← Chapters

ကြီးမားသော ကွာဟချက်

Vol. 6 Ch. 51

ကြီးမားသော ကွာဟချက်

Vol. 6 Ch. 51

ကျာရီသည် ကျုံးထျန်းပြည်နယ်ရှိ အထက်တန်းလွှာ မိသားစုငယ်တစ်ခု၌ မွေးဖွားလာခဲ့သူဖြစ်သည်။ သူ့ရဲ့ ဘိုးဘေးများက တတိယအဆင့် အရာရှိကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ရှင်းမင်းဆက်လက်ထက်တွင် မိသားစု အရှိန်အဝါ ကျဆင်းခဲ့ရသည်။ သူသည် ငယ်စဉ်ကတည်းကပင် သိုင်းပညာတွင် ထူးကဲသော ပါရမီကို ပြသနိုင်ခဲ့သဖြင့် မိသားစု၏ အထူးတလည် မျှော်လင့်အားထားခြင်းကို ခံခဲ့ရသည်။ထို့ကြောင့် မိသားစု၏ မျှော်လင့်ချက်များကို အလဟဿ မဖြစ်စေဘဲ အသက် ၁၆ နှစ်အရွယ်တွင် ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့၏ စစ်ဆေးမှုကို အောင်မြင်ခဲ့ကာ ဧကရာဇ်မင်း၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။

ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်များကို A၊ B၊ C နှင့် D ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ကျာရီသည် အဆင့် B တွင် ရှိပြီး သိုင်းလောက၌ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

မိစ္ဆာဖမ်းသိုင်းပညာက ဧကရာဇ်မင်း ကိုယ်တိုင် ချီးမြှင့်ထားသော ပြိုင်ဘက်ကင်း သိုင်းပညာတစ်ခု ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်ကတည်းက ဤသိုင်းပညာသည် သိုင်းလောကတစ်ခုလုံး၌ ကျော်ကြားခဲ့သည်။ ဤသိုင်းပညာဖြင့် ကျာရီသည် ထိပ်သီးသိုင်းသမားများကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့သည်။

မိစ္ဆာဖမ်းသိုင်းပညာကို တတ်မြောက်ပြီးကတည်းက သူ လှုပ်ရှားလိုက်တိုင်း ပြိုင်ဘက်များကို အစဉ်အမြဲ ဖိနှိပ်နိုင်ခဲ့ပြီး၊ လည်ပင်းကို အညှစ်ခံထားရသူများ၏ ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာထားများကို ကြည့်ရှုရသည်ကို နှစ်သက်လာခဲ့သည်။

သို့သော်လည်း ယခင်က တစ်ခါမျှ ကျရှုံးဖူးခြင်း မရှိခဲ့သော မိစ္ဆာဖမ်းသိုင်းပညာသည်ကား ယနေ့တွင် ပိတ်ဆို့ ဟန့်တားခံလိုက်ရချေပြီ။

သူ့ ပြိုင်ဘက်မှာ ကုကျိုးပြည်နယ်၏ ဒုတိယမြောက်အသန်မာဆုံး သိုင်းပညာရှင်ဟု ကျော်ကြားသော ကျန်းကျောက်ရှား မဟုတ်ဘဲ၊ ကြောက်တတ်လန့်တတ်ပုံ ပေါက်နေသော လူငယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နေသည်။

ဘယ်လို အကြောင်းကြောင့်များလဲ...

ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ကျာရီ ဒေါသအိုး ပေါက်ကွဲသွားကာ ကျန်းယွီချွန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ကျန်းယွီချွန်းက ကျာရီ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသော်လည်း ဒေါသထွက်ခြင်း မရှိပေ။ ထို့အစား နားမလည်နိုင်သယောင် ဟန်ဆောင်၍ မေးလိုက်သေးသည်။

"အရှင်ကျာရီ... ဒါက ဘယ်လိုသဘောလဲ..."

ဖုန်းတိုင်နှင့် ဖမ်းဆီးရေး အရာရှိများလည်း အံ့အားသင့်သွားကြသည်။ သူတို့၏ အမြင်တွင် ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်များက ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး ကျာရီ၏ အားကောင်းသော အတွင်းအားကို အာရုံခံမိကြသည်။ သို့သော် အန္တရာယ်ကင်းမည့်ပုံ ပေါက်သော ကျန်းယွီချွန်းသည်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ကျန်းယွီချွန်းက သူ့ကို မေးခွန်းထုတ်ရဲပြီး လှောင်ပြောင်နေသည်ဟု ယူဆလိုက်သဖြင့် ကျာရီ ချက်ချင်းပင် ရှေ့သို့ တိုးဝင်လိုက်သည်။ သူ့ရဲ့ ကိုယ်ခန္ဓာက ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားသွားပြီး၊ ညာဘက်လက်ဝါးက လက်သည်းကုတ်ချက် ပုံစံဖြင့် ကျန်းယွီချွန်း၏ လည်ပင်းဆီသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်သည်။

ကျန်းယွီချွန်းက သူ့ကို အသေအလဲ ရန်စလိုခြင်း မရှိသော်လည်း လက်ပိုက်ကြည့်နေပြီး အတိုက်အခိုက် ခံနေမည် မဟုတ်ပေ။ သူ ချက်ချင်း နောက်ဆုတ်လိုက်ရာ သူ့ရဲ့ လေပြင်းသိုင်းကွက်ကြောင့် ကျာရီထက် ပိုမို လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။

ကျာရီက မညှာမတာ လိုက်လံ တိုက်ခိုက်သဖြင့် သူတို့နှစ်ဦး ခြံဝန်းအတွင်း၌ အကြိတ်အနယ် ပြေးလွှားနေကြသည်။နောက်ဆုံးတွင် ကျန်းယွီချွန်းက တံတိုင်းနံရံအထိ ရောက်သွားပြီး ထပ်မံ ဆုတ်ခွာစရာ နေရာ မရှိတော့သဖြင့် ပြန်လည် တိုက်ခိုက်ရန် လက်ကို မြှောက်လိုက်ရတော့သည်။

လက်ဝါးချင်း ရိုက်ခတ်မိသောအခါ အတွင်းအားနှင့် မူလစွမ်းအင်တို့ ထိပ်တိုက် တွေ့ဆုံသွားပြီး၊ အားလှိုင်းနှစ်ခု ပွတ်တိုက်မိရာမှ မျက်စိဖြင့် မြင်နိုင်သော စွမ်းအင်ဒိုင်း နှစ်ခု ဖြစ်ပေါ်လာသည်။

ကျာရီသည် နှစ်ခါမျှ အသက်ရှူချိန် အတွင်းမှာပင် လွင့်စဉ်ထွက်သွားသည်။ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ဟန်ချက်ပြန်ထိန်းနိုင်ရန် ခြေလှမ်း ခုနစ်လှမ်းခန့် ယိုင်နဲ့နဲ့ ဆုတ်ခွာလိုက်ရကာ ကျန်းယွီချွန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျန်းယွီချွန်း၏ ကြီးမားသော အရှိန်အဝါများ တစ်ခဏချင်း ပျောက်ကွယ်သွားပြီး သိသိသာသာ ပင်ပန်းနွမ်းနယ်သွားပုံ ရသည်။

သူ့ရဲ့ မူလစွမ်းအင်များက ကျာရီ၏ အတွင်းအားထက် ပိုမို အားကောင်းသော်လည်း၊ သူ့တွင် မူလစွမ်းအင် ပမာဏ များများစားစား မရှိချေ။ ဤကဲ့သို့ ကုန်ခမ်းသွားခြင်းက သူ့ကို အားအင်ချို့တဲ့သွားသကဲ့သို့ ခံစားရစေသည်။

ချင်းရှောင်ဂိုဏ်းသားများသည်လည်း ကျန်းယွီချွန်း အနိုင်ကျင့်ခံရသည်ကို လက်ပိုက်ကြည့်နေကြမည် မဟုတ်ပေ။ သူတို့ ရှေ့သို့ ပြေးထွက်လာကြပြီး ကျာရီကို ဝိုင်းရံလိုက်ကြသည်။ ထိုအခြေအနေကို မြင်လိုက်ရသောအခါ ရုံးတော်မှ ဖမ်းဆီးရေးသမားများသည်လည်း ဓားများကို ဆွဲထုတ်လိုက်ကြသည်။

"ကျန်းယွီချွန်း... မိုက်မဲတာတွေ မလုပ်နဲ့... သူက ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်နော်..."

ဖုန်းတိုင် အံကြိတ်၍ ကျန်းယွီချွန်းကို လှမ်းကြည့်လိုက်သည်။ ကျန်းယွီချွန်း အနေဖြင့် ချင်းရှောင်ဂိုဏ်းသားများကို တားဆီးပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေသည်။

သူ ဤနေရာသို့ လာရခြင်းမှာ ပဋိပက္ခကို တားဆီးရန် ဖြစ်သော်လည်း၊ ချင်းရှောင်ဂိုဏ်းကို ကာကွယ်ရန် ဟူသော မူလရည်ရွယ်ချက်ကနေ ကျာရီကို ကာကွယ်ပေးဖို့အထိ ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။

ကျန်းယွီချွန်းက ဝတ်ရုံကို ပုတ်ခါလိုက်ပြီး …

"ရပ်လိုက်ကြ... မင်းတို့ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်ကို ရိုင်းပျလို့ မဖြစ်ဘူး..."

"ဘာ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့လဲ... ဘယ်လို အရာရှိမျိုးက သဘောထားကွဲလွဲရုံနဲ့ လူသတ်ချင်နေရတာလဲ..."

ဂိုဏ်းသားတစ်ဦးက မကျေမနပ် ပြောဆိုလိုက်ရာ အခြားဂိုဏ်းသားများကလည်း ကျာရီကို ကျားတစ်ကောင်ကို ကြည့်နေသော ဝံပုလွေအုပ်ကဲ့သို့ ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ကျန်းယွီချွန်းက ချင်းရှောင်ဂိုဏ်း၏ ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ရသူ ဖြစ်သည်။ သူသည် ဂိုဏ်းသားများကို ဘယ်သောအခါမျှ အနိုင်ကျင့်ခြင်း မရှိဘဲ တစ်ဦးချင်းစီကို ကောင်းမွန်စွာ ဆက်ဆံတတ်သဖြင့် လူချစ်လူခင် အလွန်ပေါများသည်။ ဂိုဏ်းသားများက သူ့ကို စစ်မှန်သော စေတနာဖြင့် ကာကွယ်ပေးလိုကြခြင်း ဖြစ်သည်။

"ချင်းရှောင်ဂိုဏ်းမှာ ဘယ်သူ ပြဿနာ လာရှာရဲတာလဲ..."

ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ယန်ကျွယ်တိန်နှင့် တပည့်များ ရောက်ရှိလာကြပြီ။

ခြံဝန်းအတွင်းမှ ကြည့်ရှုနေသူများက ကိုယ်ပိုင်စွမ်းရည်ဖြင့် လူအများကို အံ့အားသင့်စေခဲ့သော ကျန်းယွီချွန်းကို လမ်းဖယ်ပေးလိုက်ကြသည်။ နူးညံ့သိမ်မွေ့ပုံရသော ကျန်းယွီချွန်းတွင် ဤမျှလောက်သော သိုင်းပညာစွမ်းရည်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ချင်းရှောင်ဂိုဏ်းသည် အမှန်တကယ်ပင် ဂုဏ်သတင်းနှင့် လိုက်ဖက်ညီလှပေသည်။

ယန်ကျွယ်တိန်က ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဝင်ရောက်လာပြီး ကြီးမားသော ဖိနှိပ်မှုအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ့ နောက်တွင် ချင်ယဲ့၊ ချင်းရှောင်၏နတ်ဘုရားခုနစ်ပါးနှင့် အခြား ထူးချွန်သော သိုင်းပညာရှင် ဂိုဏ်းသားများ လိုက်ပါလာကြသဖြင့် ခြံဝန်းသစ်ထဲတွင် လူများဖြင့် ပြည့်ကျပ်သွားတော့သည်။

ရွှီနင်းးက ခြံဝန်းတံတိုင်းပေါ်သို့ ခုန်တက်လိုက်ပြီး ကျာရီကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် စိုက်ကြည့်နေသည်။

ရွှီနင်းး ရောက်ရှိလာသည်ကို တွေ့သောအခါ ကျန်းယွီချွန်းမှာ ကျာရီထက်ပင် ပို၍ စိုးရိမ်တကြီး ဖြစ်သွားသည်။

"အကြီးအကဲယန်... အရှင်ကျာရီက ကျွန်တော်နဲ့ စနောက်နေတာပါ... ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ ကိုယ်တိုင် ကြွရောက်လာမှတော့ ကျွန်တော်တို့ ဘယ်လိုလုပ် လက်ဖက်ရည်ပွဲ မပြင်ဆင်ဘဲ နေလို့ ဖြစ်မလဲ..."

သူ ချက်ချင်းပင် လက်ဖက်ရည်ပွဲ ပြင်ဆင်ရန် ဂိုဏ်းသားတစ်ဦးကို တာဝန်ပေးလိုက်ရာ တင်းမာနေသော အခြေအနေကို အနည်းငယ် လျော့ပါးသွားစေသည်။

ကျာရီက ယန်ကျွယ်တိန်ကို စတင် မြင်တွေ့လိုက်ကတည်းက သူ့ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိထားနှင့်သည်။ ယန်ကျွယ်တိန်သည် ကိုယ်ပိုင် စွမ်းရည်များကို ထုတ်ဖော်ပြသတတ်သော ကျွမ်းကျင်သူမျိုး ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးများကို ထိပ်တန်း ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့များတွင် သူ မြင်ဖူးသည်။

စိတ်အေးအေးထား...

ကျာရီ အသက်ပြင်းပြင်း ရှူလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်ကာ တိုက်ခိုက်မည့် ဟန်ပန်ကို ရပ်တန့်လိုက်ရသည်။

ထိုအခြေအနေကို မြင်သောအခါ ဖုန်းတိုင်က ချက်ချင်း ပြုံးလိုက်ပြီး ကျန်းယွီချွန်းနှင့် စကားစမြည် ပြောဆိုလိုက်သည်။

သူ့တပည့်ထံမှ ကျာရီ၏ အထောက်အထားကို သိရှိပြီးနောက် ယန်ကျွယ်တိန် ဆက်လက် ဒေါသထွက်နေ၍ မရတော့ပေ။

သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် နဂါးနိုင်သူရဲကောင်းဟူသော ဘွဲ့ထူးကို ရရှိခဲ့ခြင်းမှာ သူရဲကောင်းဆန်သော အပြုအမူများကြောင့်သာမက အစိုးရပိုင်းနှင့် မကြာခဏ ဆက်ဆံခဲ့ရခြင်းကြောင့်လည်း ပါဝင်သည်။ အင်ပါယာ နန်းတွင်းအတွက်မူ သိုင်းလောက ဆိုသည်မှာ ဟာသတစ်ခုမျှသာ ဖြစ်ကြောင်း သူ သိနားလည်ထားသည်။

များစွာသော သိုင်းဂိုဏ်းများက အရာရှိကြီးများနှင့် မှူးမတ်များ၏ ကျောထောက်နောက်ခံကို ယူထားကြရသည်။ ခိုင်မာသော အခြေခံအုတ်မြစ် မရှိလျှင် အင်ပါယာနန်းတွင်း၏ အလွယ်တကူ ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။ သူတို့၏ သိုင်းပညာ မည်မျှပင် အားကောင်းပါစေ၊ စစ်သည် ထောင်သောင်းချီသော တပ်မတော်ကို အနိုင်ယူနိုင်မည် မဟုတ်ချေ။

သူ့အနေဖြင့် နောက်ဆုတ်ပေးရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့သဖြင့် ကျန်းယွီချွန်းနှင့် ဖုန်းတိုင်တို့၏ စကားကို လိုက်လျောလိုက်ရတော့သည်။

"ကဲ... အားလုံးပဲ ကြည့်မနေကြနဲ့တော့... လူစုခွဲလိုက်ကြ..."

ဖုန်းတိုင်က လှည့်ကြည့်ပြီး အော်ဟစ်လိုက်ရာ ခြံဝန်းအပြင်ဘက်မှ ချောင်းမြောင်းကြည့်ရှုနေသူများ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတော့သည်။

ချင်းရှောင်ဂိုဏ်းသားများမှာ မကျေနပ်ကြသော်လည်း ကျန်းယွီချွန်း၏ စကားကို နာခံရန် ရွေးချယ်လိုက်ကြသည်။

ထိုသို့ဖြင့် ပဋိပက္ခ ပြေလည်သွားခဲ့သည်။

သူတို့ အဆင်မပြေကြသဖြင့် ကျာရီက လက်ဖက်ရည် တစ်ခွက်သာ သောက်ပြီး တောင်အောက်သို့ ဆင်းသွားလေသည်။ ကျန်းယွီချွန်းသည်လည်း ဆက်နေရန် မတားနိုင်တော့သဖြင့် တောင်ပေါ်လမ်းအထိသာ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

ကျာရီနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းယွီချွန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ကျာရီ ချင်းရှောင်ဂိုဏ်းကို လက်စားချေလိမ့်မည်ဟု သူ အမြဲတစေ ခံစားနေရသော်လည်း သူ ဘာမျှ မတတ်နိုင်ခဲ့ပေ။

ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ကြီးမားလှသည်။ ကျာရီကို သတ်လိုက်သည် ဖြစ်စေ၊ ဖမ်းဆီး ချုပ်နှောင်ထားသည် ဖြစ်စေ၊ အဆုံးမဲ့သော ပြဿနာများကို မလွဲမသွေ ဦးတည်သွားစေလိမ့်မည်။

"ငါ့ရဲ့ တတိယဂျူနီယာညီလေးနဲ့ ဆဋ္ဌမဂျူနီယာညီလေးသာ ဒီမှာ ရှိနေရင်၊ ဟိုလူ တောင်အောက်ကို ဆင်းနိုင်မှာတောင် မဟုတ်ဘူး..."

ကျန်းယွီချွန်း ထိုသို့ တွေးမိပြီး တခစ်ခစ် ရယ်မောလိုက်မိသည်။

ချင်းရှောင်ဂိုဏ်းက ယခင်ကနှင့် မတူတော့ပေ။ ဂျူနီယာ ညီငယ်၊ ညီမငယ်များကလည်း များစွာ သန်မာလာကြပြီ ဖြစ်သည်။ အကယ်၍ အခြေအနေများ ထိန်းသိမ်းမရအောင် ဖြစ်လာလျှင် သူတို့အဖို့ ချင်းရှောင်ဂိုဏ်းကို စွန့်ခွာသွားရုံသာ ရှိသည်။

ကျန်းယွီချွန်း၏ စိတ်ထဲတွင် သူနှင့် ဂိုဏ်းတူ မောင်နှမများ ရှိနေသော နေရာသည် ချင်းရှောင်ဂိုဏ်းပင် ဖြစ်သည်။

...

တောင်တန်းများထဲတွင် ….

ချင်းရှောင်ဂိုဏ်းနှင့် ဝေးရာသို့ ရောက်သောအခါ ကျာရီ၏ မျက်နှာထား အလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားသည်။ ဖုန်းတိုင်နှင့် အခြားသူများက နောက်မှ လိုက်ပါလာကြပြီး၊ ကျာရီ ဒေါသထွက်ကာ သူတို့အပေါ် မဲလိမ့်မည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းမျှ မဟရဲကြပေ။

"ဒီကိစ္စက ဒီမှာတင် ပြီးမသွားဘူး..."

ဖုန်းတိုင်၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူသည် လက်တစ်ဖက်ကို ဓားအိမ်ပေါ် တင်လိုက်ပြီး အခြားလက်တစ်ဖက်ကို ခါးနောက်တွင် ထားကာ ဖမ်းဆီးရေးသမားများကို လက်ဟန်ပြလိုက်သည်။

ထိုအခါဖမ်းဆီးရေးသမားများ၏ မျက်နှာထားများ ပြောင်းလဲသွားပြီး သူ ဘာလုပ်တော့မည်ကို နားလည်လိုက်ကြသော်လည်း မည်သူမျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ သူတို့ လျင်မြန်စွာပင် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကြပြီး အကြည့်များတင်းမာသွားကြသည်။

"ဒီကိစ္စ မပြီးသေးဘူး... အများဆုံး တစ်နှစ်အတွင်း... မဟုတ်ဘူး... ခြောက်လအတွင်း ငါ ချင်းရှောင်ဂိုဏ်းကို အပြတ် ရှင်းပစ်မယ်..."

ကျာရီက ဟိန်းဟောက်နေသကဲ့သို့ အံကြိတ်၍ ပြောလိုက်သည်။

ရုတ်တရက်...

ဓားဆွဲထုတ်လိုက်သံကို ကြားလိုက်ရသဖြင့် သူ အလိုအလျောက် လှည့်ကြည့်လိုက်ရာ၊ ဖုန်းတိုင်၏ ဓားချက်က သူ့ရင်ဘတ်ကို ထိမှန်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။

ကျာရီ မယုံနိုင်တော့ပေ။ ဖုန်းတိုင် သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိတ်လန့်ခြင်းနှင့် ဒေါသဖြစ်ခြင်းတို့ရောယှက်နေသော်လည်း သူ လျင်မြန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။ သူ လက်ကို မြှောက်၍ မိစ္ဆာဖမ်းသိုင်းပညာကို အသုံးပြုကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်တော့ လှိုင်းထသွားသော အတွင်းအားကြောင့် ဖုန်းတိုင် လွင့်စဉ်ထွက်သွားပြီး၊ ဖမ်းဆီးရေးသမား တစ်စုလည်း မြေပြင်ပေါ်သို့ လဲကျသွားကာ တောင်ပေါ်လမ်း ဘေးတစ်ဖက်တစ်ချက်စီသို့ ပြန့်ကျဲသွားကြသည်။

ဖုန်းတိုင် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး စိတ်မကောင်းစရာ အခြေအနေဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ မူးဝေနေပြီး ဝမ်းဗိုက်ထဲမှ ကလီစာများ နေရာလွဲသွားသလို ခံစားလိုက်ရသည်။

"ကွာခြားချက်က အရမ်းကြီးလွန်းတယ်..."

ဖုန်းတိုင်က ကျန်းယွီချွန်းနှင့် ကျာရီ တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ရပြီး ကျာရီသည် သူထင်ထားသလောက် မသန်မာကြောင်း၊ ကျန်းယွီချွန်းကြောင့် အတွင်းအား ကုန်ခမ်းနေပြီ ဖြစ်ကြောင်း တွေးထင်ခဲ့မိသဖြင့် တိုက်ခိုက်ရဲခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးကြောင့် သူ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။

လက်တွေ့တွင်မူ ပြင်ပသိုင်းပညာကိုသာ တတ်ကျွမ်းသော သူသည် အတွင်းအား သိုင်းပညာရှင်တစ်ဦး၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ကျာရီ အမောတကြီး အသက်ရှူလိုက်သည်။ ဒေါသတကြီး တိုက်ခိုက်မှုကြောင့် အတွင်းအား အများစု ကုန်ခမ်းသွားရပြီး မျက်လုံးများ နီရဲလာသည်။ ဖုန်းတိုင်၏ လက်ချက်ဖြင့် ဒဏ်ရာရသွားခြင်းက သူ့ကို အလွန်အမင်း အရှက်ရစေသည်။

ဤသည်က သူ့အတွက် စော်ကားမှု ဖြစ်သလို၊ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ကို စော်ကားခြင်းလည်း မည်ပေသည်။

"မင်းတို့လို အမှိုက်ကောင်တွေ... ငါ မင်းကို သေအောင် ရိုက်သတ်မယ်..."

ကျာရီက အံကြိတ်ပြီး ဟိန်းဟောက်လိုက်ကာ ရှေ့သို့ တက်၍ ဖုန်းတိုင် ရှိရာသို့ လျှောက်သွားသော်လည်း ရင်ဘတ်မှ သွေးများ မြေကြီးပေါ်သို့ ကျဆင်းနေသဖြင့် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

သို့သော်လည်း သုံးလှမ်းခန့်သာ လှမ်းရသေးချိန်တွင် သူ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် တောင်ပေါ်မှ ဆင်းလာသော လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ထိုလူ၏ ဝတ်ရုံသည် ချင်းရှောင်ဂိုဏ်းသားများနှင့် မတူသော်လည်း ဆင်တူယိုးမှား ရှိနေသည်။

ထိုဧည့်သည်မှာ လီချင်းချိုးမှတစ်ပါး အခြားသူ မဟုတ်ချေ။

လီချင်းချိုး တောင်ပေါ်မှ အေးဆေးစွာ လမ်းလျှောက်ဆင်းလာပြီး သူ့ အကြည့်က ကျာရီအပေါ် စူးစိုက်ထားသည်။ ကောင်းကင်သက်တံဓားကို ခါးတွင် ချိတ်ဆွဲထားသဖြင့် ကျာရီ အနေဖြင့် သူ့ကို လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ။

"မင်း ဘယ်သူလဲ..."

ကျာရီက ခါးမှ ဓားရှည်ကို ဆွဲထုတ်ရင်း ဒေါသတကြီး မေးလိုက်သည်။ ဓားသွားအလင်းရောင်က သစ်တောအုပ်ထဲတွင် လက်ခနဲ ဖြစ်သွားပြီး ဖုန်းတိုင်၏ မျက်နှာကို အလင်းဟပ်သွားသဖြင့် ဖုန်းတိုင် သတိပြန်ဝင်လာသည်။

ဖုန်းတိုင် ခေါင်းလှည့်ကြည့်လိုက်ရာ လီချင်းချိုး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်လီ..."

ဖုန်းတိုင် မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားချင်လောက်အောင် ရှက်ရွံ့သွားပြီး ခေါင်းငုံ့ထားလိုက်မိသည်။

ကျာရီတောင် ဤမျှ အစွမ်းထက်နေလျှင် ဝူပေါက်ယွီ မည်မျှ သန်မာမည်ကို သူ စဉ်းစား၍ပင် မရနိုင်တော့ပေ။

အတိတ်က ဝူပေါက်ယွီကို လွှတ်ပေးခဲ့သည်မှာ သူမဟုတ်ဘဲ၊ ဝူပေါက်ယွီနှင့် ချင်းရှောင်ဂိုဏ်းကသာ သူတို့ကို လွှတ်ပေးခဲ့ခြင်း ဖြစ်ပေသည်။

"ဂိုဏ်းချုပ်... မင်းက ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား... ဒီလူတွေက ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြတယ်... ငါ့မှာ သူတို့ကို သတ်ပိုင်ခွင့် ရှိတယ်... မင်းမှာ ကန့်ကွက်စရာ ရှိသလား..."

ကျာရီ နှလုံးခုန်သံများ လေးလံသွားရင်း အေးစက်စွာ ပြောလိုက်သည်။

ယေဘုယျအားဖြင့် သိုင်းဂိုဏ်းတစ်ခုတွင် အစွမ်းအထက်ဆုံး လူပုဂ္ဂိုလ်မှာ ဂိုဏ်းချုပ် ဖြစ်သည်။ ထိုသို့ မဟုတ်လျှင်တောင် ဂိုဏ်းချုပ်သည် အားနည်းသူ မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက မည်သို့ အလေးစားခံရမည်နည်း။

သွေးဆူလွယ်သော သိုင်းပညာရှင်များက တိုက်ခိုက်လိုစိတ် ပြင်းပြကြသဖြင့် သိုင်းဂိုဏ်းများကို စကားလုံးသက်သက်ဖြင့် အုပ်ချုပ်၍ မရနိုင်ပေ။

လီချင်းချိုးက တည်ငြိမ်စွာပင်….

"ငါ့မှာ ကန့်ကွက်စရာ မရှိဘူး... ဒါပေမဲ့ ငါ မင်းကို သတ်ချင်တယ်... မင်းမှာ ကန့်ကွက်စရာ ရှိသလား..."

ကျာရီ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။ တစ်ဖက်လူ ဤမျှ မောက်မာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ထို့ကြောင့် ချက်ချင်းပင် ဖုန်းတိုင်ကို ဆွဲထူလိုက်ပြီး သူ့ရှေ့တွင် ကာထားကာ ဖုန်းတိုင်၏ လည်ပင်းကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။

"ဒါဆိုရင် မင်း ပိုမြန်မလား... ငါ့ဓား ပိုမြန်မလား ကြည့်ကြသေးတာပေါ့..."

ကျာရီသည် လမ်းဆုံးရောက်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ရွှစ်…..

လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး ကျာရီ၏ မျက်လုံးအိမ်များ ကျယ်သွားသည်။ သံအပ်တစ်ချောင်း သူ့ မျက်လုံးထဲတွင် ပေါ်လာပြီး သူ ပြန်လည် မတုံ့ပြန်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် မျက်ခုံးနှစ်ခုကြားသို့ စိုက်ဝင်သွားသဖြင့် တောင့်ခနဲ ဖြစ်သွားပြီး လက်ထဲမှ ဓားရှည် အသံမြည်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖုန်းတိုင်ကတော့ အပ်ပစ်လွှတ်လိုက်သည့် ကိုယ်ဟန်အနေအထားဖြင့် ရှိနေသေးသော လီချင်းချိုးကို ကြောင်ငေးကြည့်နေမိသည်။

လီချင်းချိုး မည်သို့ လှုပ်ရှားလိုက်သည်ကို သူ သေချာ မမြင်လိုက်ရသလို၊ လီချင်းချိုး ဘာလုပ်လိုက်သည်ကိုလည်း သူ မမြင်လိုက်ရပေ။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျာရီ၏ မျက်ခုံးကြားတွင် အပ်တစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်မိသည်။

ဒဏ်ရာရနေသော အခြား ဖမ်းဆီးရေးသမားများသည်လည်း ကျာရီကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မျက်လုံးပြူး ကြည့်နေကြသည်။

ကျာရီ မသေသေးပေ။ သူ ထိုနေရာတွင် အေးခဲသွားသကဲ့သို့ မတ်တတ်ရပ်လျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဤမြင်ကွင်းက ဖမ်းဆီးရေးသမားများကို ပို၍ပင် ထိတ်လန့်သွားစေသည်။

ဒါ ဘယ်လို သိုင်းပညာမျိုးလဲ...

အဝေးကနေ သွေးကြောပိတ်လိုက်တာလား...

လီချင်းချိုး ကျာရီထံ ရောက်သည်အထိ လမ်းလျှောက်ဆင်းလာခဲ့သည်။ ဖုန်းတိုင်ကတော့ ရင်ဘတ်ကို ဖိရင်း ဘေးတစ်ဖက်တွင် ရပ်နေကာ လီချင်းချိုးကို ထူးဆန်းသော အသံဖြင့် လှမ်းကြည့်နေမိတော့သည်။

All Chapters