အခန်း (၄၉)
Vol. 5 Ch. 49
ဒူးရင်းသီးနတ်ဆိုးလေးမှာ တောက်ပသောသူမမျက်ဝန်းလေးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လက်ခုပ်တီး၍ချီးမွမ်းလာသည်။
"အစ်မထောင်ဟွားရဲ့ ဒီလောက်လှပတဲ့ရုပ်ရည်မျိုးနဲ့ဆိုရင် ကျိုးကျားရွာမှာတင်မကဘူး ချင်းရွှေမြို့မှာတောင် အလှဆုံးစာရင်းဝင်မှာအသေအချာပဲ"
ထိုသို့ချီးမွမ်းခံလိုက်ရသဖြင့် ကျိုးထောင်ဟွားပါးပြင်လေးများမှာ ပန်းရောင်သန်းသွားတော့၏။*လူမှာအဝတ် တောင်းမှာအကွပ်*ဆိုသလိုပင် ဤအင်္ကျီလေးမှာ သူမ၏သွယ်လျသောကိုယ်လုံးလေးအားပေါ်လွင်စေပြီး ဖူးပွင့်စအရွယ်မိန်းမငယ်တစ်ဦး၏နုပျိုမှုကို အထင်းသားမြင်သာစေကာ သူမမျက်နှာလေးကို ပို၍ပင်ဆွဲဆောင်မှုရှိစေသည်ဟု သူမကိုယ်တိုင်လည်းခံစားမိသည်။
ထိုစဉ်မှာပင် ကျိုးအာ့ရှုတစ်ယောက်အိမ်ထဲသို့ အပြေးဝင်ချလာ၏။
"ဒုက္ခပဲကွာ လယ်ထဲကဆေးပင်တွေ အကုန်ပျက်စီးတော့မယ်၊ရွာလူကြီးနဲ့ဦးလေးရှန့်ဖျင်တို့ပြောတာတော့ ပိုးကျနေတာတဲ့၊ဖားဥမှိုရော ပျကောင်တွေရော သီးလုံးဖောက်ပိုးတွေရော ပင့်ကူပိုးတွေရောအကုန်ကျနေတာ၊အပင်တွေကို ပြန်ကယ်နိုင်မလားဆိုပြီး တစ်ကောင်ချင်းလိုက်ဖမ်းခိုင်းထားတယ်"
(ခဏခဏကြော်ငြာဝင်ပေးခဲ့တဲ့ မြန်မာ့ဩဘာကြော်ငြာကိုကျေးဇူးတင်ရမယ် ပိုးကောင်နာမည်အစုံသိသွားပြီ)
ချမ်ရှီထိတ်လန့်သွားရသည်။
"လိုက်ဖမ်းရမယ်ဟုတ်လား ဘယ်လိုလုပ်အကုန်ဖမ်းနိုင်မှာလဲ၊ကျွန်မတို့က ၁၀မူတောင်စိုက်ထားတာလေ"
မစားမသောက်ဘဲမအိပ်မနေဖမ်းလျှင်ပင်အကုန်ဖမ်းနိုင်မည်မဟုတ်ပေ။ဖမ်းမပြီးခင်မှာပင် လက်ကျန်ဆေးပင်များမှာ ပိုးကောင်များ၏ဝါးမျိုခံရပြီး သေဆုံးကုန်ပေလိမ့်မည်။
"အဲဒါပြောတာပေါ့၊ပိုးကောင်အချို့ဆို နှမ်းစေ့လောက်ပဲရှိတာလေ ဘယ်လိုလုပ်ဖမ်းလို့ရမှာလဲ"
ကျိုးအာ့ရှုမှာအလွန်စိုးရိမ်နေသော်လည်း လယ်ထဲရှိအပင်များအားပစ်ထား၍မရရာအိမ်ပြန်လာ၍ ဟုန်ယန်၊ထောင်ဟွားနှင့်ဒူးရင်းသီးနတ်ဆိုးတို့အား ပိုးကောင်လိုက်ဖမ်းရန်လာခေါ်ခြင်းဖြစ်၏။
လယ်ထဲ၌ပိုးကောင်များကျနေသည်ဟူသောစကားကိုကြားသည်နှင့် ကျိုးထောင်ဟွားသည် ခရုနတ်ဆိုးအားချက်ချင်းသတိရလိုက်သည်။၎င်းသည် ပိုးကောင်သတ်ရာတွင် အတော်လေးထိရောက်လှသည်မဟုတ်ပါလား။သို့သော် လယ်ကွင်းထဲတွင် ပိုးကောင်များစွာရှိနေသည်ဟုဆိုသဖြင့် သူမအနည်းငယ်စိုးရိမ်မိသည်။ဆယ်မူဆိုသည်မှာ အိမ်ရှေ့ရှိခြံဝင်းလေးနှင့်မတူပေ။ခရုနတ်ဆိုးတစ်ယောက် လုပ်နိုင်မလုပ်နိုင်မသေချာချေ။
ကျိုးထောင်ဟွားသည် ပဲစင်ပေါ်ရှိခရုနတ်ဆိုးထံလှမ်းကြည့်လိုက်ရာ ၎င်းမှာစိတ်လှုပ်ရှားစွာဖြင့် ဦးမှင်လေးများလှုပ်ခါနေသည်ကိုတွေ့လိုက်ရ၏။ဦးမှင်လေးခုလုံးမှာ အရပ်လေးမျက်နှာသို့ရမ်းခါနေသည်။ကျိုးထောင်ဟွား အံ့အားသင့်သွားပြီးမှ ရိပ်မိလိုက်၏။
သူကစိတ်လှုပ်ရှားနေတာလား။
သူမသည် ခရုနတ်ဆိုးအားယူလိုက်ပြီးနောက် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ဘက်လှည့်ကာပြောလိုက်သည်။
"အဖေ အမေသွားကြရအောင်လေ"
ဒူးရင်းသီးနတ်ဆိုးလည်း အတူလိုက်ပါလာခဲ့၏။ရာသီသွေးမိစ္ဆာသည်မူ သခင်မဟယ်မှာယူထားသော လက်ကိုင်ပုဝါများချုပ်ရန်ရှိသဖြင့် အိမ်မှာပင်ကျန်ရစ်ခဲ့သည်။
ဤအချိန်တွင် ဆေးပင်စိုက်ခင်းထဲ၌ လူအများမှာမြေရိုင်းဖော်စဉ်ကကဲ့သို့ပင် စည်ကားနေသော်လည်း ယခုမူအားလုံးမှာပိုးကောင်လိုက်ဖမ်းနေကြခြင်းပင်။ကလေးရောလူကြီးပါမကျန် တစ်ကောင်ဖမ်းမိလျှင်လက်သည်းဖြင့်ချက်ချင်းဖိသတ်နေကြ၏။ကြောက်တတ်သူများမှာမူ မြေကြီးပေါ် ချကာခြေထောက်ဖြင့်နင်းသတ်လိုက်ကြသည်။
"တောက်!သုံးလေးလနေရင် ပိုက်ဆံအများကြီးရမယ်ဆိုပြီးမျှော်လင့်ထားခဲ့တာကို အခုတော့စိုက်တာတစ်လခွဲတောင် မရှိသေးဘူး အပင်တွေကသေတော့မယ်"
ရွာသားတစ်ဦးမှငြီးတွားလာသည်။
"စကားမပြောစမ်းနဲ့ မြန်မြန်သာဖမ်းပစ်၊ငါတို့သာနှေးနေရင် သူတို့ကအရွက်တွေကို အကုန်စားသွားလိမ့်မယ်၊အဲ့လိုဆိုရင် ဘာကိုရောင်းစားတော့မှာလဲ"
အခြားတစ်ဦးမှ နွမ်းလျစွာဖြင့်ပြောလာ၏။
အဘွားစွင်းမှာမူ ပို၍ပင်ဝမ်းနည်းနေရှာသည်။
"ငါ့မြေ၉မူလုံးမှာလဲပိုးတွေချည်းပဲ၊ထောင်ဟွားဆီက လူသန်ကြီးကိုငှားပြီး ၄မြူဖော်ခိုင်းထားတာရယ်၊ငါ့ဘာသာဖော်တာ၅မူရယ် အပင်တွေသာမရှင်ရင်တော့ ငါ့ပိုက်ဆံတွေအလကားဖြစ်ကုန်တော့မှာပဲ"
ကျိုးအိမ်ဟောင်းမှာ ရွာတွင်ဆေးပင်အများဆုံးစိုက်ထားသည့်မိသားစုဖြစ်ပြီး စုစုပေါင်း၂၃မူရှိ၏။အဘွားစွင်းသည် သူမလယ်ထဲမှမြင်ကွင်းအားမြင်လိုက်ရချိန်တွင် မျက်ဖြူစိုက်ကာသတိလစ်သွားသဖြင့် ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့မှာ အိမ်သို့ပြန်ထမ်းသွားကြရသည်။
အဘွားစွင်းသတိပြန်ရလာသောအခါတွင်လည်း ဆက်ရေရွတ်နေဆဲပင်။
"သွားပြီ အကုန်သွားပြီ"
ရှောင်ဖုန်းအား နတ်ဆိုးနှင်ရန် ၁၀တေး ကုန်သွားပြီးနောက် ထောင်ဟွားစကားအားယုံကာ ဆေးပင်စိုက်၍ငွေရှာရန် သူမလောင်းကြေးကြီးကြီးထပ်ခဲ့ခြင်း ဖြစ်သည်။ယခင်တစ်ခေါက်၌ ထောင်ဟွားပြောသည့်အတိုင်း တောင်ခြေတွင်ဆေးမြစ်တူးခဲ့စဉ်မှာ ၁၀ရက်ကျော်အတွင်းပင် ၁၀တေးကျော်ရခဲ့သည်လေ။
အကယ်၍သာ ဤ၂၃မူမှဆေးပင်များသာအောင်မြင်ခဲ့ပါလျှင် အနည်းဆုံး၅၇တေးခန့် ရရှိမည်ပင်။သုံးလေးလအတွင်းမှာပင် ကျိုးအိမ်ဟောင်းအတွက် ကြီးမားသောဝင်ငွေပမာဏအားဆောင်ကြဉ်းပေးနိုင်မည်ဖြစ်၏။
ထို့ကြောင့် သူမသည်အိမ်တွင်ရှိသမျှ နောက်ဆုံးလက်ကျန်ငွေများကိုစုပုံ၍ မျိုးစေ့များဝယ်ယူကာ မြေရိုင်းဖော်ခဲ့ခြင်းဖြစ်သည်။
ယခုမူ ဆေးပင်စိုက်ခင်းတစ်ခုလုံးပိုးမွှားများဖြင့် ပြည့်နှက်နေပြီး ယခုနှစ်ဆောင်းရာသီတွင်လည်း သုံးရက်ဆက်တိုက်နှင်းမုန်တိုင်းကျလိမ့်မည်ဟု ထောင်ဟွားပြောထားသေး၏။အိမ်ခေါင်မိုးမှာလည်း မပြင်ရသေးသလို နံရံများကိုလည်းမဖာရသေးရာ သူတို့မည်သို့ရှင်သန်ကြရမည်နည်း။ဤဆောင်းရာသီတွင် သူတို့အားလုံး အေးခဲပြီးသေကြရတော့မည်လား။
"အမေ အဆင်ပြေရဲ့လား"
"အဘွား ဘယ်လိုနေသေးလဲ"
အဘွားစွင်းသတိရလာသည်ကိုမြင်သောအခါ ကျိုးစန်းရှီ၊ကျိုးဖုန်းနှင့်အခြားသူများမှာ အပြေးရောက်လာပြီးမေးမြန်းကြတော့သည်။အဘွားစွင်းသည် သူမအချစ်ဆုံးဖြစ်သော သားငယ်နှင့်မြေးဖြစ်သူတို့အားမြင်သောအခါ ပို၍ပင်စိတ်မကောင်းဖြစ်ရပြန်၏။
သူမသားငယ်နှင့်မြေးလေးတို့အား ဆောင်းရာသီ၌ ဒုက္ခမရောက်စေချင်ပေ။သူမသားငယ်သည် ဂုဏ်တက်စေရန်အတွက် ရှောင်လဲ့အားကျောင်းထားချင်ခဲ့သည်။မြေးဖြစ်သူမှာလည်း ကျန်းချိုက်ရှနှင့်လက်ထပ်ချင်နေ၏။သို့သော် ယခုဆေးပင်အားလုံးပျက်စီးကုန်လေပြီ။
အဘွားစွင်းတစ်ယောက်တည်း ပူပန်နေစဉ် သူမအကြည့်မှာကျိုးလျန်ဟွားပေါ်သို့ ရုတ်ချည်းကျရောက်သွားသည်။ယခင်တစ်ခေါက်၌ သူမသည် ကျိုးထောင်ဟွားအား ကံကောင်းခြင်းအဆောင်အဖြစ် မင်္ဂလာဆောင်ရန် စေလွှတ်နိုင်ခြင်းမရှိခဲ့သော်လည်း လီယွမ်ဝေမှာစိတ်ဆိုးခြင်းမရှိခဲ့ပေ။
ယခုလီယွမ်ဝေသည် သူ့ကံဇာတာကိုမြှင့်တင်ရန်အတွက် ဇူလိုင်လ၁၅ရက်နေ့တွင်မွေးဖွားသော အမျိုးသမီးတစ်ဦးအားအလိုရှိနေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် လျန်ဟွားမွေးနေ့မှာလည်း ဇူလိုင်လ၁၅ရက်ဖြစ်နေသည်ပင်။ထို့အပြင် လီယွမ်ဝေမှာတင်တောင်းငွေအဖြစ် တေး၄၀ပေးရန်လည်းအဆင်သင့်ရှိနေသည်။
မူလ၌ဆေးပင်စိုက်ခင်းမှ၅၇တေးရရှိတော့မည်ဖြစ်၍ အဘွားစွင်းသည်ထိုငွေတေး၄၀ကို သိပ်စိတ်မဝင်စားခဲ့ပေ။
သို့သော် ယခုဆေးပင်များမှာပျက်စီးသွားပြီဖြစ်ရာ မိသားစုတွင်ငွေလိုနေပြီဖြစ်သဖြင့် အဘွားစွင်းတစ်ယောက်စိတ်ပြောင်းသွားကာ ကျိုးလျန်ဟွားကိုသာ ပစ်မှတ်ထားလိုက်တော့သည်။
ဤတေး၄၀သာရရှိခဲ့ပါက ကျိုးအိမ်ဟောင်းရှိပြဿနာအားလုံးပြေလည်သွားမည်ဖြစ်ကာ လူတိုင်းလည်းကောင်းကောင်းမွန်မွန်နေထိုင်နိုင်ကြမည်ပင်။
အဘွားစွင်းမှပြောလိုက်၏။
"တချမ်း ရှုဖန်းနဲ့ မြေးကြီးတို့သုံးယောက် ဒီမှာနေခဲ့၊ကျန်တဲ့သူတွေက လယ်ထဲသွားပြီး ပိုးကောင်သွားဖမ်းကြ"
ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့သည် အဘွားစွင်းမှာအဘယ်ကြောင့် သားကြီးမိသားစုကိုသာ ချန်ထားခဲ့သည်ကိုနားမလည်နိုင်သော်လည်း ကျိုးနွံစွာပင်အပြင်သို့ထွက်သွားကြသည်။သို့သော် ကျိုးလျန်ဟွားမှာမူဇဝေဇဝါဖြင့် အဘွားစွင်းအားမေးလိုက်၏။
"အဘွား ကျွန်မကရောနေခဲ့ရမှာလား"
"ခြံထဲမှာ ခဏသွားနေဦး၊အဘွား ပြီးမှလှမ်းခေါ်လိုက်မယ်"
ကျိုးလျန်ဟွားသည် ကျိုးစန်းရှီတို့နောက်မှနေ လိမ်လိမ်မာမာလိုက်ထွက်သွားပြီး အခန်းတံခါးကိုပင်ပိတ်ပေးခဲ့သေးသည်။သို့သော် တစ်စုံတစ်ခုကြောင့် အဘွားဖြစ်သူ၏အကြည့်မှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားနေရ၏။ထိုခံစားချက်မှာ သူမအားကသိကအောက်ဖြစ်စေလေသည်။
ကျိုးလျန်ဟွားသည် ခြံထဲတွင်ကြာကြာထိုင်မနေနိုင်ပေ။သူမသည် အခန်းပြတင်းပေါက်နားသို့ တိတ်တဆိတ်ကပ်သွားကာ ချောင်းနားထောင်လိုက်သည်။အတွင်းမှနေ အဘွားစွင်းအသံကို ကြားလိုက်ရ၏။
"လျန်ဟွားရဲ့ဂုဏ်သိက္ခာက ပျက်စီးသွားပြီဆိုတော့ သူကဘေးရွာတွေမှာ အိမ်ထောင်ပြုလို့မရတော့ဘူး၊သူ့ကို တစ်သက်လုံး အိမ်မှာပဲ အလေလိုက်ခိုင်းထားမယ့်အစား လီယွမ်ဝေဆီကို ကံကောင်းခြင်းအဆောင်အဖြစ် လက်ထပ်ပေးလိုက်တာ ပိုကောင်းတယ်၊လီယွမ်ဝေက အခုဇူလိုင်၁၅ရက်နေ့ဖွား မိန်းကလေးကိုရှာနေတာ၊တင်တောင်းငွေကလဲ တေး၄၀တောင်ပေးမယ်တဲ့"
ထို့နောက် အခန်းထဲတွင်ခဏတာမျှ တိတ်ဆိတ်သွားတော့သည်။တေး၄၀ဆိုသည်မှာ ကျိုးကျားရွာရှိအိမ်ထောင်စုတိုင်းအတွက်တော့ နက္ခတ်ဗေဒကိန်းဂဏန်းကဲ့သို့ အလွန်ကြီးမားသောပမာဏဖြစ်၏။မည်သည့်မိသားစုက တင်တောင်းငွေအဖြစ်တေး၄၀ရဖူးပါသနည်း။ရွာပန်းလေးကျန်းချိုက်ရှပင်လျှင် ၁၂တေးသာအမြင့်ဆုံး တောင်းရဲခြင်းပင်။
ကျိုးလျန်ဟွားမှာ ထိတ်လန့်သွားပြီး သူမပါးစပ်ကိုလက်ဖြင့်အမြန်အုပ်လိုက်ရသည်။
"!!!"
အဘွားက သူမကိုတေး၄၀နဲ့ ရောင်းစားတော့မှာလား။