အခန်း (၄၆)
Vol. 5 Ch. 46
ကျိုးအိမ်ဟောင်းအတွင်း၌
အဘွားစွင်း၊ကျိုးတချမ်းနှင့်ကျိုးရှီတို့သည် အောင်သွယ်တော်ယိုကို ခခယယဖြင့်အိမ်သို့ဖိတ်ကြားထား၏။သူတို့စိတ်ရင်းမှန်ကိုပြသရန်အတွက် အောင်သွယ်တော်ယိုမှနေ ကျန်းမိသားစုဆီယူဆောင်သွားရန် ငန်းဖြူတစ်စုံကိုပင် ကြိုတင်ဝယ်ယူထားကြသည်။
"အောင်သွယ်တော်ယို ကျန်းမိသားစုကတောင်းဆိုထားတဲ့ တင်တောင်းငွေ၁၂တေးကို ကျွန်မတို့ပေးမှာမလို့ ကျန်းမိသားစုဆီအရင်သွားပြီး ကျွန်မတို့ရှောင်ဖုန်းက ချိုက်ရှကိုလက်ထပ်ချင်တဲ့အကြောင်း စေ့စပ်ကမ်းလှမ်းပေးပါဦး၊ကလေးနှစ်ယောက်မင်္ဂလာဆောင်တဲ့နေ့ကျရင် အောင်သွယ်တော်အတွက်စာအိတ်နီအပြင် အခြားလိုအပ်တဲ့လက်ဆောင်ပစ္စည်းတွေကိုလဲ လုံလုံလောက်လောက်ဖြစ်အောင်စီစဥ်ပေးပါ့မယ်"
အဘွားစွင်းမှ ထိုစကားပြောလာသည်နှင့် အောင်သွယ်တော်ယိုမှာ နားရွက်တက်ချိတ်မတတ်ပြုံးပျော်သွားတော့၏။
မင်္ဂလာပွဲတစ်ခုအောင်မြင်သွားလျှင် အောင်သွယ်တော်သည် စာအိတ်နီသာမက အသားငါး၊အရက်နှင့်အစာသွပ်မုန့်များကိုလည်းရရှိတတ်ကြသည်။ထိုလက်ဆောင်များမှာ မိသားစုအခြေအနေပေါ်မူတည်သော်လည်း အနည်းဆုံးတော့အသား၆ကတ်တီ၊ငါးကြင်းဖြူကြီးနှစ်ကောင်၊အရက်နှစ်ကတ်တီနှင့်အစာသွပ်မုန့်လေးမျိုးပါဝင်လေ၏။
အောင်သွယ်တော်လုပ်ရခြင်းမှာ ငွေလည်းရသလို စားစရာလည်းရသဖြင့် အတော်လေးကောင်းမွန်သောအလုပ်ဖြစ်သည်။
ဟေးနျိုရွာမှကျန်းချိုက်ရှမှာ အလွန်လှပသော်လည်း ဘေးရွာများ၌တင်တောင်းငွေ၅တေးဖြင့် လက်ထပ်နိုင်သည့်အချိန်တွင် သူမအားဈေးနှစ်ဆပေးပြီးယူမည့်သူမှာ မရှိသလောက်ပင်။နောက်ဆုံးတွင်တော့ ကျိုးဖုန်းမှာ၁၀တေးပေးရန်သဘောတူလာခဲ့သော်လည်း ကျိုးလျန်ဟွားသတင်းကိုကြားပြီးနောက် ကျန်းမိသားစုမှာ၂တေးထပ်တိုးတောင်းခဲ့ပြန်သည်။အောင်သွယ်တော်ယိုကိုယ်တိုင်ပင် ဤလက်ထပ်ပွဲမှာမဖြစ်နိုင်တော့ဟုထင်ခဲ့သော်လည်း ကျိုးအိမ်ဟောင်းမှာမူ တစ်ကယ်ကြီးသဘောတူလာ၏။အဘွားစွင်းသည် သူမမြေးဦးလေးအားအလိုလိုက်လွန်းလှသည်။
အောင်သွယ်တော်ယိုမှာ ကောင်းချီးစကားများအား ချက်ချင်းပြောဆိုတော့၏။
"ဒီကလေးနှစ်ယောက်က ကောင်းကင်ကနေဖန်တီးပေးလိုက်တဲ့စုံတွဲတွေဆိုတော့ သူတို့အနာဂတ်က နှမ်းပန်းတွေပွင့်သလို တစ်ဆင့်ထက်တစ်ဆင့်မြင့်မားပြီး ချိုမြိန်လာမှာပါ၊ကျန်းချိုက်ရှဆိုတာကလဲ နူးညံ့သိမ်မွေ့ပြီးအိမ်ထောင်ရှင်မကောင်းပီသတဲ့ကလေးမဖြစ်သလို ကျိုးဖုန်းလေးကလဲသန်မာထွားကြိုင်းပြီး......"
*သန်မာထွားကြိုင်း*ဟူသောစကားမဆုံးမီမှာပင် ခုံပေါ်တွင်ကုန်းကုန်းကြီးထိုင်နေသော ကျိုးဖုန်းမှာမျက်စိမှိတ်ထားကာအိပ်ပျော်နေပုံရပြီး ယောကျ်ားပီသသည့်အငွေ့အသက်မျိုးတစ်စိုးတစ်စိမှရှိမနေချေ။အောင်သွယ်တော်၏ချီးမွမ်းစကားများမှာ လည်ချောင်းထဲတွင်တစ်ဆို့သွားရ၏။သို့သော် ရရှိမည့်အကျိုးအမြတ်အားတွေးကာ အားတင်း၍ဆက်ပြောလိုက်သည်။
"သန်မာထွားကြိုင်းတော့ မိသားစုကိုကောင်းကောင်းမွန်မွန်လုပ်ကျွေးနိုင်မှာပါ၊ကလေးနှစ်ယောက်က ချမ်းသာကြွယ်ဝပြီးပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရမှာ သေချာ....."
အောင်သွယ်တော်၏စကားမဆုံးမီမှာပင် ခုံပေါ်ရှိကျိုးဖုန်းမှာ ရုတ်ချည်း*အား*ကနဲထအော်လာလေ၏။ထို့နောက်တွင်တော့ အော်ဟစ်သံများအဆက်မပြတ်ထွက်လာတော့သည်။သူသည် အော်ဟစ်ရင်းပင် မျက်နှာကိုလက်ဖြင့်အုပ်လိုက်၊ခြေထောက်အားလှမ်းကိုင်လိုက်လုပ်နေသဖြင့် အနားရှိလူများမှာမှင်တက်ကုန်ကြသည်။
"မြေးလေး ဘာဖြစ်တာလဲ၊ဘယ်နေရာက နာလို့လဲ အဘွားကိုပြောပါဦး"
အဘွားစွင်း စိုးရိမ်တကြီးမေးလိုက်သည်။
အောင်သွယ်တော်ယိုမျက်နှာပျက်သွားသည်ကိုမြင်သောအခါ ကျိုးတချမ်းသည်အမြန်ရှေ့တိုးသွားပြီး ကျိုးဖုန်းအားငြိမ်ငြိမ်ထိုင်ရန်ထိန်းပေးထားလိုက်၏။ထို့နောက် အောင်သွယ်တော်ယိုထံ မျက်နှာပူပူဖြင့်ရှင်းပြလိုက်သည်။
"ဒီကလေးက ခဏမှေးနေတုန်းအိမ်မက်ဆိုးမက်နေတာနေမှာပါ စိတ်ထဲမထားပါနဲ့"
အောင်သွယ်တော်ယိုမှာ မပြုံးချင်ပြုံးချင်ဖြင့်ပြုံးပြလိုက်သော်လည်း သူမစိတ်ထဲတွေးလိုက်မိသည်။
*နင်တို့အိမ်က ကျန်းမိသားစုကိုတင်တောင်းငွေ၁၂တေးပေးမှာမလို့သာပဲ မဟုတ်လို့ကတော့ အခုချက်ချင်းငါထပြန်ပြီ*
အောင်သွယ်တော်နဲ့တွေ့နေတုန်းမှာ အိပ်ပျော်သွားပြီးအိမ်မက်ဆိုးမက်နေတယ်တဲ့လေ ဘယ်လိုလူစားမျိုးပါလိမ့်။
တစ်ချိန်တည်းမှာပင် ကျိုးထောင်ဟွားတို့ အိမ်၌
ရာသီသွေးမိစ္ဆာသည် ခရုခွံထဲသို့အပ်ဖြင့်တွေ့ရာလိုက်ထိုးနေသော်လည်း ခရုနတ်ဆိုးမှာတော့ ကျုံ့ဝင်သွားသည်မှအပ လူပုံစံမပြောင်းသေးပေ။သူမသည် စိတ်ပျက်လက်ပျက်ဖြင့်ပြောလာ၏။
"ဒီနည်းကအလုပ်မဖြစ်ဘူးလား"
ရုတ်တရက် ဒူးရင်းသီးနတ်ဆိုးလေး၏မျက်လုံးများမှာ တောက်ပလာသည်။သူမသည်ကျိုးထောင်ဟွားထံ ပြုံးပြ၍ပြောလာ၏။
"အစ်မထောင်ဟွား ခရုနတ်ဆိုးကအခုအခွံထဲမှာပဲပုန်းနေတာဆိုတော့ သူထွက်လာအောင် သမီးအနံ့ဆိုးတွေလွှတ်လိုက်ရင်ရော"
အဲ့လိုဆို သူလူပုံစံပြောင်းလာနိုင်မလား။
ကျိုးထောင်ဟွားခွင့်ပြုပေးလိုက်သည်။
"စမ်းကြည့်လေ"
ကျိုးထောင်ဟွားသည် ဒူးရင်းသီးနတ်ဆိုး၏အနံ့ဆိုးဒဏ်ကြောင့် အိမ်သားများအသက်ရှူကြပ်မသွားစေရန် အကာအကွယ်တစ်ခုကို ပြုလုပ်လိုက်၏။သူမအနံ့ဆိုးမှာ လူကိုပင်မူးမေ့လဲသွားစေနိုင်လောက်သည် မဟုတ်ပါလား။
ကျိုးထောင်ဟွား၏ခွင့်ပြုချက်ရသည်နှင့် ဒူးရင်းသီးနတ်ဆိုးသည် စိတ်လှုပ်ရှားစွာဖြင့် ခရုနတ်ဆိုးနားသို့တိုးသွားလိုက်ရာ သူမခေါင်းထက်ပန်ထားသော ဒူးရင်းပန်းလေးမှာလည်းပွင့်အာသွားလေတော့သည်။ချက်ချင်းဆိုသလိုပင် အလွန်ပြင်းထန်လှသောအနံ့ဆိုးမှာ လေထဲသို့ပျံ့နှံ့သွား၍ ခရုနတ်ဆိုးခမျာအခွံထဲတွင်လူးလှိမ့်ခံနေရပြီး စေးကပ်ကပ်အရည်ကြည်များမှာ တစ်ကိုယ်လုံးမှနေထွက်လာတော့၏။
*ဒီမိန်းမနှစ်ယောက်ကတော့ လူမှဟုတ်ရဲ့လား။ငါ့ကိုသေအောင်သတ်ဖို့လုပ်နေကြတာပဲ*
ခရုနတ်ဆိုးမှာစိတ်ထဲမှအော်ဟစ်နေမိ၏။
တစ်ချိန်တည်းမှာပင် ကျိုးအိမ်ဟောင်း၌
ကျိုးတချမ်းသည် ငြိမ်ငြိမ်လေးထိုင်နေသော ရှောင်ဖုန်းအားကြည့်ကာ သက်ပြင်းချရုံသာရှိသေးသည်။ရုတ်တရက်ကြီး ရှောင်ဖုန်းမှာလက်နှစ်ဖက်ဖြင့်နှာခေါင်းကိုအုပ်ပြီး ခန္ဓာကိုယ်ကို ဘယ်ညာယမ်းကာ အော်လာပြန်၏။
"နံတယ် နံစော်နေတာပဲ တော်ကြပါတော့"
ထို့နောက် ကြမ်းပြင်ပေါ်သို့ဒူးထောက်ကျသွားကာ ပါးစပ်မှနေအမြှုပ်များထွက်လာသဖြင့် အောင်သွယ်တော်ယိုခမျာ ထိတ်လန့်သွားပြီး ထိုင်ခုံပေါ်မှပင်ခုန်တက်သွားမိတော့သည်။သူမသည် ရှောင်ဖုန်းထံထိတ်လန့်တကြားကြည့်ကာ အဘွားစွင်းတို့အား ဆူငေါက်ပါတော့၏။
"နင်တို့ရှောင်ဖုန်းကနေမကောင်းဖြစ်နေတာလား ဘာလား၊ဒီလိုလူမျိုးကို ငါ့ဆီလာပြီးအောင်သွယ်ခိုင်းရဲတယ်ပေါ့လေ၊နင်တို့အိမ်ကကျန်းမိသားစုဆီ၁၂တေးထိပေးခိုင်းတာမထူးဆန်းတော့ပါဘူး၊နင်တို့ကဘယ်လိုမိသားစုမျိုးလဲဟဲ့"
အောင်သွယ်တော်ယိုသည် ခဏလေးပင်ထပ်မနေဝံ့တော့ဘဲ လှည့်ထွက်သွားတော့၏။အဘွားစွင်းမှာ အမြန်လိုက်တားသော်လည်း မရတော့ပေ။
"အောင်သွယ်တော်ယို ကျွန်မမြေးကပုံမှန်ဆိုဒီလိုမဟုတ်ပါဘူး"
"ဒါအထင်မှားနေတာပါ"
ကျိုးရှီမှရှင်းပြသော်လည်း အောင်သွယ်တော်ယိုမှာတော့ လှည့်ပင်မကြည့်တော့ပေ။
သူမသည် ကျိုးအိမ်ဟောင်းမှပြန်သည်နှင့် ကျန်းချိုက်ရှ၏မွေးသက္ကရာဇ်အားသွားတောင်းကာ ရှောင်ဖုန်းဇာတာနှင့်တိုက်ကြည့်ရန် အစီအစဉ်ရှိခဲ့သော်လည်း ရှောင်ဖုန်းအခြေအနေအား အချိန်မီသိလိုက်ရသဖြင့် ကံကောင်းသွားသည်ဟုပင်တွေးနေ၏။ထိုသို့မဟုတ်ပါက ကျိုးမိသားစုကြောင့် သူမနာမည်ပျက်ရဦးပေမည်။
လတ်တလော၌ကျိုးအိမ်ဟောင်းမှာ တစ်ကယ်ထူးဆန်းနေတော့၏။အရင်ဆုံး ကျိုးလျန်ဟွား ယခု ကျိုးဖုန်း ဒီကလေးနှစ်ယောက်လုံး ဘာတွေဖြစ်နေကြတာလဲ။ကျိုးလျန်ဟွားတုန်းကကျ အသံနတ်ဆိုးပူးကပ်သည်ဟုပြောနိုင်သော်လည်း ယခုရှောင်ဖုန်းမှာတော့ နေမကောင်းဖြစ်သည်လား ရူးနေသည်လားကိုပင် မဝေခွဲနိုင်တော့ချေ။သူ့အပြုအမူများမှာ လုံးဝကိုပုံမှန်ဟုတ်မနေပေ။
အိမ်ဟောင်းအတွင်း၌မူ အဘွားစွင်းတစ်ယောက် ရှောင်ဖုန်းပါးစပ်မှနေအမြှုပ်များထွက်ကာ မျက်ဖြူစိုက်နေသည်အားမြင်လိုက်ရသော် ဆောက်တည်ရာမရဖြစ်သွားရ၏။
"မြေးလေး ဘာဖြစ်တာလဲ၊အဘွားကို မခြောက်ပါနဲ့နော်"
ကျိုးရှီသည် ကျိုးတချမ်းအား ကျိုးရှန့်ဖျင်ကိုသွားခေါ်ခိုင်းလိုက်၏။ကျိုးရှန့်ဖျင် ရောက်လာသည်ထိ ရှောင်ဖုန်းမှာကြမ်းပြင်ပေါ်တွင်လဲကျလျက် အမြှုပ်များထွက်ကာ တဆတ်ဆတ်တုန်ယင်နေဆဲဖြစ်သည်။
ကျိုးရှန့်ဖျင်မျက်မှောင်ကြုံ့လိုက်မိကာ ဝက်ရူးပြန်ရောဂါဟုထင်လိုက်သော်လည်း သူ့လက္ခဏာများအရတော့ထိုသို့မဟုတ်ပြန်ချေ။စမ်းသပ်ကြည့်လိုက်ရာ ရှောင်ဖုန်းမှာသတိလစ်နေပြီဖြစ်သော်လည်း ကြွက်သားများမှာတောင့်တင်းနေပြီး ခန္ဓာကိုယ်မှာတော့တုန်ယင်နေဆဲဖြစ်ကာ ပါးစပ်မှနေလည်းအမြှုပ်များထွက်နေသည်ကိုတွေ့လိုက်ရ၏။
ကျိုးရှန့်ဖျင်သည် အပ်စိုက်ကုသခြင်းနှင့်အကြောဖြည်ခြင်းတို့လုပ်ပေးလိုက်ပါမှ ရှောင်ဖုန်းမှာတစ်ကယ်သတိလစ်သွားခဲ့ပြီး တုန်ယင်နေသောကိုယ်မှာငြိမ်သွားကာ အမြှပ်များလည်းထွက်မလာတော့ပေ။
အဘွားစွင်းစိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"ဦးလေးရှန့်ဖျင် ကျွန်မမြေးလေးဘာဖြစ်တာလဲ"
ကျိုးရှန့်ဖျင်မှ ရှောင်ဖုန်းကိုယ်ကိုစမ်းကြည့်ရာ တစ်ခုခုထူးဆန်းနေသည်ကို ခံစားလိုက်ရ၏။
"သူ့တစ်ကိုယ်လုံးက ဘာလို့ဒီလောက်ထိစိုထိုင်းစေးကပ်နေရတာလဲ"
ကျိုးရှန့်ဖျင်မှ လက်ဖြန့်ကြည့်လိုက်ရာ လက်ချောင်းများကြားတွင် တံတွေးကဲ့သို့စေးကပ်ကပ်အရည်ကြည်များ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရ၏။ထိုမြင်ကွင်းအားမြင်လိုက်ရချိန်တွင် အဘွားစွင်း၊ကျိုးရှီနှင့်ကျိုးတချမ်းတို့မှာ ရှောင်ဖုန်းထမင်းစားစဉ်၌ တူတွင်ကပ်ပါလာသောတံတွေးများကို ချက်ချင်းသတိရသွားကြတော့သည်။
ဒီကလေး တစ်ကယ်ထူးဆန်းနေပြီ!
အဘွားစွင်းလည်း ထိုအရာများအားလှမ်းစမ်းကြည့်ရာ တစ်ကယ်ကိုစေးကပ်ကပ်အရည်များဖြစ်နေသည်။သာမန်လူဆိုလျှင် ချွေးထွက်ရုံမျှသာရှိမည်ဖြစ်ပြီး ဤကဲ့သို့အရည်များမထွက်နိုင်ပေ။အရင်တစ်ခေါက် ကျိုးရှန့်ဖျင်ကုသပေးစဉ်တွင် ရှောင်ဖုန်းမှာကိုယ်ပူလွန်းနေသဖြင့် ဤအချက်အားသတိမထားမိခဲ့ခြင်းပင်။
သူတို့လေးဦးလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ကျိုးရှန့်ဖျင်မှ ခပ်တိုးတိုးပြောလာသည်။
"ရှောင်ဖုန်းတစ်ယောက် တောင်ပေါ်မှာနတ်ဆိုးတို့ မိစ္ဆာတို့နဲ့များတိုးခဲ့တာလား"