← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ထိုစကားကိုကြားသောအခါမှ ကျိုးအာ့ရှုတို့မိသားစု အဘယ်ကြောင့်အုတ်အိမ်ဆောက်ခဲ့ကြသည်ကို လူတိုင်းသဘောပေါက်သွားကြတော့၏။ထောင်ဟွားမှယခုနှစ်ဆောင်းတွင်းတွင် နှင်းမုန်တိုင်းကြီးကျလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့၍ဖြစ်ချေမည်။

ဤကဲ့သို့အုတ်အိမ်မျိုးနှင့်ဆိုလျှင် နှင်းများမည်မျှထူထူ အိမ်ခေါင်မိုးပြိုကျမည်ကို စိုးရိမ်စရာမလိုတော့ပေ။အေးစက်လှသောဆောင်းလေပြင်းများလည်း အိမ်ထဲသို့တိုးဝင်နိုင်မည်မဟုတ်တော့ပါချေ။

"အမလေး ငါတို့တော့ဒုက္ခပါပဲ ဘယ်လိုလုပ်ကြမလဲဟဲ့၊ငါ့အိမ်မှာက ပိုက်ဆံလိုနေသေးတယ်၊တောင်ခြေမှာလဲ ဆေးမြစ်တွေရှာမရတော့ဘူး၊ဒီငွေကိုဘယ်လိုများ စုမိပါ့မလဲ"

အဒေါ်ကျိန့်မှ စိုးရိမ်တကြီးပြောလိုက်၏။

အခြားသူများမှာလည်း ထိုနည်းတူစွာပင် ခံစားနေရသည်။ရွာထဲတွင်လူဦးရေတစ်ထောင်နီးပါးရှိနေပြီး လူတိုင်းမှနေ့တိုင်းတူးနေကြရာ တောင်ခြေရှိဆေးမြစ်များမှာလည်း ကုန်သလောက်ဖြစ်နေချေပြီ။အချို့ဆိုလျှင် ပိုက်ဆံရရန်အတွက် တောင်အလယ်ပိုင်းထိတက်၍တူးကြရာ ဆေးမြစ်များစွာကိုရှာတွေ့ခဲ့ကြ၏။သို့သော် မည်သူကမှတောင်ပေါ်ထိတော့ မတက်ရဲကြပေ။

တောင်ပေါ်တွင်ဝံပုလွေများရှိနေသည်ကို လူတိုင်းသိကြပြီး ဝံပုလွေများမှာတောင်ထိပ်ပိုင်းတွင်သာ အမြဲရှိနေတတ်၏။ဝံပုလွေနှင့်သာတွေ့ပါက အသက်အန္တရာယ်ရှိနိုင်ပေသည်။လူတိုင်းမှာ ရှန်းမင်ကဲ့သို့တောင်ထဲသို့တစ်ဦးတည်းဝင်ရဲပြီး အမဲလိုက်ရင်းသားကောင်များစွာသယ်လာနိုင်သည့်လူမျိုးမဟုတ်ကြပေ။တစ်ခါတစ်ရံတွင် ရှန်းမင်သည် ဝံပုလွေတစ်ကောင်ကိုပင်ထမ်း၍ တောင်ပေါ်မှဆင်းလာသည်ကိုမြင်တွေ့ရတတ်၏။

ဆေးမြစ်တူးခြင်းမှာ ရေရှည်အဖြေမဟုတ်ကြောင်း ကျိုးထောင်ဟွား ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။သို့သော် လူတိုင်းဆေးမြစ်တူးသည့်အရှိန်မှာ သူမထင်ထားသည်ထက် ပိုမိုမြန်ဆန်နေခဲ့၏။ထိုမတိုင်မီကပင် ကျိုးထောင်ဟွားစိတ်ထဲတွင် အကြံဉာဏ်နှစ်ခုပေါ်လာပြီးသားပင်။

ကျိုးကျားရွာရှိလယ်မြေများမှာ သီးနှံစိုက်ပျိုးရန်မသင့်တော်သော်လည်း အခြားအရာများကိုမူစိုက်ပျိုးနိုင်ပေသည်။ဥပမာအနေဖြင့် ဆေးဘက်ဝင် အပင်များလိုပင်။အထူးသဖြင့် အချိန်တိုအတွင်းရိတ်သိမ်းနိုင်သော အပင်မျိုးများပင်ဖြစ်၏။

"လူတိုင်းစိတ်မပူကြပါနဲ့ ကျွန်မတို့တွေ သေချာပေါက်ပိုက်ဆံစုမိကြမှာပါ၊ချမ်းသာနိုင်မယ့်လမ်းကြောင်းအသစ်ကို ရွာလူကြီးကနောက်နှစ်ရက်အတွင်းလူတိုင်းကိုအသိပေးပါလိမ့်မယ်"

ကျိုးထောင်ဟွား ပြောလိုက်၏။

ချမ်ရှီမှာ ကျိုးထောင်ဟွားနှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးရှိနေသည်ကို သတိထားမိပြီး မေးလိုက်သည်။

"ထောင်ဟွား ဒီချမ်းသာမယ့်လမ်းကြောင်းသစ်ဆိုတာကလဲ သမီးစဉ်းစားပေးခဲ့တာလား"

ကျိုးထောင်ဟွား ရှက်ရှက်ဖြင့်ခေါင်းငြိမ့်ပြလိုက်၏။အရင်ရက်အနည်းငယ်တွင် လူတိုင်းမှာသူမအိမ်အား ဝိုင်းကူဆောက်ပေးခဲ့ကြသည်။သူမသည် ဟင်းကူချက်ပေးနေသော်လည်း အလုပ်လုပ်ရင်းသူတို့စကားဝိုင်းများကို နားထောင်နေခဲ့ခြင်းပင်။

သူမ အကြိမ်ကြိမ်စဉ်းစားခဲ့ပြီးနောက်ဆုံးတွင်မှ အစီအစဉ်တစ်ခုရခဲ့၏။ဆေးမြစ်များအားရှာမရတော့ဘူးဆိုမှတော့ ကျိုးကျားရွာ၏သဘာဝအားသာချက်များကို အသုံးချကာသင့်တော်သည့်ဆေးမြစ်များအား စိုက်ပျိုးနိုင်သည်မဟုတ်ပါလား။

ထိုနေ့တွင် ကျိုးထောင်ဟွားမှာရွာလူကြီးအိမ်သို့ စိတ်လှုပ်ရှားစွာဖြင့်ပြေးသွားခဲ့၏။ရွာလူကြီးမှာ သူမအကြံအားကြားလိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

"ဆေးပင်တွေကိုစိုက်မယ် ဟုတ်လား"

"ထောင်ဟွား ဒါကတစ်ကယ်ဖြစ်နိုင်ပါ့မလား"

ရွာလူကြီးမှစိုးရိမ်စိတ်ဖြင့်မေးလာ၏။

အကြောင်းမှာ သူတို့ရွာတွင်ဆေးပင်များကိုတစ်ခါမျှမစိုက်ဖူးသေး၍ဖြစ်၏။ထို့အပြင် လယ်ထဲမှစပါးများမှာလည်း နောက်တစ်လ နှစ်လဆိုလျှင်ရိတ်သိမ်းရတော့မည်ဖြစ်ရာ ယခုအချိန်တွင်စပါးများကိုဖျက်ဆီးပြီး ဆေးပင်စိုက်ရန်မှာမဖြစ်နိုင်ပေ။သူတို့ရွာ၏သီးနှံအထွက်နှုန်းမှာ ပုံမှန်အားဖြင့်နည်းပါးသော်လည်း စားနိုင်သောက်နိုင်ရုံတော့ ထွက်ပါသေး၏။

"ရွာလူကြီး"

ကျိုးထောင်ဟွား ပြောလိုက်သည်။

"ကျွန်မတို့က စပါးခင်းတွေကိုဖျက်ပြီးစိုက်မှာမဟုတ်ပါဘူး၊မြေရိုင်းတွေကိုရှင်းပြီးစိုက်မှာပါ၊ဒီလိုဆိုရင် ဆေးပင်တွေထွက်လာတဲ့အခါကျ စပါးပင်ကိုလည်းမထိခိုက်ဘဲ အပိုဝင်ငွေလဲရလာမှာလေ၊စပါးရိတ်သိမ်းပြီးလို့ လယ်ထဲမှာဆေးပင်တွေထပ်စိုက်ချင်တယ်ဆိုရင်တော့ အဲ့ဒါက သူတို့ရဲ့ရွေးချယ်မှုပေါ့"

ထို့နောက် သူတို့နှစ်ဦးသည်ကျိုးရှန့်ဖျင်အိမ်သို့သွားကာ ဆွေးနွေးကြတော့၏။ကျိုးထောင်ဟွားမှ ဆေးပင်အမည်အချို့အားပြောပြလိုက်သည့်အခါ ကျိုးရှန့်ဖျင်သည် နဖူးအားလက်ဖြင့်ရိုက်လိုက်သည်။

"အား ငါဘာလို့ဒါကိုမစဉ်းစားမိခဲ့ပါလိမ့်၊ထောင်ဟွား ပြောတာမှန်တယ်၊ငါတို့ရွာမှာ ရွက်လှသစ်ခွ၊နှမ်းရွက်နဲ့ယီမူချောင်အပင်တွေကိုစိုက်လို့ရတာပဲ၊ဒါတွေကစိုက်ပြီးရင် မြန်မြန်ရိတ်သိမ်းလို့ရတဲ့အမျိုးအစားတွေလေ"

စိုက်ပျိုးနိုင်ကြောင်းကြားလိုက်ရသဖြင့် ရွာလူကြီးမှာသက်ပြင်းချနိုင်သွားတော့၏။သို့သော် သူ့စိတ်ထဲတွင်စိုးရိမ်ပူပန်မှုတစ်ခုရှိနေဆဲပင်။

"တစ်ကယ်လို့တစ်ရွာလုံးကဝိုင်းစိုက်ကြပြီး ပြန်ရောင်းမရရင်ဘယ်လိုလုပ်မလဲ"

ဤသည်မှာ ဆေးမြစ်တူးသည်နှင့်မတူ‌ပေ။မည်မျှပင်တူးထုတ်နေပါ‌စေ စိုက်ခင်းမှထွက်သည်လောက်တော့ များမည်မဟုတ်ချေ။ထို့ပြင် စိုက်မည့်သူများမှာလည်း အမျိုးအစားအနည်းငယ်ကိုသာ ပမာဏများများစိုက်ကြမည်ဖြစ်၍ ဆေးခန်းတစ်ခုတည်းမှနေ ဤကဲ့သို့ပမာဏကြီးကို လိုချင်ပါမည်လား။

ကျိုးရှန့်ဖျင်မှ ချက်ချင်းပြောလာ၏။

"ဒါကို ငါပဲတာဝန်ယူလိုက်မယ်၊ငါကရွာငယ်လေးရဲ့သမားတော်တစ်ယောက်ဆိုပေမယ့် ဒီနားတစ်ဝိုက်ကဆေးခန်းတွေနဲ့တော့ အဆက်အသွယ်ရှိပါတယ်၊ငါသွားစုံစမ်းပြီးသူတို့နဲ့ဆွေးနွေးကြည့်လိုက်မယ်၊အဆင်ပြေရင်တော့ စာချုပ်ချုပ်ဖို့အတွက် မင်းတို့ကိုပါခေါ်သွားတာပေါ့"

ထိုနေ့မှစ၍ အဘိုးကျိုးရှန့်ဖျင်မှာ မြို့နှင့်ခရိုင်အသီးသီးရှိဆေးခန်းများသို့ မနားမနေကူးချည်သန်းချည်လုပ်လေတော့၏။ကြိုးစားမှု၏ ရလဒ်မှာမဆိုးလှပေ။ကျိုးရှန့်ဖျင်၏ကျွမ်းကျင်မှုကြောင့် ဆေးခန်းအများစုမှာထွက်ရှိလာမည့် ဆေးပင်များကိုဝယ်ယူရန်သဘောတူခဲ့ကြ၏။

ထို့နောက်တွင်ကျိုးရှန့်ဖျင်သည် ရွာလူကြီးနှင့်အတူ ဆေးခန်းတစ်ခုချင်းစီသို့ သွားရောက်ကာ စာချုပ်များချုပ်ဆိုခဲ့ကြရာ ရွာသားများအနေဖြင့်ရိတ်သိမ်းပြီးပါက သေချာပေါက်ပြန်လည်ရောင်းချနိုင်ရန် အာမခံချက်ရှိသွားပြီပင်။

ကျိုးထောင်ဟွား၏ခန့်မှန်းချက်အရ ရွာလူကြီးနှင့်ကျိုးရှန့်ဖျင်တို့သည် နောက်နှစ်ရက်အတွင်း စာချုပ်ချုပ်ဆိုခြင်းကိစ္စများအားလုံးကိုပြီးစီးပေလိမ့်မည်။ကျိုးထောင်ဟွားမှ ချမ်းသာမည့်လမ်းကြောင်းသစ်အား ရှာဖွေပေးလိုက်သည်ကိုမြင်သောအခါ အဒေါ်ကျိန့်နှင့်အခြားသူများသည် အတော်လေးစိတ်အေးသွားကြတော့၏။ထောင်ဟွားမှာ အားကိုးထိုက်သူဖြစ်ရာ သူမ၏အကြံဉာဏ်များမှာလည်း သူတို့ကိုသေချာပေါက်ငွေရအောင်ကူညီပေးနိုင်လိမ့်မည်ပင်။

အဒေါ်ကျိန့်မှာ ချက်ချင်းပြုံးသွားပြီးပြောလာ၏။

"ဒါဆို ငါ့အိမ်မှာပိုက်ဆံအလုံအလောက် စုမိတဲ့အခါကျရင် ငါလဲအုတ်အိမ်ဆောက်ပစ်မယ်"

အခြားသူများမှာလည်း ဝိုင်းထောက်ခံလာကြသည်။

"ဟုတ်တယ် ငါတို့အားလုံးအုတ်အိမ်တွေ ဆောက်ကြမယ် ကြည့်လိုက်လေ ဒီအိမ်က ဘယ်လောက်တောင်လှလိုက်သလဲ၊သားစဉ်မြေးဆက်အေးဆေးနေသွားလို့ရပြီ"

ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည်လည်း ချက်ချင်းဝင်ပြောလိုက်ကြသည်။

"နင်တို့အိမ်ဆောက်တဲ့အခါကျရင် ငါတို့လင်မယားလဲလာကူမယ်"

သူတို့သည် အရင်ရက်အနည်းငယ်မှ သူတို့အားဝိုင်းကူခဲ့ကြသော ရွာသားများကို ကျေးဇူးတင်နေဆဲပင်။ရွာသားများမှာ လုပ်အားခယူရန်ငြင်းဆန်ခဲ့ကြသဖြင့် သူတို့အနေဖြင့် နောက်မှကျေးဇူးပြန်ဆပ်ရန် ဆုံးဖြတ်ထားလိုက်ကြတော့သည်။

ကျိုးကွမ်းမင်သည် ကျိုးအာ့ရှုပုခုံးကိုပုတ်ကာ အကြံပေးလိုက်သည်။

"အာ့ရှု အိမ်သစ်အတွက်ပရိဘောဂအသစ်တွေဝယ်ဦးနော်၊အိမ်အသစ်ဆိုတာ ပရိဘောဂတွေအစုံအလင်ရှိမှနေလို့ပိုကောင်းတာကွ၊အနားတွေပဲ့နေတဲ့ စားပွဲအဟောင်းတွေတို့ ကုလားထိုင်အဟောင်းတွေကိုတော့ ထင်းအဖြစ်ပဲသုံးဖို့မြန်မြန်ခုတ်ပစ်လိုက်တော့"

ကျိုးအာ့ရှုပြုံးလျက်ပင် သဘောတူလိုက်၏။အိမ်ကြီးမှာပြီးစီးသွားပြီဖြစ်ကာ တံခါးများ၊ပြတင်းပေါက်များနှင့်အပူပေးကုတင်များတည်ဆောက်ရန်သာ ကျန်တော့သည်။ထို့နောက် စားပွဲနှင့်ကုလားထိုင်များသာထပ်ဖြည့်လိုက်လျှင် အားလုံးပြီးပြည့်စုံသွားပေလိမ့်မည်။ကျိုးအာ့ရှုသည် ပရိဘောဂအားလုံးကို

ဝယ်ယူရန်မတတ်နိုင်သဖြင့် သူကိုယ်တိုင်လုပ်ရန် ဆုံးဖြတ်လိုက်၏။

ထို့နောက်စာအုပ်ကြီးသမား(ဒါဆိုဒါ ဟိုဟာမလုပ်တဲ့လူ)တစ်ယောက်ရောက်လာပြီး သူတို့နှစ်ဦးသားတောင်ပေါ်သို့တက်ကာ သစ်ပင်များအားခုတ်ထစ်၍ တံခါးများ၊ပြတင်းပေါက်များနှင့်ပရိဘောဂများကို အားသွန်ခွန်စိုက်ပြုလုပ်ကြတော့သည်။

ကျိုးထောင်ဟွားနှင့်သူမမိသားစုဝင်သုံးဦးတို့သည် ယာယီတဲအိုလေးထဲမှထွက်ခွာပြီး အိမ်သစ်ထဲသို့ပြောင်းရွှေ့နေထိုင်ကြသောအခါ ချမ်ရှီသည်အပြာရောင်အုတ်နံရံများအား မကြာမကြာပွတ်သပ်ရင်း ဤအိမ်ကြီးမှာ မည်မျှကောင်းကြောင်း ထပ်တလဲလဲရေရွတ်နေမိ၏။တစ်နေ့တွင် သူမမှာအုတ်အိမ်ကြီးနှင့်နေရလိမ့်မည်ဟု ချမ်ရှီတစ်ခါမှတွေးမကြည့်ခဲ့ဖူးပေ။

အခန်းလေးခန်းမှာ အရှေ့မှအနောက်သို့ အစဉ်လိုက်အတိုင်း မီးဖိုချောင်၊အဓိကအိမ်ဆောင်၊ဧည့်ခန်းနှင့်အနောက်ခန်းဟူ၍ရှိ၏။ကျိုးထောင်ဟွားမှာ ယခုအခါ ကိုယ်ပိုင်အခန်းတစ်ခန်းရရှိသွားပြီဖြစ်ကာ ၎င်းမှာစတုရန်းမီတာ၂၀ခန့် ကျယ်ဝန်းသောအနောက်ခန်းဖြစ်သည်။

အခန်းထဲသို့ဝင်လိုက်သည်နှင့် နံရံတွင် ကပ်ထားသောအပူပေးကုတင်ကြီးကို စမြင်ရမည်ဖြစ်ပြီး ၎င်းပေါ်တွင်မွေ့ရာတစ်ခုခင်းထား၏။နံရံရှိ ဗီရိုထဲတွင်တော့စောင်အချို့ကို သပ်သပ်ရပ်ရပ်ခေါက်ထားလေသည်။

အခန်း၏အခြားတစ်ဖက်တွင်မူ ရိုးရှင်းသောပန်းပုံများထွင်းထားသည့် အဝတ်ဗီရိုအသစ်တစ်လုံးရှိနေ၏။ပြတင်းပေါက်အောက်တွင်မူ ခုလေးမှလုပ်ထားသည့်စားပွဲနှင့်ထိုင်ခုံတစ်လုံးရှိသည်။ကျိုးထောင်ဟွားသည် ဤနေရာတွင်ထိုင်၍ အဆောင်များရေးဆွဲနိုင်သလို မော့ကြည့်လိုက်ပါကလည်း ခြံထဲတွင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်မျိုးစုံ၊သပ်ရပ်လှသော အပြာရောင်အုတ်နံရံနှင့်ခိုင်ခံ့တောင့်တင်းသော ခြံဝင်းတံခါးကြီးနှစ်ချပ်တို့ကို မြင်တွေ့နိုင်ပေ၏။

စားပွဲတွင်ဝင်ထိုင်လိုက်ပြီးနောက် ကျိုးထောင်ဟွားမှာအလွန်ကျေနပ်အားရကာ စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။သူမသည် နောက်ဆုံးတွင်တော့ ကျယ်ဝန်းပြီးသစ်လွင်သောအပြာရောင် အုတ်အိမ်ကြီး၌နေရပြီပင်။ယခုမှစ၍ သူမသည် ကောင်းကောင်းစား၊ကောင်းကောင်းဝတ်ပြီး နွားလှည်းတစ်စီးကိုပါဝယ်ယူချင်နေမိတော့၏။

All Chapters