ချင်းရှောင်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့ခြင်း
Vol. 6 Ch. 55
ယန်လန် လီချင်းချိုးကို ကြည့်လိုက်ရာ တည်ကြည်လေးနက်သော မျက်နှာထား ပျောက်ကွယ်သွားပြီး နူးညံ့ကာ နေမင်းကဲ့သို့ တောက်ပသော အပြုံးတစ်ခု အစားထိုး ဝင်ရောက်လာသည်။ သူက အာမေဋိတ် သံဖြင့် …
"ခုရီနဲ့ ခုအာတို့က သာမန်လူတွေ မဟုတ်ဘူး... ကျွန်တော့်နောက် မလိုက်ခင်တုန်းက သူတို့က ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ရဲ့ ထိပ်တန်း နှစ်ယောက်ပဲ... သိုင်းလောက ပြည်နယ်တစ်ခုစီက နံပါတ်တစ် ဆိုတဲ့သူတွေတောင် သူတို့ကို မယှဉ်နိုင်ကြဘူး... အစ်ကိုကြီး... ခင်ဗျားက သူတို့ထဲက တစ်ယောက်ကို ရိုက်ချက်တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ် ဆိုတော့ ခင်ဗျားရဲ့ သိုင်းပညာက တကယ့်ကို ခန့်မှန်းရခက်တာပဲ... ခင်ဗျားက ဒဏ္ဍာရီလာ ကျန်းကျောက်ရှားများ ဖြစ်နေမလား..."
သူသည်လည်း ပါရမီရှင် လူငယ်လေး ကျန်းကျောက်ရှားအကြောင်း ကြားဖူးသည်။ ထိုလူငယ်လေးက ပွဲဦးထွက်ကတည်းက ကုကျိုးပြည်နယ်၏ ဒုတိယအတော်ဆုံး သိုင်းပညာရှင် ဖြစ်လာခဲ့ပြီး၊ ဂုဏ်သတင်းကလည်း နံပါတ်တစ် သိုင်းပညာရှင် ယွီကျစ်ရီကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ယွီကျစ်ရီသည် နေရာခိုင်မာပြီးသား ကျွမ်းကျင်သူ တစ်ဦး ဖြစ်သလို၊ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သဖြင့် လူများ အနေဖြင့် သူ့အပေါ် နောက်ထပ် မျှော်လင့်ချက် သို့မဟုတ် သိလိုစိတ် မရှိကြတော့ပေ။ ကျန်းကျောက်ရှားကမူ မတူညီပေ။ သူသည် အလွန် ငယ်ရွယ်ပြီး၊ ချောချောမွေ့မွေ့ ဆက်လက် ကြီးထွားလာပါက အနာဂတ်တွင် ယွီကျစ်ရီကို သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မည်ဟု လူများကို ခံစားရစေသည်။
သို့သော်လည်း ယန်လန်၏ မျက်လုံးထဲတွင် ကျန်းကျောက်ရှားလို ပါရမီရှင်မျိုးက ထူးခြားလှသည် မဟုတ်ပေ။ မင်းဆက်၏ အထွတ်အထိပ်တွင် ရပ်တည်နေသူ ဖြစ်သဖြင့် ပါရမီရှင်များစွာ သူ့ထံသို့ စုဝေးရောက်ရှိလာပြီး အမှုထမ်းလိုကြသည်။
သို့သော် ယနေ့တွင် သူ ကျန်းကျောက်ရှားဟု မှားယွင်း ထင်မြင်မိသော လီချင်းချိုးကို မြင်လိုက်ရသည့်အခါ သူ အံ့သြသွားမိသည်။
ခုရီကို တိုက်ကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ကျွန်တော့်နာမည် လီချင်းချိုးပါ... ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်ပါတယ်..."
လီချင်းချိုးက အထောက်အထားကို ဖုံးကွယ်ရန် မကြိုးစားဘဲ ပြန်ဖြေလိုက်သည်။
ဤနေရာသည် ချင်းရှောင်ဂိုဏ်း၏ နယ်မြေ ဖြစ်သည်။ ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် သူစိမ်းများနှင့် ရင်ဆိုင်ရချိန်တွင် အထောက်အထားကို ဖုံးကွယ်ပြီး တပည့်များ၏ နောက်ကွယ်တွင် မည်သို့ ပုန်းနေနိုင်မည်နည်း။
"ဂိုဏ်းချုပ် ဟုတ်လား... ခင်ဗျားက အရမ်း ငယ်သေးတာပဲ..."
ယန်လန် သက်ပြင်းချလိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်ပြန်သည်။
"ဒါဆိုရင် သိုင်းလောကမှာ ပြောနေကြတဲ့ ကောလာဟလတွေက အမှန်ပဲပေါ့... နဂါးနိုင်သူရဲကောင်း ရရှိခဲ့တဲ့ နတ်ဘုရားသိုင်းကျမ်းကို ခင်ဗျားဆီ လက်ဆင့်ကမ်းခဲ့တာလား..."
လီချင်းချိုးက …
"ဘယ်သူ သတင်းလွှင့်တာလဲ..."
"ကျွန်တော် မသိဘူး... ဒါပေမဲ့ လမ်းတစ်လျှောက်မှာ သိုင်းလောကက သူရဲကောင်းတွေ ဒီအကြောင်း ပြောနေကြတာ ကြားခဲ့ရတယ်..."
လီချင်းချိုး လျှို့ဝှက်ကြံစည်မှု တစ်ခုကို အာရုံခံမိလိုက်သည်။ ယန်ကျွယ်တိန်လက်ထဲ၌ အထွတ်အထိပ် သိုင်းပညာကို ရရှိထားသည်ဟု ယုံကြည်ပြီး သူ့ကို သတ်ရန် ကြိုးစားနေသော ချင်းဂိုဏ်းက ကောလာဟလများ ဖြန့်နေခြင်း ဖြစ်ပေမည်။
ချင်းဂိုဏ်းက အခြားဂိုဏ်းများနှင့် ကျွမ်းကျင်သူများကို မြှောက်ပင့်ပြီး ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်စေကာ၊ ချင်းရှောင်ဂိုဏ်း အထိနာသွားမှ လျှို့ဝှက်သိုင်းကျမ်းများကို ဝင်ရောက် သိမ်းပိုက်ရန် ကြံစည်နေခြင်းများလား…
ကံကောင်းစွာပင် သူသည် ချင်းဂိုဏ်းကို ရှင်းလင်းရန် ကျန်းကျောက်ရှားကို တောင်အောက်သို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။ သို့မဟုတ်ပါက ချင်းရှောင်ဂိုဏ်း ဒုက္ခရောက်သောအခါ သူတို့ အနေဖြင့် ချင်းဂိုဏ်းကို ပြန်လည် လက်တုံ့ပြန်ရန် အချိန်ရတော့မည် မဟုတ်ပေ။
ယန်လန်က …
"ဂိုဏ်းချုပ်လီ... ကျွန်တော့်ရဲ့ လက်အောက်ငယ်သား ခုရီနဲ့ ခုအာတို့နဲ့ လက်ရည်ချင်းယှဉ်ပေးဖို့ ဆန္ဒရှိမလား... ကျွန်တော်က ကျန်းမာရေး မကောင်းပေမဲ့ သိုင်းပညာကို အရမ်း စိတ်ဝင်စားတယ်... ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲကို မြင်ဖူးချင်တယ်... တိုက်ကွက်တစ်ခု ထုတ်ပြီးတာနဲ့ ရပ်ပေးပါ၊ သူတို့ကို မသတ်ပါနဲ့... ပြီးရင် ကျွန်တော် ချင်းရှောင်ဂိုဏ်းမှာ ခဏလောက် နေပြီး ကူညီပေးနိုင်မလား ကြည့်ပေးပါ့မယ်... ခင်ဗျား သဘောမတူရင်လည်း ထားလိုက်ပါ... ကျွန်တော်တို့ တောင်ပေါ်မှာ တစ်ညလောက် အိပ်ပြီး ပြန်ကြပါ့မယ်..."
သူ့လေသံက ရိုးသားပြီး အတင်းအကျပ် တိုက်တွန်းခြင်း မရှိပေ။
ချင်ယဲ့ အခုမှသာ သတိပြန်ဝင်လာပြီး ခုရီကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ စစ်မှန်သော သိုင်းပညာရှင် တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် အလွန် အားနည်းနေသေးကြောင်း သဘောပေါက်လိုက်မိသည်။
လီချင်းချိုးက…
"အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ပြောလာမှတော့ ကျွန်တော် ဘယ်လို ငြင်းရမလဲ... လာကြ... ခင်ဗျားတို့ နှစ်ယောက်စလုံး အတူတူ လာခဲ့..."
ထိုစကားကို ကြားသောအခါ ခုရီနှင့် ခုအာတို့ ဒေါသထွက်ခြင်း မရှိကြပေ။ ခုရီက ကျောနောက်မှ လက်နက်ကို ဆွဲထုတ်လိုက်သည်။ အနက်ရောင် အဝတ်ဖြင့် ပတ်ထားသော ငွေရောင် တုတ်နှစ်ချောင်းကို ဆက်လိုက်ရာ ချင်ယဲ့၏ သံတုတ်ထက်ပင် ပိုမို ရှည်လျားသွားသည်။
ခုအာကလည ဓားကို ဆွဲထုတ်ပြီး ခုရီ၏ ဘေးသို့ ရောက်လာသည်။ သူတို့နှစ်ဦး ယှဉ်လျက် ရပ်လိုက်ရာ အရှိန်အဝါများ အကန့်အသတ်မရှိ ထွက်ပေါ်လာသည်။
ထို့နောက် လီချင်းချိုးက ချင်ယဲ့ကို ဘေးဖယ်နေရန် လက်ဟန်ပြလိုက်သည်။
ချင်ယဲ့ ထွက်ခွာသွားသည်ကို မြင်သောအခါ ခုရီနှင့် ခုအာတို့ တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးလာကြသည်။ သူတို့ စကားတစ်ခွန်းမျှ မပြောသော်လည်း ထူးခြားသော နားလည်မှု တစ်ခုကို ပြသနေကြသည်။
သူတို့၏ ခြေလှမ်းများက ပျံသန်းနေသော ငန်းတစ်ကောင်ကဲ့သို့ အလွန် လျင်မြန်လှပြီး လီချင်းချိုး၏ ဘယ်ဘက်နှင့် ညာဘက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ခုရီက ငွေရောင်တုတ်ဖြင့် ကန့်လန့်ဖြတ် ရိုက်ချလိုက်ပြီး၊ ခုအာက လီချင်းချိုးကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
မြန်လွန်းတယ်...
ချင်ယဲ့က ဘေးမှ ကြည့်နေသော်လည်း ခုရီနှင့် ခုအာတို့၏ အမြန်နှုန်းနှင့် လျင်မြန်ဖျတ်လတ်မှုကို မလိုက်နိုင်သဖြင့် တုန်လှုပ်သွားရသည်။
ဒါက သိုင်းကျင့်တဲ့ လူတစ်ယောက် ရနိုင်တဲ့ အမြန်နှုန်း ဟုတ်ရဲ့လား...
လီချင်းချိုးက ခါးမှ ကောင်းကင်သက်တံဓားကို ပိုမို လျင်မြန်သော အရှိန်ဖြင့် ဆွဲထုတ်လိုက်ပြီး၊ လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ဓားသွားနှင့်ပင် ငွေရောင်တုတ်နှင့် ဓားရှည်ကို ပယ်ထုတ်လိုက်သည်။
ခုရီ နောက်သို့ ဂျွမ်းပြန်၍ လျင်မြန်စွာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရကာ သူသည် လက်တစ်ဖက်ဖြင့် ငွေရောင်တုတ်ကို မြှောက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မြေကြီးကို ထောက်ကာ သားရဲတစ်ကောင်ကဲ့သို့ အနေအထား ယူလိုက်သည်။ထို့နောက် ညာဘက်လက်ဝါးကို ရိုက်ပုတ်ပြီး လီချင်းချိုးကို ထပ်မံ တိုက်ခိုက်လိုက်သည်။
ခုအာကလည်း လေထဲသို့ လွင့်စဉ်သွားပြီးနောက် ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားချီစွမ်းအင်များ ကောင်းကင်မှ ကျဆင်းလာပြီး ခုရီနှင့် ပူးပေါင်း၍ လီချင်းချိုးကို ထပ်မံ တိုက်ခိုက်ကြပြန်သည်။
လီချင်းချိုးက ကာကွယ်ရန် ဓားကို မြှောက်လိုက်သော်လည်း အစွမ်းကုန် မသုံးခဲ့ပေ။ ခုရီနှင့် ခုအာတို့ မည်မျှ သန်မာသည်ကို သူ သိလိုသည်။
ယန်လန် ပြောသော နိုင်ငံတွင်း ဝင်ရောက်လာသည့် ကျွမ်းကျင်သူကို သူ အတော်လေး စိတ်ဝင်စားနေသည်။
နှင်းများနှင့် မြူခိုးများ လှုပ်ရှားသွားပြီး ခုရီနှင့် ခုအာတို့ အကြိမ်ကြိမ် တွန်းထုတ်ခံရပြီး ပြန်လည် တိုက်ခိုက်နေကြသော်လည်း လီချင်းချိုးကမူ နေရာတွင် ရပ်လျက် ကောင်းကင်သက်တံဓားကို အသုံးပြုကာ တိုက်ခိုက်မှု အားလုံးကို ခုခံကာကွယ်နေသည်။ သူ၏ ကိုယ်ဟန်အနေအထားမှာ ချင်ယဲ့ကို သင်ပေးစဉ်ကအတိုင်းပင်။
လီချင်းချိုး၏ အစွမ်းသတ္တိကြောင့် ချင်ယဲ့တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ့အကြည့်က ခုရီအပေါ်သာ စူးစိုက်ထားသည်။
စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်း...
ဒီလူလည်း အဲဒီပညာကို တတ်တာပဲ... ပြီးတော့ သူ ထုတ်ပြနေတဲ့ အရှိန်အဝါက ငါ့ထက် အများကြီး သာလွန်နေတယ်...
ခုရီ၏ အရှိန်အဝါက စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းနှင့် ပတ်သက်ပြီး သူ စိတ်ကူးယဉ်ထားသမျှနှင့် ကွက်တိ ဖြစ်နေသည်။ စွမ်းအားကြီးမားပြီး တားဆီး၍ မရနိုင်ပေ။ခုရီ၏ စွမ်းအင်များက ပေဆယ်ဂဏန်း အချင်းဝက်အတွင်း လျှံကျပြီး နှင်းပြင်ကြီးတခုလုံး အမှတ်အသားပေါင်းများစွာဖြင့် ဖွာလန်ကြဲနေသည်။ သူနှင့် လီချင်းချိုးကြား အကွာအဝေးမှာ ပိုမို ဝေးကွာလာသော်လည်း သူ့ အတွင်းအားများက တုတ်အရိပ်များ ဖြစ်ပေါ်စေပြီး လီချင်းချိုးကို အဝေးမှ ရိုက်ခတ်နေသည်။ အကွာအဝေး ဝေးလာသည်နှင့်အမျှ ဤတုတ်အရိပ်များ ပိုမို ကြီးမားလာပြီး ပိုမို အားကောင်းလာသည်။
ခုအာကတော့ လီချင်းချိုး၏ အခြားတစ်ဖက်တွင် ရှိနေသည်။ သူသည် ကြီးကျယ်ခမ်းနားသော ဓားချီစွမ်းအင်များကို မထုတ်ဖော်ဘဲ လီချင်းချိုး၏ အားနည်းချက်ကို ရှာဖွေရန် ထူးချွန်သော ဓားသိုင်းပညာဖြင့် အနီးကပ် ချဉ်းကပ်နေသည်။
တစ်ယောက်က အနီး၊ တစ်ယောက်က အဝေးဖြင့် သူတို့နှစ်ဦးသားက အံ့မခန်းဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ သူတို့ ဝိုင်းရံထားသော လီချင်းချိုးသကတော့ တည်ငြိမ်စွာပင် ဓားကို ဝှေ့ယမ်းနေသည်။
သူတို့ ပိုမြန်လာလေ၊ လီချင်းချိုးက ပိုနှေးကွေးသယောင် ထင်ရလေ ဖြစ်သည်။ သို့သော်လည်း ထိုနှေးကွေးသော အခြေအနေတွင်ပင် လီချင်းချိုးက သူတို့၏ လှုပ်ရှားမှုတိုင်းကို ခံနိုင်ရည် ရှိနေသည်။
လေပြင်းများနှင့် လှိုင်းတံပိုးများထဲတွင် ပျံဝဲနေသော နှင်းပွင့်များရောနှော၍ ယန်လန်၏ မျက်နှာကို ရိုက်ခတ်လာပြီး ဆံပင်များကို ဖရိုဖရဲ ဖြစ်သွားစေသည်။ သူသည် ရှေ့မှ ကြီးကျယ်သော တိုက်ပွဲကို ကြည့်ရင်း မျက်လုံးများ တောက်ပလာကာ အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာသည်။
ခုရီ အစွမ်းကုန် တိုက်ခိုက်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤမျှ အစွမ်းထက်သော နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းက စစ်မြေပြင်တွင် ရန်သူများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း လီချင်းချိုးကို လှုပ်ခါသွားအောင် မလုပ်နိုင်ခဲ့ပေ။
တိုက်ကွက်ပေါင်း တစ်ရာခန့် ဖလှယ်ပြီးနောက် ထိုလူနှစ်ယောက်၏ အင်အားကို လီချင်းချိုး ရှင်းလင်းစွာ နားလည်သွားသည်။ သူ ရုတ်တရက် လှည့်လိုက်ပြီး ကောင်းကင်သက်တံဓားဖြင့် အပေါ်သို့ ပင့်တင်လိုက်ရာ ဓားအရှိန်အဝါတစ်ခု မြေပြင်ကို ဖြတ်သန်းသွားပြီး ကြီးမားသော တုတ်အရိပ်ကို ဆွဲဖြဲပစ်လိုက်ကာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခုရီကို ဝင်ဆောင့်လိုက်သည်။
ခုရီ၏ ငွေရောင်တုတ် နှစ်ပိုင်းကျိုးသွားပြီး ခမောက်လည်း နှစ်ခြမ်းကွဲကာ ဘေးသို့ လွင့်စဉ်သွားသည်။ သူ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နောက်သို့ လဲကျသွားလေသည်။
ထို့နောက် လီချင်းချိုးက ကျက်သရေရှိစွာ လှည့်လိုက်ပြီး ခုအာကို ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ ဓားချီစွမ်းအင်များ ဖြတ်သန်းသွားရာ ခုအာ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ လျင်မြန်စွာ ဓားကို ဝှေ့ယမ်းလိုက်သော်လည်း သူ့ရဲ့ ဓားချီစွမ်းအင်က လီချင်းချိုးနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။
"အွတ်..."
ခုအာလည်း ခုရီ၏ လမ်းစဉ်အတိုင်း သွေးအန်ပြီး နောက်သို့ လွင့်စဉ်သွားကာ ဆယ်ပေခန့်အကွာ နှင်းပြင်ပေါ်သို့ သနားစဖွယ် ပြုတ်ကျသွားကာ ပြန်မထနိုင်တော့ပေ။
အရမ်း သန်မာတာပဲ…..
ယန်လန် မျက်လုံး ပြူးကျယ်သွားသည်။ လီချင်းချိုး၏ နောက်ဆုံး ဓားချက်နှစ်ချက်က မိုးကြိုးကဲ့သို့ နှေးကွေးရာမှ လျင်မြန်သွားကာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသည်။ ခုရီနှင့် ခုအာတို့ခင်မျာ တိုက်ကွက်တစ်ကွက်ကိုပင် မခံနိုင်ကြသဖြင့် နှစ်ဖက်ကြား အင်အားကွာခြားမှုကို ဖော်ပြနေသည်။
ချင်ယဲ့ အလွန် ဝမ်းသာသွားပြီး မနေနိုင်ဘဲ အားပေးလိုက်မိသည်။
ချလွင်...
လီချင်းချိုး ဓားကို ဓားအိမ်ထဲသို့ ချောမွေ့စွာ ပြန်ထည့်လိုက်ရာ အလင်းရောင်ဖျော့ဖျော့တစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူ ယန်လန်ဘက်သို့ လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်ပြီး…
"အိမ်ရှေ့စံမင်းသားက ချင်းရှောင်ဂိုဏ်းမှာ ခဏလောက် နေချင်တယ်ဆိုတော့ သူတို့ အနားယူဖို့ အခွင့်အရေးကောင်း ဖြစ်သွားတာပေါ့..."
ခုရီ မြေပြင်ပေါ်တွင် လဲလျောင်းလျက် မထနိုင်ဘဲ ရှိနေပြီး လီချင်းချိုးကို ကြောက်ရွံ့စွာ ကြည့်နေမိသည်။
ဤမျှ အားကောင်းသော ဓားချီစွမ်းအင်ကို သူ တစ်ခါမျှ မခံစားဖူးပေ။ လီချင်းချိုးထံတွင် သူ့ကို ချက်ချင်း သတ်ပစ်နိုင်သော အင်အားရှိကြောင်း သူ သံသယ မရှိတော့ပေ။
ဒီလူရဲ့ သိုင်းပညာက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ...
ယန်လန် မတ်တတ်ရပ်လိုက်ပြီး လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"ဂိုဏ်းချုပ်လီက သိုင်းပညာမှာ တကယ် ကျွမ်းကျင်တာပဲ... ခင်ဗျားက ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှ အသန်မာဆုံးပဲ... သိုင်းလောကမှာကြားခဲ့ရတဲ့ ကောလာဟလတွေ မှားနေပုံပဲ…. ကျန်းကျောက်ရှား အဲဒီလောက် သန်မာနေတာက လျှို့ဝှက်သိုင်းကျမ်းကြောင့် မဟုတ်ဘဲ ဂိုဏ်းချုပ်လီရဲ့ သင်ကြားမှုကြောင့် ဖြစ်မယ်..."
နတ်ဘုရားသိုင်းကျမ်းများနှင့် ထူးခြားသော နည်းစနစ်များကသာ ပါရမီရှင် လူငယ်များကို မွေးထုတ်ပေးနိုင်သည်ဟု သူ ယုံကြည်သည်။
သို့သော် လီချင်းချိုးလို အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးကို နှစ်အနည်းငယ်အတွင်း မွေးထုတ်ပေးနိုင်သည်ကိုတော့ သူ မယုံကြည်ပေ။
လီချင်းချိုး လက်ကို မြှောက်လိုက်ပြီး သွေးလေ တည်ငြိမ်စေရန် ခုရီနှင့် ခုအာတို့၏ ကိုယ်ခန္ဓာထဲသို့ အပ်တစ်ချောင်းစီ စိုက်ထည့်ပေးလိုက်သည်။ ထို့နောက် ယန်လန်ကို မေးလိုက်သည်။
"အိမ်ရှေ့စံမင်းသား... ခင်ဗျားက အိမ်ရှေ့စံ ဖြစ်ပါလျက်နဲ့ ဘာလို့ မျိုးရိုးနာမည် ယန်ကို သုံးတာလဲ..."
ဧကရာဇ်၏ မျိုးရိုးအမည်မှာ ကျောက်ဖြစ်ရာ အိမ်ရှေ့စံ၏ မျိုးရိုးအမည်က မည်သို့ ယန် ဖြစ်နိုင်မည်နည်း
ယခင် အိမ်ရှေ့စံ၏ အမည်မှာ ကျောက်ယန်ဖြစ်သည်။ လက်ရှိ အိမ်ရှေ့စံက အမည်တစ်ခုကို ကျပန်း ရွေးချယ်လျှင်ပင် အတင်းအဖျင်း ပြောဆိုမှုများကို ရှောင်ရှားရန် "ယန်" ဟူသော စကားလုံးကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ သို့သော် ထိုသူ မရှောင်ကြဉ်ခဲ့ပေ။
ဒါက ဘာအဓိပ္ပာယ်လဲ…
ဤအချက်ကြောင့်လည်း လီချင်းချိုးက ချင်ယဲ့ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်း အသုံးပြုခြင်းကို မတားဆီးခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်က အရည်အချင်း မရှိသော်လည်း အိမ်ရှေ့စံတွင်မူ ကောင်းမွန်သော ဂုဏ်သတင်း အမြဲ ရှိခဲ့သည်။
ယန်လန်က ပြုံးလိုက်ပြီး …
"သိုင်းလောကကို ခရီးသွားတဲ့အခါ နာမည်ဝှက်တစ်ခု လိုအပ်တာ သဘာဝပါပဲ... ကျွန်တော့်နာမည်ရင်းက ကျောက်လန်ပါ... ဒါပေမဲ့ ယန်လန် ဆိုတဲ့ နာမည်ကို ပိုကြိုက်တယ်... နောက်နောင် ကျွန်တော့်ရဲ့ အိမ်ရှေ့စံ အထောက်အထား မပေါ်အောင် ဂိုဏ်းချုပ်လီအနေနဲ့ ကျွန်တော့်ကို ယန်လန် လို့ပဲ ခေါ်ပေးပါ..."
ပိုကြိုက်တယ် ဟုတ်လား...
လီချင်းချိုး ထပ်မမေးတော့ပေ။ ဒီလောက် မေးပြီးမှတော့ ဘာဖြစ်နေတယ် ဆိုတာကို သူ ယေဘုယျအားဖြင့် ခန့်မှန်းမိလိုက်ပြီဖြစ်သည်။
သူ ယန်လန်နှင့် အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုလိုက်ပြီး၊ ခုရီနှင့် ခုအာတို့ ပြန်ထနိုင်မှ သူတို့သုံးယောက်ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားလေသည်။
"နတ်ဘုရားသိုင်းကျမ်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို နောက်ကွယ်က တစ်ယောက်ယောက်က မီးထိုးပေးနေတာ ဖြစ်ရမယ်... မကြာခင် ချင်းရှောင်ဂိုဏ်း ပြဿနာ တက်တော့မယ်... သိုင်းလောကရဲ့ အငြိုးအတေးတွေကို ကျွန်တော် မထိန်းချုပ်နိုင်ပေမဲ့ အစိုးရပိုင်းက ဖိအားတွေကို လျှော့ချပေးဖို့တော့ ကူညီနိုင်ပါတယ်..."
ယန်လန်က လီချင်းချိုးနှင့် ယှဉ်တွဲလျှောက်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
လီချင်းချိုး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်မိသည်။
"အိမ်ရှေ့စံက ဘာလို့ ကျွန်တော်တို့ကို ကူညီချင်ရတာလဲ... နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကြောင့်လား..."
ယန်လန်က ခေါင်းခါလိုက်ပြီး…
"စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို သိတဲ့သူက လောကမှာ ညီလေးချင်ယဲဲနဲ့ ခုရီတင် ရှိတာ မဟုတ်ပါဘူး... ကျွန်တော် ချင်းရှောင်ဂိုဏ်းကို ကူညီရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ရဲ့ ပုံစံကို လေးစားလို့ပါ... ချင်းရှောင်ဂိုဏ်းက မကြီးမားပေမဲ့ ပြည်သူတွေကို ကူညီပေးနိုင်တယ်... ရောဂါကုပေးရုံတင် မကဘူး၊ ငွေကြေးနဲ့ အစားအစာတွေပါ ပေးကမ်းတယ်... ဒီငွေတွေက သူပုန်တွေ၊ ဒါမှမဟုတ် ဓားပြတွေဆီက ရတာ ဖြစ်နိုင်ပေမဲ့ ခင်ဗျားတို့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကတော့ အစစ်အမှန်ပါပဲ... သိုင်းလောကကို ကြည့်လိုက်ရင် ဘယ်ဂိုဏ်းက အဲဒီလို လုပ်နိုင်လို့လဲ..."
"စစ်မှန်တဲ့ သိုင်းလောက ဆိုတာ အာဏာလုဖို့ သက်သက် မဖြစ်သင့်ဘူးလို့ ကျွန်တော် အမြဲ ခံစားရတယ်... သန်မာတဲ့သူတွေက တာဝန် ပိုယူသင့်တယ်... အနည်းဆုံးတော့ ကုကျိုးပြည်နယ်မှာ အခြားဘယ်ဂိုဏ်းကိုမှ ကျွန်တော် သဘောမကျဘူး... ချင်းရှောင်ဂိုဏ်း တစ်ခုတည်းကပဲ ကျွန်တော့်ကို လေးစားစေပြီး မျှော်လင့်ချက်တစ်ခု ပေးနိုင်တယ်..."
ချင်းရှောင်ဂိုဏ်း၏ ငွေကြေး အရင်းအမြစ်များကို မည်သူ ပေါက်ကြားစေခဲ့သနည်းဟု လီချင်းချိုး တွေးတောမိသော်လည်း၊ ချင်းရှောင်ဂိုဏ်းက သေးငယ်လွန်းသဖြင့် ထိုမျှလောက် ငွေကြေး ပမာဏ မရှိနိုင်ဟု ယူဆကာ ခန့်မှန်းရုံသာ ခန့်မှန်းနိုင်တော့သည်။
ကံကောင်းသည်မှာ ချင်းရှောင်ဂိုဏ်းက ကောင်းမှုကုသိုလ်များ ပြုလုပ်နေခြင်း ဖြစ်သည်။
သူ ထိုအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းမှာ အနှစ်သာရမရှိသော ကျော်ကြားမှုအတွက် မဟုတ်ဘဲ ပြည်သူများအတွက် တစ်ခုခု လုပ်ပေးချင်သော စိတ်ရင်းမှန်ကြောင့်သာ ဖြစ်သည်။
အနာဂတ်တွင် ချင်းရှောင်ဂိုဏ်းက ဒေသခံ ပြည်သူများကို ခေါင်းပုံဖြတ်၍ ကြီးပွားသော ရိုးရာသိုင်းဂိုဏ်းတစ်ခု ဖြစ်လာမည် မဟုတ်ဘဲ၊ ပြည်သူများထဲမှ အရည်အချင်းရှိသူများကို ရွေးချယ်၍ အင်မော်တယ်လမ်းစဉ်ကို အတူတကွ လျှောက်လှမ်းကြမည် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းအပေါ် ယန်လန်၏ အမြင်များကြောင့် လီချင်းချိုးလည်း ယန်လန့်အပေါ် အကောင်းမြင်စိတ်များ ဖြစ်ပေါ်လာသည်။ ဤအိမ်ရှေ့စံက ပြည်သူများကို နက်ရှိုင်းစွာ ဂရုစိုက်သဖြင့် ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
...
တည်းခိုခန်းအတွင်း၌…..
လီစီဖုန်း၊ ဝူမန်အာ၊ ချန်ချန်းဟိုင်နှင့် တပည့် ၈ ဦးတို့ စားပွဲနှစ်လုံးတွင် ကပ်လျက်ထိုင်၍ စားသောက်နေကြသည်။
တစ်နှစ်ကြာ လေ့ကျင့်ပြီးနောက် ၁၆ နှစ်အရွယ် လီစီဖုန်း၏ စိတ်နေသဘောထား ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ သူသည် ယခုအခါ ရုပ်ရည်ချောမောပြီး တက်ကြွလွတ်လပ်သော အမူအရာ ရှိကာ လူငယ် သူရဲကောင်းတစ်ဦးနှင့် တူနေသည်။
နေ့ဝက်ခန့် ခရီးနှင်ခဲ့ရသဖြင့် ပင်ပန်းနေကြသောကြောင့် သူတို့ စကားမပြောကြပေ။
ဂျလောက်...
တည်းခိုခန်း တံခါး ပွင့်သွားပြီး သိုင်းသမား တစ်အုပ်စု ဝင်ရောက်လာရာ နှင်းပွင့်များလည်း အတူတကွ ဝင်ရောက်လာကြသည်။
"ချင်းရှောင်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့မှုမှာ ဂိုဏ်းကြီးသုံးဂိုဏ်းက ဦးဆောင်နေတာ... ငါတို့ အရိုးသံမဏိဂိုဏ်းက ပထမတန်းစား ဂိုဏ်းတစ်ခု မဟုတ်ပေမဲ့ ဒီလို အရေးကြီးတဲ့ ပွဲမျိုးကို လက်လွတ်ခံလို့ မဖြစ်ဘူး... အခွင့်အရေးကို ဆုပ်ကိုင်နိုင်သရွေ့ ငါတို့ နာမည်ကျော်ကြားလာပြီး ထူးခြားတဲ့ သိုင်းပညာတွေကို ရနိုင်တယ်..."
ရှေ့ဆုံးမှ သက်လတ်ပိုင်း အမျိုးသားက စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ သူ့အသံက ကျယ်လောင်သဖြင့် နောက်မှ ပါလာသော သိုင်းသမားများ၏ ပဲ့တင်ထပ်သံများကို ဆွဲဆောင်လိုက်နိုင်ပြီး လူတိုင်း စိတ်လှုပ်ရှားနေပုံ ရသည်။