← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

"ရှောင်ဖုန်း သားဘယ်ရောက်နေတာလဲ"

"ရှောင်ဖုန်း မှောင်နေပြီလေ အိမ်ပြန်လာခဲ့တော့"

တိတ်ဆိတ်သောညဉ့်သန်းခေါင်ယံတွင် ကျိုးရှီ၏ရှိုက်ကြီးတငင်အော်ဟစ်သံမှာ တစ်ရွာလုံးပဲ့တင်ထပ်သွားတော့၏။ကျိုးအာ့ရှုနှင့်ချမ်ရှီတို့လည်းလန့်နိုးလာကြသည်။

"ဒါမရီးရဲ့အသံပဲ"

"ရှောင်ဖုန်းက ဒီအချိန်ထိအိမ်ပြန်မရောက်သေးဘူးလား"

သူတို့သည်အဝတ်အစားများအမြန်လဲကာ အပြင်သို့ထွက်လာလိုက်၏။ကျိုးထောင်ဟွားသည်လည်း စောင်ကိုဖယ်ကာ အင်္ကျီလဲပြီးထွက်လာခဲ့သည်။အိမ်ရှေ့ခန်းတံခါးသို့ သူမရောက်သည်နှင့် အပြင်ဘက်တွင် မိုးဖွဲဖွဲလေးကျနေသည်ကိုသတိထားမိလိုက်၏။

ကျိုးအာ့ရှုမှာ ခမောက်နှင့်မိုးကာအင်္ကျီဝတ်ဆင်ပြီးဖြစ်ကာ လက်ထဲတွင်မီးအိမ်အား ကိုင်လျက်အပြင်ထွက်ရန်ပြင်နေလေသည်။

"ဟုန်ယန် ထောင်ဟွား မင်းတို့အိမ်မှာပဲနေခဲ့ကြတော့ ကိုယ်သွားကြည့်လိုက်ဦးမယ်၊ရှောင်ဖုန်းသာ အိမ်ကိုတစ်ကယ်ပြန်မရောက်သေးဘူးဆိုရင် ကိုယ်ပါဝိုင်းရှာပေးလိုက်ဦးမယ်"

မည်သို့ပင်ဖြစ်စေ ရှောင်ဖုန်းသည်မိမိတူအရင်းဖြစ်ရာ လက်ပိုက်ကြည့်မနေနိုင်ပါချေ။

"ဟုတ်ပါပြီ ဂရုစိုက်သွားဦး"

"အဖေ အမြန်ပြန်လာခဲ့နော်"

ကျိုးအာ့ရှုလက်ထဲရှိ မီးအိမ်လေးထဲမှမီးတောက်မှာ ငြိမ်သက်စွာပင်လောင်ကျွမ်းနေ၏။မှိန်ဖျော့ဖျော့အလင်းရောင်မှာ ဆီစိမ်စက္ကူမှတစ်ဆင့် ခြေလှမ်းအနည်းငယ်စာအကွာအဝေးရှိ ရွှံ့ထူသောလမ်းကိုသာ ဝိုးတဝါးအလင်းပေးနိုင်လေသည်။

ကျိုးအာ့ရှုထွက်သွားသည်နှင့် ချမ်ရှီမှာသက်ပြင်းအသာချကာ

"မိုးရွာပြီဆိုတော့ ပိုအေးလာမှာပဲ၊ထောင်ဟွား သမီးအခန်းထဲပြန်ဝင်အိပ်တော့လေ၊ရှောင်ဖုန်းက ကလေးမဟုတ်တော့ပါဘူး၊မကြာခင်ပြန်ရောက်လာလိမ့်မယ်"

ကျိုးထောင်ဟွားခေါင်းငြိမ့်ပြကာ အခန်းထဲပြန်ဝင်သွားခဲ့သော်လည်း နောက်တစ်နေ့မနက်ရောက်သည်ထိ ကျိုးအာ့ရှုမှာအိမ်ပြန်မရောက်သေးချေ။

"အမေ အဖေရော"

ကျိုးထောင်ဟွား မေးလိုက်သည်။

"သမီးအစ်ကိုရှောင်ဖုန်းကို လိုက်ရှာနေကြတုန်းပဲ၊အခုလေးတင် အိမ်ဟောင်းဘက် သွားကြည့်လာသေးတယ်၊ရှောင်လဲ့ကလွဲရင် ဘယ်သူမှပြန်မရောက်ကြသေးဘူး"

ချမ်ရှီစကားပြောနေစဉ်မှာပင် တောင်ခြေဘက်မှအော်သံများထွက်လာပြန်သည်။

"ရှောင်ဖုန်း သားဘယ်မှာလဲ"

မကြာမီကျိုးအာ့ရှုပြန်ရောက်လာ၏။အေးလွန်းသောကြောင့် သူ့မျက်နှာမှာဖြူဖျော့နေပြီး တစ်ညလုံးမအိပ်ရသေးသဖြင့် မျက်လုံးများမှာလည်းသွေးကြောမျှင်များယှက်သန်းကာ နီမြန်းနေတော့၏။ဘောင်းဘီမှာလည်း ရွှံ့များဖြင့်ပေပွနေတော့သည်။ချမ်ရှီမှာ သူ့ခမောက်နှင့်မိုးကာကိုအမြန်ချွတ်ပေးရင်းပြောလိုက်၏။

"အခန်းထဲသွားပြီး အဝတ်အစားလဲလိုက်ဦး၊ပြီးရင် မီးဖိုထဲမှာမနက်စာပူပူနွေးနွေးလေးသွားစားလိုက်"

ကျိုးအာ့ရှုသည် ပြောင်းဆန်ပြုတ်တစ်ငုံသောက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ရှောင်ဖုန်းကိုရှာမတွေ့သေးဘူး၊အမေနဲ့မရီးပြောတာတော့ မနေ့မနက်ကဂေါ်ပြားနဲ့ခြင်းတောင်းယူပြီး ဆေးမြစ်တူးမယ်ဆိုပြီး တောင်ပေါ်တက်သွားတယ်တဲ့လေ၊တောင်ကြီးက ဒီလောက်ကျယ်တာကို တစ်ညလုံးဘေးနားကတောင်ကုန်းတွေဘက်မှာရှာခဲ့ကြတာ တောင်အလယ်ထိပါရောက်ခဲ့ပေမယ့် ရှောင်ဖုန်းကိုအရိပ်အယောင်တောင်မတွေ့ခဲ့ဘူးလေ၊ရှောင်ဖုန်းတော့ဘယ်လိုနေလဲမသိဘူး၊တောင်ပေါ်မှာ ဝံပုလွေတွေနဲ့များ တိုးနေမလားပဲ"

ထိုစကားကိုကြားသောအခါ ချမ်ရှီတုန်လှုပ်သွားပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်သွား၏။ရှောင်ဖုန်းမှာအရပ်ရှည်သော်လည်း ပိန်ပိန်ပါးပါးပင်ဖြစ်ကာ ရှန်းမင်ကဲ့သို့ဝံပုလွေများပင်ကြောက်ရသော သန်မာထွားကြိုင်းသည့်သူမျိုးမဟုတ်ချေ။တောင်ပေါ်တက်သွားသည်နှင့် ဝံပုလွေစာဖြစ်သွားမည်ကို လူတိုင်းစိုးရိမ်နေကြ၏။

ကျိုးထောင်ဟွားမှာ ကြက်ဥအခွံခွာလက်စဖြင့် မေးလိုက်သည်။

"အဖေ အစ်ကိုရှောင်ဖုန်းကတောင်ပေါ်တက်သွားတာ သေချာရဲ့လား"

"သေချာသလောက်ပါပဲ အခုသမီးအဘိုးနဲ့အဘွားက ရွာလူကြီးဆီသွားပြီးရွာသားတွေကို တောင်ပေါ်မှာဝိုင်းရှာပေးဖို့ အကူအညီတောင်းနေကြပြီ"

ကျိုးအာ့ရှု ပြောလိုက်၏။

မကြာမီမှာပင် ရွာထဲ၌အော်ဟစ်သံများဖြင့်ဆူညံသွားတော့သည်။ကျိုးထောင်ဟွားသည် အခွံခွာထားသောကြက်ဥကို ပါးစပ်ထဲအမြန်ထည့်ကာ ထရပ်လိုက်၏။

"ထောင်ဟွား သမီးဘယ်သွားမလို့လဲ"

ကျိုးအာ့ရှုနှင့်ချမ်ရှီတို့မှ အံ့ဩတကြီးဖြင့်ပြိုင်တူမေးလာကြသည်။

ကျိုးထောင်ဟွားမှာ လေးနက်သောအမူအယာဖြင့်ပြန်ဖြေလိုက်၏။

"အစ်ကိုရှောင်ဖုန်းကို သွားရှာပေးမလို့"

ညဘက်ဆိုလျှင်တောင်ပေါ်မှာအလွန်အေးပြီးအန္တရာယ်လည်းများသည့်အပြင် မနေ့ည၌မိုးပါရွာခဲ့သည်ပင်။ကျိုးအာ့ရှုတို့တစ်ညလုံးရှာမတွေ့ခဲ့ခြင်းမှာ ရှောင်ဖုန်းတစ်ယောက် အအေးမိပြီးသတိလစ်နေသည်ကိုမှောင်လွန်း၍မမြင်ခဲ့သည်မှာဖြစ်နိုင်သလို ဝံပုလွေစာဖြစ်သွားခြင်းလည်းဖြစ်နိုင်ပေသည်။မည်သို့ပင်ဆိုစေကာမူ အခြေအနေမကောင်းလှချေ။

"လူသန်ကြီး အဘွားဖုန်းတို့လာခေါ်ရင် နင် လိမ်လိမ်မာမာနဲ့မြေရိုင်းသွားဖော်ပေးလိုက်နော်"

ကျိုးထောင်ဟွားသည် အပြင်မထွက်မီလူသန်ကြီး၏လက်ဖမိုးကို ခပ်ဖွဖွပုတ်ကာမှာကြားခဲ့၏။ထို့နောက် သူမခေါင်းလှည့်လိုက်ရာ ဆံနွယ်လေးများသည် လှုပ်ရှားမှုနှင့်အတူယမ်းခါသွားတော့သည်။

ကျိုးထောင်ဟွားခြံဝင်းတံခါးကိုဖွင့်ရန်ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှတံခါးခေါက်သံတစ်သံထွက်လာလေ၏။

"ထောင်ဟွား သမီး...."

တံခါးမှရုတ်ချည်းပွင့်လာရာ ကျိုးရှီ၏*အိမ်မှာရှိလား*ဟူသော စကားမှာလည်ချောင်းတွင်းတစ်ဆို့သွားတော့၏။

အဘွားစွင်းမှာ ချက်ချင်းဆိုသလိုအပြေးရောက်လာပြီး ကျိုးထောင်ဟွားလက်မောင်းများကို ဆုပ်ကိုင်ကာငိုယိုရင်း ပြောလာသည်။

"ထောင်ဟွား ရှောင်ဖုန်းကတောင်ပေါ်မှာ ပျောက်နေတာတစ်ရက်နဲ့တစ်ညရှိနေပြီ၊သူ့ကို ရှာတွေ့နိုင်မယ့်နည်းလမ်းများရှိနေလားကွယ်"

ရှောင်ဖုန်းမှာ အဘွားစွင်း၏အသည်းကျော်မြေးလေးဖြစ်ရာ သူမမျက်နှာထက်တွင် မျက်ရည်များတသွင်သွင်စီးကျနေတော့၏။

"အဘွား သမီးလဲအစ်ကိုရှောင်ဖုန်းကို သွားရှာဖို့လုပ်နေတာပါ၊သူသာတောင်ပေါ်မှာ တစ်ကယ်ရှိမယ်ဆိုရင် သမီးရှာတွေ့အောင်လုပ်ပေးနိုင်ပါတယ်"

ကျိုးရှီမှာမူ သံသယအနည်းငယ်ဝင်ကာအတွေးများနေဆဲပင်။

*နည်းလမ်းကတစ်ကယ်ရှိလို့လား*

ကျိုးထောင်ဟွားတစ်ယောက် စကားကြီးစကားကျယ်များပြောနေခြင်းဖြစ်မည်ကိုလည်း စိုးရိမ်နေမိ၏။

ကျိုးထောင်ဟွားစကားအားကြားသော် အဘွားစွင်းမှာ ချက်ချင်းသဘောတူလာသည်။သူမသည် ကျိုးထောင်ဟွားနောက်မှလိုက်ပြီး တောင်ခြေသို့ခပ်သုတ်သုတ်ပြေးသွားရာ သူမခြေလှမ်းအရှိန်မှာလျင်မြန်လွန်းသဖြင့် ကျိုးရှီပင်မနည်းလိုက်လာရ၏။

ကျိုးထောင်ဟွားတောင်ခြေသို့ရောက်သောအခါ ညာဘက်လက်ဖြင့်မန္တန်တစ်ခုဖန်တီးလိုက်ပြီး လက်ချောင်းထိပ်တွင်ဝိညာဉ်စွမ်းအား အနည်းငယ်စုစည်းကာ ခြေထောက်အောက်ရှိမြေကြီးထဲသို့ ထိုစွမ်းအားများစီးဝင်စေလိုက်သည်။

"ဟေ့ ကလေးတို့ ခဏထွက်လာခဲ့ကြဦး"

ကျိုးထောင်ဟွားစကားအဆုံးတွင် သူမရှေ့ရှိမြေကြီးပေါ်၌ အမွှေးပွဖြူဖြူလုံးလေးများ တစ်ခုပြီးတစ်ခုပေါ်လာတော့၏။လုံးဝန်းသော သူတို့၏အဖြူရောင်ခန္ဓာကိုယ်လေးများမှာ တစ်တန်းတည်းရပ်နေကြပြီး အမည်းစက်လေးများသဖွယ်မျက်လုံးလေးများဖြင့် ကျိုးထောင်ဟွားအားဝိုင်းကြည့်နေကြကာ ပါးစပ်လေးများမှာလည်း ပွင့်ဟနေကြသည်။

ကျိုးထောင်ဟွားမှ သူတို့အားအဘယ်ကြောင့်ဆင့်ခေါ်လာပါသနည်း။သူတို့သည်အရင်ရက်များတွင် ရွာသားများတောင်ပေါ်တက်သည့်အချိန်တိုင်း ဝံပုလွေအူသံအဖြစ်အတုခိုးကာ လူများအားခြောက်လှန့်ခြင်းမပြုခဲ့ကြပေ။

အဘွားစွင်းနှင့်ကျိုးရှီတို့မှာထိုနတ်ဆိုးလေးများအားမမြင်ရသဖြင့် ကျိုးထောင်ဟွားနောက်တွင်သာရပ်ကာ ဘာဆက်ဖြစ်လာမည်အားသိရရန် အားကိုးတကြီးဖြင့်ငေးကြည့်နေကြရ၏။ယခင်ကလူများတောင်ပေါ်တက်ချိန်တိုင်း ဝံပုလွေများဆင်းလာတတ်ခြင်းမှာ ဤနတ်ဆိုးလေးများ၏နောက်ပြောင်မှုကြောင့်သာဖြစ်ကြောင်း ရွာလူကြီးပြောပြသဖြင့်သူတို့ ကြားဖူးထားကြသည်။ထောင်ဟွားမှသူတို့အား ဆုံးမထားခဲ့၍သာငြိမ်သွားကြခြင်းပင်။

သူတို့က ရှောင်ဖုန်းဘယ်မှာလဲဆိုတာသိနိုင်ပါ့မလား။

ကျိုးထောင်ဟွားမှာ လေထဲသို့ကြည့်ကာ(အဘွားစွင်းတို့အမြင်အရ)မေးမြန်းလိုက်သည်။

"မနေ့ညကအိမ်ပြန်မရောက်သေးတဲ့၁၆နှစ်အရွယ် ကောင်လေးတစ်ယောက် တောင်ပေါ်မှာရှိနေလား၊အရပ်ရှည်ရှည် ခပ်ပိန်ပိန်နဲ့ကျောပေါ်မှာခြင်းတောင်းတစ်လုံးရှိနေလိမ့်မယ်"

အဘွားစွင်းလည်း ချက်ချင်းထပ်ဖြည့်ပြောလိုက်သည်။

"အပြာရောင်ချည်ကြမ်းအင်္ကျီဝတ်ထားတယ်"

ထိုစကားကိုကြားသောအခါ နတ်ဆိုးလေးများမှာခေါင်းငြိမ့်ပြလိုက်ကြပြီး ကျိုးထောင်ဟွားထံအချက်ပြလိုက်သည်။ကျိုးထောင်ဟွားမျက်ဝန်းများမှာ အရောင်တောက်သွားရ၏။သူရှိနေတာပဲ။

"ထောင်ဟွား ဘာတဲ့လဲ သူတို့ဘာပြောကြလဲ"

ကျိုးရှီမှစိုးရိမ်တကြီးမေးလာ၏။

"သူတောင်ပေါ်မှာ ရှိနေတယ်တဲ့၊အခုသူတို့က အစ်ကိုရှောင်ဖုန်းဆီလမ်းပြခေါ်သွားပေးမယ်ပြောတယ်"

ကျိုးထောင်ဟွားစကားကြောင့် အဘွားစွင်းနှင့်ကျိုးရှီတို့မှာ သက်ပြင်းချနိုင်သွားတော့၏။သို့သော် သူတို့မှာထိုနတ်ဆိုးလေးများအားမမြင်ရသဖြင့် ကျိုးထောင်ဟွားနောက်မှသာ ကပ်လိုက်လာကြရသည်။

တောင်ပေါ်သို့တက်လာစဉ် ရှောင်ဖုန်းအားဝိုင်းရှာပေးနေကြသည့် ရွာသားများနှင့်ဆုံသွားကြ၏။ရွာလူကြီး၏သားအကြီးဖြစ်သော ကျိုးကွမ်းမင်မှပြောလာသည်။

"အဒေါ်စွင်း အဒေါ်တို့လဲတစ်ညလုံးရှာထားရတာ ပင်ပန်းနေရောပေါ့၊အိမ်ပြန်ပြီးခဏနားလိုက်ကြပါလား၊ဒီကနေဆက်ရှာဖို့ကို ကျွန်တော်တို့တာဝန်ယူလိုက်ပါ့မယ်"

"မပြန်ပါဘူး ထောင်ဟွားကနတ်ဆိုးလေးတွေဆီကနေ ရှောင်ဖုန်းဘယ်မှာရှိနေလဲဆိုတာသိသွားပြီတဲ့၊ရှောင်ဖုန်းကို ကိုယ့်မျက်စိနဲ့ကိုယ်မြင်ရမှပဲ ငါလဲစိတ်အေးနိုင်တော့မယ်"

မလှမ်းမကမ်းတွင်ရှိနေသော ရှန်းမင်မှာ အဘွားစွင်းစကားကြားလိုက်၍ လှမ်းကြည့်လိုက်၏။ကျိုးထောင်ဟွားတစ်ယောက် တောင်ပေါ်သို့ဖြည်းဖြည်းချင်းတက်လာနေသည်ကိုမြင်လိုက်ရသည်။

နှစ်ပေါင်းများစွာအမဲလိုက်ခဲ့သည့်အတွေ့အကြုံအရ ဤနေရာထက်ပိုမြင့်သောနေရာသို့ဆက်တက်သွားပါက ဝံပုလွေအုပ်နှင့်တိုးနိုင်‌ချေများလှပေ၏။ချက်ချင်းဆိုသလို သူရှေ့တက်သွားကာ ကျိုးထောင်ဟွားအင်္ကျီကော်လာအားဆွဲမလိုက်သည်။ကျိုးထောင်ဟွားမှာ ခြေချော်သွားသည်အထင်ဖြင့် လန့်သွားရ၏။

သို့သော် နောက်တစ်ခဏ၌သူမခြေထောက်များမှာမြေကြီးပေါ်သို့ခိုင်ခိုင်မာမာပြန်ရောက်သွားလေသည်။

"ဒီထက်ပိုမြင့်တဲ့နေရာကိုတက်လို့မရဘူး၊အပေါ်မှာ ဝံပုလွေအုပ်တွေရှိနေလိမ့်မယ်၊ပြီးတော့ တောင်ထိပ်ကလဲအရမ်းမတ်တော့ မင်းတက်နိုင်မှာမဟုတ်ဘူး"

ရှန်းမင်မှာ ပြောလေလေ မျက်မှောင်ကြုံ့သွားမိလေလေပင်။သူမ၏သေးသွယ်လှသော ခြေလက်များကိုကြည့်ကာ သူမအနေဖြင့် ဝံပုလွေများကိုမခုခံနိုင်ရုံတင်မက ချောက်ထဲသို့ပင်ပြုတ်ကျသွားနိုင်သည်ဟု သူတွေးပူနေမိသည်။

သူပေါ်လာသည်နှင့် ကျိုးထောင်ဟွားရှေ့မှလမ်းပြနေသော နတ်ဆိုးလေးများမှာကြောက်လန့်တကြားဖြင့် တောင်ထဲသို့ ပြန်ဝင်ပုန်းကုန်ကြတော့၏။

ကျိုးထောင်ဟွား မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး မျက်ဝန်းများထဲတွင် ဉာဏ်နီဉာဏ်နက်များသောအကြည့်တစ်ချက်ပေါ်လာလေသည်။အရင်ရက်များအတွင်း ရှန်းမင်မှာသူမထံမှရှောင်ဖယ်နေခဲ့ပြီး အမြဲတမ်းတစ်မီတာခန့်အကွာအဝေးမှာသာ နေခဲ့သည်လေ။သူမတို့အိမ်သစ်ဆောက်ရာတွင် နေ့တိုင်းလာကူပေးနေသော်လည်း သူမအနေဖြင့်သူနှင့်နီးနီးကပ်ကပ်တွေ့ဆုံရန် အခွင့်အရေးတစ်ခုမှမရခဲ့ရာ ဝိညာဉ်စွမ်းအားမဖြည့်တင်းနိုင်သည်မှာ ရက်ပေါင်းများစွာကြာခဲ့ပြီပင်။

ယခုတော့ သူသည်သူမရှေ့မှောက်သို့ အရောက်လာပို့‌နေပြီဖြစ်ရာ ကျိုးထောင်ဟွားအနေဖြင့် ဤအခွင့်အရေးကောင်းအားလက်လွှတ်ခံမည်မဟုတ်ချေ။

All Chapters