့ခြင်းမှာ သူတို့ကျင့်စဉ်များမှာလည်း သူ့နည်းတူပင်အပိတ်ခံထားရသောကြောင့်ဖြစ်ပေလိမ့်မည်။

မိမိနှင့်အတူအဖော်နှစ်ယောက်ရှိနေသည်အား မြင်လိုက်ရသောအခါမှ အသံနတ်ဆိုးလည်းစိတ်သက်သာရာရသွားတော့၏။သူသည် ကျိုးထောင်ဟွားညွှန်ပြသည့်နေရာသို့သွားကာ အုတ်များကိုစတင်သယ်ယူလေတော့သည်။သူသည်လူအများစုသယ်နိုင်သည်ထက် အဆပေါင်းများစွာသောအုတ်များကို တစ်ပြိုင်နက်တည်းသယ်ယူနိုင်ပေ၏။

အသံနတ်ဆိုး၏အကူအညီကြောင့် ကျိုးမိသားစု၏ခြံစည်းရိုးမှာ မိုးမချုပ်ခင်မှာပင်ပြီးစီးသွားခဲ့သည်။ဝင်လုဆဲဆဲ နေရောင်ခြည်အောက်တွင် သပ်သပ်ရပ်ရပ်စီထားသော အပြာရောင်အုတ်များနှင့်အုတ်ကြွပ်များမှာ ခိုင်မာတောင့်တင်းစွာဝင့်ထည်နေတော့၏။

ရွာသားအားလုံးမှာ ကျိုးမိသားစု၏အိမ်သစ်ကိုအားကျမနာလိုသော မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။

"ဒီလောက်ခမ်းနားတဲ့ အပြာရောင်အုတ်အိမ်ဆိုတာ ငါတို့ရွာမှာတစ်အိမ်ပဲရှိတယ် ကြည့်လိုက် အုတ်စီထားတာတွေကလဲ တစ်ကယ့်ကိုညီညာနေတာပဲ"

"ဒီအိမ်လေးက တစ်ကယ်လှတာပဲ၊ငါလဲ ပိုက်ဆံလေးထပ်စုပြီး အခြေအနေပေးရင် ဒီလိုအိမ်မျိုးဆောက်ဦးမယ်"

ကျိုးထောင်ဟွားသည် သူမအိမ်သစ်အားကြည့်ကာ ကျေနပ်အားရစွာဖြင့်ပြုံးလိုက်၏။ဤကဲ့သို့ ခိုင်ခံ့သောအုတ်အိမ်လေးရှိနေပြီဖြစ်ရာ ယခုနှစ်ဆောင်းတွင်း၌ နှင်းမုန်တိုင်းကျမည်ကို သူမစိုးရိမ်စရာမလိုတော့ပေ။

သူမသည်အခွင့်အရေးအားအသုံးချကာ လူတိုင်းထံသတိပေးလိုက်သည်။

"ကျွန်မတွက်ချက်ကြည့်ရသလောက်တော့ ဒီနှစ်ဆောင်းတွင်းမှာနှင်းမုန်တိုင်းကြီး သုံးရက်ဆက်တိုက်ကျလိမ့်မယ်၊အုတ်အိမ်ဆောက်နိုင်တဲ့သူတွေကလဲ ဆောက်ထားကြပါ၊မဆောက်နိုင်ရင်တောင် အိမ်ခေါင်မိုးတွေကိုပြင်ဆင်ပြီး နံရံကအက်ကြောင်းတွေကိုလဲ သေချာပိတ်ထားကြပါ"

All Chapters