အခန်း (၅၀)
Vol. 5 Ch. 50
ကျိုးလျန်ဟွားသည် သတိကပ်ကာနောက်သို့ဆုတ်လိုက်ပြီးနောက် ခြံဝင်းတံခါးကို ဝုန်းကနဲဖွင့်ကာပြန်လှည့်မကြည့်ဘဲ အားကုန်ပြေးထွက်သွားတော့၏!
ဆေးပင်စိုက်ခင်းအတွင်း၌
ကျိုးထောင်ဟွားမှ ပတ်ဝန်းကျင်အားဝေ့ကြည့်လိုက်ရာ အရွက်အများစုသည်လိပ်နေသည်တို့ကတစ်မျိုး အဝါရောင်သန်းနေသည်တို့ကတစ်ဖုံတွေ့လိုက်ရသည်။အချို့အရွက်များမှာဆိုလျှင် ပိုးကောင်များကိုက်ဖြတ်ထားသဖြင့် ပိုးပေါက်များဖြင့် ဗရပွဖြစ်နေတော့၏။
ကျိုးအာ့ရှု၊ချမ်ရှီနှင့်ဒူးရင်းသီးနတ်ဆိုးတို့မှာ တကုန်းကုန်းဖြင့် တစ်ရွက်ချင်းကြည့်ကာလိုက်လံဖမ်းဆီးနေရ၍ ခဏအကြာတွင် ခါးနာသွားကြသည်။သူတို့ မော့ကြည့်လိုက်တိုင်း စိတ်ပျက်အားငယ်မှုများသာ တိုးပွားလာ၏။ဆေးပင်ခင်းမှာ မျက်စိတစ်ဆုံးကျယ်ပြန့်လွန်းလှပြီး ဖယ်ရှားရမည့်ပိုးကောင်များမှာလည်း မရေမတွက်နိုင်အောင်များပြားလှပေသည်။
ကျိုးထောင်ဟွားသည် ယီမူချောင်တစ်ပင်နားသို့ လျှောက်သွား၍ငုံ့ကြည့်လိုက်ရာ နုနုဖတ်ဖတ်အရွက်များပေါ်တွင် စိမ်းဝါရောင်ပျကောင်များမှာ အုပ်စုလိုက်ကပ်တွယ်လျက် အပင်အစေးရည်ကိုစုပ်ယူနေသည်အားတွေ့လိုက်ရ၏။
အပင်အပေါ်ဘက်တွင် ပျကောင်များ အောက်ဘက်တွင်တော့ ပင့်ကူပိုးများဖြင့် တစ်ပင်လုံးတွင်ပိုးမျိုးစုံကျနေ တော့သည်။၎င်းတို့သည် အရွက်နောက်ကျောတွင် ပိုးအိမ်များရက်လုပ်ကာ အပင်အစေးရည်ကိုစုပ်ယူကြသဖြင့် ကြာလာသောအခါ အရွက်များမှာဝါလာပြီး ညှိုးခြောက်ကြွေကျကာ အပင်မှာလည်း အားအင်ချည့်နဲ့လာတော့၏။၁၀မူလုံးကိုလှည့်ပတ်ကြည့်လိုက်လျှင် ပုံမှန်အတိုင်းရှိနေသောအပင်မှာ လက်ချိုးရေ၍ပင်ရနိုင်သည်။
ကျိုးထောင်ဟွား မျက်မှောင်ကြုတ်မိသွားသည်။ဘာလို့ဒီလောက်များနေရတာလဲ ကြည့်ရတာကြက်သီးတောင်ထတယ်။
သူမသည် လက်ထဲရှိခရုနတ်ဆိုးအားငုံ့ကြည့်လိုက်ရာ ၎င်းမှာဦးမှင်များကို ထောင်၍ တစ်ခုခုရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်အားဝေ့ဝဲကြည့်နေ၏။ကျိုးထောင်ဟွားသည် ၎င်းကြည့်နေသော လမ်းကြောင်းအတိုင်း လျှောက်သွားလိုက်သည်။
"ထောင်ဟွား ဘယ်သွားမလို့လဲ"
ကျိုးထောင်ဟွားမှ အခြားသူ၏လယ်ကွက်ထဲဝင်သွားသည်ကိုမြင်သောအခါ ချမ်ရှီမှအလောသုံးဆယ်ဖြင့်လှမ်းခေါ်လိုက်သည်။
ကျိုးထောင်ဟွားသည် ခရုနတ်ဆိုးပြသည့်ဘက်သို့လိုက်ရင်း ဖြည်းဖြည်းချင်းတစ်ခုခုကိုခံစားမိလာ၏။သူမ နောက်လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"အမေ သမီးခဏလမ်းပတ်လျှောက်မလို့ပါ၊ချက်ချင်းပြန်လာခဲ့မယ်"
ပြန်ဖြေပြီးသည်နှင့်ခရုနတ်ဆိုးနှင့်အတူ ဆက်လျှောက်သွားတော့သည်။
မူ၁၀၀ခန့်ရှိသော ဆေးပင်ခင်းကြီး၏အလယ်ဗဟိုသို့ ရောက်သောအခါ ကျိုးထောင်ဟွားသည် ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုကို သတိပြုမိလိုက်၏။မြေပြင်ထက်တွင် မြေပုံငယ်လေးတစ်ခု ရှိနေသည်။ထိုမြေပုံ၏အပေါက်ဝ၌ အလွန်ပြင်းထန်သောမိစ္ဆာအငွေ့အသက်များကို သူမခံစားလိုက်ရသည်။
ကျိုးထောင်ဟွား မျက်မှောင်ကြုံ့ကာ ကျိန်ဆဲလိုက်၏။
"သေစမ်း ဒီလောက်မြေကွက်ကျယ်တွေပေါ်မှာ ပိုးတွေကျအောင်လုပ်နေတဲ့ တရားခံကနင်ကိုး"
ခရုနတ်ဆိုးမှာ သူမလက်ဖဝါးထဲ၌ပင်စိတ်လှုပ်ရှားလွန်းသဖြင့် ဦးမှင်လေးခုလုံးမှာ အရပ်မျက်နှာအစုံသို့ယမ်းခါနေပြီး ၎င်းအခွံပင် တုန်ယင်လာတော့သည်။၎င်းသည် စကားမပြောနိုင်သော်လည်း ကိုယ်အမူအရာမှနေ အမဲလိုက်ရန်အချိန်ကျပြီဟု ပြောနေသကဲ့သို့ပင်။
ခရုနတ်ဆိုးမှ အလုပ်စရန်ပြင်လိုက်စဉ်ပင် ခပ်လှမ်းလှမ်းမှအော်ဟစ်သံတစ်သံထွက်ပေါ်လာ၏။
"ကယ်ကြပါဦး"
ဤအချိန်တွင် ရွာသားအများစုမှာလယ်ထဲ၌ ပိုးကောင်ဖမ်းနေကြသဖြင့် လူသံတိတ်ဆိတ်နေရာ ထိုအော်သံမှာ အလွန်ကျယ်လောင်သွားတော့သည်။လူတိုင်းမှာ ကိုယ်ကိုမတ်ပြီးအသံလာရာသို့ကြည့်လိုက်ကြရာ ကျိုးလျန်ဟွားတစ်ယောက် အနောက်မှဝံပုလွေအုပ်လိုက်ခံနေရသကဲ့သို့ အသက်လုပြေးလာသည်ကိုတွေ့လိုက်ရ၏။
"လျန်ဟွား ဘာဖြစ်လို့လဲ"
ကျိုးစန်းရှီမေးလိုက်သည်။
"လျန်ဟွားဘာတွေဖြစ်နေတာလဲ"
ဝမ့်ရှီလည်း စိုးရိမ်တကြီးဖြင့်မေးလာ၏။
ကျိုးလျန်ဟွားသည် လယ်ကွင်းနားရောက်သည်နှင့် လယ်ထဲတွင်ရပ်နေသော ရွာသားများထံဝေ့ကြည့်လိုက်ပြီး ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့အားကျော်ကာ ကျိုးထောင်ဟွားဆီတန်းပြေးသွားတော့သည်။
"ဒီကောင်မလေးတော့ နင်ဘယ်ကိုပြေးမလို့လဲ"
အဘွားစွင်းသည် အနောက်မှပြေးလိုက်ရင်းကျိန်ဆဲနေတော့၏။ဤကောင်မစုတ်လေးမှာ အလွန်ပါးနပ်ပြီးသူတို့စကားဝိုင်းအား ချောင်းနားထောင်လိမ့်မည်ဟုသူမ ထင်မထားခဲ့ပေ။
"လျန်ဟွား အဘွားကနင့်ကောင်းကျိုးအတွက်လုပ်ပေးနေတာပါ၊နောက်ဆိုရင် နင်ကအိမ်ထောင်ပြုလို့ရမှာမဟုတ်တော့ဘူးလေ"
ကျိုးရှီလည်း နောက်မှအော်ပြောကာ တိုက်တွန်းနေ၏။
အိမ်ထောင်ပြုဖို့ရန်မလွယ်တော့မှတော့ သခင်ကြီးလီ၏ကိုယ်လုပ်တော်ဖြစ်လိုက်သည်ကပင် မိသားစုအတွက်တေး၄၀ရနိုင်ပါဦးမည်။ထို့အပြင် လီမိသားစုဆိုသည်မှာ ချမ်းသာကြွယ်ဝလှရာ လျန်ဟွားအနေဖြင့် ထိုနေရာတွင်ကောင်းကောင်းမွန်မွန် နေထိုင်ရကာ အသား၊ငါး၊ထမင်းဖြူများကိုလည်း နေ့တိုင်းစားရပေလိမ့်မည်ပင်။၎င်းမှာ လူ့လောကရှိနတ်စည်းစိမ်ခံစားရသည့်အလားပင်။
"လျန်ဟွား နင့်အစ်ကိုအတွက်စဉ်းစားပြီး သဘောတူလိုက်စမ်းပါ"
ကျိုးဖုန်းလည်း တိုက်တွန်းလာ၏။
ကျိုးတချမ်းမှာမူ အနောက်မှနေအမှီလိုက်လာရင်း ဒေါသတကြီးဆူပူလိုက်သည်။
"နင်က တစ်မိသားစုလုံးကိုဒီဆောင်းတွင်းမှာ အေးခဲပြီးသေစေချင်နေတာလား"
ကျိုးအိမ်ဟောင်းမှာ အိုဟောင်းလွန်းနေပြီဖြစ်ရာ အိမ်ခေါင်မိုးလဲရန်၊နံရံများဖာထေးရန်အစရှိသဖြင့် အရာရာမှာ ငွေကုန်ကြေးကျများလှသည်။
အကယ်၍တေး၄၀သာရှိခဲ့လျှင် ကျိုးထောင်ဟွားတို့ကဲ့သို့ အုတ်အိမ်သစ်ကြီးပင် ဆောက်နိုင်ပေလိမ့်မည်။
ကျိုးလျန်ဟွားသည် ကျိုးထောင်ဟွားနောက်သို့ အပြေးရောက်လာပြီးငိုယိုကာ အကူအညီတောင်းတော့သည်။
"ထောင်ဟွား ငါ့ကို ကယ်ပါဦး၊ငါကကံကောင်းခြင်းအဆောင်အနေနဲ့ သခင်ကြီးလီရဲ့ကိုးယောက်မြောက်ကိုယ်လုပ်တော်မလုပ်ချင်ဘူး"
"ဘာပြောတယ်"
ကျိုးထောင်ဟွား အံ့သြသွားရသည်။
အဘွားစွင်းသည် ထိုအကြံအစည်အားလုံးဝလက်မလျှော့သေးဘဲ ယခုမူ ကျိုးလျန်ဟွားဘက်သို့လှည့်လိုက်ခြင်းပင်။ကျိုးထောင်ဟွားသည် အမှီလိုက်လာသော အဘွားစွင်းနှင့်အခြားသူများထံ အေးစက်စွာကြည့်လိုက်၏။
"ထောင်ဟွား ဖယ်စမ်း၊ဒါညည်းကိစ္စမဟုတ်ဘူး၊ငါတို့က ဒီတစ်ခါလျန်ဟွားကို ပေးစားမှာ"
အဘွားစွင်းမှာ ကျိုးထောင်ဟွားထံအော်ပြောလာသည်။
ကျိုးလျန်ဟွားသည် အဘွားစွင်းအပါအဝင် ကျိုးတချမ်း၊ကျိုးရှီနှင့်ကျိုးဖုန်းတို့လေးဦးစလုံးကိုကြည့်ကာ သူတို့အားလုံးရူးသွပ်ကုန်ကြပြီဟု ခံစားလိုက်ရ၏။သူမသည် ကျိုးထောင်ဟွားနောက်တွင်ပုန်းကာ ခေါင်းကိုသွင်သွင်ခါယမ်းနေတော့သည်။
"မသွားဘူး လီမိသားစုအတွက်ကံကောင်းခြင်းအဆောင်အဖြစ်ကို သမီးအရောက်မခံနိုင်ဘူး"
လယ်ထဲတွင်ပိုးကောင်ဖမ်းနေသော အခြားရွာသားများမှာ ထိုစကားအားကြားသည်နှင့် ဝိုင်းဝန်းကဲ့ရဲ့ကုန်ကြတော့သည်။
"အဘွားစွင်းရယ် ရှက်တတ်စမ်းပါဦး၊နင့်မြေးကလဲ လူပဲလေ၊လီမိသားစုအခြေအနေက ဘယ်လိုလဲဆိုတာနင်လဲသိနေရဲ့သားနဲ့"
အဘွားစွင်းမှာ ဒေါသတကြီးပြန်အော်လိုက်သည်။
"သိတော့ ဘာဖြစ်လဲ၊ကောင်းတာလုပ်နေလို့ရော ဝမ်းကဝမှာမလို့လား၊ဆောင်းတွင်းက ရောက်တော့မယ် အိမ်လဲမပြင်ရသေးသလို ဆေးပင်တွေကလဲမပေါက်တော့ဘူး၊ငါတို့ ငတ်သေရတော့မယ်၊ကောင်းတာလုပ်ဖို့က ဘာလုပ်လို့ရမှာလဲ၊ငါတို့တွေအကုန်အေးခဲပြီးငတ်ပြတ်သေတဲ့ထိစောင့်နေရမှာလား၊ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက သူ့ဂုဏ်သိက္ခာကိုသူကိုယ်တိုင် ဖျက်ဆီးထားပြီးသားပဲလေ၊ဘယ်သူမှလဲသူ့ကိုယူမှာမဟုတ်ဘူး၊ငါကသူ့အတွက် ကောင်းရာကောင်းကြောင်းရှာပေးနေတာမလား"
အဘွားစွင်းစကားအဆုံးတွင် ရွာသားတစ်ဝက်ခန့်မှာ တိတ်ဆိတ်သွားကြတော့၏။အဘွားစွင်းသာ ဆေးပင်စိုက်ရာတွင်ငွေဆုံးရှုံးနေသည်မဟုတ်ဘဲ သူတို့အားလုံးမှာလည်း ရင်းနှီးထားသမျှဆုံးရှုံးနေကြခြင်းပင်။ယခုအခါ ပိုးကောင်ဖမ်းရုံဖြင့် အခြေအနေကိုပြန်အဖတ်ဆည်နိုင်မည်ဟုသာ မျှော်လင့်ချက်ထားနေကြရသည်။
ရွာလူကြီးနှင့်ကျိုးရှန့်ဖျင်တို့လည်း အားကိုးရာမဲ့နေကြ၏။ဆေးပင်များမှာ ဤသို့ဖြစ်လာလိမ့်မည်ဟု သူတို့လည်းထင်မထားခဲ့ပေ။တစ်ရွာလုံးဆေးပင်စိုက်လျှင် မြို့ပေါ်ရှိဆေးခန်းတစ်ခုတည်းကသာ မဝယ်နိုင်မည်ကိုစိုးရိမ်ခဲ့ကြသဖြင့် သူတို့နှစ်ဦးမှာ အဆက်အသွယ်များသုံးပြီး အနီးနားရှိမြို့များမှလူများနှင့် စာချုပ်ချုပ်ကာ ဆေးပင်များရလျှင်ဝယ်ယူရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ကျိုးထောင်ဟွားသည် အဘွားစွင်းထံကြည့်ကာ ပြောလိုက်၏။
"ဆေးပင်တွေစိုက်လို့မရဘူးလို့ ဘယ်သူပြောလဲ၊ဒီလယ်ထဲမှာ ပိုးကောင်တွေဒီလောက်များနေတာက ပိုးတောင်မာနတ်ဆိုးတစ်ကောင်ရှိနေလို့ပဲ၊သူ့အသိုက်က အဘွားအခုရပ်နေတဲ့ခြေထောက်အောက်မှာပဲလေ"
"ဘာ"
အဘွားစွင်းထိတ်လန့်သွားပြီး နောက်သို့အမြန်ဆုတ်လိုက်သည်။လျန်ဟွားအားလိုက်ဖမ်းနေစဉ်တွင် သူမခြေထောက်အောက်မှမြေကြီးမှာအနည်းငယ်မြင့်နေသည်ကိုသတိမထားမိခဲ့ပေ။
*ဝုန်း*
သူမနောက်ဆုတ်လိုက်ချိန်မှာပင် ပိုးတောင်မာနတ်ဆိုးအသိုက်မှာ ရုတ်တရက်ပြိုကျသွားတော့သည်။ထိုအပေါက်ကျဉ်းလေးအတွင်းမှနေ သွေးဆာနေသောအေးစက်စက် အလင်းတန်းတစ်ခုလက်သွားသည်ကို အဘွားစွင်းမြင်လိုက်ရ၏။အဘွားစွင်းမှာ ကြက်သီးဖြန်းဖြန်းထကာလန့်ဖြန့်သွားတော့သည်။