အခန်း (၄၁)
Vol. 5 Ch. 41
"အခုတော့ နင်ကစိတ်ထားမကောင်းလို့ အသံနတ်ဆိုးကိုဆွဲဆောင်လိုက်မိတယ်ဆိုတဲ့ကိစ္စက အားလုံးလက်ခံထားတဲ့အမှန်တရားဖြစ်သွားပြီ။ပြီးတော့အဲ့နတ်ဆိုးက ယောကျ်ားသားတစ်ယောက်ဖြစ်နေပြီး ထောင်ဟွားတို့အိမ်မှာပဲအမြဲရှိနေတာလေ၊ရွာသားတွေက နောက်ကွယ်မှာနင့်အကြောင်းဘာတွေပြောနေကြမလဲဆိုတာ ဘယ်သူသိမှာလဲ"
အဘွားစွင်းမှပြောလေလေ ကျိုးလျန်ဟွားမှာကြောက်လန့်မိလေလေဖြစ်လာရာ လက်ထဲရှိလက်ကိုင်ပုဝါလေးမှာလည်းဆုတ်ခြေခံရလွန်း၍တွန့်ကြေကုန်တော့၏။
"အဘွား သမီးဘယ်လိုလုပ်ရမလဲ၊သမီးကတစ်သက်လုံးအိမ်ထောင်မပြုရတော့ဘူးလား"
အဘွားစွင်းလည်း ဘာလုပ်ရမည်မှန်းမသိတော့ပေ။ဒုတိယသားမိသားစု၏နေထိုင်မှုဘဝမှာ ဖြည်းဖြည်းချင်းတိုးတက်လာနေပြီး အုတ်ကြွပ်မိုးအုတ်အိမ်ဖြင့်ပင် ပြောင်းနေနိုင်ကြပြီပင်။သူမတို့သည်တော့ သက်ကယ်မိုးရွှံ့အုတ်အိမ်ဖြင့်သာရှိနေသေးသည်ကိုသိလိုက်ရချိန်တွင် မနာလိုစိတ်ဝင်မိသော်လည်း အခြားတစ်ဖက်၌ ထောင်ဟွားပြောသမျှကိုနားထောင်ရုံမှတစ်ပါးရွေးချယ်စရာမရှိပါပေ။
ထောင်ဟွားမှတောင်ခြေ၌ဆေးမြစ်တူးခိုင်းသောကြောင့် လျန်ဟွားတို့သွားတူးကြရာ တစ်ကယ်ပင်၁၀တေးကျော်ရခဲ့သည်။ထောင်ဟွားမှ ထင်းခုတ်ခိုင်း၍သွားခုတ်ရာ ယခုဆိုလျှင်မီးဖိုချောင်အတွက်အတော်လေး အဆင်ပြေနေပြီဖြစ်၏။ယခုလည်း ထောင်ဟွားမှဤနှစ်ဆောင်းတွင်းတွင် နှင်းမုန်တိုင်းကြီးကျရောက်မည်ဟုပြောလာပြန်ကာ ငွေရှိသည့်သူများမှာအုတ်အိမ်ဆောက်ထားသင့်ပြီး ငွေမရှိသည့်သူများမှာတော့ အိမ်ခေါင်မိုးပြင်ကာနံရံမှအက်ကြောင်းများအားပိတ်ထားဖို့ သတိပေးထားသည်။
အဘွားစွင်းသည် ထိုစကားအားမလိုက်နာဘဲမနေရဲပေ။သူမသည် ကျိုးအိမ်ဟောင်းကို အသစ်ပြန်ဆောက်ရမည်လား ပြုပြင်ရုံသာလုပ်ရမည်လားကိုစဉ်းစားနေမိ၏။
အခန်းထဲ၌တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်အတော်ကြာမှ အဘွားစွင်းသည် ကျိုးလျန်ဟွားထံ ပြောလိုက်သည်။
"ထောင်ဟွားဆီသွားပြီး တောင်းပန်လိုက်တော့"
*ဘယ်လို*
ကျိုးလျန်ဟွားမျက်နှာမှာ ရှက်လွန်း၍ နီမြန်းသွားပြီးမှ တစ်ခါဖြူဖျော့သွားပြန်၏။အဘွားစွင်းမှာ သူမထံတစ်ချက်ကြည့်၍ပြောလာသည်။
"နင်တို့ကမျိုးဆက်တူတွေပဲလေ၊သူမကို တောင်းပန်ရတာက ရှက်စရာမဟုတ်ဘူး၊အခုဆိုနင့်နာမည်က ပျက်နေပြီဆိုတော့ ထောင်ဟွားနဲ့ရင်းနှီးအောင် ပေါင်းထားတာက နင့်အတွက်အကျိုးရှိလိမ့်မယ်"
ကျိုးလျန်ဟွားလည်း လေသံတိုးတိုးဖြင့်ပြန်ဖြေလိုက်ရတော့သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ"
ကျိုးလျန်ဟွားအပြင်ထွက်သွားပြီးနောက်တွင်တော့ ကျိုးဖုန်းသည်အဘွားစွင်းရှေ့တွင် ချက်ချင်းဝင်ထိုင်လာကာ သူမခြေထောက်ကိုလှုပ်ယမ်းရင်း တောင်းဆိုလာတော့သည်။
"အဘွား ကျွန်တော်ဘာမှမသိချင်ဘူး၊ကျွန်တော်က ချိုက်ရှကိုပဲလက်ထပ်ချင်တာမလို့ တင်တောင်းငွေ ၂တေးပိုပေးရမယ်ဆိုလဲပေးလိုက်ပါနော်၊ကျွန်တော်က ခုဆို၁၆နှစ်ရှိနေပြီ၊အချိန်တိုအတွင်းအိမ်ထောင်မပြုခဲ့ရင် ရွာသားတွေကြားမှာအလှောင်ခံရတော့မှာပဲ"
ကျိုးဖုန်းမှာ အဘွားစွင်း၏အချစ်ဆုံးမြေးဦးလေးပင်။သူ၏ပူဆာသံကြောင့် အဘွားစွင်းမှာ စိတ်မကောင်းဖြစ်သွားရ၏။အခြားသူသာ တင်တောင်းငွေ၁၂တေးတောင်းလာပါလျှင် သေချာပေါက်ငြင်းမိမည်ဖြစ်သော်လည်း ယခုမှာမူ သူမအချစ်ဆုံးမြေးလေးဖြစ်နေသည်မဟုတ်ပါလား။
"မြေးလေးရေ ကောင်းပါပြီကွယ် ကောင်းပါပြီ၊အဘွား အခုပဲအောင်သွယ်တော်ယိုဆီသွားပြီး တင်တောင်းငွေ၂တေးတိုးပေးမယ့်အကြောင်း သွားပြောလိုက်ပါ့မယ်"
အဘွားစွင်းမှာ ကျိုးဖုန်းလက်ကိုအသာပုတ်၍သဘောတူလိုက်၏။
အနားတွင်ရပ်နေသော ဝမ့်ရှီမှာကျိုးစန်းရှီအားတံတောင်နှင့်ထိုးလိုက်သည်။ကျိုးစန်းရှီမှာ ချက်ချင်းဆိုသလိုရှေ့တိုးလာပြီး အဘွားစွင်းလက်ကို ဆွဲဖယ်၍ပြောလိုက်၏။
"အမေက ရှောင်ဖုန်းကိုပဲဂရုစိုက်ပြီး ရှောင်ယွီကိုကျ ပစ်ထားလို့မရဘူးလေ၊အိမ်မှာရှိသမျှပိုက်ဆံတွေအကုန်လုံးကို ရှောင်ဖုန်းမင်္ဂလာဆောင်အတွက်သုံးလိုက်ရင် ရှောင်ယွီရဲ့နောက်နှစ်မင်္ဂလာဆောင်ကျတော့ ဘာနဲ့လုပ်ရမှာလဲ၊ပြီးတော့ ကျွန်တော်တို့ရှောင်လဲ့ကလဲအရမ်းဉာဏ်ကောင်းတဲ့ကလေးကို သူ့ကိုကျောင်းထားပေးမယ်လို့ အမေကတိပေးထားတာကြာပြီလေ"
အဘွားစွင်းသည် သူမအငယ်ဆုံးမြေးလေးအားကြည့်ကာ သက်ပြင်းချလိုက်မိ၏။နှစ်ယောက်စလုံးမှာ သူမအချစ်တော်များပင် မဟုတ်ပါလား။
"ဒါ ဒါ ဒါက....."
အဘွားစွင်းမှာ အိမ်ရှိငွေသည်မလောက်မငှဖြစ်နေသည်ဟု ရုတ်ချည်းခံစားလိုက်ရ၏။မူလ၌သဘောတူပြီးသားဖြစ်သည့်အဘွားဖြစ်သူမှာ ဦးလေးစကားကြောင့် နောက်ဆုတ်သွားသည်ကိုမြင်လိုက်၍ ကျိုးဖုန်းမှကျိုးစန်းရှီအား ပြောလိုက်သည်။
"ဦးလေး ရှောင်ယွီကနောက်နှစ်မှအိမ်ထောင်ပြုမှာဆိုပေမယ့် ရှင်းဟွားလဲနောက်နှစ်ဆို အိမ်ထောင်ပြုရမှာပဲလေ၊ရှင်းဟွားရဲ့တင်တောင်းငွေကိုယူပြီး ရှောင်ယွီအတွက်သုံးလိုက်ရင်မရဘူးလား"
ရှောင်ယွီနှင့်ရှင်းဟွားမှာအမြွှာများဖြစ်ကြ၏။
ကျိုးစန်းရှီမှာ ဒေါသတကြီးဖြင့်ပြန်ချေပလိုက်သည်။
"ငါ့ရဲ့ရှောင်ယွီအတွက် ရှင်းဟွားရဲ့တင်တောင်းငွေကို ဘာလို့သုံးရမှာလဲ၊မင်းကျတော့ရော အိမ်ကပိုက်ဆံတွေပဲအကုန်ယူသုံးနေတာမဟုတ်ဘူးလား၊မင်းသာတစ်ကယ်အစွမ်းအစရှိရင် မင်းညီမရဲ့တင်တောင်းငွေကိုပဲယူသုံးလိုက်ပါလား"
"ဦးလေး ခင်ဗျား"
ကျိုးဖုန်းမျက်နှာမှာ ရှက်လွန်း၍နီရဲသွားရ၏။
ကျိုးရှီသည်လည်း ကျိုးစန်းရှီစကားကြောင့် အလွန်ဒေါသထွက်သွားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်။ရန်မိသားစုမှ လျန်ဟွားအားမလိုချင်တော့သည်ကို လူတိုင်းသိနေကြပြီပင်။ရန်မိသားစုနှင့် လက်ထပ်ပွဲပျက်သွားရုံတင်မကဘဲ လျန်ဟွားအတွက်ဘေးရွာများတွင်ပါ အိမ်ထောင်ဖက်ရှာရန်ခက်ခဲသွားတော့မည်ဖြစ်၏။
ကျိုးစန်းရှီက သူမကိုဒေါသမထွက်,ထွက်အောင် တမင်ဆွနေတာမဟုတ်ဘူးလား။
"မတ်လေး အမေကထောင်ဟွားဆီမှာမင်းကိုကယ်ဖို့ ၁၂တေးတောင်အကုန်ခံခဲ့ရတာလေ အဲဒါကရောပိုက်ဆံမဟုတ်ဘူးလား"
ကျိုးရှီမှဆူငေါက်လိုက်၏။
သူမခင်ပွန်းအပြောခံနေရသည်ကိုမြင်သောအခါ ဝမ့်ရှီလည်းပြန်ပက်လိုက်သည်။
"ယောင်းမရေ လျန်ဟွားဆီအသံနတ်ဆိုးပူးတုန်းကလဲ အမေကထောင်ဟွားကို၁၀တေးပေးပြီး နှင်ခိုင်းခဲ့ရတာပဲမဟုတ်ဘူးလား"
ထိုဆူညံသံများကိုကြားနေရသောအခါ ကျိုးဖုန်းမှ ရုတ်ချည်းအော်ဟစ်ချလာ၏။
"တော်ပြီ ရပ်လိုက်ကြတော့၊ပိုက်ဆံလေးပဲမလား ကျွန်တော့်ဘာသာကျွန်တော်ရှာနိုင်ပါတယ်"
ထိုသို့ပြောပြီး ကျိုးဖုန်းသည်မီးဖိုချောင်ထဲသို့ဝင်ကာ ဂေါ်ပြားလေးတစ်လက်နှင့်ခြင်းတောင်းတစ်လုံးကို သွားယူတော့၏။ကျိုးရှီမှာ သူ့နောက်မှလိုက်သွားပြီး မေးလိုက်သည်။
"ရှောင်ဖုန်း သားဘာလုပ်မလို့လဲ"
"ဆေးမြစ်သွားတူးမလို့"
သူ့ဘာသာသူကြိုးစားပြီး ချိုက်ရှကိုလက်ထပ်ယူနိုင်ရမည်ဟု စိတ်အားထက်သန်နေတော့၏။
သူမအငယ်ဆုံးသားနှင့်မြေးဦးတို့မှ ငြင်းခုန်နေကြသည်ကိုမြင်သောအခါ အဘွားစွင်းလည်းနှစ်ဖက်စလုံးအား ကျေနပ်သွားစေရန် မည်သို့လုပ်ရမည်ကိုတွေးတောနေလိုက်သည်။တစ်ချိန်တည်းမှာပင် ကျိုးထောင်ဟွားပြောခဲ့သော နှင်းမုန်တိုင်းအကြောင်းကိုလည်း စိုးရိမ်နေမိပြန်၏။
ဒုတိယမိသားစုအိမ်လိုမျိုးကို အခန်းခြောက်ခန်းပါအုတ်အိမ်မျိုးပြန်ဆောက်မည်ဆိုလျှင် တေး၂၀/၃၀ခန့် ကုန်ကျပေလိမ့်မည်။ထိုပမာဏအားတွေးမိရုံနှင့်ပင် အဘွားစွင်းမှာထိတ်လန့်သွားရ၏။ကုန်ကျစရိတ်များလွန်းလှသည်။
အကယ်၍ အိမ်ခေါင်မိုးအားအုတ်ကြွပ်များဖြင့်လဲလှယ်ပြီး နံရံကိုအင်္ဂတေကိုင်ရုံဆိုလျှင်ပင် ၄ တေးတော့ကုန်ကျမည်ဖြစ်၏။
ကုန်ကျစရိတ်အားတွေးမိလေလေ အဘွားစွင်းမှာခေါင်းကိုက်ရလေလေဖြစ်နေတော့သည်။နေရာတိုင်းတွင် ငွေလိုနေသည်မဟုတ်ပါလား။
ရွာလူကြီးမှာ မြေရိုင်းဖော်မည့်သူသည် သုံးနှစ်တိတိအခမဲ့စိုက်ပျိုးခွင့်ရမည်ဟုပြောခဲ့၏။သူမသည် ကျိုးရှီထံလှမ်းအော်လိုက်သည်။
"ညည်းယောက္ခထီးနဲ့တချမ်းကိုအမြန်သွားခေါ်ချေ!ဆေးမြစ်တူးနေတာရပ်ပြီး မြေရိုင်းသွားဖော်ခိုင်းလိုက်၊သုံးလဆိုရင် ဆေးပင်တွေကြီးပြီဆိုတော့ တစ်ရာသီမှာတစ်မူကို အနည်းဆုံး၂တေးခွဲရနိုင်တယ်လို့ရွာလူကြီးကပြောခဲ့တယ်မလား"
သူမသည်ရည်မှန်းချက်ကြီးစွာဖြင့် သုံးမူစာအတွက်မျိုးစေ့များဝယ်ယူလိုက်၏။အကယ်၍မြေရိုင်းမဖော်နိုင်မည်ကိုသာမစိုးရိမ်မိပါလျှင် ၃၀မူစာအတွက်ပင် ဝယ်ယူမိပေလိမ့်မည်။
ရွာသားအများစုမှာ မျိုးစေ့များဝယ်ယူပြီးသည်နှင့် ပေါက်ပြားကိုယ်စီဖြင့်မြေရိုင်းဖော်ရန် ထွက်သွားကြတော့၏။ရှုပ်ပွနေသောမြက်ပင်များနှင့်အမြစ်များမှာ မြေကြီးအားသံခြေကျင်းဖြင့်ခတ်ထားသကဲ့သို့ပင် ခုတ်ထွင်ရှင်းလင်းရန်အလွန်အားစိုက်ရသည့်အပြင် ပေါင်းပင်များမှာလည်းပေါက်လာတတ်ပြန်သေးသည်။
.........
ကျိုးလျန်ဟွား ကျိုးထောင်ဟွားတို့အိမ်သို့ရောက်လာသောအခါ ဒူးရင်းသီးနတ်ဆိုးလေးမှ အရင်ဆုံးသတိထားမိလိုက်၏။လေးလံသောခြံဝင်းတံခါးကြီးမှ ရုတ်ချည်းပွင့်လာခဲ့၍ ကျိုးလျန်ဟွားလန့်သွားရသည်။
ရွှေရောင်ဒူးရင်းသီးခွံဖြင့်ပြုလုပ်ထားသောခေါင်းဆောင်းလေးဆောင်းထားသည့်ကလေးမလေးမှာ မျက်လုံးပြူးပြူးလေးဖြင့် သူမအားမေးလာ၏။
"ဘာကိစ္စရှိလို့လဲ"
"ညီမလေးထောင်ဟွား အိမ်မှာရှိလား၊အစ်မကသူနဲ့ စကားပြောချင်လို့ပါ"
ဒူးရင်းသီးနတ်ဆိုးလေးသည် တံခါးဝမှဖယ်ပေးလိုက်၏။ကျိုးလျန်ဟွားတစ်ယောက် ကျိုးထောင်ဟွားရှေ့သို့ရောက်လာချိန်တွင် ကျိုးထောင်ဟွားမှာလူတိုင်းနှင့်အတူ မြေရိုင်းဖော်ရန်ထွက်ခွာတော့မည်ဖြစ်သဖြင့် တံခါးခုံတွင်ထိုင်ကာဖိနပ်လဲနေပြီပင်။
ကျိုးထောင်ဟွားမော့ကြည့်လိုက်ရာ ကျိုးလျန်ဟွားတစ်ယောက် တောင့်တောင့်ကြီးရပ်နေပြီး လက်နှစ်ဖက်ဖြင့်သူမအင်္ကျီအနားကို တင်းတင်းဆုပ်ကိုင်ထားသည်အား မြင်လိုက်ရ၏။သူမမှာတွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပင် စကားစလာသည်။
"ညီမထောင်ဟွား အရင်ကငါ့အမှားတွေအတွက် တောင်းပန်ပါတယ်၊ငါ့အမှားတွေကို ခွင့်လွှတ်ပေးပါနော်"
ကျိုးလျန်ဟွားသည်အခြေအနေများမှာ သူမမျှော်လင့်ထားသလို ဖြစ်မလာတော့ဘဲ ရွာတွင်းသာမကရွာပြင်ထိပါ သူမနာမည်ပျက်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီပင်။
ထိုစကားအားကြားလိုက်သော ချမ်ရှီမှာဆူငေါက်လိုက်သည်။
"တစ်နေ့ကတော့ ညည်းပဲအတင်းငြင်းနေသေးတာမဟုတ်ဘူးလား၊ဒီနေ့ကျမှဘာလို့ဟန်မဆောင်တော့တာလဲ၊လျန်ဟွား လူဆိုတာရိုးသားတဲ့စိတ်နှလုံးရှိရမယ် မဟုတ်လို့ကတော့ ဝဋ်လည်ပြီးကိုယ်စိုက်တာကိုယ်ပြန်ရိတ်သိမ်းရမှာပဲ"
ယခုဆိုလျှင် အရူး၏မိဘများနှင့်ညီမဖြစ်သူတို့မှာ လျန်ဟွားကိုမြင်ချိန်တိုင်း တံတွေးဖြင့်ထွေးကြတော့၏။
"ဒုတိယအဒေါ်ပြောတာမှန်ပါတယ် သမီးနောက်တစ်ခါထပ်မလုပ်ရဲတော့ပါဘူး"
ကျိုးလျန်ဟွားမှာထိုသို့ပြောရင်း ကျိုးထောင်ဟွားထံကြည့်လိုက်၏။တစ်စုံတစ်ခုသောအကြောင်းပြချက်ကြောင့် ကျိုးထောင်ဟွားတွင်သူမအတွေးများအား ထွင်းဖောက်မြင်နိုင်သောမျက်လုံးများရှိနေသည်ဟု သူမ ခံစားနေရသည်။ထို့ကြောင့် ယခုတော့ကျိုးထောင်ဟွားရှေ့တွင် မည်သည့်မကောင်းသောအကြံအစည်ကိုမှ သူမ,မထားဝံ့တော့ပေ။
ကျိုးထောင်ဟွားမှ ကျိုးလျန်ဟွားထံတစ်ချက်ကြည့်လိုက်ရာ သူမကိုယ်ပေါ်ရှိနိမိတ်မကောင်းသောမီးခိုးရောင်အငွေ့အသက်များမှာ အတော်လေးပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ကျိုးလျန်ဟွား၏ပြုပြင်ပြောင်းလဲလိုသောစိတ်မှာ အစစ်အမှန်ဖြစ်ပုံရသော်လည်း လုံးဝဥဿုံပြောင်းလဲသွားခြင်းတော့မဟုတ်သေးပေ။
"အစ်မလျန်ဟွား အစ်မတောင်းပန်တာကို ညီမလက်ခံပါတယ်၊အခု ညီမတို့တွေမြေရိုင်းသွားဖော်ကြတော့မလို့ ခွင့်ပြုပါဦး"
ထိုသို့ပြောပြီးနောက် သူမသည်တံခါးခုံမှထရပ်လိုက်၏။ချမ်ရှီနှင့်ကျိုးအာ့ရှုတို့လည်း နောက်မှကပ်လိုက်သွားကြသည်။သို့သော် သူတို့သုံးဦးစလုံးမှာလက်ဗလာဖြင့်ဖြစ်ပြီး နောက်ဆုံးမှလိုက်လာသော လူသန်ကြီးသာ ပစ္စည်းအားလုံးကိုထမ်းလာခဲ့ခြင်းပင်။
ကျိုးလျန်ဟွားသည် ထိုလူသန်ကြီးအားမြင်လိုက်သည်နှင့် အလွန်ထိတ်လန့်သွားပြီး နောက်သို့ဆုတ်လိုက်ရာလဲကျတော့မတတ်ဖြစ်သွားရ၏။
ဘုရားရေ တစ်ကယ်ကြီးကိုကြောက်စရာကောင်းလိုက်တာ။