← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

*ဒူ ဒူ ဒူ*

ထိုစဉ်မှာပင် ရွာထဲမှမောင်းသံအကျယ်ကြီးထွက်ပေါ်လာတော့၏။

ရွာလူကြီးသည် မောင်းကိုထုရင်းနှင့်အော်လိုက်သည်။

"ရွာသားတို့ရေ ရွာဝင်ဝမှာလူစုကြပါဦး၊ပြောစရာသတင်းကောင်းရှိတယ်"

ကျိုးထောင်ဟွားမှာ ဝမ်းသာသွားရ၏။ရွာလူကြီးနှင့်ကျိုးရှန့်ဖျင်တို့သည် ဆေးခန်းများနှင့်စာချုပ်ချုပ်ဆိုခြင်းကိစ္စ အောင်မြင်သွားပြီဖြစ်ကြောင်း သူမသိလိုက်သည်။

မကြာသေးမီတွင် ရွာသားအချို့မှာမြို့သို့တက်၍အလုပ်ရှာခဲ့ကြသဖြင့် ကျန်ရစ်သောမိသားစုဝင်များမှာ ရွာထဲတွင်သာသောင်တင်နေပြီး တစ်နေ့လျှင်ဆေးမြစ် အနည်းငယ်သာတူးနိုင်ကြတော့၏။

တစ်ခါတစ်ရံကံမကောင်းပါက တစ်ပင်မှပင်ရှာမတွေ့ကြပေ။ထို့ကြောင့် မြို့တက်အလုပ်လုပ်သူများသာ အနည်းဆုံးနေ့တွက်ရရှိကြသေးသည်။

သို့သော်အချို့မှာမူ ရွာမှာပင်ကျန်ရစ်ကာ နေ့စဉ်တောင်အလယ်အထိတက်၍ ဆေးမြစ်ရှာဖွေနေကြဆဲပင်။

ရွာသားတစ်ယောက်မှ မေးမြန်းလာသည်။

"ရွာလူကြီး ဘာသတင်းကောင်းများရှိလို့လဲ"

နောက်တစ်ယောက်မှာမူ ရိပ်မိပြီးသားဖြစ်ရာ လှမ်းမေးလိုက်သည်။

"ရွာလူကြီး ထောင်ဟွားပြောတဲ့တစ်ရွာလုံး ချမ်းသာမယ့်လမ်းကြောင်းဆိုတဲ့အကြောင်းလား"

ရွာလူကြီးမျက်ဝန်းများမှာ နူးညံ့သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"အတိအကျပဲ ထောင်ဟွားကငါတို့ရွာအတွက် ချမ်းသာမယ့်လမ်းကြောင်းတစ်ခုထပ်ရှာပေးလိုက်ပြီ၊ဦးလေးရှန့်ဖျင်ကလဲ ငါတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းပေးခဲ့တယ်၊ငါတို့ရွာက မြူထူပြီးစိုထိုင်းဆများတဲ့အတွက် ကောက်ပဲသီးနှံထွက်နှုန်းနည်းပေမယ့် ဆေးဘက်ဝင်အပင်တွေစိုက်ဖို့တော့အရမ်းသင့်တော်တယ်တဲ့၊ဦးလေးရှန့်ဖျင်နဲ့ငါတို့အနားဝန်းကျင်ကဆေးခန်းကြီးငယ်မကျန် အကုန်ပတ်သွားပြီး စာချုပ်တွေချုပ်ခဲ့ပြီးပြီ၊မင်းတို့က စိုက်ရုံသာစိုက်ကြ သူတို့ကကျိန်းသေ ဝယ်ကြလိမ့်မယ်၊အပင်တွေ သေချာရှင်အောင်လုပ်နိုင်ရင် သုံးလအတွင်းမှာတင် ရောင်းလို့ရပြီ၊တစ်မူကို အသားတင်ဝင်ငွေအနည်းဆုံးနှစ်တေးခွဲရလိမ့်မယ်၊တစ်နှစ်ကိုသုံးခါစိုက်တော့ အနည်းဆုံးခုနစ်တေးခွဲရနိုင်တာပေါ့"

လူတိုင်းမှင်တက်သွားကြ၏။တစ်နှစ်ကိုခုနစ်တေးခွဲပေါ့လေ။

အားလုံးမှာ ရင်ခုန်စိတ်လှုပ်ရှားသွားကြသဖြင့် ခဏတာမျှစကားပင်မပြောနိုင်ကြတော့ပေ။အချို့မှာမေးလာကြသည်။

"ရွာလူကြီး ကျွန်တော်တို့ကဘာတွေစိုက်ရမှာလဲ"

အချို့ကလည်း စိုးရိမ်တကြီးမေးကြသည်။

"ကျွန်တော့်လယ်ထဲက စပါးတွေကမမှည့်သေးဘူး ရွာလူကြီးရဲ့"

ရွာလူကြီးမှာလူတိုင်းထံရှင်းပြကာ စိတ်အေးအောင်လုပ်ပေးလိုက်၏။

"လယ်ထဲကစပါးတွေကိုတော့ အခုအတိုင်းထားလိုက်ပါ၊အုပ်ချုပ်ရေးမှူးရုံးဆီငါသွားစုံစမ်းခဲ့ပြီးပြီ၊ငါတို့ရွာမှာ မြေရိုင်းတွေအများကြီးရှိတယ်မလား၊အဲဒါတွေကို ကိုယ့်ဘာသာဖော်ပြီးစိုက်ကြ၊ပထမသုံးနှစ်အတွက် အခွန်လဲပေးစရာမလိုသလို မြေငှားခလဲပေးစရာမလိုဘဲ အလကားစိုက်ခွင့်ပေးမယ်တဲ့၊အဓိက,ကတော့ ကိုယ်ဖော်တဲ့မြေပေါ်ကထွက်တဲ့အရာမှန်သမျှ ကိုယ့်အပိုင်ပဲ"

အစပိုင်းတွင်အားလုံးမှာဝမ်းသာသွားကြသော်လည်း နောက်ပိုင်းတွင်တော့စိတ်ပျက်လက်ပျက်ဖြစ်သွားကြပြန်သည်။ကျိုးကျားရွာမှာတောင်များဖြင့် ဝိုင်းရံထားသဖြင့် မြေရိုင်းများမှာလည်း အရွယ်စုံကျောက်တုံးများဖြင့် ပြည့်နှက်နေသောကြောင့်ပင်။မြက်ပင်များမှာလည်း မြေထဲတွင်နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီဖြစ်သဖြင့် မြေရိုင်းဖော်ရန်မှာ အလွန်ခက်ခဲလှပေမည်။

သို့သော်လည်း အချို့မှာမူအပင်ပန်းခံ၍ မြေရိုင်းဖော်ကာ ငွေရှာရန်ဆုံးဖြတ်လိုက်ကြ၏။မြေကိုတစ်ခါရှင်းပြီးလျှင် သုံးနှစ်လုံးလုံးကိုယ်စိုက်တာကိုယ်သုံးရမည် မဟုတ်ပါလား။အခွန်လဲမရှိ မြေငှားခလဲမရှိမှတော့ အဘယ်ကြောင့်မလုပ်ဘဲနေကြမည်နည်း။

ကျိုးရှန့်ဖျင်သည် လူတိုင်းအတွက်မျိုးစေ့နှစ်မျိုးယူလာပေး၏။၎င်းတို့မှာ နှမ်းရွက်ပင်မျိုးစေ့နှင့်ယီမူချောင်မျိုးစေ့များဖြစ်ကြသည်။မည်သည့်အပင်ကိုစိုက်သည်ဖြစ်စေ တစ်မူလျှင်မျိုးစေ့နှစ်ကျင်းခန့် လိုအပ်ပေ၏။နှမ်းရွက်မျိုးစေ့မှာ ဈေးပိုကြီးပြီး တစ်ပေါင်လျှင်ပြား၆၀ကျသင့်ကာ ယီမူချောင်မျိုးစေ့မှာတော့ တစ်ပေါင်လျှင်ပြား၄၀သာကျသင့်လေသည်။

လူတိုင်းမှာ ဆေးမြစ်တူးရာမှငွေအနည်းငယ်စီရထားကြသဖြင့် မျိုးစေ့ နှစ်ပေါင်စာအတွက် အကုန်အကျခံရန် ဝန်မလေးကြပေ။အများစုမှာ ယီမူချောင်မျိုးစေ့တစ်ပေါင်နှင့်နှမ်းရွက်မျိုးစေ့တစ်ပေါင်စီဝယ်ယူကြ၏။မြေရိုင်းဖော်ရသည်မှာမလွယ်ကူကြောင်း လူတိုင်းအသိပင်။

လူအနည်းငယ်သာလျှင် ၎င်းမှာအချိန်ဖြုန်းခြင်းဖြစ်သည်ဟု ယူဆကာ

မပါဝင်ချင်ကြပေ။

ကျိုးရှန့်လင်သည် မြေကြီးပေါ်တွင်ဆောင့်ကြောင့်ထိုင်လျက် သူဝါးနေသော မြက်ရိုးကိုထွေးထုတ်ကာ လှောင်ပြောင်လိုက်၏။

"ဒါကိုပဲ ချမ်းသာမယ့်လမ်းကြောင်းလို့ ခေါ်နေတာလား၊မြေရိုင်းဖော်ပြီး မျိုးစေ့ချရမှာတဲ့၊တစ်ကယ်လို့အပင်မပေါက်လာရင်ရော အပင်ပန်းခံရကျိုးမနပ်တဲ့အပြင် မျိုးစေ့ဖိုးပါအလကားဖြစ်ကုန်မှာပေါ့"

ကျိုးရှန့်လင်သည် နှာခေါင်းရှုံ့လျက် အထင်အမြင်သေးသောအကြည့်ဖြင့် ပြောလိုက်၏။ထိုသို့ပြောရင်း မြေကြီးပေါ်ရှိကျောက်ခဲလေးတစ်လုံးကိုကန်လိုက်ရာ ၎င်းမှာရွာလူကြီး၏ခြေထောက်နားသို့ လှိမ့်သွားတော့သည်။

ရွာလူကြီးသည် မျက်မှောင်ကြုံ့ကာ ဆူငေါက်လိုက်၏။

"အလုပ်မလုပ်ရင် ဘာမှရမှာမဟုတ်ဘူး၊မင်းကအိမ်မှာပဲ ထိုင်ပြီးကောင်းကင်ကနေ မုန့်ကျလာမှာကိုစောင့်နေမလို့လား၊ဆေးမြစ်တူးတုန်းကလဲ မင်းတစ်ရက်နှစ်ရက်ထပ်ပိုမသွားခဲ့ဘူး၊အခုလူတိုင်းက ဆေးပင်စိုက်ဖို့ မြေရိုင်းဖော်နေကြတော့လဲ မင်းကဘာမှတက်တက်ကြွကြွဝင်မလုပ်ဘဲနေဦးမှာလား"

"ထောင်ဟွားက ဒီနှစ်ဆောင်းတွင်းမှာသုံးရက်ဆက်တိုက် နှင်းမုန်တိုင်းကျလိမ့်မယ်လို့တွက်ချက်ထားတယ်၊မင်းသာ အခုကတည်းက ပိုက်ဆံအမြန်စုပြီးအိမ်မပြင်ထားရင် ဆောင်းတွင်းကိုဘယ်လိုဖြတ်ကျော်မလဲ"

ကျိုးရှန့်လင်မှာ မခံချင်စိတ်ဖြင့်နားနှိုက်ရင်း

"တော်ပါပြီ ရွာလူကြီးရယ် ခင်ဗျားတစ်ယောက်ပဲ သူမပြောတာကိုယုံနေတာပါ၊ကျွန်တော်ကတော့ နည်းနည်းမှမယုံဘူး၊သူမကမိစ္ဆာနဲ့နတ်ဆိုးတွေပဲ ဖမ်းတတ်တာပါ၊ရှေ့ဖြစ်ပါဟောတတ်လို့လား၊လပိုင်းအလိုကတည်းက ကြိုတင်ဟောကိန်းထုတ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

ကျိုးရှန့်လင်းသည် ပုခုံးတွန့်လိုက်ကာ လေချွန်ရင်း လူတိုင်း၏စိတ်ပျက်ရွံရှာသောအကြည့်များကြားမှ ဆောင့်ကြွားဆောင့်ကြွားဖြင့်ထွက်သွားတော့သည်။

ကျိုးရှန့်ဖျင်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလာ၏။

"ဒီအပျင်းထူတဲ့ကောင်ကတော့ တစ်နေ့ကုန်လေလွင့်နေတာပဲ၊ဆောင်းတွင်းကျရင်တော့ သူပဲဒုက္ခရောက်လိမ့်မယ်"

ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည် လူတိုင်းမှမျိုးစေ့တစ်ပေါင်စီဝယ်နေကြသည်ကို မြင်သောအခါ သူတို့၏လုပ်နိုင်စွမ်းအရ အများဆုံးမြေရိုင်းတစ်မူခန့်သာဖော်နိုင်မည်ဟုတွေးထားကြသည်။သို့သော်ထင်မထားသည်မှာ ကျိုးထောင်ဟွားမှပြောလာ၏။

"မဟုတ်ဘူး အဖေနဲ့အမေ သမီးတို့ကမျိုးစေ့ကိုပေါင်နှစ်ဆယ်ဝယ်ကြရအောင်၊နှမ်းရွက်ဆယ်ပေါင်နဲ့ယီမူ‌ချောင်ဆယ်ပေါင်စီလေ"

"ဟမ်"

ချမ်ရှီမှာ အလန့်တကြားတားမြစ်လိုက်သည်။

"ထောင်ဟွား အဲဒါကမြေဆယ်မူစာမျိုးစေ့တွေလေ၊အမေတို့ကဘယ်လိုလုပ် အဲ့လောက်အများကြီး ဖော်နိုင်မှာလဲ"

ယခင်က သူမနှင့်အာ့ရှုတို့ အဘွားစွင်း၏နှင်ထုတ်ခြင်းခံရစဉ်တွင် မြေရိုင်းဖော်၍လယ်လုပ်ရန်စဉ်းစားခဲ့ဖူး၏။သို့သော်ထိုမြေကြီးမှာ သံကဲ့သို့မာကျောလှသဖြင့် ပေါက်ပြားနှင့်တစ်ချက်ပေါက်လျှင်ပင် ဖြူဖျော့ဖျော့အရာတစ်ခုသာ ကျန်ခဲ့ပြီး လက်များထုံကျင်ကာလက်မောင်းများနာကျင်ခဲ့ရဖူးသည်။

ရွာလူကြီးမှတစ်မူလျှင် အနည်းဆုံးနှစ်တေးခွဲရမည်ဟုသာမပြောလျှင် သူမမှာမြေရိုင်းဖော်ရန်စဉ်းစားမည်ပင်မဟုတ်ပေ။သို့သော် ထောင်ဟွားမှာဆယ်မူတောင်ဖော်ချင်နေသည်လေ။

ကျိုးအာ့ရှုလည်း ဖြောင်းဖြလာ၏။

"ထောင်ဟွား သမီးကမြေရိုင်းမဖော်ဖူးသေးလို့ အဲဒါကဘယ်လောက်ပင်ပန်းတယ်ဆိုတာမသိသေးတာ"

"အဖေနဲ့အမေ သမီးတို့ဆီမှာလူသန်ကြီးရှိနေတယ်လေ မေ့နေပြီလား"

သန်မာထွားကြိုင်းသောကြွက်သားများရှိသည့်ထိုနတ်ဆိုးမှာ ဤကဲ့သို့ပင်ပန်းသည့်အလုပ်များအတွက် အသင့်တော်ဆုံးပင် ဖြစ်၏။

ကျိုးအာ့ရှုနှင့်ချမ်ရှီတို့မှာဆွံ့အသွားကြတော့သည်။ထိုလူသန်ကြီး သူတို့အိမ်သို့ ရောက်လာချိန်မှစ၍ ကျိုးအာ့ရှုသစ်လိုသည့်အခါတိုင်း သူကသစ်ပင်ခုတ်၍အိမ်အထိထမ်းလာပေးခဲ့ခြင်းပင်။သူရှိနေသည့်အတွက် အိမ်၏ပင်ပန်းသောအလုပ်ကြမ်းမှန်သမျှ သူကပင်ဒိုင်ခံတာဝန်ယူထားပြီး ယခုဆိုလျှင်ထင်းခုတ်သည့်အလုပ်ကိုပါ လုပ်ပေးနေ၏။ဤသည်ကိုတွေးမိသောအခါ ထောင်ဟွားမှမျိုးစေ့ပေါင်နှစ်ဆယ်ဝယ်ခိုင်းခြင်းမှာ အလွန်ပင်ကျိုးကြောင်းဆီလျော်သည်ဟု သူတို့ခံစားလိုက်ရတော့သည်။

"ကောင်းပြီလေ ဒါဆိုလဲထောင်ဟွားပြောတဲ့အတိုင်းလုပ်ကြတာပေါ့၊မျိုးစေ့ပေါင်နှစ်ဆယ် သွားဝယ်ရအောင်"

ချမ်ရှီမှပြောလိုက်သည်။

ကျိုးရှန်းရှန့်သည် ရုတ်တရက်အပြုံးကြီးဖြင့်လျှောက်လာပြီး ကျိုးထောင်ဟွားနား,နားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ထောင်ဟွား ရန်ဖုန်းရှို့ရဲ့မိသားစုက အောင်သွယ်တော်ယိုကို ငါတို့အိမ်လွှတ်ပြီးလာတောင်းရမ်းတယ်လေ၊တောင်းရမ်းလက်ဆောင်အဖြစ် ငန်းဖြူကြီးတစ်စုံတောင် ပေးလိုက်သေးတယ်၊အခုငါတို့ကြက်ခြံထဲမှာ မွေးထားလိုက်ပြီ"

ကျိုးထောင်ဟွား သူမဘက်လှည့်ကြည့်ကာဂုဏ်ပြုလိုက်သည်။

"ဒါဆိုရင် အစ်မရှန်းရှန့်အတွက် စိတ်တိုင်းကျတဲ့ခင်ပွန်းကောင်းရတော့မှာမလို့ ဝမ်းသာပါတယ်နော်"

ကျိုးရှန်းရှန့်မှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြောလာ၏။

"စောပါသေးတယ်ဟယ် မင်္ဂလာအခမ်းအနားတွေက အလျင်စလိုလုပ်လို့ မရဘူးလေ၊ဒါပေမယ့် ကိစ္စတွေကတော့ အတော်လေးအတည်ဖြစ်နေပါပြီ"

ရန်မိသားစု၏အခြေအနေမှာ အလွန်ကောင်းမွန်သဖြင့် ကျိုးရှန်းရှန့်မှာများစွာ ကျေနပ်နေမိ၏။

ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမမှာကျိုးထောင်ဟွားနား,နားကပ်၍ တိုးတိုးလေးဆက်ပြောလာသည်။

"ငါ့အမေ အောင်သွယ်တော်ယိုဆီကနေကြားတာတော့ ကျိုးလျန်ဟွားရဲ့စိတ်ဓာတ်က မကောင်းဘူးတဲ့၊အောင်သွယ်တော်ယိုတစ်ယောက်တည်း ပြောနေတာ မဟုတ်ဘူးနော်၊ငါတို့ရွာပြင်ကလူတွေတောင် သိနေကြပြီ၊ကျိုးလျန်ဟွားက အကျင့်ယုတ်ပြီးငါတို့ရဲ့နာမည်ကို နေရာတိုင်းလိုက်ဖျက်ဆီးဖို့ အရူးဆီလာဘ်ထိုးခဲ့တယ်ဆိုပြီး‌တော့လေ"

ကျိုးထောင်ဟွား အံ့သြသွားရ၏။သတင်းမှာဤမျှအထိမြန်မြန်ဆန်ဆန်ပျံ့သွားသည်လား။သူမသိထားသလောက်တော့ ရွာထဲရှိလူအချို့မှာ ကျိုးလျန်ဟွားအားယုံနေကြဆဲဖြစ်ပြီး အရူးမှလျှောက်ပြောနေသည်ဟုသာ ထင်နေကြသည်။တစ်စုံတစ်ယောက်များ နောက်ကွယ်မှနေ သတင်းဖြန့်နေသည်လား။

.........

ကျိုးအိမ်ဟောင်းတွင်မူ

ကျိုးလျန်ဟွားမှာ အိမ်ထဲတွင်အပိတ်ခံထားရပြီး ဆူပူကြိမ်းမောင်းခံနေရသည်မှာ သုံးရက်ဆက်တိုက်ရှိနေပြီဖြစ်၏။အဘွားစွင်းမှာ ကျိုးရှီအားဆဲဆိုပြီး ကျိုးရှီမှကျိုးဖုန်းအားပြန်ဆူလေသည်။

ကျိုးဖုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့်ခြေဆောင့်ကာ ပြောလာ၏။

"ကျွန်တော်နဲ့ချိုက်ရှရဲ့လက်ထပ်ပွဲအတည်ဖြစ်ခါနီးမှ အခုနင့်ကြောင့်ကျန်းမိသားစုကတင်တောင်းငွေကို နှစ်တေး ထပ်တိုးတောင်းနေပြီ"

ကျိုးလျန်ဟွားမှာတော့ စိတ်ထဲမှနေနှာခေါင်းရှုံ့လိုက်မိ၏။တစ်ကယ်လို့ ကျန်းချိုက်ရှသာ နင့်ကိုတစ်ကယ်ချစ်ရင် ဒီလောက်ထိငွေတွေအဆမတန်တောင်းနေမှာမဟုတ်ဘူးဟဲ့။

ကျိုးရှီမှ ဆက်ပြီးဆဲဆိုကြိမ်းမောင်းနေ၏။

"ငွေ၂တေးရဖို့အတွက် တစ်မိသားစုလုံး ဘယ်လောက်ကြာအောင် အလုပ်လုပ်ရမလဲဆိုတာ နင်သိရဲ့လား၊အခုတော့ ရန်မိသားစုနဲ့လက်ထပ်ပွဲလဲပျက်သွားပြီ၊ရွာထဲမှာလဲ နင့်ကိုယူမယ့်သူကိုရှာဖို့ခက်သွားပြီ၊နင့်အတွက်ရမယ့် တင်တောင်းငွေတွေလဲအကုန်ပျောက်ကုန်ပြီ၊အဲ့ငွေတွေက ကျန်းယန့်ချိုးတို့အိမ်ကို ရောက်သွားတော့မှာ"

ကျိုးရှီသည် ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေ၏။ဤတစ်ကြိမ်တွင်မူ ကျိုးလျန်ဟွားလည်းအောင့်မထားနိုင်တော့ဘဲ ချေပပြောလိုက်တော့သည်။

"ဒါတွေက သမီးအပြစ်မဟုတ်ဘူးလေ၊ဟိုအသံနတ်ဆိုးကြောင့်ဖြစ်ရတာကို သူသာမရှိရင် သမီးကဘာလို့အောင်သွယ်တော်ယိုနဲ့ငြင်းခုန်နေပါ့မလဲ"

အဘွားစွင်းမှာ စားပွဲကိုအားဖြင့်ရိုက်ချကာ ငေါက်ငမ်းလိုက်သည်။

"နင့်အပြစ် မဟုတ်ဘူးပေါ့လေ၊နင်ကဘာကိစ္စနဲ့ထောင်ဟွားကို ရန်သွားစရတာလဲ၊တစ်ကယ်လို့ နင်သာသူမနဲ့ဟိုကပ်ဆိုးကြယ်အကြောင်း ကောလာဟလလိုက်မလွှင့်ခဲ့ရင် သူမကရောအဲဒီသံတုတ်ကြီးကိုကိုင်ပြီး အပြင်ထွက်လာပါ့မလား"

All Chapters