← Chapters

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂)

Vol. 5 Ch. 42

ကျိုးထောင်ဟွားသည် အခြားသူများပယ်ထားသည့် မြေရိုင်းတစ်ကွက်ကိုရွေးချယ်ထား၏။သူမ၏အမိန့်ပေးသံနှင့်အတူ လူသန်ကြီးသည်ဒေါသထွက်နေသောနွားသိုးတစ်ကောင်အလား မြေရိုင်းထဲသို့ပြေးဝင်သွားတော့သည်။

သူသည် အံ့မခန်းအင်အားများဖြင့်ထူထဲလှသောနွယ်ပင်များနှင့် ရှုပ်ထွေးနေသောအမြစ်များကို အမြစ်ပြတ်ဆွဲနှုတ်ပစ်လိုက်၏။ပေါင်းမြက်များကို ရှင်းလင်းပြီးသည်နှင့် သူသည်မြေအားစတင်တူးဆွလေတော့သည်။ပေါက်ပြားကို သူတစ်ချက်လွှဲလိုက်တိုင်း မြေခဲကြီးများလွှင့်ထွက်သွားပြီး မြေကြီးများပင်တုန်ဟီးသွားရ၏။မာကျောသောကျောက်တုံးကြီးများနှင့်တွေ့လျှင်ပင် သူသည်နောက်ဆုတ်မသွားပေ။ကျောက်တုံးကြီးအား သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ အားစိုက်အော်ချကာ ဆွဲထုတ်ပြီးအဝေးသို့လွှင့်ပစ်လိုက်၏။

ကျိုးထောင်ဟွား၊ချမ်ရှီနှင့်ကျိုးအာ့ရှုတို့မှာ လူသန်ကြီးတူးဆွပေးထားသော မြေခဲများအားရိုက်ခွဲခြင်း၊မြေညှိခြင်း၊မြောင်းဖော်ခြင်း၊မျိုးစေ့ချခြင်းနှင့်နောက်ဆုံးမြေပြန်ဖို့ခြင်းတို့လုပ်ဆောင်ကြသည်။တစ်ရက်အတွင်းမှာပင် သူတို့သုံးဦးနှင့်လူသန်ကြီးတို့သည် ၁၀မူစာအလုပ်ကိုအပြီးသတ်နိုင်ခဲ့ကြ၏။

မြေရိုင်းဖော်နေကြသည့် အခြားရွာသားများမှာ အံ့အားသင့်ကုန်ကြသည်။

"ထောင်ဟွားတို့မိသားစုမှာ ဒီလိုနတ်ဆိုးတစ်ကောင်ရှိတာ တစ်ကယ်အားကျစရာပဲဟေ့၊နွားတစ်ကောင်ထက်တောင် အလုပ်ပိုတွင်သေးတယ်"

"ကျောက်တုံးနဲ့ပေါင်းမြက်တွေပြည့်နေတဲ့ မြေရိုင်း၁၀မူကို တစ်နေ့တည်းနဲ့သပ်သပ်ရပ်ရပ်စိုက်ခင်းဖြစ်အောင်လုပ်နိုင်တယ်ကွ"

ကျိုးထောင်ဟွားတို့မိသားစု လယ်ယာသုံးပစ္စည်းများအားသိမ်းဆည်း၍ အိမ်ပြန်ရန်ပြင်နေစဉ်မှာပင် အဘွားဖုန်းမှကျိုးထောင်ဟွားအား လှမ်းခေါ်လိုက်သည်။

"ထောင်ဟွား သမီးရဲ့အဲ့လူသန်ကြီးကိုငှားလို့ရမလား"

ထိုစကားကြောင့် လူသန်ကြီးမှာဆွံ့အသွားရ၏။ငှားလို့ရမလားလို့ မေးရဲတယ်ပေါ့လေ။ငါ့ကိုများ ဘာမှတ်နေကြတာလဲ။ဤဆရာသခင်ဖြစ်သူမှစွမ်းအားကြီး၍သာ သူနားထောင်နေခြင်းပင်။ဤအဘွားကြီးစကားအား အဘယ်ကြောင့်နားထောင်ရပါမည်နည်း။

ကျိုးထောင်ဟွားလည်း ခဏတာကြောင်သွားပြီးမှ အသံကျယ်ကျယ်ဖြင့်ပြန်ဖြေလိုက်သည်။

"ငှားလို့ရတာပေါ့"

သူမသည် ဘေးမှလူသန်ကြီးအားဆွဲကာ အဘွားဖုန်းထံပြောလိုက်သည်။

"အဘွားဖုန်း သမီးတို့ရဲ့လူသန်ကြီးကိုမြေတစ်မူဖော်ပေးခအနေနဲ့ ပြားတစ်ရာ‌ပေးရပါမယ်၊သမီးတို့မြေရိုင်းလိုပဲသပ်သပ်ရပ်ရပ်ဖြစ်စေရမယ်လို့ အာမခံတယ်"

ပြားတစ်ရာဆိုသည်မှာ သိပ်မများလှသော်လည်း နည်းလှသည်တော့မဟုတ်ပေ။သို့သော် ပိုက်ဆံပေးပြီးအပင်ပန်းမခံရသည်မှာပိုကောင်းပါ၏။

အဘွားဖုန်းမှာ ဝမ်းသာအားရဖြင့်ပြောလာသည်။

"ဒါဆို အဘွားစာရင်းအရင်ပေးထားမယ်နော်၊မနက်ဖြန်မနက်ကျရင် အိမ်ကမြေရိုင်းတစ်မူ မဟုတ်သေးပါဘူး လေးမူလောက်လာဖော်ပေးပါဦး"

ထိုသို့ပြောရင်း အဘွားဖုန်းသည်သူမအင်္ကျီအိတ်ထဲမှ ပြားလေးရာအားရေတွက်ကာ ကျိုးထောင်ဟွားထံပေးလိုက်၏။ရွာလူကြီးမှ နှမ်းရွက်နှင့်ယီမူချောင်တစ်မူစိုက်လျှင် တစ်ရာသီတွင်အနည်းဆုံး ၂တေးခွဲရမည်ဟု ပြောထားသည်လေ။ထိုသို့ဆိုပါက သူတို့သာပိုစိုက်နိုင်လေလေ ပိုက်ဆံပိုရလေလေဖြစ်မည်ပင်။

ဘေးနားရှိအခြားရွာသားများသည်လည်း ကျိုးထောင်ဟွား၏လူသန်ကြီးကို ငှားရမ်းနိုင်ကြောင်းကြားသောအခါ အားလုံးမှာစိတ်ဝင်တစားဖြစ်လာကြတော့၏။ကျိုးထောင်ဟွားသည် လူသန်ကြီး၏ခွန်အားကိုအသုံးချပြီး ငွေရှာနိုင်မည်ဟုထင်မထားခဲ့ပေ။

သူမသည် ရွာသားများထံလှမ်းအော်ပြောလိုက်သည်။

"အားလုံးစိတ်မပူကြပါနဲ့ တစ်ယောက်ပြီးမှတစ်ယောက် အလှည့်ကျလုပ်ပေးပါ့မယ်"

ကျိုးထောင်ဟွားမှ လူတိုင်း၏ကမ်းလှမ်းချက်အားလက်ခံကာ ပြားတစ်ရာ နှစ်ရာ သုံးရာစသဖြင့်ငွေများ သူမလက်ထဲရောက်သွားသည်ကို လူသန်ကြီးမှာငေးကြည့်နေမိ၏။သူမက အကုန်လုံးကိုဒီအတိုင်းပဲသဘောတူလိုက်တာလား။

လူသန်ကြီးသည် ကျိုးထောင်ဟွားသဘောတူလိုက်သည့် မြေအကျယ်အားအမြန်တွက်ချက်ကြည့်လိုက်ရာ ၃၀မူခန့်ရှိနေပြီကိုသိလိုက်ရရာ လက်သီးတင်းတင်းဆုပ်လိုက်မိ၏။

ကျိုးထောင်ဟွားသည် သူ့ခံစားချက်ကိုသတိထားမိသွားပြီး ငွေရသည့်ပျော်ရွှင်မှုမှနေချက်ချင်းရုန်းထွက်လိုက်သည်။အခြားရွာသားတစ်ဦးမှ ငွေထပ်ပေးရန်ပြင်လာချိန်တွင် သူမငြင်းပယ်လိုက်တော့၏။သူမ၏လက်နုနုလေးမှာ သူ့လက်သီးအားဆုပ်ကိုင်လာပြီး ထိုရွာသားထံပြောလိုက်သည်။

"ကျွန်မတို့ရဲ့အသံနတ်ဆိုးသခင်ကြီးက အရမ်းသန်မာထက်မြက်ပြီးအလုပ်ဆိုလဲသေချာလုပ်တတ်ပါတယ်၊ဒါပေမယ့်တစ်နေ့ကုန်ပင်ပင်ပန်းပန်းလုပ်နေရမှာကိုတော့ ကျွန်မ,မကြည့်ရက်လို့ပါ"

ထိုတစ်ခဏ၌ အသံနတ်ဆိုးမှာသူ့နှလုံးသားကို တစ်စုံတစ်ခုမှ ငြင်သာစွာပုတ်ခတ်လိုက်သလို ခံစားလိုက်ရ၏။အံ့အားသင့်သွားရသလို သက်သောင့်သက်သာရှိမှုကိုလည်း ထူးထူးဆန်းဆန်းသူခံစားလိုက်ရသည်။တင်းတင်းဆုပ်ထားသော သူ့လက်သီးကို မသိမသာလျှော့လိုက်မိပြီး ယခုအခါတွင်တော့ဤဆရာသခင်မှာ အတော်လေးသဘောကောင်းလှသည်ဟု ထင်မြင်လာမိ၏။ဤဆရာသခင်သည် သူ့အားအလုပ်ခိုင်းနေသော်လည်း ခံစားချက်များအားဂရုစိုက်ပေးသလို အစွမ်းအစရှိသူဟုလည်း အသိအမှတ်ပြုထားသည်မဟုတ်ပါလား။

ကျိုးထောင်ဟွားသည် အသံနတ်ဆိုး၏အပြောင်းအလဲကို သတိပြုမိလိုက်ရာ သူနောက်ထပ်အာခံတော့မည်မဟုတ်ကြောင်း သိလိုက်ရ၏။သူမထိုရွာသားထံ ဆက်ပြောလိုက်သည်။

"ကျွန်မတို့ရဲ့အသံနတ်ဆိုးသခင်ကြီးက တစ်နေ့ကိုအများဆုံး၁၅မူပဲဖော်ပေးနိုင်ပါတယ်၊ဦးလေးတို့မိသားစုက လူလေးယောက်ရှိတာပဲကို တစ်ရက်နှစ်ရက်ဆိုရင် အကုန်ဖော်နိုင်မှာပဲ၊ကျွန်မတို့နတ်ဆိုးကို ပိုက်ဆံပေးပြီးငှားနေစရာတောင်မလိုပါဘူး"

ထိုရွာသားမှပြန်ပြောလာသည်။

"ဒီတစ်မူကိုတော့ ငါတို့ဘာသာဖော်နိုင်ပေမယ့် နောက်တစ်မူထပ်တိုးစိုက်ချင်လို့ပါ၊အဲ့မြေရိုင်းကိုတော့ အခကြေးငွေပေးပြီးမင်းတို့နတ်ဆိုးကြီးကိုပဲဖော်ခိုင်းလိုက်မယ်လေ"

အကြောင်းစုံသိရမှသာ ကျိုးထောင်ဟွားလည်းသူပေးသောပြားတစ်ရာကို လက်ခံလိုက်၏။အခြားရွာသားများမှာလည်း ထိုနည်းတူပင်ဖြစ်ရာ ကျိုးထောင်ဟွား၏လူသန်ကြီးအား ငှားရမ်းမည့်အလှည့်ရောက်ရန် နှစ်ရက်စောင့်ဆိုင်းရမည်ကိုပင် ဝန်မလေးကြပေ။

ထို့ကြောင့်ကျိုးထောင်ဟွားသည် နောက်ထပ်မြေ ၁၅မူစာအလုပ်ကို လက်ခံလိုက်ရပြန်၏။ထိုနေ့တွင်ပင် သူမမှာရွာထဲ၌၄တေးနှင့်၅ပြားထိ ရှာဖွေနိုင်ခဲ့သဖြင့် ပျော်ရွှင်စွာပင်အိမ်ပြန်လာခဲ့သည်။ဝင်လုဆဲဆဲနေရောင်ခြည်အောက်တွင် သူမသည်ရှေ့မှလျှောက်နေရင်း လူသန်ကြီးဘက်လှည့်ကာ သူ့လက်အားဆုပ်ကိုင်ရင်း ပြောလိုက်၏။

"လူသန်ကြီး ဒီနေ့ နင်တစ်ကယ်တော်တယ်၊ငါတို့မိသားစုသက်တောင့်သက်သာနေနိုင်တာက နင့်ကျေးဇူးတွေအများကြီးပါတယ်နော်"

လူသန်ကြီးမှာ တစ်ခွန်းမှပြန်မပြောပါသော်လည်း နေဝင်ဆည်းဆာအလင်းအောက်မှ ညိုမည်းနေသောသူ့မျက်နှာမှာအနည်းငယ်နီမြန်းလာလေ၏။ကျိုးထောင်ဟွားနှုတ်ခမ်းမှာ အနည်းငယ်ပြုံးယောင်သန်းသွားသည်။ဤလူသန်ကြီးမှာ သူမစကားကိုလုံးဝနားထောင်တော့မည် ဖြစ်ကြောင်း သူမသိလိုက်ပြီပင်။

အိမ်သို့ပြန်ရောက်သောအခါ သူတို့သုံးဦးမှာသန့်ရှင်း‌ရေးလုပ်လိုက်ကြပြီး ညစာကိုစတင်ချက်ပြုတ်တော့သည်။အားလုံးဝိုင်းကူပေးလိုက်ကြသဖြင့် အချိန်တိုအတွင်းမှာပင် ပဲတောင့်ရှည်ကြော်၊ကြက်ဥကြော်နှင့်ဟင်းရွက်စွပ်ပြုတ်တို့အဆင်သင့်ဖြစ်သွား၏။ကျိုးထောင်ဟွားသည် ဟင်းအရသာပေါ့သည်ကို သည်းခံနိုင်သော်လည်း ကြမ်းတမ်းလှသောပြောင်းမုန့်ကိုမူမျိုချရန် ခက်ခဲနေဆဲပင်။

"အဖေ အမေ အခုဆိုသမီးတို့မိသားစု အခြေအနေလဲကောင်းလာပြီပဲကို ပြောင်းမှုန့်တွေမဝယ်တော့ဘဲ ဆန်ဖြူပဲစားကြရအောင်နော်"

ကျိုးထောင်ဟွားအကြံပြုလိုက်၏။

"ဒါပေမယ့် ဆန်ဖြူကပြောင်းမှုန့်ထက်ဈေးနှစ်ဆမကကြီးတယ်လေ"

ချွေတာတတ်သည့်ချမ်ရှီမှ မသိစိတ်အရအလိုလိုတားမိလိုက်သည်။ကျိုးအာ့ရှုနှင့်ကျိုးအိမ်ဟောင်းမှခွဲထွက်လာချိန်မှစ၍ သူမသည်ပြားစေ့တိုင်းကိုနှစ်ခြမ်းခွဲသုံးမိမတတ်ချွေတာခဲ့ရ၏။

"အမေ ဆန်ဖြူတစ်ပေါင်မှ၁၀ပြားပဲရှိတာပါ၊ဒီညနေလေးတင် လူသန်ကြီးက၄တေးနဲ့ ပြား၅၀ရှာပေးခဲ့တာလေ၊ပြီးတော့ရာသီသွေးမိစ္ဆာကလဲ တစ်နေ့ကိုလက်ကိုင်ပဝါ၄၈ထည်ထိထိုးပေးနေတာမလား၊အရင်ချည်လက်ကိုင်ပုဝါတုန်းကတောင် တစ်ထည်ကို၁၀ပြားရတာ အခုသုံးထားတဲ့ပိုးထည်နဲ့ဖဲသားတွေဆိုရင်တော့ ဘယ်လောက်တောင်ရလာဦးမယ်ထင်လဲ"

ကျိုးအာ့ရှုလည်း ချက်ချင်းဝင်ရောက်ထောက်ခံသည်။

"ထောင်ဟွား ပြောတာမှန်တယ်၊ဟုန်ယန်‌ရေ မနက်ဖြန်ကျကိုယ်မြို့ထဲသွားပြီး ဆန်ဖြူဝယ်ခဲ့မယ်နော်"

သူသည်လည်း ပြောင်းမှုန့်ကိုနှစ်ပေါင်း၃၀ကျော်ထိစားလာခဲ့ရသဖြင့် အတော်လေးငြီးငွေ့နေပြီပင်။ဆောင်းလလယ်ပွဲနေ့၌ ထောင်ဟွားဝယ်လာသည့် ဆန်ဟောင်း၏မွှေးရနံ့မှာ သူ့လျှာဖျားထက်တွင်စွဲကျန်နေရစ်ဆဲဖြစ်ပြီး နောက်တစ်လုပ်လောက်ထပ်စားချင်နေမိသည်။

ထိုအခါမှသာ ချမ်ရှီလည်းရှိခဲ့ဖူးသောသူမအတွေးအခေါ်များကို ပြောင်းလဲကာ သဘောတူလိုက်၏။

"ကောင်းပြီလေ ဒါဆိုဆန်ဖြူပဲဝယ်စားကြတာပေါ့"

သူတို့မိသားစု၏ဆင်းရဲပင်ပန်းသောနေ့ရက်များမှာ ကုန်ဆုံးသွားခဲ့ပြီပင်။နတ်ဆိုးများမှာ မိသားစုအတွက်ငွေရှာပေးနိုင်ရုံသာမက ဆယ်မူစာဆေးပင်စိုက်ခင်းကြီးရိတ်သိမ်းချိန်ရောက်လျှင်လည်း တစ်ရာသီတွင်အနည်းဆုံး၂၅တေးထိရလာဦးမည်ဖြစ်သည်။ထိုသို့ပြောရင်း ချမ်ရှီမျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့်တောက်ပလာတော့၏။

"အမေ အခုကစက်တင်ဘာလရောက်နေပြီဆိုတော့ ရာသီဥတုကတဖြည်းဖြည်းအေးလာပြီ၊မနက်ဖြန်ကျရင် အနွေးအင်္ကျီချုပ်ဖို့အထည်စတွေနဲ့ဂွမ်းအင်္ကျီချုပ်ဖို့ဝါဂွမ်းတွေပါဝယ်ခဲ့ဦးနော်"

ယခုတစ်ကြိမ်တွင်မူ ချမ်ရှီမငြင်းတော့ဘဲ လိုလိုလားလားပင်သဘောတူလိုက်၏။

"ဟုတ်ပါပြီ မနက်ဖြန်ကျရင်အထည်ဆိုင် သွားပြီး သေချာရွေးဝယ်လိုက်မယ်"

ငွေရှာနိုင်သောသမီးလေးရှိနေသည့်အတွက် ချမ်ရှီမှာလုံခြုံမှုများရှိနေသည်ဟုခံစားရ၏။မိသားစုသုံးယောက်မှာဆွေးနွေးပြီးသည်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ကာအိပ်ရာဝင်ရန် အခန်းထဲသို့ဝင်သွားလိုက်ကြသည်။

သို့သော်ရုတ်ချည်းဆိုသလို တစ်ရွာလုံးတုန်ဟီးသွားစေလောက်မည့်ထိတ်လန့်တကြားအော်ဟစ်သံကြီးတစ်သံထွက်ပေါ်လာလေ၏။

All Chapters