အခန်း (၄၄)
Vol. 5 Ch. 44
ကျိုးရှီမှာ ပျာပျာသလဲဖြင့်အော်ဟစ်လာသည်။
"ဖယ်စမ်းပါ ငါတို့ရှောင်ဖုန်းကအပေါ်မှာရှိနေတယ်လို့ ထောင်ဟွားပြောနေတယ်လေ"
ရှန်းမင်သည် ကျိုးရှီ၊အဘွားစွင်းနှင့်ကျိုးထောင်ဟွားတို့အား တစ်ချက်ကြည့်လိုက်၏။သူတို့သုံးဦးလုံးသည် တောင်ထိပ်ထိတက်နိုင်မည့်သူများမဟုတ်ပေ။
ရှန်းမင် သူတို့အားမရမကနားချရတော့၏။
"ဒီထက်ပိုတက်သွားရင် ဝံပုလွေတွေရဲ့နယ်မြေထဲရောက်သွားပြီ၊အဒေါ်တို့သွားရင်တောင် အကုန်လုံးဝံပုလွေစာပဲဖြစ်ကုန်ကြလိမ့်မယ်၊သူတို့ထက်မြန်မြန်ပြေးနိုင်ကြလို့လား"
"ကျိုးဖုန်းကိုမကယ်နိုင်တဲ့အပြင် အဒေါ်တို့အားလုံးပါ အဲ့မှာတင်သေကုန်လိမ့်မယ်"
ထိုစကားအားကြားသောအခါ ကျိုးရှီငြိမ်ကျသွားသော်လည်း အမှန်တရားအားသဘောပေါက်သွားချိန်တွင်တော့ ရှိုက်ကြီးတငင်ငိုကြွေးလိုက်၏။
"ရှောင်ဖုန်း မင်းကဘာလို့ဒီလောက်အမြင့်ကြီးထိတက်သွားရတာလဲ"
"ငါတို့လဲအထဲဝင်မရ မင်းလဲအပြင်ထွက်မလာနိုင်နဲ့၊မင်းအသက်ရှိသေးရဲ့လားဆိုတာတောင် အမေတို့မသိရတော့ဘူး"
လျန်ဟွားနာမည်မှာ ပျက်စီးသွားပြီဖြစ်၍ အိမ်ထောင်ပြုရန်ခက်ခဲသွားလေပြီ။ယခုလည်း ရှောင်ဖုန်းကံကြမ္မာမှာမရေမရာ ဖြစ်နေပြန်၏။သူမထံတွင် သားတစ်ယောက်နှင့်သမီးတစ်ယောက်သာရှိသည်ဖြစ်ရာ ယခုသားသမီးများမှာအားကိုးမရတော့ပြီဖြစ်၍ ကျန်ရှိသောသူမဘဝကို မည်သို့ဖြတ်သန်းရပါမည်နည်း။
ကျိုးရှီသည် အလွန်အမင်းဝမ်းနည်းပူဆွေးကာ သတိလစ်မေ့မြောသွားတော့၏။အဘွားစွင်းမှ သူမနှာခေါင်းနှင့်နှုတ်ခမ်းကြားရှိနေရာကို အမြန်နှိပ်ပေးလိုက်ပါမှ သတိပြန်လည်လာသော်လည်း သူမမျက်ဝန်းများထဲတွင်တော့ မျှော်လင့်ချက်ကင်းမဲ့နေလေသည်။
"အဒေါ် သိပ်ပြီးလဲစိတ်မပူပါနဲ့၊နတ်ဆိုးလေးတွေပြောတာတော့ အစ်ကိုရှောင်ဖုန်းအသက်ရှိပါသေးတယ်၊ဒါပေမယ့် သူကအပေါ်မှာပဲရှိနေသေးတာဆိုတော့"
ကျိုးထောင်ဟွားမှာ စကားပြောနေရင်း ရှန်းမင်ထံကြည့်လိုက်၏။
"အစ်ကိုရှန်းမင် ကျွန်မကိုခေါ်သွားပါလား၊အစ်ကိုကသန်မာသလို တောင်ပေါ်လမ်းတွေလဲကျွမ်းကျင်တယ်လေ၊ကျွန်မက ပေါ့ပေါ့လေးပါ ဝံပုလွေတွေနဲ့တိုးရင်တောင် အစ်ကိုကကျွန်မကိုချီပြီးထွက်ပြေးလို့ရတာပဲ"
အဘွားစွင်းမှာ စိုးရိမ်တကြီးဖြင့် မေးလာသည်။
"ဒါဆိုရင် ငါ့မြေးလေးကိုရောဘယ်လိုလုပ်မလဲ"
ရှန်းမင်ခဏတာမျှစဉ်းစားလိုက်ပြီး ကျိုးထောင်ဟွားအစီအစဉ်မှာဖြစ်နိုင်သည်ဟု ဆုံးဖြတ်လိုက်၏။ရှောင်ဖုန်းအားကယ်တင်ရန်လည်းလိုအပ်ရာ ရှန်းမင်ကိုယ်တိုင်သွားရောက်ခြင်းသည်သာ အန္တရာယ်အကင်းဆုံးဖြစ်ပေလိမ့်မည်။ကျိုးကွမ်းမင်အား သူပြောလိုက်သည်။
"ဦးလေးကွမ်းမင် ဦးလေးမှာပါလာတဲ့ ကြိုးကို ခဏလောက်ငှားပါဦး၊တစ်ကယ်လို့အခြေအနေအရလိုအပ်ရင် ကျိုးဖုန်းကို ကျွန်တော့်ကျောမှာကြိုးနဲ့ချည်ပြီး ထောင်ဟွားကိုပါတစ်ခါတည်းချီဆင်းလာခဲ့မယ်"
ကျိုးထောင်ဟွားမှာ သူ့အားမျက်စောင်းထိုးကြည့်လိုက်၏။သူအရပ်ရှည်တာနဲ့ပဲ သူမကိုကြက်ကလေးတစ်ကောင်လို ချီသွားမယ်လို့ပြောနေတာလား။
မည်သို့ပင်ဖြစ်စေ လူတိုင်းမှာသူ့အကြံပြုချက်ကိုသဘောတူလိုက်ကြ၏။ကျိုးထောင်ဟွားမှာ နတ်ဆိုးလေးများလမ်းပြသည်ကိုမြင်နိုင်ပြီး ရှန်းမင်သည်လည်း ထောင်ဟွားနှင့်ရှောင်ဖုန်းနှစ်ဦးစလုံးကို သယ်ဆောင်နိုင်လောက်သည်ထိ ခွန်အားရှိသည်ပင်။
ထိုသို့ဖြင့် အခြားရွာသားများ၏စိုးရိမ်တကြီးမျက်လုံးများအောက်တွင် သူတို့နှစ်ဦးသည်တောင်အလယ်မှ တောင်ထိပ်သို့စတက်သွားကြတော့၏။
ရှေ့ခရီးလမ်းမှာ ရှန်းမင်ပြောခဲ့သည့်အတိုင်းပင် အလွန်မတ်စောက်လှပေရာ ရှောင်ဖုန်းတစ်ယောက် ဤလမ်းသို့မည်သို့မည်ဖုံတက်သွားသည်အား ကျိုးထောင်ဟွား သိချင်နေမိတော့သည်။နတ်ဆိုးလေးများမှာ ရှေ့မှအမြန်သွားနေကြပြီး တစ်ခါတစ်ရံတွင်သူတို့ကိုရပ်စောင့်ပေးလေ၏။
ခရီးတစ်လျှောက်လုံးတွင် ရှန်းမင်သည် ကျိုးထောင်ဟွားဘေးကင်းစေရန်အတွက် သူမအားအင်္ကျီကော်လာမှနေ ဆွဲကိုင်ထားသည်။ထို့ပြင် သူ့အရပ်အမောင်းနှင့်လက်တံရှည်များကြောင့် ကျိုးထောင်ဟွားမှသူ့အားထိတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။ကျိုးထောင်ဟွား နှုတ်ခမ်းစူလိုက်မိ၏။သူကအရမ်းသတိထားလွန်းနေတာပဲ။
ရုတ်တရက် ကျိုးထောင်ဟွားမျက်နှာထက်တွင် ကလိမ်ကကျစ်အပြုံးတစ်ခုပေါ်လာ၏။နောက်တစ်ခဏ၌ သူမသည်ထိတ်လန့်တကြားဖြင့်အော်ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ဒုက္ခပါပဲ၊အစ်ကိုရှောင်ဖုန်းက အသက်အန္တရာယ်စိုးရိမ်နေရပြီလို့ နတ်ဆိုးလေးတွေကပြောနေကြတယ်၊ကျွန်မတို့ မြန်မြန်သွားမှဖြစ်မယ်နော် မဟုတ်ရင် သူ့ကိုကယ်တာမဟုတ်တော့ဘဲ အလောင်းကောက်တာဖြစ်သွားလိမ့်မယ်"
ရှန်းမင် မျက်မှောင်ကြုံ့သွားပြီး မေးလိုက်၏။
"ကျိုးဖုန်းက ဘယ်နားမှာလဲ လမ်းပြပေးလိုက်"
ထောင်ဟွားအား ယခုပုံစံဖြင့်ခေါ်နေလျှင် ခရီးမတွင်နိုင်သလို သူမအားဤနေရာတွင်သာ တစ်ယောက်တည်းထားခဲ့ရန်မှာလည်း ဘေးမကင်းနိုင်ပေ။ခဏတာမျှစဉ်းစားပြီးနောက် သူ့ညာလက်ဖြင့်ကျိုးထောင်ဟွားအားလှမ်းဆွဲကာ သူ့ဘယ်ဘက်ဂျိုင်းအောက်တွင်ညှပ်ခေါ်သွားရန်လုပ်လိုက်၏။
ရှန်းမင်ဘာလုပ်တော့တော့မည်ကိုသိလိုက်သော ကျိုးထောင်ဟွားမှာမှင်တက်သွားရသည်။ဒါက သူမကြံစည်ထားတဲ့ပုံစံမျိုးမဟုတ်ဘူးလေ။
ရှန်းမင်မှလှမ်းဆွဲလိုက်သည့်ခဏမှာပင် သူမသည်လက်ကိုအမြန်ဆန့်၍ သူ့လည်ပင်းအားတင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်တော့၏။ထို့နောက် ခါးမှတစ်ဆင့်အားထည့်ကာ လေပေါ်ခုန်တက်လိုက်သည်။သူမ၏ရုတ်ချည်းလှုပ်ရှားမှုကြောင့် ရှန်းမင်မှာထိတ်လန့်သွားရသော်လည်း ချက်ချင်းပင်အနေအထားကို ထိန်းညှိလိုက်ပြီး သူမအားပွေ့ချီသွားလိုက်တော့၏။
ရှန်းမင်မှာ အောင်နိုင်သူအပြုံး,ပြုံးနေသော ကျိုးထောင်ဟွားထံတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"တင်းတင်းဖက်ထား"
ကျိုးထောင်ဟွား၏လက်များ ရှန်းမင်လည်ပင်းကိုထိတွေ့လိုက်သည်နှင့် ဝိညာဉ်စွမ်းအားများစွာမှာ သူမခန္ဓာကိုယ်ထဲသို့စီးဝင်လာပြီး အလွန်ကိုသက်သောင့်သက်သာရှိလှပေသည်။ဝိညာဉ်စွမ်းအားများ ပိုမိုဖြည့်တင်းနိုင်ရန်အတွက် အချိန်များနှေးသွားပါစေဟုပင် သူမဆုတောင်းနေမိတော့၏။
သို့သော်လည်း ရှန်းမင်မှာမူသူမကိုချီထားလျက်ပင် မတ်စောက်လှသောတောင်ပေါ်၌ လေဟုန်စီးသကဲ့သို့အရှိန်ပြင်းပြင်းဖြင့်ပြေးလွှားနေတော့သည်။
ရုတ်ချည်းဆိုသလို ကျိုးထောင်ဟွားမှာ ရှန်းမင်မှ သူမအားမျက်ရည်သုတ်ပေးခဲ့သောအဖြစ်အပျက်ကို သတိရသွား၏။ထိုစဉ်၌ အရေပြားချင်းထိတွေ့မှုမှာ ခဏတာမျှသာဖြစ်သော်လည်း သူမဝိညာဉ်စွမ်းအင်များအား ချက်ချင်းပြည့်လျှံသွားစေခဲ့သည်။
ဤသည်ကိုတွေးမိရင်း ကျိုးထောင်ဟွားသည် ရှန်းမင်လည်ပင်းကိုဖက်ထားသော လက်တစ်ဖက်အား မသိမသာဖြင့်အပေါ်သို့ဖြည်းဖြည်းချင်းတိုးသွားလိုက်၏။သူမလက်ချောင်းလေးများမှ သူ့နားရွက်ဖျားကိုထိလိုက်မိသည့် ခဏမှာပင်သူမခန့်မှန်းချက်မှာမှန်ကန်ကြောင်း သိလိုက်ရသဖြင့်အလွန်အံ့အားသင့်သွားရတော့သည်။
သူမအရေပြားနှင့် သူခန္ဓာကိုယ်ပေါ်ရှိမည်သည့်နေရာအား ထိတွေ့သည်ပေါ်မူတည်၍ ဝိညာဉ်စွမ်းအားရရှိမှုနှုန်းမှာ ကွာခြားနေခြင်းပင်။ယခုအခါ သူ့နားရွက်အားထိတွေ့ထားသော လက်မှတစ်ဆင့် ဝိညာဉ်စွမ်းအားများမှာ အလွန်လျင်မြန်သောအရှိန်ဖြင့် စီးဝင်လာနေတော့သည်။ဘုရားရေ ကျိုးထောင်ဟွားမှာဝမ်းသာသွားလွန်း၍ အောင့်မထားနိုင်တော့ပေ။
ရှန်းမင်ခန္ဓာကိုယ်မှာ ရုတ်ချည်းတောင့်တင်းသွားရပြီး သူမအားလက်ထဲမှလွှတ်ချမိလုနီးပါးဖြစ်သွား၏။သူမလက်ချောင်းထိပ်လေးများမှာ လျှပ်စစ်ဓာတ်စီးဆင်းနေသကဲ့သို့ပင် ခပ်ဖွဖွလေးထိတွေ့လိုက်ရုံဖြင့် သူ့နားရွက်ဖျားမှတစ်ဆင့် မျက်နှာတစ်ခုလုံးသို့နီမြန်းမှုများမှာ လျင်မြန်စွာပြန့်နှံ့သွားတော့သည်။
ရှန်းမင်မှာ လေသံမာမာဖြင့်သတိပေးလိုက်၏။
"ထပ်ပြီးကစားမနေနဲ့တော့"
သို့သော် သူကိုယ်တိုင်ပင်သတိမထားမိလိုက်သောတုန်ယင်မှုလေးတစ်ခုမှာ သူ့အသံထဲပါဝင်သွားလေ၏။
နောက်ဆုံးတွင်တော့ နတ်ဆိုးလေးများ၏လမ်းပြမှုဖြင့် သစ်ပင်တစ်ပင်နောက်ရှိ စိုထိုင်းထိုင်းရေညှိကွက်လေးနားရောက်ရှိလာသည်။ထိုနေရာတွင် ကျိုးဖုန်းမှာ ခြင်းတောင်းနှင့်ဂေါ်ပြားလေးကို ဘေးမှာချလျက် လဲလျောင်းနေသည်ကိုတွေ့လိုက်ရ၏။ကျိုးဖုန်းအသက်ရှူနေဆဲဖြစ်သည်ကိုမြင်ရသောအခါမှ ရှန်းမင်လည်းသက်ပြင်းချနိုင်တော့သည်။
ရှန်းမင်မှ ကျိုးဖုန်းအားပွေ့ချီရန်ပြင်လိုက်စဉ်တွင် ကျိုးထောင်ဟွားမှာသူ့လက်ကို လှမ်းဆွဲလိုက်၏။ရှန်းမင်မှကျိုးထောင်ဟွားထံ ကြည့်လာသည့်အကြည့်မှာ ကလေးမလေးတစ်ယောက်မှ သူ့အားအနှောင့်အယှက်ပေးနေသကဲ့သို့အကြည့်မျိုးပင်။
ကျိုးထောင်ဟွားမှာ ခပ်ဖွဖွရယ်မောလိုက်ပြီး သူတို့နှစ်ဦးသာကြားနိုင်သောလေသံဖြင့် တိုးတိုးလေးကပ်ပြောလိုက်သည်။
"အစ်ကိုရှန်းမင် အခုအစ်ကိုရှောင်ဖုန်းကို သွားမထိလိုက်နဲ့ဦး၊သူ့ကိုယ်ပေါ်မှာ နတ်ဆိုးတစ်ကောင်ပူးနေတယ်"
ရှန်းမင်နားရွက်မှာ သူမစကားပြောလိုက်စဉ် ထွက်လာသောလေနွေးနွေးလေးကြောင့် ယားကျိကျိဖြစ်သွားရ၏။သူမပြောလိုက်သော စကားလုံးတိုင်းမှာ ရေကန်ထဲသို့ကျောက်ခဲလေးများပစ်ချလိုက်သကဲ့သို့ သူ့နှလုံးသားအား ဂယက်ထသွားစေကာ ရင်ခုန်သံများကိုပင်မထိန်းချုပ်နိုင်သည်ထိ မြန်ဆန်သွားစေခဲ့သည်။
သူ့စိတ်ကိုပြန်ထိန်းကာ မေးလိုက်၏။
"ဘာနတ်ဆိုးလဲ"
"ခရုနတ်ဆိုးပါ"
ခရုနတ်ဆိုးများသည် တောင်ပေါ်မှမိုးရွာသောညများကို အလွန်နှစ်သက်ကြ၏။မနေ့ည၌ တစ်ညလုံးမိုးရွာခဲ့သည်လေ။ရှောင်ဖုန်းတစ်ယောက် ဤမျှမြင့်မားသောတောင်ပေါ်သို့ မည်သို့တက်လာသနည်းဟု သူမတွေးတောနေခဲ့ခြင်းဖြစ်ရာ ယခုမှ သူသည်ခရုနတ်ဆိုး၏ပူးကပ်ခြင်းကိုခံရပြီး လမ်းပျောက်နေခြင်းပင်။
အမှန်တော့ ရှောင်ဖုန်းမှာအိပ်ပျော်နေခြင်း မဟုတ်ဘဲ ခရုနတ်ဆိုးဖန်တီးထားသော စိတ်အာရုံထောင်ချောက်ထဲတွင်ပိတ်မိနေ၍သာ နိုးမလာနိုင်ခြင်းဖြစ်၏။
သူမသည် ရှန်းမင်ထံမှနေဝိညာဉ်စွမ်းအင်များစွာကိုစုပ်ယူထားပြီးဖြစ်ရာ ခရုနတ်ဆိုးအားဆုံးမပေးရန် အဆင်သင့်ဖြစ်နေပြီပင်။ရှန်းမင်သည်ကျိုးထောင်ဟွားအား နောက်ဘက်မှနေကြည့်နေမိ၏။သူမသည်အာရုံစူးစိုက်လျက် မန္တန်များရွတ်ဆိုနေပြီး လက်နှစ်ဖက်မှာလည်း အရှိန်ဖြင့်မုဒြာလက်ဟန်များပုံဖော်နေတော့သည်။
ရုတ်ချည်းလေပြင်းလေးတစ်ချက်တိုက်ခတ်လာရာ သူမဆံနွယ်လေးများသည် လေထဲတွင်ဝဲလွှင့်သွားပြီး ချည်အင်္ကျီဟောင်းလေးမှာလည်း ယိမ်းနွဲ့နေ၏။ထိုအခါမှသာ သူမသည်အလွန်ပင် သေးသွယ်ပိန်လှီလွန်းလှသည်ကို ပထမဆုံးအကြိမ်အဖြစ် သူသတိပြုမိလိုက်တော့သည်။
သူမလက်ညှိုးမှ မြေကြီးပေါ်ရှိကျိုးဖုန်းထံသို့ညွှန်ပြလိုက်သည့်ခဏမှာပင် ရေညှိများပေါ်ငြိမ်သက်စွာအိပ်ပျော်နေသော ကျိုးဖုန်းကိုယ်ပေါ်၌ ဧရာမခရုခွံကြီးတစ်ခု ရုတ်ချည်းပေါ်လာတော့၏။ခရုခွံပေါ်ရှိအစင်းကြောင်းများမှာ ရှေးဟောင်းသင်္ကေတများသဖွယ် စက်ဝိုင်းပုံသဏ္ဍာန်ဖြင့်လှည့်ပတ်နေပြီး လျှို့ဝှက်ချက်များစွာအား ဖုံးကွယ်ထားသကဲ့သို့ပင်။
အညိုနှင်ရွှေရောင်ရောထားသော အရောင်ရင့်ရင့်ခရုခွံကြီးမှာ နေရောင်အောက်တွင် ထူးထူးဆန်းဆန်းအလင်းရောင်များဖြင့်တောက်ပနေပြီး အန္တရာယ်ရှိသောအငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။