နတ်ဆိုးကို နှိမ်နှင်းခြင်း၊ မိစ္ဆာကို ဖမ်းဆီးခြင်း
Vol. 6 Ch. 54
နောက်တစ်နေ့တွင် ကျန်းကျောက်ရှားနှင့် ဓားပျံတစ်ဆယ့်သုံးလက်အဖွဲ့တို့ တောင်အောက်သို့ ဆင်းသွားကြရာ ဂိုဏ်းသားများမှာ သိချင်စိတ်ပြင်းပြကြပြီး အားကျနေကြသဘ်။ သူတို့အားလုံး ဓားသမား ၁၃ ဦးအပေါ် ဂိုဏ်းက မည်မျှ အလေးထားသည်ကို ခံစားမိကြသည်။
လီချင်းချိုးကတော့ မူလစတင်ခြင်းအဆင့် ၅သို့ ရောက်ရှိနေပြီဖြစ်သော ကျန်းကျောက်ရှားကို ယုံကြည်သဖြင့် သူတို့၏ လှုပ်ရှားမှုအတွက် စိတ်ပူပန်ခြင်း မရှိပေ။
ကျန်းကျောက်ရှားနှင့် အဖွဲ့သားများ ထွက်ခွာသွားပြီးနောက် လီချင်းချိုးက မူလစတင်ခြင်းအဆင့် ၆ သို့ တက်လှမ်းရန် ပြင်ဆင်နေသဖြင့် ကိုယ်ပိုင် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။
ဆောင်းဦးရာသီ ကုန်လွန်၍ ဆောင်းရာသီသို့ ဝင်ရောက်လာပြီ ဖြစ်ကာ ယခုနှစ်တွင် နှင်းကျသည်မှာ ပုံမှန်ထက် နောက်ကျနေသည်။
သစ်တောအုပ်တစ်ခုထဲတွင် ချင်ယဲ့က သံတုတ်ရှည်ကို ကိုင်ဆောင်၍ လီချင်းချိုးကို တိုက်ခိုက်နေသည်။ သူ့ တုတ်သိုင်းကွက်များမှာ ကြမ်းတမ်းပြီး အားပါပြင်းထန်လှသည်။ သူ တုတ်ကို ဝှေ့ယမ်းလိုက်တိုင်း လေထဲမှ နှင်းပွင့်များ အရည်ပျော်ကျသွားပြီး အဖြူရောင် ရေငွေ့များအဖြစ် ပြောင်းလဲကာ မီးခိုးငွေ့များသဖွယ် သူ့ကို ဝန်းရံထားသည်။
လီချင်းချိုးက ချင်ယဲ့၏ သံတုတ်ကို ဟန့်တားရန် လက်ချောင်း နှစ်ချောင်းကိုသာ အသုံးပြုလိုက်သည်။မူလစွမ်းအင်ကို လက်ချောင်းများထံ စုစည်းထားလိုက်လျှင် သူ့လက်ချောင်းများက ချင်ယဲ့ လက်ထဲမှ သံတုတ်ထက်ပင် ပိုမို မာကျောလာသည်။
ဒေါင်…ဒေါင်..ဒေါင်…
ခေါင်းလောင်းထိုးသံကဲ့သို့ ကြည်လင်ပြတ်သားသော အသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ချင်ယဲ့၏ လှုပ်ရှားမှုတိုင်း ပိတ်ဆို့ခံလိုက်ရသော်လည်း စိတ်ဓာတ်ကျဆင်းခြင်း မရှိပေ။ ထို့အစား ပို၍ပင် စိတ်လှုပ်ရှား တက်ကြွလာသည်။
စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည်သိုင်းအပေါ် နားလည်သဘောပေါက်မှု နက်ရှိုင်းလာသည်နှင့်အမျှ အခြားဂိုဏ်းသားများနှင့် ယှဉ်ပြိုင်ရန် တွန့်ဆုတ်လာခဲ့သည်။ ထို့ကြောင့် ကိုယ်ပိုင် အင်အားအပေါ် အကဲဖြတ်နိုင်စွမ်း လျော့နည်းလာခဲ့သည်။
ယနေ့တွင် ဆရာသခင်နှင့် ယှဉ်ပြိုင်ရသဖြင့် သူ အနည်းငယ် စိုးရိမ်နေမိသည်။ သို့သော် ဆရာသခင်က သူ့ ရိုက်ချက်တိုင်းကို ဤမျှ လွယ်ကူစွာ လက်ခံနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ သူ အစွမ်းကုန် ကြိုးစားသော်လည်း ဆရာသခင်၏ ကိုယ်ဟန်အနေအထားကို ယိမ်းယိုင်သွားအောင်ပင် မလုပ်ဆောင်နိုင်ခဲ့ချေ။
စိတ်လှုပ်ရှားနေသော ချင်ယဲ့ကို ကြည့်ရင်း လီချင်းချိုး တိတ်တဆိတ် ကျေနပ်နေမိသည်။ ချင်ယဲ့က မူလစတင်ခြင်းအဆင့် ၁ တွင်သာ ရှိသေးသော်လည်း သိုင်းပညာ စွမ်းရည်ကတော့ အမှန်တကယ်ပင် လျင်မြန်စွာ တိုးတက်လာနေသည်။
စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းက သိုင်းကွက်များ သက်သက် မဟုတ်ပေ။ ၎င်းတွင် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော ထူးခြားသည့် အာနိသင် ရှိပြီး၊ တုတ်ကို ဝှေ့ယမ်းနေစဉ်အတွင်း ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များဖြင့် ချင်ယဲ့၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနေခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းက အင်မော်တယ် ကျင့်ကြံခြင်း နည်းလမ်းနှင့် နီးစပ်မှု ရှိပေသည်။
ဤတုတ်သိုင်းပညာက မပြည့်စုံသော ဗားရှင်းတစ်ခု ဖြစ်ပြီး၊ အမှန်တကယ်တွင် အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာလို ကျင့်စဉ်တစ်ခု ဖြစ်နိုင်သည်ဟုပင် သူ သံသယ ဝင်မိသည်။
လီချင်းချိုး ခြေလှမ်း မရွေ့သော်လည်း ခြေထောက်အောက်မှ နှင်းများ အရည်ပျော်သွားပြီး မြက်ခင်းစိမ်းများ ပေါ်လာသည်။
ထိုစဉ်မှာပင် ချင်ယဲ့က တုတ်ကို ရုတ်တရက် သိမ်းလိုက်ပြီး လီချင်းချိုး၏ နောက်ကျောဘက်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ဆရာသခင်... လူလာနေတယ်..."
လီချင်းချိုး လှည့်ကြည့်လိုက်ရာ အဝေးမှ လူသုံးယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ လူက အနက်ရောင် သားမွေးဝတ်ရုံနှင့်ချည်သား ဦးထုပ်ကို ဆောင်းထားပြီး၊ နောက်မှ လူနှစ်ယောက်မှာ ကောက်ရိုးမိုးကာအင်္ကျီနှင့် ခမောက်များကို ဝတ်ဆင်ထားကြသည်။
ဤလူသုံးယောက်က သာမန်လူများ မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
လီချင်းချိုး၏ အကြားအာရုံက သာမန်လူများထက် များစွာ သာလွန်သဖြင့် ချင်ယဲ့ သတိမထားမိမီကပင် ထိုလူသုံးယောက်၏ ခြေသံကို သူ ကြားနေရပြီး ဖြစ်သည်။သို့သော် သူ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။
ဤနေရာသည် ချင်းရှောင်ဂိုဏ်း၏ နယ်မြေ ဖြစ်သည်။ ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် သူစိမ်းများကို မြင်ရုံဖြင့် မည်သို့ နောက်ဆုတ်ရမည်နည်း။
ထို့ပြင် ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်း ကျော်ကြားလာသည်နှင့်အမျှ လာရောက် လည်ပတ်သူများ များပြားလာပြီး ရက်အနည်းငယ်ကြာတိုင်း ဧည့်သည်များနှင့် တွေ့ဆုံနေရသည်။
ရှေ့ဆုံးမှ လူက လီချင်းချိုးနှင့်ချင်ယဲ့ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားပြီး လှမ်းအော်လိုက်သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့က ချင်းရှောင်ဂိုဏ်းက တပည့်တွေလား..."
လီချင်းချိုးက ချင်ယဲ့ကို မျက်ရိပ်ပြလိုက်ရာ ချင်ယဲ့ ချက်ချင်း သဘောပေါက်သွားပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... ခင်ဗျားတို့က ဘယ်သူတွေလဲ..."
"ကျွန်တော့်နာမည် ယန်လန်ပါ... ချင်းရှောင်ဂိုဏ်းရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို ကြားဖူးပြီး အရမ်း လေးစားမိလို့ လာလည်တာပါ... လူကြီးမင်းတို့ လမ်းပြပေးနိုင်မလား..."
"ခင်ဗျားတို့ဘာသာ တက်သွားလို့ ရပါတယ်... ဒီလမ်းအတိုင်း တောက်လျှောက် တက်သွားရင် ရောက်ပါလိမ့်မယ်..."
ချင်ယဲ့က "ဒီလူ တော်တော် မောက်မာတာပဲ... လမ်းပြမယ့်လူတောင် လိုသတဲ့လား..." ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုစကားကို ကြားသောအခါ ယန်လန်ကရှေ့သို့ လှမ်းလျှောက်လာပြီး ကောက်ရိုးမိုးကာ ဝတ်ထားသော လူနှစ်ယောက်က နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
သူ လီချင်းချိုးတို့အနီးသို့ ရောက်လာတော့မှ အနီးကပ်မြင်လိုက်ရသဖြင့် ယန်လန်သည် ရုပ်ရည်ချောမောပြီး နေမင်းကဲ့သို့ တောက်ပသော အပြုံးပိုင်ရှင် ဖြစ်သဖြင့် လူများကို ရင်းနှီးလွယ်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
"ခင်ဗျားတို့ သိုင်းကျင့်နေကြတာလား... ညီလေး... အဲဒီ သံတုတ် ကြည့်ရတာ တော်တော် လေးမယ့်ပုံပဲ..."ဟု ယန်လန်က စိတ်ဝင်တစား မေးလိုက်သည်။
ချင်ယဲ့ကခေါင်းညိတ်လိုက်ပြီး … "အလေးချိန် ပိဿာ ၃၀ရှိတယ်..."
"တကယ်လား... ကျွန်တော် စမ်းကြည့်လို့ ရမလား..."
"ရပါတယ်..."
လီချင်းချိုး ဘေးတွင် ရှိနေသဖြင့် တစ်ဖက်လူ လှည့်ကွက်သုံးမည်ကို ချင်ယဲ့ မပူပန်ပေ။ထို့ကြောင့် ယန်လန့်ဆီသို့ သံတုတ်ကို ကမ်းပေးလိုက်သည်။
ယန်လန်က လှမ်းဖမ်းလိုက်ပြီး ချက်ချင်းပင် ခါးကို ကုန်း၍ သံတုတ်ကို မြေကြီးပေါ်တွင် ထောက်လိုက်ရသည်။
"တကယ်ပဲ ပိဿာ ၃၀ ရှိတာပဲ..."
သူ မနိုင်တနိုင် မဖို့ ကြိုးစားရာ မနည်း မနိုင်ခဲ့သော်လည်း ဝှေ့ယမ်းရန်မှာမူ အလွန် ခက်ခဲလှသည်။ ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ထားရုံဖြင့်ပင် မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
"ခင်ဗျားကလည်း ပိုလွန်းအားကြီးပါပြီဗျာ... အဲဒီလောက် ခက်ခဲလို့လား..."
ချင်ယဲ့က သံသယမျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်လေသည်။ ပိဿာ ၃၀ ပါ ပိဿာ ၃၀၀ မဟုတ်ဘူးလေကွာ….
ယန်လန်က သံတုတ်ကို မြေကြီးပေါ် ပြန်ချလိုက်ပြီး အားနာပါးနာ ပြုံး၍ ….
"ကျွန်တော်က ငယ်ငယ်ကတည်းက အားနည်းတယ်ဗျ... နည်းလမ်းပေါင်းစုံ ကြိုးစားဖူးပေမဲ့ ဘာမှ မထူးခြားလာဘူး... ခင်ဗျားတို့ကို ရယ်စရာ ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်..."
ထိုအခါ လီချင်းချိုးက… "နေမကောင်းဘူး ဆိုမှတော့ ဘာလို့ တောင်တက်နေသေးတာလဲ... ဒီနေရာကနေ ချင်းရှောင်ဂိုဏ်း ရောက်ဖို့ တစ်နာရီခွဲလောက် ဆက်သွားရဦးမှာ..."
ယန်လန်၏ သွေးလေ လည်ပတ်မှု အားနည်းနေသည်ကို သူသိသော်လည်း၊ ယန်လန်၏ နောက်မှ ကောက်ရိုးမိုးကာ ဝတ်ထားသူ နှစ်ယောက်မှာ ရိုးရှင်းသူများ မဟုတ်ပေ။
သူတို့နှစ်ဦးစလုံးက ဆုရှီးလင်နှင့် ယှဉ်နိုင်သော ကျွမ်းကျင်သူများ ဖြစ်ကြပြီး သာမန် ထိပ်တန်း သိုင်းပညာရှင်များထက် ပိုမို သန်မာကြသည်။
ထိုကဲ့သို့သော ကျွမ်းကျင်သူများက အဘယ်ကြောင့် အစေခံများ ဖြစ်နေရသနည်း…
ဒီလူရဲ့ မျိုးရိုးနာမည်က ယန်ဆိုတော့... သူက တော်ဝင်မိသားစုဝင်များ ဖြစ်နေမလား…..
လီချင်းချိုးက ထိုအတွေးများကို မျက်နှာပေါ်တွင် မပေါ်စေဘဲ စိတ်ထဲတွင်သာ မှတ်သားထားလိုက်သည်။
ယန်လန်က လီချင်းချိုးကို ကြည့်ပြီး ပြုံးလိုက်ကာ…
"ကျွန်တော့်ခန္ဓာကိုယ် အားနည်းတာကြောင့်ပဲ နေရမယ့် သက်တမ်း သိပ်မကျန်တော့ဘူးလို့ ခံစားနေရတယ်... ဒါကြောင့် မသေခင် လောကကြီးကို များများ လျှောက်ကြည့်ချင်တာ... အဲဒီလိုဆိုရင် သေသွားရင်တောင် နောင်တရစရာ မရှိတော့ဘူးပေါ့... ကျွန်တော် ဒီနေရာကို ရောက်ခဲ့ပြီးပြီ၊ ဒီလောကကြီးကို မြင်ခဲ့ပြီးပြီ... ဒါဆိုရင် လုံလောက်ပါပြီ..."
ဤကဲ့သို့ ပေါ့ပါးသော သဘောထားက ချင်ယဲ့၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေသည်။ သိုင်းပညာရှင် တစ်ယောက် အနေဖြင့် ယန်လန်၏ ခံစားချက်ကို သူ နားမလည်နိုင်သော်လည်း၊ ဤစကားများကို ကြားရသူတိုင်း နက်ရှိုင်းသော ဝမ်းနည်းမှုကို ခံစားရပေလိမ့်မည်။
လီချင်းချိုးက လေးစားစွာဖြင့်…
"မှန်ပါတယ်... ခင်ဗျားမှာ ကောင်းမွန်တဲ့ ဘဝအမြင် ရှိတာပဲ... ခင်ဗျားက လောကထဲက လူအများစုထက် ပိုပြီး အသက်ရှည်ရှည် နေရကောင်း နေရနိုင်ပါတယ်..."
"ကျွန်တော် အဲဒီလောက် မမျှော်မှန်းရဲပါဘူးဗျာ... ခင်ဗျားတို့ သိုင်းဆက်ကျင့်ကြဦးမှာလား... ကျွန်တော် ဘေးကနေ ကြည့်ရင်း အနားယူလို့ ရမလား..."ဟု ယန်လန်က စိတ်ဝင်တစား မေးလိုက်သည်။
ထိုအခါ ချင်ယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။
"ခင်ဗျား ပြောပုံအရဆိုရင် တိုင်းပြည်အနှံ့ လျှောက်သွားဖူးပုံ ရတယ်..ဒါပေမယ့် ခင်ဗျား သိုင်းလောကရဲ့ စည်းမျဉ်းတွေကို မသိဘူးလား..."
ယန်လန်က သူ့ရင်ဘတ်ထဲမှ လက်စွဲစာအုပ် တစ်အုပ်ကို ထုတ်လိုက်ပြီး …
"ကျွန်တော် ဒီအတိုင်း အလကား ကြည့်မှာ မဟုတ်ပါဘူး... ဒီ မိစ္ဆာဖမ်းသိုင်းကျမ်းကို လက်ဆောင်ပေးရင်ရော ဘယ်လိုလဲ..."
"မိစ္ဆာဖမ်းသိုင်းကျမ်း ဟုတ်လား... အဲဒါက အရမ်း စွမ်းလို့လား..."
တစ်ဖက်လူက သူ့ကို ကစားနေသည်ဟု ချင်ယဲ့ ခံစားလိုက်ရသည်။
လက်စွဲစာအုပ် မျက်နှာဖုံးပေါ်မှ "မိစ္ဆာဖမ်းသိုင်းကျမ်း" ဟူသော စာလုံးများကို မြင်လိုက်ရသောအခါ ယန်လန်ဆိုသူက တော်ဝင်မိသားစုမှ လာသူဖြစ်ကြောင်း လီချင်းချိုး ပို၍ သေချာသွားသည်။ ဤသိုင်းပညာသည် ကျာရီ အလွန် ဂုဏ်ယူဝင့်ကြွားသော ပြိုင်ဘက်ကင်း ပညာရပ် ဖြစ်သော်လည်း ဤနေရာတွင် ပေါ့ပေါ့ပါးပါး ပေးကမ်းခံလိုက်ရလေပြီ။
တကယ့်ကို ရင်နာစရာ ကောင်းလိုက်တာ...
မိစ္ဆာဖမ်းသိုင်ကျမ်း စာအုပ်တစ်အုပ်တည်းဖြင့် ကျာရီသည် ရာထူးအဆင့်ဆင့် တက်ရောက်နိုင်ခဲ့ပြီး သာမန်အရပ်သား ဘဝမှ ကျာမိသားစု တစ်ခုလုံးကို ပြန်လည် မြှင့်တင်ပေးနိုင်ခဲ့သည်။
သို့သော် တော်ဝင်သားသမီးများ၏ လက်ထဲတွင်မူ ဤကဲ့သို့သော ထူးခြားသည့် သိုင်းပညာများမှာ အရေးမပါသော အရာများ ဖြစ်နေပုံရသည်။ အမှန်တကယ်ပင် ကမ္ဘာတိုင်း၌ လူတန်းစား ခွဲခြားမှုများ ရှိနေပြီး၊ လူတန်းစားများအကြား ကွာခြားချက်မှာ ချောက်ကမ်းပါးကြီးသဖွယ် ကြီးမားလှပေသည်။
"ဒါပေါ့... အရမ်း စွမ်းတာပေါ့... ဒါက သေချာပေါက် သိုင်းပညာအတွက် မဟာလက်ရာတစ်ခုပဲ... ကျွန်တော် ကံကောင်းလို့ ရခဲ့တာ... လေ့ကျင့်ဖို့ ကြိုးစားကြည့်ပေမဲ့ ကံဆိုးစွာနဲ့ ကျွန်တော်က သိုင်းပညာ ပါရမီ မပါလာဘူး... ခင်ဗျားကို မြင်မြင်ချင်း ရင်းနှီးသလို ခံစားရလို့ ပေးလိုက်တာပါ..."
ယန်လန်က ပြုံး၍ ပြောလိုက်ပြီး စကားပြောနေရင်း သူ့လက်ထဲမှ မိစ္ဆာဖမ်းသိုင်းကျမ်းစာအုပ်ကို ချင်ယဲ့ထံသို့ တန်းခနဲ ပစ်ပေးလိုက်သည်။
ချင်ယဲ့ စာအုပ်ကို လှမ်းဖမ်းလိုက်ပြီး ချက်ချင်းပင် အခက်တွေ့သွားသဖြင့် လီချင်းချိုးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ထိုအခါ လီချင်းချိုးက ပြုံးလိုက်ပြီး…
"သူတို့က မင်းနဲ့ မိတ်ဆွေဖွဲ့ချင်နေမှတော့ ဘာလို့ လက်မခံဘဲ နေမလဲ..."
ချင်ယဲ့ ခေါင်းညိတ်လိုက်ပြီး ယန်လန်ကို လက်နှစ်ဖက် ဆုပ်ကာ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။
ယန်လန်က လက်ကာပြလိုက်ပြီး ဘေးတစ်ဖက်သို့ လျှောက်သွားကာ ထိုင်လိုက်သည်။ ကောက်ရိုးမိုးကာ ဝတ်ထားသော လူနှစ်ယောက်လည်း နောက်မှ ကပ်လျက် လိုက်ပါသွားပြီး တိတ်ဆိတ် ငြိမ်သက်နေကြသည်။
"မင်းဘာသာ ဆက်ကျင့်လိုက်... ငါ ခဏလောက် နားဦးမယ်..."
ထိုသို့ ပြောပြီးနောက် လီချင်းချိုး အခြားတစ်ဖက်သို့ လျှောက်သွားလေသည်။ထို့နောက် သစ်ပင်ကြီးတစ်ပင် အောက်တွင် ခြေချိတ်ထိုင်လိုက်ပြီး ခါးမှ ဘူးသီးခြောက်သေရည်ဘူးကို ဖြုတ်ကာ စတင် သောက်သုံးလိုက်သည်။
ချင်ယဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခဏမျှ တွန့်ဆုတ်နေပြီးနောက် စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို စတင် ထုတ်ဖော်လိုက်သည်။
ဝူပေါက်ယွီက သူ့ကို စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းဖြင့် မင်းဆက်ကို အလုပ်အကျွေးပြုရန် ပြောဖူးသည်။ ဆိုလိုသည်မှာ ဤတုတ်သိုင်းပညာကို ဝူပေါက်ယွီ တစ်ဦးတည်း တတ်မြောက်သည် မဟုတ်ပေ။ သို့မဟုတ် ဝူပေါက်ယွီ ဧကရာဇ်ကို လုပ်ကြံစဉ်က အခြား တုတ်သိုင်းပညာ တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်ပေမည်။ အကယ်၍ ချင်ယဲ့သာ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို အသုံးပြုလျှင် ဝူပေါက်ယွီနှင့် ပတ်သက်သည်ဟု ယူဆပြီး အပြစ်ပေးခံရမည် ဆိုပါက သူ မည်သို့ မင်းဆက်ကို အလုပ်အကျွေး ပြုနိုင်မည်နည်း။
ဝူပေါက်ယွီ အနေဖြင့် ဤအချက်ကို ထည့်မတွက်ဘဲ မနေနိုင်ပေ။
လီချင်းချိုးကလည်း သူ့ကို မှာကြားထားသည်။ တစ်စုံတစ်ယောက်က မေးလာလျှင် လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုတစ်ဦးက သင်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုလူကို မသိကြောင်း ပြောရန် မှာထားသည်။
သိုင်းလောကတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးများ မရေမတွက်နိုင်အောင် ရှိသည်မဟုတ်ပေလော။
ချင်ယဲ့က ယန်လန်အပေါ် အမြင်ကြည်လင်နေပြီး တစ်ဖက်လူကလည်း သူ့ကို ရိုးသားစွာ ဆက်ဆံသဖြင့် သူ ဖုံးကွယ်မထားလိုတော့ပေ။
တုတ်သိုင်းပညာကို စတင် ထုတ်ဖော်လိုက်သည်နှင့် ချင်ယဲ့၏ အရှိန်အဝါ ရုတ်ခြည်း ပြောင်းလဲသွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
"နတ်ဆိုးနှိမ်နှင်းတုတ်သိုင်း...!"
ချင်ယဲ့ ခုနစ်ကွက်ခန့် ကစားပြီးချိန်တွင် ယန်လန်၏ နောက်မှ ကောက်ရိုးမိုးကာ ဝတ်ထားသူ တစ်ဦးက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သို့သော် ယန်လန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ ချင်ယဲ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေသည်။
အခြား ကောက်ရိုးမိုးကာ ဝတ်ထားသူမှာလည်း ဂရုမစိုက်သော အကြည့်ဖြင့် ကြည့်နေပြီး ချင်ယဲ့၏ တုတ်သိုင်း စွမ်းရည်အပေါ် အံ့သြခြင်း မရှိပေ။
လီချင်းချိုးကလည်း ချင်ယဲ့ကို တားဆီးခြင်း မပြုခဲ့ပေ။ ချင်ယဲ့၏ အနာဂတ်အတွက် လီချင်းချိုး လောင်းကြေးထပ်လိုသည်။ ဤလူသုံးယောက်က ပြဿနာ လာရှာသူများ မဟုတ်ကြောင်း ထင်ရှားပြီး ယန်လန်၏ ကျန်းမာရေး အခြေအနေမှာလည်း ဟန်ဆောင်ထားခြင်း မဟုတ်ပေ။
မမျှော်လင့်ထားသော ကိစ္စများ ဖြစ်လာလျှင်လည်း လီချင်းချိုး အနေဖြင့် ဝိညာဉ်ချုပ်ကျိန်စာကို ဒုတိယအကြိမ် စမ်းသပ်ရန် ဝန်လေးမည် မဟုတ်ပေ။
ချင်ယဲ့ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို တစ်ခေါက် ကစားပြီးသွားသောအခါ ယန်လန်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
"ခင်ဗျားရဲ့ မိစ္ဆာဖမ်းသိုင်းပညာနဲ့ ယှဉ်လို့ ရလား..."
ထိုအခါ ယန်လန်က ရယ်မောလိုက်ပြီး…
"စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းက မိစ္ဆာဖမ်းသိုင်းပညာနဲ့ယှဉ်နိုင်တာပေါ့... တကယ်တော့ ဒီပညာရပ်နှစ်ခု ပေါင်းစပ်လိုက်ရင် ပိုပြီး ထိရောက်မှု ရှိတယ်... ဒီနေရာမှာ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းရဲ့ ဆက်ခံသူနဲ့ တွေ့ရတာ တကယ့် တိုက်ဆိုင်မှုပဲ... ကျွန်တော် မိစ္ဆာဖမ်းသိုင်းပညာ စာအုပ် ၇ အုပ် ပေးခဲ့ဖူးတယ်... ဒီနေ့တော့ နတ်ဆိုးနှိမ်နှင်းသူနဲ့ မိစ္ဆာဖမ်းဆီးသူ ဆုံတွေ့ရတဲ့ အံ့သြစရာ အဖြစ်အပျက်ကို ကြုံတွေ့ရပြီ..."
"ကျွန်တော့် တုတ်သိုင်းပညာကို ခင်ဗျား ဘယ်လို မှတ်မိတာလဲ..."
ချင်ရဲ အံ့သြတကြီး မေးလိုက်သည်။
"စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းက ကျွန်တော်တို့ မင်းဆက်ရဲ့ မြင်းတပ်ဗိုလ်ချုပ်ကြီး လုချန်ဟိုင်ရဲ့ အထွတ်အထိပ် သိုင်းပညာပဲ... သူက ဒီပညာနဲ့ တစ်လောကလုံးကို လွှမ်းမိုးခဲ့တာ... ဒါပေမဲ့ လောကီလူသားတွေကတော့ ဒီနာမည်ကို မသိကြဘူး... ဒီတုတ်သိုင်းပညာက ကျွန်တော်တို့ရဲ့ တာ့လီမင်းဆက် တည်ထောင်ရာမှာ ပြိုင်ဘက်ကင်းတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တယ်... ဗိုလ်ချုပ်ကြီးလုက ဒီပညာကို သူ့သားသမီးတွေကို လက်ဆင့်မကမ်းခဲ့ဘဲ သင့်တော်တဲ့ ဆက်ခံသူကို ရှာဖွေချင်ခဲ့တာ... အနာဂတ်မှာ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို တတ်မြောက်တဲ့ ဘယ်သူ့ကိုမဆို မျိုးရိုးဇာတိ မခွဲခြားဘဲ ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်မယ်လို့ ဧကရာဇ်မင်း ကိုယ်တိုင် ကတိပေးခဲ့ဖူးတယ်... နောက်ပိုင်းမှာ သူ ရာထူးကနေ နှုတ်ထွက်ပြီး သိုင်းလောကထဲ ကျင်လည်ခဲ့တယ်..... အဲဒီကတည်းကဆို နှစ်ပေါင်း ၃၀ ရှိပြီ... သူ အသက်ရှင်သေးလား မသေဘူးလား ဆိုတာတော့ ကျွန်တော် မသိဘူး..."
"လူငယ်လေး... ခင်ဗျား စစ်တပ်ထဲ ဝင်ချင်ရင် ကျွန်တော် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ ရတယ်..."
ချင်ယဲ့ မှင်သက်သွားသည်။ ဤအချိန်မှသာ ဝူပေါက်ယွီ အဘယ်ကြောင့် သူ့ကို စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်း သင်ပေးခဲ့သည်ကို သူ နားလည်သွားတော့သည်။
ဝူပေါက်ယွီ သူ့အတွက် မည်ကဲ့သို့သော လမ်းကြောင်းကို ခင်းပေးခဲ့သည်ကို သဘောပေါက်ခဲ့ရချေပြီ။
ချင်ယဲ့ သတိပြန်ဝင်လာပြီး ယန်လန်ကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်ပြန်သည်။
"ခင်ဗျား ဘယ်သူလဲ..."
ထိုအခါ ယန်လန်၏ နောက်မှ ကောက်ရိုးမိုးကာ ဝတ်ထားသူ တစ်ဦးက ဝင်ပြောလိုက်သည်။
"ငါ့သခင်က လက်ရှိ မင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသား... မင်း ဘာလို့ ဒူးထောက်ပြီး ကျေးဇူးမတင်တာလဲ..."
အိမ်ရှေ့စံ...
ချင်ယဲ့ လန့်ဖျပ်သွားကာ ပျော်ရွှင်အံ့သြရမည့်အစား သူ့ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာသည်။
ခွေးဧကရာဇ်ရဲ့ သား...
ချင်ယဲ့၏ မျက်နှာထား တစ်ခဏမျှ ကြမ်းတမ်းခက်ထန်သွားသော်လည်း အိမ်ရှေ့စံကို သွားရောက် ရန်စ၍ မဖြစ်နိုင်ကြောင်း လျင်မြန်စွာ သတိပြုလိုက်မိသဖြင့် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
"မောက်မာလိုက်တာ... မင်းကများ အိမ်ရှေ့စံမင်းသားကို သတ်ဖြတ်လိုစိတ် ပြရဲတယ်ပေါ့..."
အခြား ကောက်ရိုးမိုးကာ ဝတ်ထားသူ တစ်ဦးက အော်ဟစ်လိုက်ပြီး ယန်လန်ကို ကျော်၍ ချင်ယဲ့ထံသို့ ပြေးဝင်သွားသည်။ ထိုသူ၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှပြီး လမ်းတစ်လျှောက်တွင် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်။
ချင်ယဲ့ အလိုအလျောက် တုတ်ကို မြှောက်လိုက်သော်လည်း သူ့အမြင်အာရုံက တစ်ဖက်လူ၏ လှုပ်ရှားမှုကို မလိုက်နိုင်တော့ပေ။
ဘုန်း...
အသံ တစ်ချက် ထွက်ပေါ်လာပြီး ကောက်ရိုးမိုးကာ ဝတ်ထားသူ နောက်သို့ လျှောထွက်သွားကာ နှင်းပြင်ပေါ်တွင် မီတာများစွာ ရှည်လျားသော ခြေရာနှစ်ခု ကျန်ရစ်ခဲ့သည်။
အခြား ကောက်ရိုးမိုးကာ ဝတ်ထားသူက ချက်ချင်း ဓားကို ဆွဲထုတ်လိုက်ပြီး ရှေ့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ချင်ယဲ့၏ ဘေးတွင် လူတစ်ယောက် ပေါ်လာကာ လေအေးထဲတွင် ဝတ်ရုံများ လွင့်ပျံနေပြီး မလှုပ်မယှက် ရပ်နေသော လီချင်းချိုးပင် ဖြစ်သည်။
"ဆင်းရဲဒုက္ခ ခံရတာက တစ်ပိုင်း၊ နာကျင်ရတာက တစ်ပိုင်း... ဒါပေမဲ့ ရိုင်းပျလို့တော့ မဖြစ်ဘူး..."
ယန်လန်က လေးနက်သော အသံဖြင့် ပြောလိုက်ရင်း သူ့မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့သော အမူအရာ မရှိတော့ဘဲ၊ မျက်ဝန်းထဲတွင် ဖိအားများ ပြည့်နှက်နေပြီး အိမ်ရှေ့စံ တစ်ပါး၏ ခမ်းနားထည်ဝါမှု ပေါ်လွင်လာသည်။
စောစောက တိုက်ခိုက်ခဲ့သော ကောက်ရိုးမိုးကာ ဝတ်ထားသူ၏ အမည်မှာ ခုရီဖြစ်သည်။ သူ မတ်မတ် ပြန်ရပ်လိုက်ပြီး တုန်ယင်နေသော ညာဘက်လက်ကို ငုံ့ကြည့်ကာ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
သူ၏ အကြည့်က လီချင်းချိုးထံသို့ ရောက်ရှိသွားပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။