အခန်း (၄၅)
Vol. 5 Ch. 45
ကျိုးထောင်ဟွားမှ ခရုခွံကိုကောက်ကိုင်လိုက်ရာအတွင်းရှိ ခရုနတ်ဆိုးမှာ ချက်ချင်းထိတ်လန့်သွားပြီး ၎င်း၏ဦးမှင်တံများကို အခွံထဲသို့အမြန်ပြန်သွင်းလိုက်တော့၏။
ရုတ်ချည်းဆွဲမခံရမည်ကိုရှောင်ရှားရန် ၎င်းခန္ဓာကိုယ်တစ်ခုလုံးအား ကွေးထားလိုက်သည်။
ခဏအကြာတွင်အန္တရာယ်မရှိဟုယူဆသွားပုံဖြင့် ၎င်း၏ဦးမှင်တံလေးများအား သတိဖြင့် အပြင်သို့ပြန်ထွက်ကြည့်ပြန်၏။ဦးမှင်တံထိပ်ရှိမျက်လုံးလေးများမှာ နှမ်းစေ့လေးများနှယ်သေးငယ်လှပေသည်။ခရုခွံထဲမှခေါင်းပြူကြည့်လိုက်သည်နှင့် မိန်းကလေးတစ်ဦးကိုမြင်လိုက်ရ၏။သူမမှာ အသက်၁၄နှစ်ခန့်သာရှိသေးပြီး အရပ်မှာလည်း၁.၅မီတာကျော်ကျော်မျှသာရှိကာ ပိန်ပါးသေးသွယ်သောကိုယ်လုံးလေးရှိသည်။
သူမမျက်နှာလေးမှာ လက်ဖဝါးခန့်သာရှိပြီး အသားအရေမှာလည်းဖြူဝင်းကာ ပန်းနုရောင်သန်းနေလေ၏။မျက်ခုံးနှင့်မျက်ဝန်းများမှာ လိမ္မာပါးနပ်ဟန်ဖြင့်ကျီစယ်ရိပ်များရှိနေကာ မျက်လုံးများမှာလည်းညကောင်းကင်ယံမှ ကြယ်ပွင့်များအလား တောက်ပနေတော့သည်။
နက်မှောင်သော ဆံနွယ်ရှည်များကို ရိုးရိုးရှင်းရှင်းပင်ထုံးဖွဲ့ထားပြီး ပါးနှစ်ဖက်ပေါ်သို့ဆံနွယ်အချို့ဝဲကျနေရာ လေအဝေ့တွင်ယိမ်းနွဲ့သွားလျက် အပြစ်ကင်းစင်လှသောအသွင်ကိုဆောင်နေတော့၏။
ခရုနတ်ဆိုးမှာ အံ့အားသင့်သွားရသည်။ဤမိန်းကလေးမှာ သူ့စိတ်အာရုံထောင်ချောက်အား မည်သို့ဖျက်ဆီးပြီး သူ့အားပေါ်လာအောင်လုပ်နိုင်ခဲ့သနည်း။လက်ရှိအခြေအနေမှာ ပြောင်းပြန်လှန်ပစ်လိုက်သလိုဖြစ်သွားတော့သည်။ခရုနတ်ဆိုးမှာ ကျိုးထောင်ဟွားထံသတိကြီးစွာကြည့်ပြီးနောက် ၎င်း၏နူးညံ့သော ခန္ဓာကိုယ်အား အခွံထဲမှနေဖြည်းဖြည်းချင်းထုတ်လိုက်၏။
စေးကပ်သောသူ့ခြေဖဝါးဖြင့် ကျိုးထောင်ဟွားလက်ပေါ်သို့ကပ်ရန် ပြင်လိုက်စဉ်မှာပင် သူ့ခရုခွံမှာဖြည်းဖြည်းချင်းသေးငယ်သွားသည်ကို ခံစားလိုက်ရတော့သည်။နောက်ဆုံးတွင်တော့ လက်မအရွယ်ခန့်သာကျန်တော့၏။သူ့ကျင့်စဉ်စွမ်းအားများပါ ပိတ်လှောင်ခံလိုက်ရပြီပင်။ခရုနတ်ဆိုးမှာ ထိတ်လန့်တကြားဖြင့် ကျိုးထောင်ဟွားထံကြည့်ရင်းမှ သတိပြုမိသွားတော့သည်။သူမသည် နတ်ဆိုးများအား နှိမ်နင်းရာတွင်ကျွမ်းကျင်သည့်ကောင်းကင်ဘုံဆရာသခင်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
"အစ်ကိုရှန်းမင် အားလုံးအဆင်ပြေသွားပြီ"
ကျိုးထောင်ဟွားမှာ သူမနောက်ရှိလူထံလှမ်းပြောလိုက်၏။
ရှန်းမင်မှာအနားသို့တိုးလာပြီး သူမလက်ဖဝါးထဲရှိခရုနတ်ဆိုးထံကြည့်ကာ သံသယဖြင့်မေးလိုက်သည်။
"ဒီခရုကိုယ်ထည်က ဘာလို့တစ်ဝက်ပဲရှိတာလဲ၊ပြီးတော့ ဦးမှင်တံကလဲနှစ်ခုတည်း ပါတာလား"
ဦးမှင်တံရှည်မျောမျောထိပ်တွင် နှမ်းစေ့နှင့်တူသော မျက်လုံးတစ်လုံးရှိနေပြီး ဦးမှင်တံအတိုမှာမူ ပတ်ဝန်းကျင်အားစူးစမ်းရန်အတွက် အမြဲလှုပ်ရှားနေ၏။ပုံမှန်ဆိုလျှင်ခရုများတွင် ဦးမှင်တံနှစ်စုံပါရှိသော်လည်း ဤခရုမှာတော့ထူးဆန်းနေသည်မှာအသိသာကြီးပင်။ကျိုးထောင်ဟွားသည်လည်း သူမလက်ထဲမှခရုနတ်ဆိုးမှာ ထူးခြားနေကြောင်းသတိပြုမိလိုက်၏။
ခရုနတ်ဆိုးမှာမူ သူတို့စကားဝိုင်းအားထိတ်လန့်တကြားဟန်ဖြင့်သာ နားထောင်နေပြီး သူတို့မျက်လုံးများအားမော့မကြည့်ဝံ့တော့ပေ။ရှန်းမင်မှာကျိုးဖုန်းခန္ဓာကိုယ်ဆီသို့ လျှောက်သွားပြီး အံ့အားသင့်ဟန်ဖြင့်ပြောလိုက်သည်။
"သွားပြီပဲ ကျိုးဖုန်းဖျားနေတာနေမှာ သူ့ကိုယ်ကအရမ်းပူနေတယ်၊ကိုယ်တို့အခုချက်ချင်းပြန်မှဖြစ်မယ်"
ကျိုးထောင်ဟွားမှာ ခရုနတ်ဆိုးအားသူမအင်္ကျီထဲထည့်လိုက်ပြီးနောက် ရှန်းမင်ကျောပေါ်သို့တန်းတက်လိုက်ကာ သူမခြေထောက်များဖြင့် သန်မာလှသောသူ့ခါးကိုတင်းတင်းခွဖက်ထားလိုက်၏။ချွဲပစ်သောလေသံဖြင့် သူမပြောလိုက်သေးသည်။
"အစ်ကိုရှန်းမင်က အစ်ကိုရှောင်ဖုန်းကို ချီပြီး တောင်ပေါ်ကနေဆင်းလိုက်နော်၊ကျွန်မကတော့ အစ်ကို့နောက်ကနေပဲ လိမ်လိမ်မာမာလေးလိုက်ခဲ့ပါ့မယ်"
ရှန်းမင်မှာ ခုနကသူမအပြုအမူများကို သတိရသွားကာ လေသံမာမာဖြင့်ပြောလိုက်သည်။
"ငြိမ်ငြိမ်နေနော် လျှောက်လှုပ်မနေနဲ့"
ကျိုးထောင်ဟွားလည်း ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်သည်။
"မြန်မြန်သွားရအောင်လေ အစ်ကိုရှောင်ဖုန်းက ဖျားနေတာဆိုတော့သူ့ကိုတောင်အောက်မြန်မြန်ပို့ပေးရမယ်"
ရှန်းမင်လည်းအချိန်မဆွဲတော့ဘဲ တောင်အောက်သို့ချက်ချင်းဆင်းသွားလေတော့သည်။သို့သော် တောင်အောက်သို့ ဆင်းနေစဉ်တွင် သူမမှာသူ့စကားကိုလုံးဝကိုနားထဲမထည့်ပါဘဲ အခွင့်အရေးရလျှင်ရသည့်အတိုင်း သူ့နားရွက်ဖျားအားထိတွေ့နေဆဲဖြစ်သည်ကို သူသတိထားမိလိုက်၏။
ကျိုးထောင်ဟွားသည် ထူးဆန်းသောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။သူမ တို့ထိလိုက်တိုင်း သူ့နားရွက်မှာချက်ချင်းဆိုသလိုနီမြန်းသွားခြင်းပင်။ထိုနီမြန်းမှုလေးမှ နားရွက်ထိပ်ထိပျံ့နှံ့သွားသည်မှာ နွေဦးရာသီ၌ တောင်ကုန်းတစ်ခုလုံးတွင်ပန်းပွင့်များဖြင့် ဝေဆာသွားသကဲ့သို့ပင်။
ရှန်းမင်ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး တောင်ပေါ်မှနေ အရှိန်ပိုတင်ကာမြန်မြန်ဆင်းချလာခဲ့တော့၏။သူမစကားများအား မယုံခဲ့သင့်ပေ။သူမမှာ မည်သို့ပင်ဖြစ်စေအငြိမ်မနေခဲ့ပါချေ။
တောင်အလယ်တွင် ရွာသားများမှာ မျှော်လင့်ချက်တို့ဖြင့် လည်ပင်းရှည်သည်ထိစောင့်ကြည့်နေကြ၏။ရှန်းမင်ဆင်းလာသည်ကိုမြင်လိုက်သည်နှင့် အားလုံးမှာဝမ်းသာအားရအော်ဟစ်လိုက်ကြတော့သည်။
"ဟိုမှာကြည့် ရှန်းမင်ပြန်ဆင်းလာပြီ"
"သူ့လက်ထဲမှာ အင်္ကျီအပြာရောင်နဲ့လူတစ်ယောက်ကိုချီလာတာတွေ့တယ်နော်"
မျှော်လင့်ချက်ကင်းမဲ့နေသော ကျိုးရှီသည် ချက်ချင်းဆိုသလိုအားအင်များ ပြန်လည်ပြည့်ဝလာကာ မြေကြီးထက်မှနေထရပ်လိုက်သည်။
"အဲဒါငါ့ရဲ့ရှောင်ဖုန်းလား"
သုံးမီတာခန့်အမြင့်မှနေ ရှန်းမင်ခုန်ဆင်းလိုက်ရာ လူအုပ်ရှေ့သို့ကွက်တိကျလာလေ၏။သူသည် ကျိုးဖုန်းနှင့်ခြင်းတောင်းကို ကျိုးရှီထံအရင်ကမ်းပေးလိုက်ပြီးနောက် သူ့ကိုယ်ပေါ်မှကျိုးထောင်ဟွားကိုဆင်းခိုင်းကာ သူမနားမှနေအမြန်အကွာအဝေးခြားလိုက်တော့သည်။ကျိုးထောင်ဟွားမှာ ထိုအပြုအမူအားမြင်သည်နှင့် သဘောတကျရယ်မောလိုက်မိတော့၏။
အဘွားစွင်းသည် သတိလစ်နေသောကျိုးဖုန်းအားကြည့်ကာ စိုးရိမ်တကြီးဖြင့်
"မြေးလေး မြေးလေးထတော့လေ"
ရှန်းမင်သတိပေးလိုက်သည်။
"အဘွားစွင်း မနေ့ညကမိုးရွာထားတာရော တောင်ပေါ်မှာအေးတာရောပေါင်းပြီး ရှောင်ဖုန်းအအေးမိသွားပုံပဲ"
ကျိုးရှီမှရှောင်ဖုန်းနဖူးအား စမ်းကြည့်လိုက်ရာ တစ်ကယ်ပင်မီးလိုပူခြစ်တော့၏။နောက်ဆုံးတွင်တော့ အခြားရွာသားများ၏အကူအညီဖြင့် ရှောင်ဖုန်းကို ကျိုးအိမ်ဟောင်းသို့ သယ်ဆောင်သွားကြသည်။
သူ့သားအားပြန်ရှာတွေ့ပြီဟူသော သတင်းကိုကြားသည်နှင့် ကျိုးတချမ်းသည် ကျိုးရှန့်ဖျင်ကိုသွားပင့်လေတော့၏။ကျိုးရှန့်ဖျင်မှာ ရှောင်ဖုန်းအသက်ရှင်နေသေးသည်မှာ ကံကောင်းကြောင်းနှင့် အကယ်၍ယခုထက်သာ နောက်ကျပြီးမှရှာတွေ့ခဲ့ပါလျှင် အဖျားကြီးပြီးဦးနှောက်ထိခိုက်သွားနိုင်ကြောင်းပြောကြားခဲ့သည်။
အဘွားစွင်းမှာ ထိုစကားကြောင့်အလွန်ထိတ်လန့်သွားရပြီး မျက်စိရှေ့အမှောင်အတိကျကာ လဲကျလုနီးပါးဖြစ်သွားရ၏။ကံကောင်းထောက်မစွာဖြင့် ကျိုးစန်းရှီမှာ အချိန်မီဖမ်းလိုက်နိုင်သည်။
"အမေ အဆင်ပြေရဲ့လား"
အဘွားစွင်း သူမခေါင်းကိုလက်ဖြင့်ပွတ်သပ်ကာစိတ်မအေးနိုင်သေးဘဲ ရှောင်ဖုန်းကုတင်ဘေးသို့ပြေးသွားတော့သည်။
"မြေးလေးရယ် မြေးကကျန်းချိုက်ရှကိုလက်ထပ်ချင်တယ်ဆိုရင်လဲ အဘွားကလုပ်ပေးပါ့မယ်၊တင်တောင်းငွေ၁၂တေးပေးဆိုလဲ ပေးပါ့မယ်၊ပိုက်ဆံရဖို့အတွက်နဲ့တော့ တောင်ပေါ်ကိုဒီလိုအသက်နဲ့ရင်းပြီး နောက်တစ်ခါမတက်ပါနဲ့တော့၊မြန်မြန်နိုးလာပါတော့ မြေးလေးရယ် မြေးလေးနိုးလာတာနဲ့ အဘွားကအကုန်စီစဉ်ပေးပါ့မယ်"
၁၂တေးကြောင့် သူမ၏အချစ်ဆုံးမြေးလေးအသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသဖြင့် အဘွားစွင်းသည်ကုတင်ဘေးတွင်ဝင်ထိုင်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေတော့၏။သူမသည် ရှောင်ဖုန်းအားစောင်သေချာခြုံပေးလိုက်သည်။
ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့မှာတော့ ထိုစကားကိုကြားသည်နှင့် မျက်နှာပျက်ကုန်ကြ၏။ဤကလေးပျောက်သွားခဲ့၍သာ အဘွားစွင်းမှာ ၁၂တေးကိုအလွယ်တကူထုတ်ပေးခဲ့ခြင်းပင်။
တစ်ရက်တာဆေးသောက်အနားယူပြီးနောက် ရှောင်ဖုန်းမှာချွေးထွက်လာပြီး အဖျားကျသွားကာ နောက်တစ်နေ့ကျမှ သတိပြန်လည်လာတော့သည်။သို့သော် ထိုနေ့မှစ၍ ရှောင်ဖုန်းသည် ထူးထူးဆန်းဆန်းဖြစ်လာတော့၏။ယခင်က အရပ်ရှည်ရှည်၊ကိုယ်ဟန်ဖြောင့်ဖြောင့်နှင့်လူသည် ယခုအခါတွင်တော့ခါးကုန်းကြီးဖြစ်နေတော့သည်။
လမ်းလျှောက်လျှင်လည်း ဖြည်းဖြည်းချင်း၊စကားပြောလျှင်လည်း တစ်လုံးချင်း၊စားချိန်သောက်ချိန်တွင်လည်း နှေးကွေးနေတော့၏။ကျိုးလျန်ဟွားမှာ သူ့တူပေါ်တွင်ကပ်ပါလာသော တံတွေးမျှင်များအားမြင်သောအခါ တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထသွားတော့သည်။သူမ၏ထမင်းစားချင်စိတ်ပင် ပျောက်ဆုံးသွားတော့၏။
သူမသည် စားပွဲထက်မှဟင်းပန်းကန်ကိုယူလိုက်ပြီး
"အစ်ကို ဟင်းကိုလိုက်နှိုက်မနေနဲ့တော့၊ကျွန်မပဲ အစ်ကို့ပန်းကန်ထဲထည့်ပေးပါ့မယ်၊ဒီလိုကြီးဆက်လုပ်နေရင် အခြားသူတွေကျ ဘယ်လိုစားမလဲ၊ပြီးတော့အစ်ကို့ဆီမှာ ဘာလို့ဒီလောက်တံတွေးတွေအများကြီးရှိနေရတာတုန်း၊တူပေါ်ကနေတောင်တွဲလောင်းကျနေပြီ"
အဘွားစွင်းသည် ရှောင်ဖုန်းအားချစ်ခင်ပါသော်လည်း ဤတစ်ကြိမ်တွင်မူလျန်ဟွားအားမဆူမိတော့ပေ။ရှောင်ဖုန်း၏စားသောက်ပုံမှာ တစ်ကယ်ပင်ကြည့်ရဆိုးလှသည်။သူမ ရှောင်ဖုန်းအား လေသံအေးအေးဖြင့်မေးလိုက်၏။
"မြေးလေး သက်သာရဲ့လား၊မနက်ဖြန်ကျရင် အဘွားအောင်သွယ်တော်ယိုကို ကျန်းမိသားစုဆီလွှတ်ပြီး မင်္ဂလာစကားကမ်းလှမ်းခိုင်းလိုက်မယ်နော် ဟုတ်ပြီလား"
အဘွားစွင်း အတော်ကြာသည်ထိစောင့်ဆိုင်းပြီးမှသာ ရှောင်ဖုန်းထံမှပြန် ဖြေသံသဲ့သဲ့ကိုကြားလိုက်ရသည်။
"ဟုတ်"
ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့ မျက်နှာပျက်နေသည်ကိုမြင်သောအခါ ကျိုးတချမ်းမှ သတိပေးလိုက်သည်။
"ရှောင်ဖုန်း အိမ်ထဲမှာပဲအမြဲအောင်းမနေနဲ့နော်၊အဖေတို့မြေရိုင်းဖော်တဲ့နေရာနဲ့ဆေးပင်စိုက်တဲ့နေရာတွေမှာ ဝိုင်းကူလုပ်မှအဖေတို့လဲပိုက်ဆံရမှာလေ"
သုံးရက်ကုန်ဆုံးသွားချိန်တွင် ရွာထဲရှိမိသားစုအတော်များများမှာ အနည်းဆုံး တစ်မူခန့် ဆေးပင်များစိုက်ပျိုးပြီးစီးနေကြပြီပင်။နှမ်းရွက်နှင့်မှာယီမူချောင်တို့မှာ သုံးလအတွင်းအမြန်ရိတ်သိမ်းနိုင်မည်ဟု ရွာလူကြီးမှပြောထားသဖြင့် လူတိုင်းမှာပထမတစ်မူပြီးသည်နှင့် ဒုတိယတစ်မူကို ဆက်ဖော်နေကြတော့သည်။
ကျိုးအိမ်ဟောင်းတွင်မူ ရှောင်ဖုန်းအားရှာဖွေရာတွင် လူအင်အားအကုန်သုံးလိုက်ရသဖြင့် မြေတစ်မူပင်မဖော်ရသေးပေ။ဒုတိယမိသားစုမှ လူသန်ကြီးအားငှားရန်မှာလည်း အခြားသူများမှာကြိုတင်စာရင်းပေးထားပြီးဖြစ်ရာ အနည်းဆုံးသုံးရက်ခန့်တော့ ထပ်စောင့်ရဦးပေမည်။
ကျိုးထောင်ဟွားမှ ခရုနတ်ဆိုးအားအိမ်သို့ယူလာသောအခါ ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည် စားပွဲထက်တင်ထားသည့် လက်မအရွယ်ခရုလေးအားစပ်စုကြည့်နေကြ၏။
ချမ်ရှီမှပြောလာသည်။
"တကယ့် ခရုနဲ့တူတာပဲ"
ကျိုးအာ့ရှုမှ မေးလာသည်။
"ထောင်ဟွား ရာသီသွေးမိစ္ဆာရယ် ဒူးရင်းသီးနတ်ဆိုးလေးရယ် လူသန်ကြီးရယ်တောင် လူပုံစံပြောင်းနိုင်တာပဲလေ ဒီခရုကျမှဘာလို့မပြောင်းနိုင်တာလဲ"
အိမ်ရောက်ကတည်းမှ ထိုခရုမှာအခွံထဲတွင်သာအမြဲပုန်းနေပြီး တစ်ခါတစ်ရံမှသာ ဦးမှင်လေးများထိုးထွက်၍ သူတို့ထံချောင်းကြည့်လာလေသည်။ထိုမေးခွန်းအား ကျိုးအာ့ရှုသာမက ရာသီသွေးမိစ္ဆာနှင့်ဒူးရင်းသီးနတ်ဆိုးတို့ပါ စိတ်ဝင်စားသွားကြ၏။အပ်နှင့်အပ်ချည်ကို ကိုင်ထားသော ရာသီသွေးမိစ္ဆာမှ ထင်ကြေးပေးလာသည်။
"သူ့ရဲ့ကျင့်စဉ်က နိမ့်လွန်းလို့များလား"
ဒူးရင်းသီးနတ်ဆိုးလေးမှာ မျက်လုံးပြူးလေးဖြင့်ပြောလိုက်သည်။
"ရှောင်ဖုန်းကို တောင်ပေါ်မှာတင်တစ်ညလုံးပိတ်မိအောင်လုပ်နိုင်တယ်ဆိုမှတော့ သူ့ကျင့်စဉ်ကအတော်လေးမြင့်နေရမှာလေ"
ထိုသို့ပြောနေစဉ်တွင်ပင် ရာသီသွေးမိစ္ဆာမှာ အပ်အားကောက်ကိုင်၍ ခရုခွံပေါ်မှကြုံရာနေရာကို လိုက်ထိုးလေတော့၏။
တစ်ချိန်တည်းမှာပင် ကျိုးအိမ်ဟောင်း၌ ရှောင်ဖုန်းတစ်ယောက် ရုတ်တရက်ကြီးအော်ဟစ်လာသည်။
"အား......."