← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

အဘွားစွင်းနှင့်ကျိုးတချမ်းတို့မှာ မျက်လုံးအပြူးသားဖြစ်သွားကြ၏။အဘွားစွင်းမှာ ပြန်တွေးရင်းပြောလိုက်သည်။

"ရှောင်ဖုန်းကို တောင်ပေါ်ကနေသယ်လာတုန်းကတော့ နတ်ဆိုးပူးခံရတယ်ဆိုပြီး ထောင်ဟွားမပြောခဲ့ပါဘူး"

ကျိုးရှီမှာတန်းရိပ်မိသွားပြီး အံကြိတ်ကာပြောလာသည်။

"သူကပိုက်ဆံလိုချင်လို့နေမှာပေါ့၊ပိုက်ဆံသာမရရင် သူကကူညီမှာမဟုတ်ဘူး"

အဘွားစွင်းလည်း ကျိုးရှီကိုကျိုးထောင်ဟွားအားအမြန်သွားခေါ်ခိုင်းလိုက်၏။နတ်ဆိုးများအား အကြိမ်ကြိမ်မြင်ဖူးထားသဖြင့် အဘွားစွင်းတစ်ယောက်အတွေ့အကြုံရင့်နေပြီဖြစ်ရာ ရှောင်ဖုန်းထံတွင် နတ်ဆိုးပူးနေသည်မှာသေချာကြောင်းသိနေသည်။

ကျိုးဒုတိယအိမ်ခန်းကြီးအတွင်း၌

ခရုနတ်ဆိုး၏အခွံမှာ အဆက်မပြတ်တုန်ယင်နေပြီး တစ်ကိုယ်လုံးမှနေအရည်ကြည်များအား အဆက်မပြတ်ထုတ်လွှတ်နေတော့၏။ဒူးရင်းသီးနတ်ဆိုးမှာ ဒူးရင်းပွင့်လေးအား ပြန်ပိတ်၍နှာခေါင်းရှုံ့ကာပြောလာသည်။

"ဒီနည်းလမ်းလဲမရဘူးလား၊သူက လူပုံစံကိုဘာလို့မပြောင်းနိုင်ရတာလဲ"

ထိုစဉ်မှာပင် ခြံဝင်းတံခါးအား ခပ်ပြင်းပြင်းခေါက်သံထွက်လာလေ၏။

"ထောင်ဟွား အိမ်မှာရှိလား၊မကောင်းတာတွေဖြစ်နေပြီ ငါတို့ရှောင်ဖုန်းလေ တစ်ကိုယ်လုံးတုန်ယင်နေပြီး ပါးစပ်ကလဲအမြှုပ်တွေထွက်နေတယ်၊ပြီး‌တော့ သူ့ကိုယ်ပေါ်မှာလဲ စေးက်ကပ်အရည်တွေနဲ့ လာကြည့်ပေးပါဦး"

ဟမ်!

အခန်းထဲရှိလူတိုင်းမျက်လုံးမှာတောက်ပသွားကြ၏။ရှောင်ဖုန်းရဲ့အခြေအနေက ဘယ်လိုလုပ်ပြီးခရုနတ်ဆိုးနဲ့ထပ်တူကျနေရတာလဲ။

ကျိုးထောင်ဟွားမျက်မှောင်ကြုံ့သွားရ၏။တောင်ပေါ်၌ရှောင်ဖုန်းအားတွေ့စဉ်တွင် ခရုနတ်ဆိုးအားသူမဖယ်ရှားပေးခဲ့ပြီးဖြစ်လေသည်။အဘယ်ကြောင့်သူတို့နှစ်ဦးလုံးတွင် တုံ့ပြန်မှုတစ်ပုံစံတည်းဖြစ်နေရပါသနည်း။

ကျိုးထောင်ဟွားမှာ လက်ကိုင်ပုဝါဖြင့်ခရုနတ်ဆိုးအားကောက်ကိုင်ကာ သူ့ကိုယ်ပေါ်ရှိအမြှုပ်များအား သုတ်ပေးလိုက်၏။ဗလာကျင်းနေသော ခရုခွံအားကြည့်ကာ သူမစိတ်ထဲ၌ အတွေးတစ်ချက်ဖြတ်ဝင်လာသည်။

ခရုဆိုသည်မှာ ဒွိလိင်သတ္တဝါဖြစ်၏။သူ့ခန္ဓာကိုယ်တစ်ဝက်က ရှောင်ဖုန်းကိုယ်ထဲကျန်ခဲ့တာများလား။ထိုအခါမှသာ ကျိုးထောင်ဟွားသည် ခရုနတ်ဆိုးတစ်‌ယောက် အဘယ်ကြောင့်လူပုံစံမပြောင်းနိုင်ရသည်ကို နားလည်သွားတော့သည်။

ကျိုးထောင်ဟွားသည် ခြံတံခါးဖွင့်ကာပြောလိုက်၏။

"အဒေါ် သွားကြစို့"

ကျိုးရှီသည်ထောင်ဟွားနောက်မှလိုက်လာရင်းပင် အလိုလိုစိတ်အေးသွားရသည်ဟုခံစားလိုက်ရသည်။

ချမ်ရှီသည် ချုပ်လက်စအထည်ကိုချကာ

"အိမ်ဟောင်းကလူတွေထောင်ဟွားကို အနိုင်ထပ်မကျင့်အောင် ကျွန်မလိုက်သွားလိုက်ဦးမယ်"

ကျိုးအားရှုလည်းလိုက်လာရာ နှစ်ဦးသားသည် သက်တော်စောင့်များအလားပင်။

ကျိုးထောင်ဟွားတို့ ကျိုးအိမ်ဟောင်းသို့ရောက်ချိန်တွင် ရှောင်ဖုန်းအားကုတင်ပေါ်သို့တင်ထားကြပြီး မျက်နှာပေါ်မှအမြှုပ်များကိုလည်းသုတ်ပေးထားပြီးဖြစ်သည်။

ကျိုးထောင်ဟွားသည် သူ့ကိုယ်ထဲပူးကပ်နေသောခရုနတ်ဆိုး၏ကျန်တစ်ဝက်ကို ချက်ချင်းသတိပြုမိလိုက်၏။

တောင်ပေါ်၌ရှိစဥ်တွင် ခရုနတ်ဆိုးမှာခန္ဓာကိုယ်တစ်ဝက်ကို ရှောင်ဖုန်းကိုယ်ထဲသို့ပေါင်းစပ်ပြီး ခန္ဓာကိုယ်အပိုင်စီးရန်ကြံနေခြင်းဖြစ်ပုံရသည်။ထိုသို့လုပ်လိုက်ပါလျှင် သူ့အနေဖြင့်လူပုံစံပြောင်းနိုင်စွမ်းမရှိတော့သော်လည်း ရှောင်ဖုန်းကိုယ်ကို အသုံးချကာ လူသားအဖြစ်ရယူဖို့ကြံစည်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။အတော်ပါးနပ်သော နတ်ဆိုးပင်။

အဘွားစွင်းသည် ကျိုးထောင်ဟွားအားမြင်သည်နှင့် အပြေးလာကာမေးတော့သည်။

"ထောင်ဟွား ရှောင်ဖုန်းကနတ်ဆိုးပူးခံနေရတာလား"

ကျိုးထောင်ဟွားခေါင်းငြိမ့်၍ပြန်ဖြေလိုက်သည်။

"အစ်ကိုရှောင်ဖုန်းဆီမှာ ခရုနတ်ဆိုးကိုယ်တစ်ဝက်ဝင်ပူးနေတာပါ၊အဲ့နတ်ဆိုးက အစ်ကိုရှောင်ဖုန်းကိုယ်ကို သိမ်းပိုက်ချင်နေတာလေ"

"ဟမ်"

"ဘာပြောလိုက်တယ်"

အဘွားစွင်းနှင့်ကျိုးရှီတို့ ထိတ်လန့်တကြားအော်ဟစ်မိလိုက်၏။အဘွားစွင်းသည်ကျိုးထောင်ဟွားလက်ကို ဆုပ်ကိုင်ကာ

"ထောင်ဟွား သမီးအစ်ကိုကိုကယ်ပါဦး၊သမီးတို့က မောင်နှမတွေပဲလေ"

ကျိုးထောင်ဟွား အဘွားစွင်းထံလက်ဖြန့်ပြကာပြောလိုက်၏။

"အဘွားကသမီးရဲ့စည်းကမ်းကိုသိနေတာပဲမလား၊နတ်ဆိုးနှင်ခကိုပေးရင် သမီးလဲနတ်ဆိုးနှင်ပေးမှာပေါ့"

ချက်ချင်းဆိုသလို အဘွားစွင်းမျက်နှာမှာ ဖြူဖျော့သွားတော့၏။နောက်ထပ်၁၀တေးပေးရမှာလား။အဲ့ပိုက်ဆံက ရှောင်ဖုန်းမင်္ဂလာဆောင်ဖို့ဆိုပြီး သူမစုထားတဲ့ဟာတွေလေ။သူမမြေးများမှာ တစ်ယောက်ပြီးတစ်ယောက် သူမအားခွက်ဆွဲရ‌အောင်လုပ်နေကြလေ၏။

သို့သော် မြေးဖြစ်သူ၏အသက်နှင့်ရင်းရမည်ဖြစ်သဖြင့် အဘွားစွင်းသည်တုန်တုန်ယင်ယင်ဖြင့်သာ ၁၀တေးကိုထုတ်ပေးလိုက်ရတော့သည်။

ကျိုးထောင်ဟွားသည် ငွေအားအပြုံးလေးဖြင့်သိမ်းလိုက်၏။ယခင်တစ်ခေါက်၌ သူမမျက်စိအောက်မှနေခရုနတ်ဆိုးတစ်ဝက် လွတ်သွားခဲ့သော်လည်း ယခုတစ်ကြိမ်တွင်တော့ လွတ်ထွက်သွားရန်မှာမဖြစ်နိုင်တော့ပေ။

ကျိုးထောင်ဟွားသည် ကုတင်ဘေးသို့သွားကာ မန္တန်ရွတ်လိုက်ပြီးလက်ချောင်းထိပ်တွင်ဝိညာဉ်စွမ်းအားများစုစည်းလိုက်၏။သူမသည်ရှောင်ဖုန်း၏နဖူးကို အရင်တို့လိုက်ပြီးနောက် ခြေချောင်းများအားတို့ကာ စွမ်းအားကိုနှိုးဆော်လိုက်သည်။နောက်တစ်ခဏ၌ ရှောင်ဖုန်းကိုယ်ထဲမှနေ မီးခိုးဖြူရောင်အလုံးကြီးတစ်ခုလွှင့်ထွက်လာသည်ကို လူတိုင်းမြင်လိုက်ရတော့၏။

၎င်းမှာ တစ်ပိုင်းတစ်စဖောက်ထွင်းမြင်နေရရာ သူ့ကိုယ်တွင်းအင်္ဂါများကိုပင် ခပ်ရေးရေးမြင်နေရသည်။ကျိုးရှီမှာ ကြက်သီးများထလာပြီး မျက်မှောင်ကြုံ့ကာမေးလိုက်၏။

"ဒါက ခရုနတ်ဆိုးလား"

ကျိုးထောင်ဟွားသည် လက်၌အရည်ကြည်များထပ်မပေစေရန် ခရုခွံအားသုံးကာ ထိုနတ်ဆိုး၏ကိုယ်တစ်ဝက်ကိုဖမ်းယူလိုက်တော့သည်။

ခရုနတ်ဆိုး၏ခန္ဓာကိုယ်အစိတ်အပိုင်း နှစ်ခုမှာအခွံအတွင်း၌ လျင်မြန်စွာဖြင့်ပြန်လည်ပေါင်းစည်းသွားပြီးနောက် ခေါင်းပြူထွက်လာတော့၏။ယခုတစ်ကြိမ်တွင်မူ ခေါင်းပေါ်၌ဦးမှင်တံနှစ်စုံ အပြည့်အစုံဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေပြီပင်။

"ထောင်ဟွား ရှောင်ဖုန်းကိုယ်ထဲကနေ ခရုနတ်ဆိုးကတစ်ကယ်ထွက်သွားပြီလား"

ကျိုးရှီမှ အလောတကြီးမေးလာ၏။

ကျိုးထောင်ဟွားခေါင်းငြိမ့်ပြကာမှာခဲ့လိုက်သည်။

"တောင်ထိပ်က အန္တရာယ်များတာမလို့ နောက်ကျရင် အစ်ကိုရှောင်ဖုန်းကို အဲ့လိုအမြင့်ကြီးတွေထိ မတက်ခိုင်းပါနဲ့တော့"

သူမစကားအဆုံးမှာပင် ရှောင်ဖုန်းတစ်ယောက် အိပ်ပျော်နေရာမှနိုးလာတော့၏။ယခုတစ်ကြိမ်တွင်မူ သူ့မျက်ဝန်းများမှာ ကြည်လင်နေပြီး ယခင်ကကဲ့သို့ကြောင်တောင်တောင်ဖြစ်မနေတော့ပေ။

မကြာမီမှာပင် ယခင်ရက်အနည်းငယ်၌ ဖြစ်ပျက်ခဲ့သမျှကို သူပြန်သတိရသွားပြီး မည်သို့သောအခြေအနေမျိုးအား သူဖြတ်သန်းခဲ့ရသည်ကို နားလည်သွားတော့သည်။

သူသည်အိမ်တွင်းအောင်းနေခဲ့ပြီး လူလိုလိုနတ်ဆိုးလိုလိုဖြင့် ဘာလုပ်လုပ်ခရုတစ်ကောင်အလား နှေးနှေးကွေးကွေးပင်လုပ်ဆောင်နေခဲ့မိ၏။လျန်ဟွားမှသူ့စားသောက်ပုံကိုရွံရှာသည်မှာလည်း မဆန်းပါချေ။သူကိုယ်တိုင်ပြန်တွေးကြည့်ရင်းပင် ရွံရှာလာမိ၏။

ထို့ထက်ပိုအရေးကြီးသည်မှာ ယနေ့ အောင်သွယ်တော်ယိုရှေ့တွင် သူအကြီးအကျယ်အရှက်ကွဲခဲ့ခြင်းပင်။

အောင်သွယ်တော်ရှေ့ကျမှ ဘာလို့အဲ့လိုတွေဖြစ်သွားရတာလဲ။ယခုဆိုလျှင် အောင်သွယ်တော်ယို့အမြင်တွင် သူဆိုသည်မှာ အရူးတစ်ယောက်လုံးလုံးဖြစ်သွားပြီပင်။သူသည်လည်း လျန်ဟွားကဲ့သို့ပင်အောင်သွယ်တော်၏အမည်ပျက်စာရင်းထဲသို့ရောက်သွားချေပြီ။

သို့သော် သူသည်ကျန်းချိုက်ရှအား လက်ထပ်ချင်နေဆဲဖြစ်ရာ တွေးရင်းနှင့်ပင် ရှောင်ဖုန်းတစ်ယောက်ခေါင်းကိုက်လာတော့၏။

"အဘွား အောင်သွယ်တော်ယိုရဲ့ရှေ့မှာ ကျွန်တော့်ပုံရိပ်ကိုပြန်ဆယ်ဖို့ နည်းလမ်းလေးဘာလေးရှာပေးပါဦး၊ကျန်းချိုက်ရှနဲ့ လက်ထပ်ပွဲဆက်ဖြစ်အောင်လဲ ပြောပေးပါနော်"

အမြဲတစေအလိုလိုက်တတ်သော အဘွားစွင်းမှာ ယခုတစ်ကြိမ်တွင်မူချက်ချင်း ပြန်မဖြေနိုင်ရှာတော့ပေ။ရှောင်ဖုန်းမှ အဘွားစွင်းထံ နားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်သဖြင့် ရှင်းပြလိုက်ရတော့သည်။

"မြေးလေးရယ် မြေးကိုယ်ထဲကခရုနတ်ဆိုးကိုနှင်ထုတ်ဖို့ ထောင်ဟွားကို၁၀တေးပေးလိုက်ရတယ်လေ၊အခု အဘွားတို့ဆီမှာ တင်တောင်းငွေပေးဖို့ ပိုက်ဆံအလုံအလောက်မရှိတော့ဘူးကွယ်"

မိသားစုတွင်ငွေကြေးလုံလုံလောက်လောက်မကျန်တော့သလို သားကြီးနှင့်သားငယ်တို့ထံမှလည်း ဝင်ငွေရရန်မျှော်လင့်၍မရပေ။အကယ်၍ထောင်ဟွားသာ သူတို့အားတောင်ခြေတွင်ဆေးမြစ်တူးခိုင်းပြီး ငွေရှာနည်းမပေးခဲ့လျှင် ယခုအချိန်၌ သူတို့တွင်ပြားစေ့တစ်စေ့မျှပင်ရှိတော့မည်မဟုတ်ချေ။

အမှန်တော့ အဘွားစွင်းမှာကျိုးထောင်ဟွားပြောခဲ့သော ဆောင်းရာသီ၌နှင်းမုန်တိုင်းကျမည့်ကိစ္စကိုလည်း စိုးရိမ်နေဆဲပင်။ထို့ကြောင့် အိမ်ရှိငွေအားလုံးကို သုံးပစ်၍မရချေ။အိမ်ခေါင်မိုးအားပြင်ကာ အိမ်ကိုခိုင်ခံ့အောင်လုပ်ပြီးနံရံပြင်ရန်အတွက်လည်း ငွေအချို့ချန်ထားရဦးပေမည်။

"ဘယ်လို"

ရှောင်ဖုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့်အော်ဟစ်လိုက်မိ၏။

"မင်းသာတောင်ပေါ်ကိုဇွတ်တက်မသွားခဲ့ရင် ဒါမျိုးတွေဖြစ်လာမှာကိုမဟုတ်ဘူး။မင်းတူးလာတဲ့ဆေးမြစ်တွေက ဘယ်လောက်ရလို့လဲ၊ဒီရက်ပိုင်းမင်းအတွက်ဆေးဖိုးတွေ၊ထောင်ဟွားကိုပေးရတဲ့ နတ်ဆိုးနှင်ခနဲ့တင် ၁၀တေးကျော်ကုန်သွားပြီ၊အခုဆိုအိမ်ကပိုက်ဆံတွေလဲ ကုန်သလောက်ဖြစ်နေပြီလေ"

ကျိုးစန်းရှီမှာ မျက်နှာမသာမယာဖြင့် ဆူငေါက်လေတော့သည်။

ကျိုးရှီလည်း ချက်ချင်းပြန်ချေပလာ၏။

"မတ်လေး မေ့မနေနဲ့ဦးနော်၊အမေက ရှင်တို့အတွက်လဲ ပိုက်ဆံတွေအများကြီး သုံးပေးခဲ့တာပဲမလား"

အဘွားစွင်းမှာ သူတို့အားကြည့်ပြီးဆူငေါက်လိုက်သည်။

"တော်ကြတော့ အားလုံးမြေရိုင်းသွားဖော်ကြမယ်၊တစ်ယောက်မှ အပျင်းခိုမယ်မကြံကြနဲ့"

ကျိုးဒုတိယမိသားစုအိမ်

ကျိုးထောင်ဟွားသည် လူပုံစံမပြောင်းနိုင်သေးသော ခရုနတ်ဆိုးအားကြည့်ကာ စွက်ကနဲကောက်ကိုင်ပြီး ခြံထဲရှိဟင်းရွက်ခင်းထဲသို့ ပစ်ထည့်လိုက်၏။ခရုနတ်ဆိုးမှာ ခရမ်းသီးပင်၏အရွက်ပေါ်သို့ကျသွားလေသည်။

ခရုနတ်ဆိုးမှာ ခြေလက်များဖြင့်ခရမ်းသီးရွက်အားလှမ်းဖမ်းလိုက်စဉ် ထိုအရွက်ပေါ်၌ အခြားပိုးကောင်များရှိနေသည်ကို တွေ့လိုက်ရ၏။သူ့၏ဦးမှင်တံတစ်ခုမှာ လိုင်းဖမ်းသည့်တိုင်တစ်ခုကဲ့သို့ ချက်ချင်းထောင်မတ်သွားတော့သည်။

ငါ့မျက်စိရှေ့လာပြီး ငါ့အရွက်ကိုလာစားနေတယ်ပေါ့လေ။ငါ့ကို ခွင့်တောင်းခဲ့လို့လားကွ။

ထိုပိုးကောင်၏အရသာရှိရှိစားသောက်နေပုံကို မြင်သောအခါ ခရုနတ်ဆိုးသည် သွက်လက်သောသူ့ဦးမှင်တံကိုလေထဲတွင်ဝိုက်၍*ဖြောင်း*ကနဲ ရိုက်ချလိုက်တော့၏။

*ဝှစ်*

ပိုးကောင်လေးမှာ လှပသောပုံစံဖြင့်လွှင့်ထွက်သွားကာ ကျိုးမိသားစု၏ခြံစည်းရိုးမှနေကျော်ထွက်သွားလေတော့သည်။ထို့နောက် ဘုတ်ကနဲမြည်သံနှင့်အတူ ထိုပိုးကောင်မှာ အိမ်ပြင်ဘက်ရှိမြေကြီးပေါ်သို့ အရေခွံများစုတ်ပြဲလျက်ပြားကပ်နေသည့်အနေအထားဖြင့်ကျသွားလေတော့၏။

All Chapters